← Chapters

အခန်း (၅၂၃)

Vol. 33 Ch. 523

အခန်း (၅၂၃)

Vol. 33 Ch. 523

"လှံစစ်သည်တွေ စပြီးပစ်တော့..."

ကြယ်အဆင့်စစ်သည်တစ်ယောက်မှ အမိန့်ပေးလိုက်သည်။ သူသည် ဤဖွဲ့စည်းပုံ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူသည် အညိုရောင်ချပ်၀တ်တစ်စုံကို၀တ်ဆင်ကာ ဒိုင်းကာစစ်သည်များ၏အနောက်ဘက် မီတာ၂၀ခန့်အကွာတွင်ရပ်နေလျှက်ရှိသည်။ သူသည် ဇီးနစ်မြင်းစစ်သည်များနှင့် သူတို့၏တပ်ဖွဲ့တို့အကြားတွင်ရှိသည့် အကွာ၀ေးကို တွက်ဆကာ အတွင်းအားစွမ်းအင်များကို အသုံးပြုပြီး လှရှည်တစ်ချောင်းကို ပစ်လွှတ်လိုက်သည်။ လှံရှည်စစ်သည်များသည်လည်း ထိုနည်းအတိုင်းပင် ပြုမူလိုက်ကြ၏။

"၀ှစ် ၀ှစ်..."

လှံရှည်ထောင်ပေါင်းများစွာသည် မြင်းစစ်သည်များထံသို့ပျံသန်းသွားတော့၏။ ဤသည်မှာ တိုက်ပွဲတစ်ခုတွင် နောက်ဆုံးအ၀ေးမှတိုက်ခိုက်ခြင်းပင်။

တစ်ဖက်တွင် ဦးဆောင်ကာ ချီတပ်လာနေသည့်ခေါင်းဆောင်သည် ပြင်းထန်သည့် သတ်ဖြတ်လိုသည့် ဆန္ဒများကို အာရုံခံလိုက်မိသည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် သူ၏ ကြီးမားသည့်အမဲရောင်ဓားကြီးကို ဆွဲထုတ်လိုက်၏။

"ဖုန်း ဖုန်း ဖုန်း..."

ကျယ်လောင်သည့် ပေါက်ကွဲသံများစွာထွက်ပေါ်လာပြီး သူ့ထံသို့ပျံသန်းလာနေသည့် လှံရှည်များသည် ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားတော့၏။

သံမဏိဖုန်မှုန့်များထဲမှ လျှပ်စီးတန်းများထွက်ပေါ်လာပြီး ၁၀မီတာအကွာတွင်ရှိနေသည့် သံမဏိဒိုင်းများကို ပစ်ခတ်လိုက်၏။ ချော်ရည်ပူများကိုနှင်းပေါ်သို့ လောင်းချလိုက်သည့်အတိုငး်ပင် ချက်ချင်းပင် သံမဏိဒိုင်းကာများစွာကို ဖြတ်ကျော်ကာ ဂျက်အင်ပါယတပ်ဖွဲ့ခေါင်းဆောင်ထံသို့ ပျံသန်းသွားတော့၏။

ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွား၏။ ထိုဇီးနစ်မြင်းတပ်ဖွဲ့ခေါင်းဆောင်မှာ လျှပ်စီးဂုဏ်သတ္တိအတွင်းအားဂုဏ်သတ္တိအသုံးပြုသည့် သိုင်းဆရာတစ်ယောက်ဖြစ်သည်ကို သိရှိပြီး အန္တရာယ်သည် ချည်းကပ်လာနေလျှက်ရှိသည်ကို အာရုံခံလိုက်မိသည်။

ထိုစက္ကန့်၀က်မျှအချိန်အတွင်းတွင် သူ၏ဓားကိုမြှောက်လိုက်ပြီး ထိုတိုက်ခိုက်မှုကို ကာရံလိုက်ရုံသာ တတ်နိုင်လိုက်၏။

နောက်အခိုက်တန့်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ ခုခံ၍မရနိုင်သည့်အတွင်းအားစွမ်းအင်များစီး၀င်နေလျှက်ရှိသည်ကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်သည်လည်းအနောက်သို့လွှင့်ပျံသွားတော့၏။ သူ၏ခန္ဓာကိုယ်သည် ထုံကျင်သွားပြီး ဘေးပတ်ပတ်လည်တွင်ရှိနေသည့် စစ်သည်များ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

ထို့နောက်တွင် သူသတိလစ်မေ့မျောသွားတော့၏။

"ဖုန်း..."

သေခြင်းတရားရောက်ရှိလာ၏။ သွေးများသည်ကောင်းကင်သို့ ပန်းထွက်ကုန်တော့သည်။

ဤအခိုက်တန့်တွင် ရေလှိုင်းကဲ့သို့သောမြင်းစစ်သည်များသည် သစ်တောကဲ့သို့သော လှံဒိုင်းကာ စစ်သည်များနှင့် ၀င်တိုက်လိုက်ကြပြီး နာကျင်စွာအော်ဟစ်သံများနှင့် ကြုံး၀ါးသံများထွက်ပေါ်လာတော့၏။ ခြေပြတ်လက်ပြတ်များသည် ကောင်းကင်ပေါ်သို့ လွှင့်ပျံကုန်ကြသည်။ သွေးများသည် နေရာအနှံ့သို့ ပန်းထွက်ကုန်၏။ နှစ်ဖက်လုံးမှ စစ်သည်များ၏ ဦးဆောင်းများ၊ ချပ်၀တ်များနှင့် လက်နက်များတို့တွင် သွေးများစွန်းထင်းကုန်တော့၏။

ဤသည်မှာ စစ်ပွဲတစ်ခုပင်။

ဂျက်အင်ပါယာမှ စစ်သည်တစ်ယောက်သည်ကြုံး၀ါးကာ ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်တစ်ယောက်ကို ခုတ်ပိုင်းပစ်လိုက်သည်။ သို့သော် သူ၏ ဦးခေါင်းကို တစ်ခြားမြင်းစစ်သည်တစ်ယောက်၏ လှံဖြင့် ထိုးစိုက်ခြင်းကိုခံလိုက်ရ၏။ လှံရသည် သူ၏ပါးစပ်အတွင်းမှ ဖြတ်သန်းကာ မြေပြင်ပေါ်သို့ စိုက်၀င်သွား၏။ သူသည် ရုန်းကန်ကာ ဆက်လက်တိုက်ခိုက်နိုင်ရန်အတွက် ကြိုးစားနေသော်လည်း သူ၏ခန္ဓာကိုယ်ထဲမှ အသက်၀ိဉာဥ်သည် စတင်၍ ထွက်ခွာနေပြီဖြစ်သည်။

သူ၏ဘေးတွင် ဂျက်အင်ပါယာမှ စစ်သည်တစ်ယောက်သည် ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သူ၏မျက်လုံးတစ်ဖက်သည် အနီရောင်သန်းလျှက်ရှိနေသည့် ကောင်းကင်ကြီးကို ငေးကြည့်နေလျှက်ရှိ၏။ တစ်ချိန်တည်းမှာပင် မြင်းစစ်သည်များသည် မြင်းများပေါ်မှ ဆွဲချကာ ရန်သူများ၏ သတ်ဖြတ်ခြင်းကို ခံနေရ၏။

......

သိပ်မ၀ေးသည့် တောင်ကုန်းတစ်ခုပေါ်တွင်ဖြစ်သည်။

ခေါင်းဆောင်၏အလံမှ လေထဲတွင် လွှင့်ပျံနေလျှက်ရှိနေပြီး ကြည့်ရသည်မှာ ကြီးကျယ်ခမ်းနားလှသည်။

အလံအောက်တွင်ရပ်နေသည့်လူသည် သားနားသည့်ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားပြီးအနီရင့်ရောင် ၀တ်ရုံသည်လည်း လေထဲတွင် လွှင့်ပျံနေလျှက်ရှိ၏။ ထိုလူသည် မင်းသားဖာရင်တန်မှ လွဲ၍ တစ်ခြားလူမဖြစ်နိုင်ချေ။ ဤအခိုက်တန့်တွင် သူသည် တိုက်ပွဲကို ဂရုတစိုက်လေ့လာကြည့်ရှုနေ၏။

သူ၏ဘေးတွင် ချပ်၀တ်များ၀တ်ဆင်ထားခြင်းမရှိပဲ သာမန်၀တ်ရုံများကိုသာ၀တ်ဆင်ထားသည့် အသတ်လတ်ပိုင်းအရွယ်လူနှစ်ယောက်လဲရှိနေ၏။ သူတို့၏ ရုပ်သွင်ပြင်များမှအရ သူတို့သည် စစ်သည်များမဟုတ်ကြသည်ကို တပ်အပ်ပြောနိုင်၏။ သူတို့၏ဘေးပတ်ပတ်လည်တွင် စွမ်းအားမြင့်အရှိန်၀ါများရှိနေကြပြီး သူတို့သည် ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် မင်းသားဖာရင်တန်ထက်ပင် ပို၍ အစွမ်းထက်သည့်ပုံပင်။

ထိုလူနှစ်ယောက်သည် မင်းသားဖာရင်တန်၏ ဘေးတွင် ဘေးချင်းယှဥ်ကာ ရပ်လျှက်ရှိနေကြသဖြင့် သူတို့မည်မျှပင်အစွမ်းထက်ကာ အရေးပါသည့်လူနှစ်ယောက်ဖြစ်သည်ကို ဖော်ပြနေ၏။

"ဇီးနစ်ဘက်မှာ ချမ်းဘော့ဒ်ဘုရင်ကလွဲပြီးတော့ နောက်ထပ်ဒီလို စွမ်းအားမြင့်တဲ့စစ်သည်တစ်ယောက်ရှိနေတာလား။ အတော်ကြောက်စရာကောင်းတဲ့ လျှပ်စီးအတွင်းအားပဲ။ အဲ့တာက ကြယ်ရှစ်လုံးအဆင့်ကိုတောင် ရောက်ခါနီးနေပြီ..." ဇီးနစ်မြင်းတပ်ဖွဲ့ခေါင်းဆောင်သည် လှံဒိုင်းကာဖွဲ့စည်းပုံအား သူ၏အတွင်းအားဖြင့် ထိုးဖောက်လိုက်သည်ကိုမြင်တွေ့လိုက်ရသဖြင့် မင်းသာဖရင်တန်သည် ထိတ်လန့်အံ့သြသွား၏။ သူတစ်ဖက်သို့လှည့်ကာ မေးလိုက်သည်။ "ဒီအကြောင်းကို ဘာလို့စစ်ဘက်ဆိုင်ရာဌာနချုပ်က သတင်းပို့မထားတာလဲ..."

သူ၏အနောက်တွင်ရှိနေသည့် သတင်းအချက်လက်စုဆောင်းရေးအတွက် တာ၀န်ရှိသည့်အရာရှိတစ်ယောက်သည်လည်း သိရှိပုံမရပေ။ "ကျွန်တော်တို့ဒီအကြောင်းကို သိနေသင့်တယ်။ ကျွန်တော်တို့မှာ ၀ံပုလွေစွယ်တပ်ဖွဲ့တိုင်းမှာရှိတဲ့ သိုင်းဆရာတွေနဲ့ပတ်သက်ပြီး အချက်လက်တွေရှိနေတာပဲကို။ ဒီကြယ်ရှစ်လုံးအဆင့်စစ်သည်က ဘယ်ကနေရောက်လာရတာလဲ။ ဟမ်..အရှင့်သား သူ့ရဲ့ရုပ်၊ သူ့ခန္ဓာကိုယ်နဲ့ သူ့ရဲ့အမဲရောင်ဓားကြီးကို ကြည့်မယ်ဆိုရင် ကျွန်တော်လူတစ်ယောက်ကို တွေးမိတယ်..."

"မင်းဆိုလိုတာက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ အရင်နံပါတ်၁စစ်သည်ဖရန့်ခ်လမ်းပါ့ဒ်လား..."

ဖာရင်တန်သည်လည်း ချမ်းဘော့ဒ်တိုင်းပြည်၏ သမိုင်းနှင့်ပတ်သက်၍ လေ့လာလျှက်ရှိသောကြောင့် ဖှေးနှင့် နီးစပ်သည့်လူများကို ကောင်းမွန်စွာသိရှိ၏။ လမ်းပါ့ဒ်သည် ယခင်က ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် စွမ်းအားအမြင့်မားဆုံးသိုင်းဆရာတစ်ယောက်ဖြစ်သောကြောင့် မင်းသားသည်သူ့အား အာရုံစိုက်လေ့လာခဲ့မိသည်။ သို့သော် မင်းသားလေ့လာခဲ့သည့်အချက်လက်များထဲတွင် ဤလူကို ယခင်က ချမ်းဘော့ဒ်တိုင်းပြည်၏ နံပါတ်၁စစ်သည်တစ်ယောက်ဟူ၍သာဖော်ပြထားပြီး စွမ်းအားအတိကျကို ဖော်ပြထားခြင်းမရှိပေ။ ထိုအချက်လက်များထဲတွင် လမ်းပါ့ဒ်အား ယခင်က ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်ဟူ၍သာ ဖော်ပြထားခဲ့သောကြောင့် လအနည်းငယ်အတွင်းတွင် ဤမျှစွမ်းအားများတိုးမြှင့်လာခဲ့ခြင်းကို မင်းသားဖာရင်တန်မယုံနိုင်ပဲဖြစ်နေ၏။

"သူပဲဖြစ်ရမယ်..." ဖာရန်တန်၏အနောက်တွင်ရှိနေသည့် ခေါင်းဆောင်သည် တွေးကြည့်ကာ ပြောလိုက်သည်။ "အဲ့လူကအတော်လေးလျို့၀ှက်ပြီး သိုသိုသိပ်သိပ်နေတတ်တဲ့လူတစ်ယောက်ပဲ။ သူက မြို့တော်စိန့်ပီတာစဘာ့တ်မှာ ကျင်းပတဲ့စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲမှာလဲ ၀င်ပြီးတော့ မယှဥ်ပြိုင်ခဲ့ဘူး။ သူတိုက်ခိုက်တာကိုလည်း ဘယ်သူမှသိပ်ပြီးမြင်ဖူးတာမရှိဘူး။ ဒါပေမယ့် လူများစွာကတော့ သူကအတော်လေးစွမ်းအားကြီးမားတယ်လို့ ယုံကြည်ထားကြတယ်။ ချမ်းဘော့ဒ်တိုင်းပြည်က သိုင်းဆရာတိုင်းက သူတို့ရဲ့ အံ့သြစရာကောင်းတဲ့စွမ်းအားတွေကို ပြသခဲ့ကြတာပဲဆိုတော့လေ..."

"အမ် မင်းပြောတာမှန်တယ်..." ဖာရင်တန်သည် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။

သူသည် ချမ်းဘော့ဒ်ဘုရင်ပတ်လည်တွင် ထူးဆန်းသည့်အရာများဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်၍ ရင်းနှီးနေပြီဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်နှင့် ပတ်သက်သည့်အရာရာတိုင်းသည် နားလည်ရခက်နေ၏။ ဖာရင်တန်သည် သူ၏ ချပ်၀တ်မှ ၀တ်ရုံကို ဖြုတ်ချလိုက်ကာပြောလိုက်၏။ "ဒီလမ်းပါ့ဒ်လို့ ခေါ်တဲ့သိုင်းဆရာက ချမ်းဘော့ဒ်ဘုရင်နဲ့အတော်ရင်းနီးတဲ့လူဆိုတော့ သူ့ကို သတ်လိုက်တာက အလတ်ဇန္ဒားရဲ့လက်တစ်ဖက်ကို ဖြတ်လိုက်သလိုနေမယ်။ အလတ်ဇန္ဒားတော့ အတော်လေးစိတ်ထိခိုက်သွားတော့မှာပဲ ဟားဟားဟား..."

"အရှင့်သား သူ့ကို အရှင့်သားကိုယ်တိုင်တိုက်ခိုက်မလို့လား..." သူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့်ခေါင်းဆောင်များအားလုံးထိတ်လန့်အံ့သြသွားကြသည်။

"ငါကလွဲပြီး သူ့ကို ယှဥ်နိုင်တဲ့လူရှိသေးလို့လား..." မင်းသားသည် သူ၏ဦးဆောင်းကို ၀တ်ဆင်ကာမေးလိုက်သည်။

ဘေးပတ်ပတ်လည်တွင်ရှိနေသည့် ခေါင်းဆောင်များသည် ထိုမေးခွန်းကို မည်ကဲ့သို့ပြန်လည်ဖြေကြားရမည်မသိဖြစ်သွား၏။

ဂျက်အင်ပါယာထဲတွင်လည်း စွမ်းအားမြင့်သိုင်းဆရာများရှိသော်လည်း လက်ရှိတွင်မည်သူမှမရှိပေ။ သူတို့သည် ကြယ်ရှစ်လုံးအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့် မင်းသားဖာရင်တန်ခေါင်းဆောင်သည့် တပ်ဖွဲ့သည် အလံနှစ်စုံမြို့အား အလွယ်တကူပင် သိမ်းပိုက်နိုင်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ချမ်းဘော့ဒ်ဘုရင်ကဲ့သို့သော စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ရောက်ရှိလာခြင်းသည် အခြေအနေကို များစွာပြောင်းလဲသွားစေ၏။ ဂျက်အင်ပါယာဘက်တွင်စစ်သည်အင်အား ပို၍များသော်လည်း စွမ်းအားမြင့်သိုင်းဆရာများလိုအပ်နေသေး၏။

ယခုအချိန်တွင် မင်းသားဖာရင်တန်သည် ရန်သူဘက်က သာမန်ခေါင်းဆောင်တစ်ယောက်အား သူကိုယ်တိုင်ပင် ရင်ဆိုင်တိုက်ခိုက်ရတော့မည်ဖြစ်သည်။ ဤသည်မှာ ဂျက်အင်ပါယာဘက်မှ ခေါင်းဆောင်များအတွက် အရှက်ရစရာတစ်ခုပင်။

All Chapters