အခန်း (၅၁၅)
Vol. 33 Ch. 515
"ကောင်းတယ်။ ငါတို့တွေက စစ်တိုက်နေရတာဆိုတော့ ဒီမှော်ကျောက်တုံးတွေကဗျူဟာမြောက်တဲ့ ရင်းမြစ်တွေပဲ။ ဒီကောင်က မြေကမ္ဘာအကာကွယ်မှော်အစီရင်ကိုအနည်းဆုံးတစ်လလောက်တော့ အသက်ဆက်ပေးထားလို့ရနိုင်တယ်။ ကောင်းတယ် ကောင်းတယ် ငါဒီလက်ဆောက်ကို လက်ခံလိုက်မယ်။ ခင်ဗျားရဲ့ရက်ရောမှုအတွက်လဲ တစ်ကယ်ကျေးဇူးတင်ပါတယ် မန်နေဂျာရိုမန်။" ဖှေးသည် မှော်တလင်းကျောက်များကို သေတ္တာထဲသို့ပြန်ထည့်ကာ ပြောလိုက်၏။
"ကျေးဇူးတင်စရာမလိုပါဘူးဗျ။ ကျွန်တော်ကလည်း ကျွန်တော့တာ၀န်ကို ကျွန်တော်လုပ်နေတာပါ..."
ဖှေး မှော်တလင်းကျောက်များကိုလက်ခံလိုက်သည်ကို တွေ့လိုက်သည့်အချိန်မှ အေဘရာသည် စိတ်အေးသွားပြီးနောက်ထပ် သေတ္တာတစ်လုံးအားဖွင့်လိုက်၏။
ခမ်းမဆောင်ထဲတွင် အလင်းရောင်များပို၍ပင်တောက်ပလာ၏။
မှော်တလင်းကျောက်များအပြည့်ပါ၀င်နေသည့် နောက်ထပ်သေတ္တာတစ်လုံးပင်။
ဖှေးကိုယ်တိုင်ပင် အနည်းငယ်ထိတ်လန့်အံ့သြသွား၏။
မှော်တလင်းကျောက်သေတ္တာနှစ်လုံးမှာ အတော်များပြားသည့် ပမာနပင်။ ချမ်းဘော့ဒ်မှသူတော်စင်ဇိုလာပင် နှစ်နှစ်ဆယ်ကြာခန့်စုဆောင်းခဲ့သော်လည်း သေတ္တာတစ်လုံးပင်ရရှိခဲ့ခြင်းမရှိပေ။ သို့သော် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ ဤအဖွဲ့ခွဲမန်နေဂျာသည် ဖှေးအား မှော်တလင်းကျောက်နှစ်သောင်းခန့်ကိုအလွယ်တကူပင် ပေးနိုင်၏။
"ဆိုရိုကုန်သွယ်ရေးအဖွဲ့ကိုတိုက်ပေါ်မှာ အစိုးမိုးနိုင်ဆုံးအဖွဲ့တွေထဲက တစ်ခုလို့ပြောကြတာ အံ့သြစရာမရှိတော့ပါဘူး။" ဖှေးတွေးကာ ခေါင်းငြိမ့်လိုက်မိ၏။
တတိယသေတ္တာအား ဖွင့်လိုက်သည်။
စတုတ္ထသေတ္တာကိုလည်းဖွ့င်လိုက်၏။
အေဘရာသည်တစ်ခုခြင်းဖွင့်ပြလိုက်ရာ သေတ္တာတိုင်းတွင် မှော်တလင်းကျောက်များအပြည့်ပါ၀င်နေ၏။
ဤမန်နေဂျာမှ တန်ဖိုးများစွာကြီးမားသည့်လက်ဆောင်တို့ကို ဆက်သလာခဲ့ခြင်းပင်။
ဖှေးသည် တည်ငြိမ်လျှက်ပင်ရှိနေဆဲဖြစ်သည့် ထိုလူကိုကြည့်ကာ တွေးလိုက်မိသည်။ "သေစမ်း။ ဒီလူက င့ါရဲ့အပြည့်၀အာရုံစိုက်မှုကို ရရှိဖို့အတွက် ထိုက်တန်တဲ့လူတစ်ယောက်ပဲ။ အေဇာရုတိုက်ပေါ်မှာ ကြွယ်၀မှုကလည်း စွမ်းအားတစ်မျိုးပဲ။ ဒီလူက ငါထင်ထာထက်ပိုပြီးချမ်းသာနေတယ်ဆိုတာ ထင်ရှားတယ်..."
"ကောင်းတယ်..." ဖှေးပြောလိုက်ပြီး ထိုသေတ္တာလေးလုံးအား သူ၏ ထားသိုရာမှော်လက်စွပ်ထဲသို့ထည့်လိုက်၏။
"ချွတ်..."
ငါးခုမြောက်သေတ္တာကိုဖွ့င်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ မှော်ကျောက်တုံးများပါ၀င်လာခြင်းမရှိတော့ပေ။ ထိုအစား စာအုပ်တစ်ချို့၊ ပုရပိုက်တစ်ချို့ပါ၀င်နေ၏။
ဖှေးသည်အပေါ်ဆုံးတွင်ရှိနေသည့် စာလိပ်တစ်ခုကို ကောက်ယူကာ ဖွင့်ကြည့်လုိက်သည်။ ဤသည်မှာ အလံနှစ်စုံမြို့ပတ်လည် ၂၅၀ကီလိုမီတာခန့်ကိုအသေးစိတ်ရေးဆွဲထားသည့် မြေပုံကြီးတစ်ခုဖြစ်ကြောင်းကို ဖှေးသိလိုက်ရ၏။ ဤမြေပုံသည် သူ့အား စစ်ဘက်ဆိုင်ရာဌာနမှ ပေးလိုက်သည့်မြေပုံထက်ပို၍ကောင်းမွန်လှသည်။ ဤမြေပုံသည် အိုအေစစ်များ၊ ရေရင်းမြစ်များ၊ ရှေးလမ်းကြောင်းများ၊ အန္တရာယ်ရှိသည့် နေရာများတို့အပြင် ကန္တာရဓားပြများ၏ စခန်းတည်နေရာများကိုပါ ပြသထား၏။ ဖှေးလက်ရှိအသုံးပြုနေသည့် မြေပုံတွင် ဤကဲ့သို့သော နေရာများကို ပြသထားခြင်းမရှိပေ။
စစ်ပွဲတစ်ခုထဲတွင် ဤကဲ့သို့သောမြေပုံတစ်ပုံ၏ တန်ဖိုးကို တိုင်းတာ၍မရနိုင်ပေ။
ဖှေးသည် သူ၏စိတ်ခံစားချက်များကို မျက်နှာပေါ်တွင်ပြသနေခြင်းမရှိသော်လည်း ဤလူကို အတော်ပင်အထင်ကြီးမိသွား၏။ "ဒီလူက ဆိုရိုကုန်သွယ်ရေးအဖွဲ့အပြင် ကျန်တဲ့အင်အားစုတွေ၊ လမ်းကြောင်းတွေကိုပါ ထိန်းချုပ်ထားနိုင်တဲ့ပုံပဲ..." သူတွေးလိုက်မိ၏။
ဘုရင်သည် မြေပုံအား တိတ်ဆိတ်စွာပင် အောက်သို့ ပြန်ချထားလိုက်ပြီး စာအုပ်တစ်အုပ်ကို ကောက်ယူကြည့်လိုက်သည်။ ထိုစာအုပ်ထဲတွင် ဆိုရိုကုန်သွယ်ရေးအဖွဲ့ကြီး၏ အဖွဲ့ခွဲများအားလုံး၏ တည်နေရာနှင့် သက်ဆိုင်ရာမန်နေဂျာတို့ကို ဖော်ပြထားသည်။ စာအုပ်ထဲတွင် စတုရန်းပုံရွှေရောင်တိုကင်တစ်ခုလည်း ပါရှိနေ၏။
"အရှင်းမင်းကြီး ဘယ်ကိုပဲရောက်နေရောက်နေ ဒီစာအုပ်ကိုကြည့်ပြီးတော့ အနီးဆုံး ဆိုရိုကုန်သွယ်ရေးအဖွဲ့တည်ရှိတဲ့နေရာကို ရှာနိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေရဲ့ အဆက်သွယ်တွေက အရှင်မင်းကြီးအလိုရှိတဲ့ သတင်းတွေကို တစ်နေရာနဲ့တစ်နေရာ ပေးပို့ပေးလို့ရပါတယ်။ ကျန်တဲ့လမ်းကြောင်းတွေစီကနေ လျို့၀ှက်ထားချင်တဲ့ သတင်းတွေကိုပေါ့။ နောက်ပြီး အရှင်က ကြိုက်တဲ့အဖွဲ့ခွဲကနေ ရွှေဒင်္ဂါးတစ်သန်းကိုလည်း ချေးငှားလို့ရပါသေးတယ်။ ဒီရွေရောင်တိုကင်က VIPအမှတ်သားတစ်ခုပါ။" အေဘရာသည် ပြုံးကာ ရှင်းပြလိုက်၏။ ထို့နောက်တွင် သူဆက်ပြောလိုက်သည်။ "ကံဆိုးတာကတော့ ကျွန်တော်ပေးနိုင်တဲ့အတိုင်းတာက ဒီလောက်ပါပဲ။ ဒီထက်ပိုမယ်ဆိုရင်တော့ နည်းနည်းစွန့်စားရမှာပေါ့..."
ဖှေးရယ်မောလိုက်သည်။ အေဘရာ၏ စကားလုံးများနောက်ကွယ်မှ သွယ်၀ိုက်သည့် အဓိပ္ပါယ်ကို နားလည်လိုက်သည့်အတွက်ပင်။
သေတ္တာထဲတွင် မြေပုံများ၊ ရုပ်ပုံကားချပ်များကျန်ရှိနေသေးသည်။ အများစုမှာ အဆင့်မြင့်မှော်အစီရင်များ တည်ဆောက်ပုံကို ဖော်ပြထားသည့် စာရွက်များပင်။ သို့သော် ပုံတော်တော်များများမှာ အပြည့်စုံပါရှိခြင်းမရှိပေ။ အေဘရာဤပုံများကို ငွေကြေးနှင့်ရောင်းစား၍ ရနိုင်ကောင်းရနိုင်သည်။ သို့သော် အေဘရာတွင် ငွေကြေးလုံလုံလောက်လောက်ရှိပြီးသားပင်။ ဖှေးကဲ့သို့သော် ကျွမ်းကျင်သိုင်းဆရာတစ်ယောက်သည် ဤပစ္စည်းများကို ပို၍ တန်ဖိုးရှိစွာအသုံးပြုနိုင်လိမ့်မည်ထင်သည့်အတွက် သူဖှေးအား ပေးရန်ဆုံးဖြတ်ခဲ့ပုံရ၏။
ဖှေးဤပုံများကို သေချာကြည့်လိုက်သည့်အချိန်တွင် အနည်းငယ်အိုဟောင်းနေပြီကို သတိထားလိုက်မိသည်။ သူတို့အား အရည်သွေးမြင့်သည့် သားရေချပ်များပေါ်တွင် ရေးဆွဲထားခြင်းပင်ဖြစ်ပြီး ဤအစီရင်များတွင် မှော်လမ်းကြောင်းများစွာပါရှိနေသည်။ အကယ်၍ ဤမှော်အစီရင်များကိုသာ အပြင်တွင် အသုံးချနိုင်ပါက စွမ်းအားများသည် မတွေးနိုင်လောက်အောက်ထိပင် ကြီးမားသည့်မှော်အစီရင်များဖြစ်လာနိုင်၏။ ဖှေးသည် မှော်ပညာရပ်တွင် ကျွမ်းကျင်သူများဖြစ်ကြသည့် အာကာရာနှင့် ကိန်းတို့၏အကူညီများဖြင့် ဤမှော်အစီရင်များကိုအပြည့်စုံဖြစ်အောင်ပြန်လည်ဖန်တီးနိုင်ချေရှိ၏။ ထို့ကြောင့် ဖှေး ဤလက်ဆောင်များကို စိတ်လိုလက်ရပင် လက်ခံလိုက်၏။
ဖှေးသည် ခြောက်ခုမြောက်သေတ္တာကိုကြည့်တော့မည့်အချိန်တွင် ငါးခုမြောက် သေတ္တာအောက်ခြေမှ ရင်းနီးသည့်စွမ်းအင်တစ်ခုတောက်ပလာသည်ကို သတိထားလိုက်မိသည်။
"ဒါက...." ဖှေးသည် သေတ္တာ၏အောက်ဆုံးတွင်သားရေချပ်တစ်ခုကိုတွေ့လိုက်ရ၏။
ဤအမည်မသိသော်လည်း စွမ်းအားမြင့်မားသည့် နတ်ဆိုးသားရဲကောင်တစ်ကောင်၏ အနက်ရင့်ရောင်သားရေချပ်တစ်ခုပေါ်တွင် ရှေးစားတစ်ချို့ရေးထိုးထား၏။ သားရေချပ်သည် အိုဟောင်းနေပြီဖြစ်သော်လည်း သဘာ၀အတိုင်းဖြစ်ပေါ်နေသည့် ဖိအားတစ်ချို့ကို ခံစားနေရစဲပင်။ ဖှေးကိုပင် အနည်းငယ်ကြောက်လန့်စေလောက်သည်အထိ ထိုအရှိန်၀ါသည်စွမ်းအားမြင့်မားနေဆဲပင်။ ဖှေး ဤသားရေချပ်ကို ပွတ်သပ်ကြည့်လိုက်သည့်အချိန်တွင် သူ၏လက်အား အပ်ပေါင်းများစွာဖြင့် ထိုးနေသကဲ့သို့နာကျဥ်မှုတစ်ခုကို ခံစားလိုက်ရ၏။
အမှန်ပင် ဤသည်များကြောင့် ဖှေးအံ့သြသွားခဲ့ရခြင်းမဟုတ်ပေ။
ဖှေးအံ့သြသွားရသည့်အကြောင်းမှာ ဤလယ်သာချပ်၏ ညာဘက်အပေါ်ထောင်တွင် ရေသူမကဲ့သို့သော် သတ္တ၀ါတစ်ကောင်၏ပုံကို ရေးထိုးထားသည့်အတွက်ပင်။ ထိုပုံသည် ဖှေးမနေ့ည မြို့တော်၀န်၏ စံအိမ်ထဲတွင်မြင်တွေ့ခဲ့ရသည့် ရေသူမပုံနှင့်အလွန်ပင် ဆင်တူ၏။
ရေသူမပုံအပြင် ဤသားရေချပ်သည် တစ်ဖက်တွင် ၅၀စင်တီမီတာခန့်ကျယ်၀န်းကာ အဆောက်ဦးများ၊ ရှုခင်းများကိုလည်း ရေးဆွဲထား၏။ တစ်ချို့ရှေးကျသည့် စာများသည်လည်းတစ်စုံတစ်ရာကို ထောက်ပြနေ၏။ ဤသည်မှာ ရှေးမြို့တော်ဟောင်းတစ်ခု၏ မြေပုံတစ်ပုံဖြစ်ပုံရသည်။ အေဘရာ ဤမြေပုံကို မည်ကဲ့သို့ရရှိခဲ့တာလဲ။
ဖှေးသည် ထိုမေးခွန်းကို ခေါင်းထဲတွင်တွေးနေရင်းဖြင့် အေဘရာကို ကြည့်လိုက်မိသည်။
"ကျွန်တော်ဒီမြေပုံကို ဂျက်အင်ပါယာ နယ်နိမိတ်ထဲမှာရှိတဲ့ ကန္တာရဓားပြစခန်းတစ်ခုကနေရခဲ့တာ။ သူတို့က ကျွန်တော့အဖွဲ့က ကုန်ပစ္စည်းတော်တော်များများကို လုယူခဲ့တယ်လေ။ အဲ့တာကြောင့် ဆိုရိုကုန်သွယ်ရေးအဖွဲ့ကနေလွှတ်လိုက်တဲ့ အဆင့်မြင့်သိုင်းဆရာတွေရဲ့ အကူညီနဲ့ ကျွန်တော်သူတို့ကိုရှင်းပစ်ခဲ့တာ။ သူတို့စီကနေ ရတနာပစ္စည်းတော်တော်များများရရှိခဲ့ပါတယ်။ ဒီမြေပုံကတော့ အဲ့တာတွေထဲကတစ်ခုပေါ့။ ကျွန်တော် ကျွမ်းကျင်သူတွေတော်တော်များများကို ငှားရမ်းပြီးတော့ ဒီမြေပုံကိုလေ့လာကြည့်ခိုင်းခဲ့သေးတယ်။ ဒါပေမယ့် ဘာမှ မထူးခဲ့ပါဘူး။ အဲ့တာ ဘယ်နေရာလဲဆိုတာကို ဘယ်သူမမသိကြဘူး။ နောက်ပြီးအဲ့ရှေးစာတွေကိုလည်း ဖတ်နိုင်တဲ့လူတစ်ယောက်မှရှာမတွေ့ခဲ့ဘူး။" အေဘရာသည် ဖှေးအား ရိုးရိုးသားသားပင်ပြန်ဖြေလိုက်သည်။ "ဒါပေမယ့် ခရီးသွားကဗျာဆရာတစ်ချို့ကတော့ ဒီမြေပုံက ဒဏာရီလာရှေးဟောင်းမြေတစ်ခုခုနဲ့ ဆက်စပ်နေနိုင်တယ်လို့ သုံးသပ်ခဲ့တယ်။ ကျွန်တော် ဒီမြေပုံကိုပိုင်ဆိုင်ထားတာ လေးနှစ်ယောက်ရှိပြီ။ ဒါပေမယ့် ဘာမှ ထူးမလာခဲ့ဘူးဆိုတော့ အရှင်မင်းကြီးအတွက်များအသုံး၀င်လာနိုင်မလားမျှော်လင့်လို့ ပေးလိုက်တာပါ..."
မန်နေဂျာသည် လိမ်နေသည်မဟုတ်ပေ။
ဤမြေပုံသည် သာမန်မြေပုံတစ်ခုမဟုတ်ပေ။ တုံးအနေသည့်လူမဟုတ်သည့်လူတိုင်းသည် ဤမြေပုံသာမန်မဟုတ်သည်ကို ပြောနိုင်၏။ သို့သော် အေဘရာသည် ဤမြေပုံအား လေးနှစ်ကြာသည့်တိုင်အောင် နားလည်နိုင်ခြင်းမရှိသည့်အတွက် သူ့အတွက် အသုံးမ၀င်သည့် ပစ္စည်းတစ်ခုဖြစ်သည်ဟု ပြောနိုင်၏။ ထို့ကြောင့် လေလံပွဲများတွင်လည်း စျေးနှုန်းမြင့်မြင့်မားမားပေးနိုင်သည့်လူမရှိပေ။ သူသည်လည်း စျေးပေါပေါဖြင့် ရောင်ချလိုခြင်းမရှိပေ။ ထို့ကြောင့် သူသည် ဖှေးကိုသာလက်ဆောင်အနေဖြင့် ဆက်သရန်ဆုံးဖြတ်လိုက်ခြင်းပင်။
သို့သော် ဤမြေပုံသည် ဖှေးအတွက်လည်း သိပ်အသုံးမ၀င်လာနိုင်သည်ကို သိသောကြောင့် သူသည် ဖှေးအား အသုံးမ၀င်သည့်အရာတစ်ခုပေးသည်ဟူသည့်သဘောကိုလည်း မသက်ရောက်စေလိုပေ။ ထို့ကြောင့် ကျန်ရှိနေသည့် ပစ္စည်းများ၏ အောက်ဆုံးတွင်သာ ထည့်ပေးလိုက်ခြင်းပင်။
"လုပ်ထားတဲ့ပစ္စည်းကတော့ အတော်လေးကောင်းတယ်။ ဒါပေမယ့် မန်နေဂျာရိုမန်တောင် နားမလည်နိုင်ဘူးဆိုတော့ ကျွန်တော်လည်း နားမလည်နိုင်လောက်ဘူးထင်တယ်။" ဖှေးသည် ထိုကဲ့သို့ပြောရင်းဖြင့် မြေပုံအား သံသေတ္တာထဲသို့ပြန်ထည့်လိုက်သည်။ ထို့နောက်တွင် ရယ်မောကာ ဆက်ပြောလိုက်သည်။ "လက်ဆောင်တွေအတွက် အများကြီးကျေးဇူးတင်ပါတယ်ဗျာ..."
ဖှေး သူ၏လက်ကို ၀ှေ့ရမ်းလိုက်ရာ ဤသံမဏိသေတ္တာသည် သူ၏ထားသိုရာ မှော်လက်စွပ်အတွင်းသို့ရောက်ရှိသွားတော့၏?။
စိတ်ပျက်သွားသည့်ခံစားချက်တစ်ခုသည် အေဘရာ၏မျက်နှာပေါ်တွင်ပေါ်လာ၏။ "ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင်လည်း ဒီမြေပုံကိုနားမလည်နိုင်ဘူးဆိုတော့ အသုံးမ၀င်ဘူးထင်ပါတယ်..."
သို့သော် သူမသိသည်မှာ ဖှေးသည် အမြင့်ဆုံးအထိ ထိတ်လန့်အံ့သြနေကြောင်းကိုပင်။
မည်သူမှ မဖတ်နိုင်ဟု အေဘရာပြောသည့် ရှေးကျသည့်စာသားများသည် ဖှေးနှင့်အလွန်ရင်းနှီးနေသည်။ ထိုဘာသာစကားများသည် ဒိုင်ယာဘလိုကမ္ဘာအတွင်းမှလူများအသုံးပြုသည့် ဘာသာစကားများဖြစ်သည့်အတွက်ပင်။ အာကာရာထံမှ သင်ယူခဲ့ရသည့် ဆေးပုလင်းဖော်စပ်နည်းအတတ်ပညာနှင့် ကိန်းထံမှသင်ယူခဲ့ရသည့် မှော်ပညာဆိုင်တာတို့အပြင် ဖှေးသည် ဤကဲ့သို့ဘာသာစကားဖြင့်ရေးထိုးထားသည့်စာများကို ဒိုင်ယာဘလိုကမ္ဘာနေရာအနှံ့ပြားတွင် ဖတ်ရှုဖူးခဲ့ပြီးဖြစ်သည်။
အမှန်ပင် သူသည် ဤမြေပုံတွင်ရေးထိုးထားသည့် စာသားများ၏ အဓိပ္ပါယ်ကိုလည်း နားလည်၏။ ဤမြေပုံ၏ နာမည်မှာ [ပင်လယ်နတ်ဘုရား၏ နန်းတော်]ပင်။
ဤမြေပုံထဲတွင် အသေးစိတ်အချက်လက်များပါ၀င်နေ၏။ တည်ဆောက်ပုံများ၊ ခုခံရေးယန္တရားများကိုလည်းဖော်ပြထားသည်။ ဆက်စက်တွေးခေါ်ကြည့်ပါက ဤပင်လယ်နတ်ဘုရား၏နန်းတော်ဆိုသည်မှာ ဖှေးမြေအောက်ပင်လယ်၏ အောက်ခြေတွင်မြင်ခဲ့ရသည့် နန်းတော်ဆောင်များ၊ အဆောက်ဦးများဖြစ်နေနိုင်၏။
"အလံနှစ်စုံမြို့တော်ရဲ့အောက်မှာ နတ်ဘုရားတွေ နတ်ဆိုးတွေခေတ်က ရှေးဟောင်းမြေနေရာတစ်ခုရှိနေတာလား..." ဖှေးအလွန်ပင် စိတ်လှုပ်ရှားသွားသည်။
အေဘရာသည် မရည်ရွယ်မိပဲ သူ့အား အံ့သြစရာတစ်ခုယူဆောင်လာပေးခဲ့လိုက်ခြင်းပင်။ ဒဏာရီလာ ရှေးဟောင်းမြေများ၏ တန်ဖိုးကိုလူတိုင်းသိရှိ၏။ လယ်ဗယ်၈နှင့် လယ်ဗယ်၉အင်ပါယာကြီးများအားလုံးသည် ဒဏာရီလာမြေများကို ရှာဖွေတွေ့ရှိခဲ့သည့် အင်ပါယာအရှင်သခင်များမှ တည်ထောင်ထားခဲ့ခြင်းပင်။ ဤတိုက်ပေါ်မှ သိုင်းကျင့်စဥ်များကပင် ဒဏာရီလာရှေးဟောင်းမြေများမှ ဆင်းသက်လာခဲ့သည်ဟုဆိုနိုင်၏။
မြေပုံမှတဆင့် ဤ ပင်လယ်နတ်ဘုရား၏ နန်းတော်သည် လယ်ဗယ်၆ ဒဏာရီလာရှေးဟောင်းမြေတစ်ခုဖြစ်နိုင်သည်ဟု ဖှေးယူဆမိ၏။
ဤမြေပုံကိုပိုင်ဆိုင်ထားသဖြင့် ဖှေးလအဆင့်စစ်သည်တစ်ယောက်ဖြစ်လာသည့်အချိန်တွင် မြေအောက်ပင်လယ်အား လုံလုံခြုံခြုံဖြင့်လေ့လာနိုင်သွားပြီဖြစ်သည်။ သူသည် အန္တရာယ်ရှိသည့် ထောင်ခြောက်များကို ရှောင်ရှားသွားနိုင်ပြီး ဤဒဏာရီလာမြေအား သူ၏ အိမ်နောက်ဖှေးဥယျာဥ်ကဲ့သို့ပင် လေ့လာနိုင်ပြီဖြစ်သည်။
ဖှေးသူ၏ စိတ်လှုပ်ရှားမှုကို ထိန်းနေသည့်အချိန်တွင် အေဘရာသည် ခြောက်ခုမြောက်သေတ္တာကိုဖွင့်လိုက်၏။