အခန်း (၅၁၀)
Vol. 32 Ch. 510
အလံနှစ်စုံမြို့ထဲတွင်ဖြစ်ပျက်ခဲ့သည့်အရာမှာ မြို့နေလူများကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့သည် ပထမပိုင်းတွင် စိုးရိမ်ပူပန်နေလျှက်ရှိကြသော်လည်း ဖှေးသည် ဤကဲ့သို့ဖြစ်လာမည်ကို ကြိုတင်ကာ ခန့်မှန်းပြီးဖြစ်သောကြောင့် စစ်သည်များကို ဖြစ်ပျက်နေသည်များကိုရှင်းပြရန်အတွက် မြို့အတွင်းတွင် ပိုစတာများလိုက်လံကပ်ထားစေခဲ့သည်။
ရေများပန်းထွက်နေခြင်းရပ်တန့်သွားပြီး ဆူညံသံများပျောက်ကွယ်သွားပြီးသည့်နောက်တွင် သူတို့သည် စိတ်အေးလက်အေးဖြစ်သွားပြီး ပုံမှန်လုပ်နေကြအလုပ်များကို ပြန်လည်ကာ ဆောင်ရွတ်နေကြတော့၏။
အမှောင်ထုသည် ကောင်းကင်အား ကြီးစိုးသွားသည်။ ညမထွက်ရအမိန့်သည်ဆက်လက်အသက်၀င်လျှက်ရှိသောကြောင့် လမ်းပေါ်တွင် လူသိပ်မရှိပေ။ ကြီးမားသည့် အလံနှစ်စုံမြို့ကြီးသည်လည်း လူသူခြောက်ကပ်နေလျှက်ရှိ၏။
ဖှေး ဖြစ်စဥ်ကို အကြမ်းဖျင်းလေ့လာပြီးသည့်နောက်တွင် သူသည် ရေတွင်းပတ်လည်တွင်ရှိသည့် လုပ်ငန်းများကို ပုံမှန်အတိုင်းပြန်လည်ကာ လည်ပတ်စေလိုက်သည်။ စစ်သည်လေးဆယ်ကျော်အား ရေတွင်းများပတ်လည်တွင်စောင့်ကြပ်နေစေပြီး ကျန်ရှိနေသည့်စစ်သည်များသည် သူတို့၏သက်ဆိုင်ရာနေရာများထံသို့ပြန်သွားကြတော့၏။
ဖှေးသည် အလံနှစ်စုံမြို့တော်ထဲတွင် နံပါတ်၁သိုင်းဆရာတစ်ယောက်ဟုပြောနိုင်သော်လည်း သူကိုယ်တိုင်ပင် မြေအောက်ပင်လယ်၏ အောက်ခြေသို့ရောက်နိုင်ခြင်းမရှိသေးပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် မြေအောက်ပင်လယ်မှတဆင့် အလံနှစ်စုံမြို့တော်အတွင်းသို့ ကူးခတ်၀င်ရောက်လာမည်ဆိုပါက သူသည် အလွန်စွမ်းအားကြီးသည့် သိုင်းဆရာတစ်ယောက်ဖြစ်လိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့ဆိုပါ ဖှေး မြို့တော်ထဲတွင်ရှိသမျှစစ်သည်များကို ဤနေရာတွင်အစောင့်ထားထားသော်လည်း အသုံးမ၀င်ဖြစ်လိမ့်မည်ဖြစ်သည်။
မြေအောက်ပင်လယ်၏ အောက်ခြေတွင်ရှိသည့် ရေသူမကဲ့သို့သောသတ္တ၀ါများနှင့် နန်းတော်များသည် ဖှေး၏ စိတ်ထဲတွင်မေ့ပျောက်၍မရသည့် အမှတ်သားတစ်ခုကို ချန်ထားခဲ့သည်။
အင်ပါယာအရှင်သခင်ယရှင်းသည် ဤမြို့တော်ကို ရည်ရွယ်ချက်တစ်ခုအတွက်တည်ဆောက်ခဲ့သည်ဟု ဖှေးထင်မြင်မိသည်။ သူသည် ရာစုနှစ်များစွာ ဖုံးကွယ်နေခဲ့သည့် လျို့၀ှက်ချက်တစ်ခုကို ရှာတွေ့ခဲ့ပုံရ၏။ သူ၏ လူရိုင်းဇာတ်ကောင်၏မသိစိတ်များသည် သူသည် ကြီးမားသည့်တစ်စုံတစ်ခုကို ရှာတွေ့သွားပြီး ကျရောက်လာတော့မည့် မုန်တိုင်းကြီးတစ်ခုထဲတွင်စတင်ပါ၀င်နေပြီဖြစ်ကြောင်းကို အသိပေးနေလျှက်ရှိ၏။
ဖှေးသည် အနောက်ဘက်ဂိတ်တံခါးတွင်ရှိသည့် မျှော်စဥ်ပေါ်သို့ ပြန်သွားခြင်းမရှိပေ။
သူသည် ယနေ့ညအတွက် မြို့တော်၀န်၏စံအိမ်သို့သွားလိုက်၏။
ဆိုရိုယော့ခ်အား ဖှေးဖမ်းချုပ်ထားသဖြင့်သူသည် စစ်ပွဲပြီးသည့်အချိန်တွင် ချမှတ်မည့် စစ်ဌာန၏ စီရင်ချက်ကို စောင့်ဆိုင်းနေရ၏။ လက်ရှိတွင် ဤနေရာတွင်နေရာအား သန့်ရှင်းအောင်ထားရန်အတွက် အစေခံနှင့် အိမ်စေတစ်ချို့သာ ရှိနေ၏။ ဆိုရိုယော့ခ်၏ မိသားစု၀င်များ၊ ဆွေမျိုးများသည် ဤနေရာမှ ရွေ့ပြောင်းကာ ပို၍သေးငယ်သည့် စံအိမ်တစ်ခုတွင်ပြောင်းလဲကာ နေထိုင်နေကြသည်။ သူတို့ကိုလည်း ဂရုတစိုက်စောင့်ကြည့်နေကြ၏။
ဖှေးသည် မြို့တော်၀န် စံအိမ်မှ စာကြည့်တိုက်ထဲသို့၀င်ရောက်လိုက်ပြီး လွန်ခဲ့သည့်၂၆နှစ်မှ စာရွက်စာတမ်းများကို စတင်ကာ ဖတ်ရှုတော့သည်။
စာကြည့်တိုက်ထဲတွင် စာရွက်စာတမ်းများ၊ ဖိုင်များ အထပ်လိုက်ရှိနေ၏။ မြို့တော်၀န်ဆိုရိုယော့ခ်သည် ဤကဲ့သို့သော အချက်လက်များကို ကြိုက်နှစ်သက်ခြင်းမရှိသည်မှာ ထင်ရှားလှသည်။ စာရွက်စာတမ်းအများစုမှာ ဖုန်အလိမ်းလိမ်းဖြစ်နေကြ၏။
ဖှေးသည် ဖိုင်တစ်ခုခြင်းစီတိုင်းကို စိတ်ရှည်လက်ရှည်ဖြင့်ဖတ်ကြည့်နေ၏။ သူသည် မြို့တော်အား စတင်တည်ထောင်ခဲ့စဥ်က မှတ်တမ်းများကို လိုက်လံကာ ရှာဖွေနေခြင်းပင်။ သူသည် ရေသူမကဲ့သို့သတ္တ၀ါများ၊ နန်းတော်များနှင့်ပတ်သက်သည့် သဲလွန်စများကို ရှာတွေ့လိုသည့်အတွက်ပင်။
သို့သော် ဖှေးသည် စာကြည့်တိုက်ထဲတွင်ရှိသည့်မှတ်တမ်းအရတွက်ကို လျှော့တွက်ခဲ့မိသည့်ပုံရသည်။
တစ်နာရီခန့်ကြာသည့်အချိန်တွင် ဖှေးသည် ဖိုင်တစ်ရာလောက်ကို ဖတ်ရှုပြီးဖြစ်သော်လည်း သဲလွန်စတစ်စုံတစ်ရာကို ရှာတွေ့ခြင်းမရှိသေးပေ။
သူသည် ကြောဆန့်ကာသက်ပြင်းချလိုက်ပြီး အ၀ါရောင်သိုးသားရေချပ်ဖြင့် ပြလုပ်ထားသည့်အ၀ါရောင်စာလိပ်တစ်ခုကို ကောက်ကိုင်လိုက်သည်။ သူဖွင့်ကာ ဖတ်လိုက်ပြီးသည့်နောက်တွင် ပန်းချီကားတစ်ခုကိုတွေ့လိုက်ရသည့်အတွက် ထိတ်လန့်အံ့သြသွား၏။
ဤရိုးရှင်းသည့် ပန်းချီကားသည် လျို့၀ှက်ထူးဆန်းသည့် ရေသူမကဲ့သို့သတ္တ၀ါများကို ရေးဆွဲထားသည့်အတွက်ပင်။
“ဟမ်...ဒါတွေကို ဘယ်သူဆွဲခဲ့တာလဲ...”
သူရှေ့စာမျက်နှာသို့ လှန်ကြည့်လိုက်ရာ သာမန်စာလိပ်တစ်ခုသာဖြစ်သည်ကို တွေ့လိုက်ရသည်။ သာမန်ကုန်ကြမ်းပစ္စည်းများကိုအသုံးပြုထားသည့်အတွက် နှစ်နှစ်ဆယ်ကျော်ကြာပြီးသည့်အချိန်တွင် စတင်၍ ဆွေးမြေ့လာနေပြီဖြစ်သည်။
“ဒါက တိုက်ဆိုင်မှုတစ်ခုပဲလား။ ဒါမှမဟုတ်ဘူးဆိုရင် တစ်စုံတစ်ခုကိုဖော်ပြနေတာလား...”
ဖှေးပို၍ကြည့်ရှုလေလေ ဤပန်းချီကားသည် သူမြေအောက်ပင်လယ်ထဲတွင် မြင်ခဲ့ရသည့်မြင်ကွင်းနှင့်ပို၍ တူညီလာလေလေဖြစ်သည်ကို မြင်လိုက်ရ၏။ အရာအားလုံးသည် အလွန်ပင်တူညီလွန်းနေ၏။
“ကြမ်းတမ်းတဲ့ ကျောက်ဆောင်တွေနဲ့ ဒီသတ္တ၀ါတွေရဲ့အရှိန်၀ါတွေကို အသေးစိတ်ဖော်ပြထားတာပဲ။ ဒါမျိုးက မမှားနိုင်ဘူး...”
စာလိပ်ပေါ်တွင် ရေးသားထားသည့် စာတန်းများလည်းပါရှိနေ၏။
သို့သော် ထိုစာတမ်းများသည် ခရီးသွားကဗျာဆရာများပြောလေ့ရှိသည့်ပုံပြင်များသာဖြစ်ပြီး အလံနှစ်စုံမြို့တည်ဆောက်ပုံ၊ မြေအောက်ပင်လယ်တို့နှင့်ဆက်စက်ခြင်းမရှိလှပေ။
ဖှေး ဤစာလိပ်ကို ဂရုတစိုက်လေ့လာကြည့်လိုက်သည်။ လျို့၀ှက်ထားသည့် စာမျက်နှာများကိုပင် ရှာဖွေကြည့်လိုက်သော်လည်း ဘာမှရှာတွေ့ခြင်းမရှိပေ။
ထို့ကြောင့်သူသည် ထိုစာလိပ်ကို အောက်သို့ ချထားလိုက်ပြီး ကျန်ရှိနေသည့် ဖိုင်များကိုဆက်လက်စစ်ဆေးတော့၏။
သူသည် အလံနှစ်စုံမြို့တော်နှင့်ပတ်သက်သည့် သမိုင်းတော်တော်များများကို ဖတ်ရှုလိုက်ရသည်။
အလံနှစ်စုံမြို့တော်ကို လွန်ခဲ့သည့်၂၆နှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မြို့တော်အား တည်ထောင်ရန်အတွက် စိတ်ကူးစတင်ပေါ်ပေါက်ခဲ့သူလူမှာ အင်ပါယာအရှင်သခင်ယရှင်းပင်။ ထိုအချိန်တွင် သူသည် ဂျက်အင်ပါယာကို သိမ်းပိုက်ထားပြီး စွမ်းအားများအမြင့်ဆုံးရောက်ရှိနေချိန်လည်းဖြစ်သည်။ မြို့တော်၏ တည်နေရာများ၊ ဒီဇိုင်းများကို အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် အလွန်ပင်စိတ်ရှည်ခဲ့ပြီး သူ၏ စစ်သည်များနှင့် မြို့တော်ပတ်လည်တွင်လ၀က်ခန့်ပင် စခန်းချကာ မြို့တော်ကို ကိုယ်တိုင်ကြီးကြပ်တည်ထောင်ခဲ့သည်။ နောက်ဆုံးတွင် စစ်သည်များမှာ အစာရေစာနည်းပါးလာကြသဖြင့် မြို့တာ်စိန့်ပီတာစဘာ့တ်သို့ ပြန်သွားခဲ့ကြ၏။
သူ တပ်ဖွဲ့များနှင့်ပြန်လည်ထွက်ခွာသွားပြီးသည့်အချိန်တွင် အင်ပါယာအရှင်သခင်ယရှင်းသည် အလံနှစ်စုံမြို့တော်နှင့် ပတ်သက်၍ မေ့လျှော့သွားသည့်ပုံပင်။ သူထိုမြို့တော်အကြောင်းကို ဆက်လက်ပြောကြားခြင်းမရှိတော့ပေ။
အစပိုင်းတွင် အရာရှိများ၊ ၀န်ကြီးများသည် အလံနှစ်စုံမြို့တော်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ အာရုံများစွာစိုက်ခဲ့ကြသည်။ ဤမြို့တော်ကြီးကို ငွေကြေးရင်းမြစ်များစွာအသုံးပြု၍ တစ်နှစ်ခန့်ကြာအောင်တည်ထောင်ခဲ့သည်။ မြို့တော်၀န်စံအိမ်အား တည်ဆောက်ပြီး၊ မြို့တော်ကာကွယ်ရေးတပ်ဖွဲ့များကိုပင် ဖွဲ့စည်းပြီးပြီဖြစ်သော်လည်း အင်ပါယာအရှင်သခင်ယရှင်းသည် အလံနှစ်စုံမြို့တော်အား ထူးဆန်းစွာပင် လျစ်လျူရှုခဲ့သည့်အတွက်ကြောင့် ဇီးနစ်အင်ပါယာ၏ ၀န်ကြီးချုပ်များ၊ အရာရှိများ၏ မြို့တော်အပေါ်အာရုံစိုက်မှုများမှာလည်း လျှော့နည်းလာတော့သည်။
ဖှေးဤသည်ကို သံသယရှိစရာကောင်းသလို ခံစားနေရ၏။
“အင်ပါယာအရှင်သခင်ယရှင်းက ပထမက ဒီမြို့တော်ကို တက်တက်ကြွကြွတည်ဆောက်ခဲ့တာပဲ။ သူ့ရဲ့စစ်သည်တွေကိုတောင် မြို့တော်ပတ်ပတ်လည်မှာ စခန်းချခိုင်းပြီးတည်ဆောက်နေခဲ့တာ ဘာလို့ သူကမြို့တော်စိန့်ပီတာစဘာ့တ်ကို ပြန်ရောက်တော့ အလံနှစ်စုံမြို့တော်အကြောင်းကို ဆက်မပြောတော့တာလဲ...”
ဂျက်အင်ပါယာအား သိမ်းပိုက်ပြီးသည့်အချိန်တွင် ဇီးနစ်အင်ပါယာ၏ နယ်နိမိတ်မှာအကျယ်၀န်းဆုံးအခြေအနေသို့ရောက်ရှိခဲ့ကြောင်းကို ဖှေးပြန်လည်ကာ သတိရလိုက်သည်။ သို့သော် ထို့နောက်တွင် စတင်၍ ကျဥ်းမြောင်းလာတော့သည်။ အင်ပါယာအရှင်သခင်ယရှင်းသည် လူရှေ့သူရှေ့သို့ သိပ်ထွက်လာခြင်းမရှိတော့ပဲ အိမ်နီးခြင်းအင်ပါယာများကို တစ်ချိန်ကများစွာကြောက်လန့်စေခဲ့သည့် ဇီးနစ်အင်ပါယာ၏ စွမ်းအားသည်လည်း စတင်၍ကျဆင်းလာတော့သည်။
“ဘာဖြစ်သွားခဲ့လိုလဲ...”
ဖှေးအဖြေကို မသိချေ။
ဖှေးသည် လေးနာရီခန့်စာရွက်များကို လှန်ကြည့်နေခဲ့သော်လည်း အဖြေကို ရှာတွေ့ခြင်းမရှိသေးပေ။
ဖှေး ဖတ်သမျှစာတမ်းတိုင်းသည် ဆင်ယောင်နေ၏။ အင်ပါယာအရှင်သခင်ယရှင်းမြို့တော်သို့ပြန်သွားသည့်အချိန်တွင် ရပ်တန့်သွားခဲ့၏။
သို့သော် ဖှေးသည် တရား၀င်မဟုတ်သည့် သမိုင်းမှတ်တမ်းစာအုပ်များမှ စိတ်၀င်စားစရာကောင်းသည့်အချက်အလက်များစွာကိုရှာတွေ့ခဲ့သည်။
ထိုစာအုပ်များထဲတွင် ငါးနှင့်တူသည့် နတ်ဆိုးသားရဲများသည် ယခင်က ရေတွင်းများထဲမှ ခုန်ထွက်လာခဲ့ပြီး လူတစ်ချို့ကို ဒဏ်ရာရအောင်ပြုလုပ်ခဲ့သည်ဟု ပါရှိ၏။ အင်ပါယာအရှင်သခင်ယရှင်းသည် ထိုကိစ္စအားစစ်ဆေးရန်အတွက် ရေတွင်းထဲသို့ ကိုယ်တိုင်ခုန်ဆင်းသွားခဲ့ဖူးသည်ဟုလည်း ဖော်ပြထားသည်။ ရှေးကျသည့်ပုံပြင်တစ်ချို့တွင် ဤနေရာသည် ယခင်က ကျယ်ပြန့်သည့်ပင်လယ်ကြီးတစ်ခုဖြစ်ခဲ့ကာ နတ်ဆိုးများနှင့် ဆက်နွယ်နေသည့် ပင်လယ်မျိုးနွယ်တစ်ခုသည် ဤနေရာတွင် အုပ်ချုပ်နေထိုင်ခဲ့ကြသည်ဟုလည်း ဖော်ပြထားသည်။ သို့သော် နတ်ဆိုးများနှင့် နတ်ဘုရားများကြားတိုက်ပွဲဖြစ်လာခဲ့ပြီးသည့်နောက်တွင် ပင်လယ်မျိုးနွယ်များသည် ရှင်သန်နိုင်ခဲ့ခြင်းမရှိပဲ သူတို့အားလုံး စစ်ပွဲအတွင်းတွင်သေဆုံးသွားခဲ့ကြသည်။
ဤတရားမ၀င်သည့် ယုံတမ်းသမိုင်းစာအုပ်များသည် ပို၍တိကျနေသည်ဟု ဖှေးခံစားနေရ၏။
အလံနှစ်စုံမြို့တော်အောက်တွင်ရှိသည့် မြေအောက်ပင်လယ်ထဲတွင် နှစ်သန်းပေါင်းများစွာမှ လျို့၀ှက်ချက်များပါ၀င်နေသည်ဖြစ်နိုင်၏။
“ငါလအဆင့်စစ်သည်တစ်ယောက်ဖြစ်လာရင် ငါအောက်ကိုဆင်းပြီးတော့ အဖြေရှာရမယ်။ င့ါကို တစ်စုံတစ်ခုကအောက်ကနေခေါ်နေတယ်လို့ ခံစားနေရတယ်...”
ဖှေး ဆုံးဖြတ်ချက်ချလိုက်၏။
......
ဒုတိယမြောက်နေ့တွင် ဂျက်အင်ပါယာမှ ကျူးကျော်သူများသည် တိုက်ခိုက်သိမ်းပိုက်လာခြင်းမပြုသေးပေ။
ရှိဗ်ချန်ကိုနှင့် ရစ်ဘရီတို့သည်တစ်ချိန်တည်းမှာပင်ထိတ်လန့်အံ့သြကာ စိုးရိမ်နေကြသည်။ ဂျက်အင်ပါယာမှစစ်သည်များသည် ဇီးနစ်အားမကောင်းသည့်အရာတစ်ခုကြံနေသည်ဟု သူတို့ထင်ကြပြီး ဂျက်အင်ပါယာစခန်းထဲသို့ ၀င်ရောက်စီးနှင်းရန်ဖှေးအားအကြံပြုလိုက်သည်။
ဖှေး အကြံစည်ကို ငြင်းဆန်လိုက်သည်။
မင်းသားဖာရင်တန်သည် မကောင်းကြံနေခြင်းမဟုတ်ပဲ အစာရိက္ခာများနှင့် မဟာနှင်းတောင်မှ သူ၏ စီနီယာကို စောင့်နေခြင်းဖြစ်ကြောင်းကို ဖှေးသိရှိသည့်အတွက်ပင်။ စစ်သည်များအား အစာရေစာလုံလုံလောက်လောက်မကျွေးပဲတိုက်ခိုက်ခိုင်းခြင်းသည် အုံအုံကြွကြွဖြစ်လာနိုင်သည့်အတွက်ပင်။ စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ပါရှိခြင်းမရှိပဲ မြို့တော်အား တိုက်ခိုက်သိမ်းပိုက်ခြင်းသည်လည်း သိပ်ပြီးအသုံးမ၀င်လှပေ။
ဖှေး အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စဥ်ထဲတွင် ကြီးမားသည့်မြေပုံကြီးတစ်ခုကို ဖွင့်ကြည့်လိုက်သည်။
“ဖရန့်ခ် မင်းနဲ့ အန်ဒရူးတို့က ကြယ်အဆင့်စစ်သည်၂၀၀လောက်ကိုဦးဆောင်ပြီးတော့ မြို့တော်ထဲကနေ တိတ်တဆိတ်ထွက်သွားက အမဲရောင်ချပ်၀တ်တွေ၀တ်ဆင်သွား။ မီးလောင်လွယ်တဲ့လောင်စာတွေကိုရောစီစဥ်သွားကြ။ ခံတပ်နံရံပေါ်ကနေကြိုးတွေနဲ့ခိုဆင်းပြီးတော့ မြို့ထဲကနေထွက်။ မင်းတို့က မြောက်ဘက်ကို တိတ်တဆိတ်သွားပြီးတော့ ဒီနေရာမှာ စခန်းချလိုက်ကြ...” ဖှေးသည် မြေပုံပေါ်တွင်ရှိသည့် တည်နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။ “မင်းတို့ကောင်တွေ ဂျက်အင်ပါယာက စစ်သည်တပ်ဖွဲ့တွေ ရိက္ခာသယ်လာတာကိုမြင်တယ်ဆိုရင် ၀င်စီးပြီးတော့ အစာတွေအကုန်လုံးကို မီးရှို့ပစ်ခဲ့။ မင်းတို့ တအားအေးမလာခင် နေမ၀င်ခင်သေချာအောင်ပြန်ခဲ့က ငါမင်တို့ကို စောင့်နေမယ်....”
ရှိဗ်ချန်ကိုနှင့် ရစ်ဘရီတို့သည် အမိန့်အသစ်များကိုကြားလိုက်ရသည့်အတွက် စိတ်လှုပ်ရှားကာ ပျော်ရွှင်သွား၏။
သို့သော် ရစ်ဘရီသည် ဖှေးညွန်ပြနေသည့်နေရာကိုတွေ့လိုက်ရသည့်အချိန်တွင် မေးလိုက်၏။ “ဆာ ကျွန်တော်မေးတာကို စိတ်မရှိဘူးဆိုရင် အဲ့နေရာမှာ စစ်သည်တွေသွားနိုင်တဲ့ လမ်းတစ်ခုမရှိဘူးထင်တယ်။ ဘာလို့ ကျွန်တော်တို့အဲ့မှာ စခန်းချနေရတာလဲ...”
ဖှေးပြုံးကာ ပြန်လည်ဖြေကြားလိုက်၏။ “မင်းတို့ပြန်လာပြီဆိုရင် သိပါလိမ့်မယ်။ နေုာက်ပြီးတော့ မင်းတို့တွေအစာသယ်လာတဲ့ ဂျက်အင်ပါယာတပ်ဖွဲ့ကို မတွေ့ရဘူး။ ဒါမှမဟုတ်စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်က ရိက္ခာသယ်တဲ့တပ်ဖွဲ့နဲ့အတူပါလာတယ်ဆိုရင် မလှုပ်ရှားပဲချက်ချင်းပြန်လာခဲ့ကြ။ နောက်ပြီးတော့ အနည်းဆုံးကြယ်တစ်လုံးအဆင့်ရှိတဲ့ စစ်သည်တွေကိုပဲ ရွေးချယ်ခေါ်သွားကြ။ သူတို့တွေ အပြင်က အအေးဒဏ်ကိုခံနိုင်ဖို့အတွက် အတွင်းအားစွမ်းအင်အသုံးပြုနိုင်ဖို့လိုအပ်တယ်။ဝ လိုအပ်တဲ့ပစ္စည်းတွေကို စာရင်းအင်းဌာနကသွားထုတ်လိုက်ကြ။ မင်းတို့ကောင်တွေ င့ါကို မေးခွန်းတွေဆက်မမေးနဲ့တော့...”