အခန်း (၅၂၀)
Vol. 33 Ch. 520
နေထွက်ချိန်ဖြစ်သဖြင့် အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေ၏။
"၀ှစ်..."
မြှားတစ်ချောင်းသည် လေထုအားခွင်းလာပြီးမြေပြင်ပေါ်တွင် ထိုးစိုက်သွား၏။ မြှားကိုယ်မှာလည်း လျှင်မြန်စွာပင် တုန်ခါနေလျှက်ရှိသည်။
"ဘယ်သူလဲ နေရာမှာတင်ရပ်လိုက်စမ်း..."
မြင်းစစ်သည်များစွာကို မြင်လိုက်ရပြီး မြင်းခွာသံများကို ကြားလိုက်အပြီးတွင် စခန်းအားကင်းစောင့်ရန်အတွက် တာ၀န်ကျနေသည့် တိုးရိစ်သည် မြှားတစ်ချောင်းကို ပစ်လွှတ်လိုက်ပြီး အမည်မသိတပ်ဖွဲ့အား သတိပေးရန်အတွက် အော်ဟစ်လိုက်သည်။ သူ၏လေးပေါ်တွင် နောက်ထပ်မြှားသုံးချောင်းကို တင်ထားပြီးဖြစ်ပြီး တစ်စုံတစ်ခုကြုံတွေ့လာပါက ပစ်လွှတ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကျန်ရှိနေသည့် ၀ံပုလွေတပ်ဖွဲ့များသည် အလံနှစ်စုံမြို့တော်နှင့် ကီလိုမီတာ၃၀ခန့်ကွာ၀ေးသည့်နေရာတွင် စခန်းချနေလျှက်ရှိ၏။ သူတို့စခန်းချနေသည့်အချိန်မှာပင် ဂျက်အင်ပါယာမှ ကင်းထောက်များကို မြင်တွေ့နေရပြီဖြစ်သည်။ စစ်ဖြစ်နေသည်ဖြစ်သောကြောင့် ရန်သူများသည် အချိန်မရွေးစီးနင်း၀င်ရောက်ကာ တိုက်ခိုက်လာနိုင်၏။
နေထွက်ခါနီးအချိန်တွင် ဗျူဟာမှုးအာရန်းသည် တပ်ဖွဲ့ခေါင်းဆောင်ထံမှ အမိန့်ရသောကြောင့် အစာရိက္ခာများနှင့် မြင်းစစ်သည်၅၀၀၀တို့နှင့်အတူထွက်ခွာသွားခဲ့သည်။ လက်ရှိတွင် ချမ်းဘော့ဒ်တိုင်းပြည်၏ ယခင်နံပါတ်၁သိုင်းဆရာလမ်းပါ့ဒ်သည် စခန်းအား ကြီးကြပ်ရန်အတွက် တာ၀န်ယူထားပြီး ၀ံပုလွေစွယ်တပ်ဖွဲ့၀င်စစ်သည်များအားလုံးသည်လည်း ရန်သူများ၀င်ရောက်လာပါက အချိန်မရွေးပြန်လည်ကာ တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
တိုးရိစ် မြင်းစစ်သည်များ၏ ဆူညံသံများကို ကြားလိုက်ရပြီး ပြန်လည်ဖြေကြားသည်ကို မတွေ့ရသဖြင့် သူ၏စိတ်သည်လည်း ချက်ချင်းပင် တင်းမာလာတော့၏?
"မင်းတို့ဘယ်သူတွေဆိုတာကို မပြောဘူးဆိုရင် ငါတို့ပစ်ရလိမ့်မယ်..." တိုးရိစ်သည် သူ၏အနောက်တွင်ရှိသည့်ကင်းထောက်တစ်ယောက်အား လမ်းပါ့ဒ်ထံသို့အခြေအနေသွားရောက်သတင်းပို့ရန်ညွှန်ကြားရင်းဖြင့် ဆက်လက်ကာ သတိပေးလိုက်သည်။
သို့သော် ပြန်လည်ဖြေကြားသံကို မကြားရသေးပေ။
တိုးရိစ်၏ မျက်လုံးများထဲတွင် အေးစက်သည့်အရိပ်ယောင်တစ်ချို့ထွက်ပေါ်လာပြီး လေးပေါ်မှ မြှားသုံးချောင်းကို ပစ်လွှတ်လိုက်၏။
"၀ှစ် ၀ှစ် ၀ှစ်..."
ကြီးမားသည့်မြှားသုံးချောင်းသည် လေပေါ်တွင် ပုံရိပ်ယောင်သုံးခုကို ချန်ထားခဲ့ပြီးလျှင်မြန်စွာပင် ရှေ့ဆုံးမှ ချီတပ်လာနေသည့် လူထံသို့ပျံသန်းသွားတော့၏။
ဤအခိုက်တန့်တွင် ကြီးမားသည့်စွမ်းအင်တစ်ခုထွက်ပေါ်လာပြီးမြှားများကို ဖုန်မှုန့်များဖြစ်အောင်ခြေမွပစ်လိုက်၏။
"ဟားဟား ဖာနမ်ဒို မင်းရဲ့လေးအစွမ်းကပိုပြီးတော့တောင် ကောင်းလာပြီပဲ..." ရယ်မောသံတစ်ခုထွက်ပေါ်လာ၏။
ထိုအသံကို သူရင်းရင်းနှီးနှီးမှတ်မိနေသည့်အတွက်ပင်။ သူသည် တစ်စက္ကန့်ခန့်ကျက်သေသေသွားပြီးသည့်အချိန်တွင် သူပျော်ရွှင်သွား၏။ သူသည်အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏လက်များပင် တုန်ခါလာတော့သည်။ သူသည်တစ်ဖက်သို့လှည့်လိုက်ပြီးသူ၏အနောက်တွင်ရှိသည့် ကင်းထောက်တစ်ယောက်အား အော်ပြောလိုက်၏။ "အရှင်မင်းကြီးပဲ။ ဘုရင်အလတ်ဇန္ဒားပြန်ရောက်လာပြီ။ မစ်စတာလမ်းပါ့ဒ်ကို အရှင်မင်းကြီးပြန်ရောက်လာပြီလို့ အမြန်သွားသတင်းပို့လိုက်တော့..."
တစ်ချိန်တည်းမှာပင် ခေါင်းနှစ်လုံးခွေး၊ ပုဆိန်နှင့် ဓားတစ်လက်ပုံပါသည့် အလံတစ်ခုသည် လေထဲတွင် လွှင့်ပျံလာတော့၏။
ဤသည်မှာ ချမ်းဘော့ဒ်အလံပင်။
တပ်ဖွဲ့အားဦးဆောင်လာသည့်လူမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ခန့်ညားသည့်ဘုရင်ပင်။
"အရှင်မင်းကြီး..."
တိုးရိစ်သည် မီးမှုတ်သားရဲပေါ်မှ ခုန်ဆင်းလိုက်ပြီး ဘေးပတ်ပတ်လည်တွင်ရှိသည့် ကင်းထောက်များနှင့်အတူ မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လိုက်သည်။
"ဟားဟား ရှုပ်ထွေးတဲ့ အလေးပြုခြင်းတွေလုပ်မနေကြပါနဲ့တော့။ အချိန်သိပ်မရှိဘူး။ စခန်းအလည်မှာရှိတဲ့ တဲထဲကိုလိုက်ခဲ့ကြ..." ဖှေးရယ်မောလိုက်သည်၊
ဘုရင်သည်လည်း သူ၏ကိုယ်ရံတော်ကို တွေ့လိုက်ရသည့်အတွက် ပျော်ရွှင်နေ၏။ တိုးရိစ်၏ စွမ်းအားများသည် များစွာပင်တိုးတက်လာနေပြီး ကြယ်ငါးလုံးအလယ်လတ်အဆင့်သို့ရောက်တော့မည်ကို ပြောနိုင်သောကြောင့်ပင်။ အကယ်၍ ဖှေးနေရာတွင် အားနည်းသည့် သိုင်းဆရာတစ်ယောက်ဆိုပါက မြှားသုံးချောင်းကို ဤမျှလွယ်လွယ်ကူကူတားဆီးနိုင်လိမ့်မည်မဟုတ်ပေ။
"ဟုတ်ကဲ့ပါအရှင်မင်းကြီး..." သူတို့၏ အားကိုရာထောက်တိုင်ကိုပြန်လည်မြင်တွေ့လိုက်ရသည့်အတွက် တိုးရိစ်နှင့် ကင်းထောက်များသည် မီးမှုတ်သားရဲများပေါ်သို့ ခုန်တက်လိုက်ကြပြီး ၀ံပုလွေစွယ်တပ်ဖွဲ့စခန်းထံသို့ ပျော်ရွှင်စွာဖြင့် ပြန်လာခဲ့ကြတော့၏။
"ဘူ...."
ကျယ်လောင်သည့် ကျွဲချိုသံများသည် စခန်းတစ်ခုလုံးတွင် ဟိန်းရံသွား၏။
စခန်းဂိတ်တံခါးများကို ဖွင့်လိုက်ပြီး အဆင့်အမျိုးမျိုးရှိသည့်အရာရှိများသည် သူတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့်အမူယာများဖြင့် လမ်းလျှောက်ထွက်လာခဲ့ကြ၏။ ခေါင်းဆောင်လာသည့်လူမှာ အနီရောင်ဆံပင်များနှင့် အမဲရောင်ဓားကြီးတစ်လက်ကို လွယ်ထားသည့် လူတစ်ယောက်ပင်။
"ဦးလေး လမ်းပါ့ဒ်..." ဖှေးသူ၏မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး လမ်းပါ့ဒ်အား သူ၏လေးစားမှုကို ပြသလိုက်သည်။
"အရှင်မင်းကြီးနဲ့ မစ်စတာအာရန်းတို့ နှစ်ယောက်လုံးပြန်ရောက်လာကြတာလား။ ကောင်းတာပေါ့ ကျွန်တော်က ဘယ်လို တိုက်ခိုက်ရမလဲဆိုတာကိုပဲသိတာ။ တပ်ဖွဲ့ကို သိပ်ပြီးကျွမ်းကျွမ်းကျင်ကျင်မဦးဆောင်တတ်ဘူး။" လမ်းပါ့ဒ်ပြန်ဖြေလိုက်သည်။ သူသည်ပုံမှန်အားဖြင့် စိတ်ခံစားချက်ကင်းမဲ့ကာ တည်တည်ငြိမ်ငြိမ်ဖြင့် နေတတ်ကသည့်လူတစ်ယောက်ဖြစ်သော်လည်း လက်ရှိအခိုက်တန့်တွင် ပျော်ရွှင်တက်ကြွနေသည့်ပုံပင်။
"အရှင်မင်းကြီး..."
"အရှင်မင်းကြီး ကျွန်တော်မျိုးအိုလတ်ဂ်လဲအရှင့်ကို အတော်သတိရနေတာ..."
ချမ်းဘော့ဒ်တိုင်းပြည်မှခေါင်းဆောင်များ၊ စစ်သည်များအားလုံးသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လိုက်ကြသည်။ ဥပဒေပြုအရာရှိများ၊ သူတော်စင်တပ်ဖွဲ့၀င်များနှင့် အိုလတ်ဂ်နှင့် ရော်ဘင်ကဲ့သို့သော် ချမ်းဘော့ဒ်တိုင်းပြည်မှခေါင်းဆောင်များသည် စိတ်ခံစားချက်ပြင်းထန်နေကြ၏။ အထူးသဖြင့် အိုလတ်ဂ်ပင်။ သူသည် ဖှေး၏ ခြေထောက်များကိုပင် ပြေးဖက်တော့မည့်အတိုင်းပင်။
ဖှေးလည်း ဤကဲ့သို့သော တုန့်ပြန်မှုကြောင့် ၀မ်းသာပိတိဖြစ်မိသွား၏။
သူ၏လူများဖော်ပြနေကြသည့် စိတ်ခံစားချက်များသည် ဟန်ဆောင်နေကြခြင်းမဟုတ်ပေ။ ဘုရင်အာရုံခံနိုင်၏။ အိုလတ်ဂ်၏ အပြုမူသည် အနည်းငယ်အိုဗာဖြစ်နေသည်ဟု ထင်ရသော်လည်း သူ၏ခံစားချက်များသည်လည်း စစ်မှန်နေ၏။
သူအိုလတ်ဂ်၏ ဖင်ကို ကန်လိုက်ပြီးသည့်နောက်တွင် ရယ်မောလိုက်သည်။ "ငါသွားပြီးတော့ မင်းလဲပြန်ပြီးအပျင်းကြီးနေတယ်ကြားတယ်..."
"မဟုတ်ရပါဘူး အရှင်မင်းကြီး..." အိုလတ်ဂ်ရှင်းပြလိုက်၏။ သို့သော် ဖှေးထိုကဲ့သို့ပြုမူသည့်အတွက် တကယ်တန်းတွင်ပျော်ရွှင်နေလျှက်ရှိသည်။ ဘုရင်သည် သူ၏ရင်းနှီးမှုကို ပြသသည့်အပြုမူဖြစ်ကြောင်းကို သိရှိသည့်အတွက်ပင်။ အကယ်၍ဖှေးသာ တစ်ရက်ခန့် သူ၏ဖင်ကို မကန်တော့ပါက သူစိုးရိမ်မိလာမည်ပင်ဖြစ်၏။
ဤမြင်ကွင်းကို မြင်သည့်အချိန်တွင် လူတိုင်းရယ်မောလိုက်ကြသည်။
"နင်ပြန်ရောက်လာပြီလား အလတ်ဇန္ဒား..." ညင်သာပြီး သာယာနာပျော်ဖွယ်ရှိသည့် အသံတစ်ခုသည်လူတိုင်း၏အနောက်မှ ထွက်ပေါ်လာရာ ဖှေး၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့်လူများအားလုံးသည် ဘေးသို့ရွေ့ကာ လမ်းဖယ်ပေးလိုက်ကြသည်။ အနာဂတ်၏ ဖိဖုရားလောင်းအန်ဂျယ်လာသည် ဖှေးထံသို့လမ်းလျှောက်လာနေ၏။ သူမ၏ ကြင်လင်သည့်မျက်လုံးများထဲတွင် မျက်ရည်များစို့နင့်နေ၏။
"အန်ဂျယ်လာ..." ဖှေးလမ်းလျှောက်သွားကာ သူမအား ပွေ့ဖက်လိုက်သည်။ သူမ၏နဖူးအား နမ်းလိုက်ပြီးသည့်နောက်တွင် ညင်သာစွာပြောလိုက်၏။ "ငါပြန်ရောက်ပါပြီ...နင့်ကို လွှမ်းနေတာ..."
အန်ဂျယ်လာသည် ဘာမှပြန်မပြေသော်လည်း သူမ၏ သွယ်လျသည့်လက်များဖြင့် ဖှေးကိုတင်းကြပ်စွာဖက်ထားလိုက်၏။
"ဟမ် အဲ့လူပြန်လာပြီလား..သေပါပြီ..."
အခြေအနေနှင့်မကိုက်ညီသည့် အသံတစ်ခုထွက်ပေါ်လာပြီး နွေးထွေးကွာကြည်နှူးဖွယ်မြင်ကွင်းကို ဖျက်ဆီးပစ်လိုက်သည်။
ဖှေးမျက်မှောင်ကြုံ့ကာ အသံလာရာအရပ်သို့ ကြည့်လိုက်သည့်အချိန်တွင် မင်းသမီး ဗစ်တိုးရီးယားမှ လွဲ၍ တစ်ခြားလူမဖြစ်နိုင်ချေ။ သူမသည် တဲအတွင်းမှ အမြန်ပြေးထွက်ခဲ့သဖြင့် အ၀တ်စားလဲချိန်မရလိုက်သည်မှာထင်ရှားလှသည်။ သူမသည် သားနားသည့် ၀တ်စုံတစ်ခုကို ၀တ်ဆင်ထား၏။ သူမသည် အမှန်တကယ်ပင် မင်းသမီးတစ်ပါးနှင့်တူ၏။ သူမ၏ အသားရေသည် ချောမွေ့ကာ တောက်ပနေပြီး သူမသည် အလွန်လှပ၏။
ဤကောင်မလေးသည် ဖှေးမရှိတော့သည့်အချိန်တွင် တပ်ဖွဲ့ထဲတွင် သက်တောင့်သက်သာ နေနေခဲ့ပုံပင်။
ဖှေးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ဤကောင်မလေးသည် အော်ဟစ်ကာ ထွက်ပြေးသွားတော့၏။ သူမထွက်ပြေးနေရင်းဖြင့် ရှင်းပြလိုက်သည်။ "ကျွန်မဒီလိုတွေ မ၀တ်ချင်ပါဘူး..."
ဤအရာကို မြင်သည့်အချိန်တွင် လူတိုင်းထပ်မံ၍ ရယ်မောလိုက်ကြသည်။
"ဟမ် နင်ဒီနေ့တိတ်ဆိတ်နေပါလား..." အန်ဂျယ်လာ၏ဘေးတွင် တိတ်ဆိတ်စွာရပ်နေသည့် အန်မာကို မြင်တွေ့လိုက်ရသဖြင့် ဖှေးမေးလိုက်၏။ သူမသည် ယနေ့တွင် ပုံမှန်နှင့်မတူပဲဖြစ်နေ၏။ ဖှေးလည်း သူမ ဤကဲ့သို့ဖြစ်နေခြင်းနှင့်အသားမကျသေးပေ။ သူမ၏ပါးများကို ဆွဲလိမ်အပြီးတွင် သူမအား ချီကာ ပခုံးပေါ်သို့ တင်လိုက်သည်။ ထို့နောက်တွင် လူတိုင်းအား ပြောလိုက်၏။ "အချိန်သိပ်မရှိဘူး။ အဲ့တာကြောင့်နောက်မှ သေချာရှင်းပြမယ်။ မင်းတို့တွေ ကိုယ့်နေရာကိုယ်ပြန်ပြီးတော့ ဗျူဟာမှူးအာရန်းရဲ့ အမိန့်တွေကို နားထောင်ကြ..."
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး...."
"ခေါင်းဆောင်များနှင့် စစ်သည်များအားလုံးပြန်ဖြေလိုက်ကြ၏။