← Chapters

အခန်း (၅၂၈)

Vol. 33 Ch. 528

အခန်း (၅၂၈)

Vol. 33 Ch. 528

လမ်းပါ့ဒ်၏ စွမ်းအားများမြင့်တတ်လာမှုမှာ ထိတ်လန့်အံ့သြဖွယ်ဖြစ်ပြီး လျို့၀ှက်ချက်များစွာဖြင့် ပြည့်နှက်နေသော်လည်း ဖှေးလမ်းပါ့ဒ်အတွက် ၀မ်းသာနေမိသည်။

ဖှေးသည် အရင်ဘုရင်၏ ညီအကိုကဲ့သို့ပင် ခင်မင်ရင်းနှီးပြီး သူ့အတွက် ဦးလေးတစ်ယောက်ကဲ့သို့ပင်ဖြစ်နေသည့် လမ်းပါ့ဒ်ဤလူကို များစွာယုံဟကြည်၏။ လမ်းပါ့ဒ်သည် စကားနည်းသည့်လူတစ်ယောက်ဖြစ်သော်လည်း ဖှေး ဤလူ၏ သူ့အပေါ်တွင် ထားရှိသည့် ဂရုစိုက်မှုများကို အာရုံခံမိ၏။

ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကဲ့သို့ လေးစားရာမှဖြစ်ပေါ်လာသည့် ဂရုစိုက်မှုမျိုးနှင့်မတူပဲ လမ်းပါ့ဒ်သည် သူ၏ ခံစားချက်များကို ထုတ်ဖော်မပြသပဲ ဖှေးအတွက်များစွာဂရုစိုက်ပေးနေသည့် လူတစ်ယောက်ကဲ့သို့ပင်။

အလတ်ဇန္ဒားသည် ဉာဏ်စဥ်မမှီသူတစ်ယောက်ဖြစ်ခဲ့စဥ်က ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိသည့် အရာရှိများနှင့် ဆွေကြီးမျိုးကြီးများအားလုံးလိုလိုသည် သူ့အား ဆန့်ကျင်ခဲ့ကြသည်။ ၀န်ကြီးချုပ်ဆိုလျှင် အာဏာသိမ်းယူရန်ကိုပင် ကြိုးစားခဲ့၏။ အကယ်၍ လမ်းပါ့ဒ်သာ ထိုစဥ်က အလတ်ဇန္ဒားကို ကာကွယ်မပေးခဲ့ပါက ဖှေးသည် ဤကမ္ဘာသို့ ပြန်လည်၀င်စားလာနိုင်ရန်အတွက် အခွင့်ရေးပင်ရှိခဲ့မည်မဟုတ်ပေ။

ထို့အပြင် လူတိုင်းတွင် လျို့၀ှက်ချက်ကိုယ်စီရှိကြသဖြင့် ဖှေးသည် သူများ၏ ဘ၀ကို၀င်ရောက်စွက်ဖက်လိုသည့် လူတစ်ယောက်မဟုတ်ပေ။ ထို့အပြင် ဤလူသည် သူ၏ ဦးလေးတစ်ယောက်ကဲ့သို့ပင်။

လက်ရှိတွင် လမ်းပါ့ဒ်သည် ကြယ်ရှစ်လုံးအလယ်လတ်အဆင့်စစ်သည်တစ်ယောက်ပင်ဖြစ်နေပြီဖြစ်သည်။ သို့သော် ကြယ်တာယာချပ်၀တ်၏ အစွမ်းနှင့် ထိုချပ်၀တ်မှ ကြယ်တာယာစွမ်းအင်များကို ဆင့်ခေါ်ပေးသောကြောင့် သူ၏ ခုခံအားတို့မှာ နောက်ထပ်လယ်ဗယ်တစ်ခုသို့ပင်ရောက်ရှိနေ၏။ ဤအချက်များအားလုံးကို ထည့်သွင်းစဥ်းစားပါက သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ကြယ်ကိုးလုံးအဆင့်သို့ပင်ရောက်ရှိနေပြီဟုဆိုနိုင်၏။ သူသည် မဟာနှင်းတောင်မှ သိုင်းဆရာများနှင့်ရင်ဆိုင်တိုက်ခိုက်နေရသည့်အချိန်မှာပင် ရှုံးနိမ့်နေခြင်းမရှိပေ။

လမ်းပါ့ဒ်သည် အလွန်အတွေ့ကြုံရှိသည့်လူတစ်ယောက်ဖြစ်သည်ကိုလည်း ဖှေးပြောနိုင်၏။

ပုံမှန်အားဖြင့် သိုင်းဆရာတစ်ယောက်သည် စွမ်းအားအသစ်များရရှိသည့်အချိန်တွင် စွမ်းအင်များကို ထိန်းချုပ်နိုင်ရန်အတွက် ပထမပိုင်းတွင် ခက်ခဲမည်ဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့သည် ပို၍ အတွေ့ကြုံရှိသည့် အဆင့်တူစစ်သည်များနှင့် ရင်ဆိုင်ရပါက ရှုံးနိမ့်မည်ဖြစ်သည်။ သို့သော် ဤသည်မှာ လမ်းပါ့ဒ်အတွက် ပြသနာမဟုတ်ပေ။ သူသည် ကြယ်ရှစ်လုံးအဆင့်အတွင်းအားစွမ်းအင်များကို ကောင်းမွန်စွာပင် ထိန်းချုပ်အသုံးပြုနိုင်နေ၏။ လမ်းပါ့ဒ်သည် ဆယ်နှစ်ကြာအတွေ့ကြုံရှိသည့် ကြယ်ရှစ်လုံးအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည်ဟုပင် ဖှေးခံစားမိနေ၏။

တကယ်တန်းတွင် ခနကြာသည့်အချိန်တွင် မဟာနှင်းတောင်တန်းမှ ကြယ်ကိုးလုံးအဆင့်သိုင်းဆရာမှာ စတင်၍ ရှုံးနိမ့်လာတော့၏။

"နိုင်ပြိ နိုင်ပြီ..."

ခံတပ်နံရံပေါ်တွင်ရပ်နေကြသည့် ဇီးနစ်အင်ပါယာမှ စစ်သည်များခေါင်းဆောင်များသည် သူတို့၏လက်နက်များကို ၀ှေ့ရမ်းကာစတင်၍ ကြုံး၀ါးကြတော့၏။ သူတို့၏သွေးများဆူပွက်လာကြပြီး စိတ်လှုပ်ရှားသည့်အမူယာများသည် သူတို့၏မျက်နှာပေါ်တွင်ပေါ်လာကြ၏။ သူတို့၏ သွေးကြောများထဲတွင် သွေးများအစား မီးတောက်များစီးဆင်းနေသကဲ့သို့ပင် ခံစားလာရ၏။

ဂျက်အင်ပါယာဘက်မှ အဆင့်မြင့် သိုင်းဆရာနှစ်ယောက်ရောက်လာသည့်အချိန်တွင် သူတို့ထိတ်လန့်သွားခဲ့ပြီး လမ်းပါ့ဒ်နှင့် အယ်လီနာတို့ သူတို့အား တားဆီးလိုက်သည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူတို့ စိတ်အေးသွားခဲ့ရ၏။ ထိုလူနှစ်ယောက်သည် ချမ်းဘော့ဒ်ဘုရင်၏ လက်အောက်မှ လူနှစ်ယောက်ဖြစ်ကြောင်းသိလိုက်ရသည့်အချိန်တွင်မူ သူတို့ စိတ်လှုပ်ရှားလာမိကြ၏။

"ငါတို့ဘက်မှာလဲ သိုင်းဆရာတွေရှိတယ်ကွ..."

"ဘုရင်အလတ်ဇန္ဒားက အတော်လေးစွမ်းအားမြင့်မားတာပဲ...."

ဇီးနစ်ဘက်မှလူများသည်လည်း ထိုကဲ့သို့တွေးနေကြ၏။ "ချမ်းဘော့ဒ်ဘုရင်လက်အောက်ကလူတွေက ဒီစွမ်းအားမြင့်မားတဲ့ ရန်သူနှစ်ယောက်ကို တားနိုင်တယ်ဆိုတော့ ဘုရင်အလတ်ဇန္ဒားကိုယ်တိုင်သာဆို သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်မှာပဲ..."

ဖှေးသည် ဤနေရာသို့ လွန်ခဲ့သည့် ဆယ်ရက်ခန့်ကမှသာ စတင်၍ ရောက်ရှိလာခဲ့ခြင်းဖြစ်သော်လည်း အလံနှစ်စုံမြို့တော်မှ လူများ၏ စိတ်ထဲတွင်မူ ဖှေးသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်နေပြီဖြစ်သည်။

ဤအချိန်တွင် သိုင်းဆရာလေးယောက်၏ တိုက်ပွဲသည်လည်း အရှိန်အမြင့်ဆုံးသို့ရောက်ရှိလာတော့၏။

သူတို့သည် မတူညီသည့် နေရာနှစ်ခုတွင်တိုက်ခိုက်နေကြ၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်လျှင်မြန်စွာတိုက်ခိုက်နေကြခြင်းမရှိတော့သော်လည်း သိုင်းကွက်တစ်ခုခြင်းစီတွင်ပါ၀င်သည့် စွမ်းအားများသည် ပို၍များပြားလာနေလျှက်ရှိ၏။ သူတို့၏ လှုပ်ရှားမှုတစ်ခုခြင်းစီတိုင်းသည် မြေငလျင်များ၊ ဆူနာမီရေလှိုင်းများကို ဖြစ်ပေါ်သွားနိုင်စေ၏။ သူတို့ပြုလုပ်နိုင်သည့် ဖျက်စီးမှုများသည် သာမန်စစ်သည်များနားလည်နိုင်သည်ထက်ပင် ကျော်လွန်နေ၏။

အလံနှစ်စုံမြို့တော်၏ ခံတပ်နံရံပေါ်တွင်လည်း မှော်သင်္ကေတများစွာမှာ တောက်ပနေလျှက်ရှိသည်။ တိုက်ပွဲမှ လွှင့်စင်လာသည့် စွမ်းအင်အကျွင်းကျန်များသည် ခံတပ်နံရံအား အဆက်မပြတ်ထိမှန်လျှက်ရှိနေသည့်အတွက် ခံတပ်နံရံပေါ်တွင်တပ်ဆင်ထားသည့်မှော်အစီရင်များသည် စတင်၍ အလုပ်လုပ်ကာ နံရံကိုကာကွယ်ပေးနေခြင်းပင်။ မှော်အစီရင်များသာမရှိပါက မီတာ၂၀၀ကျော်ခန့်မြင့်မားသည့် ခံတပ်နံရံကြီးသည်တိုက်ပွဲစတင်စဥ်ကတည်းက ပြိုလဲသွားနိုင်၏။

ဤကမ္ဘာကို မှော်ပညာကို အခြေပြုကာ တည်ဆောက်ထားသည့်အတွက် မှော်ပညာ၏ စွမ်းအားကို စစ်ပွဲတစ်ခုထဲတွင်အကောင်းဆုံးမြင်တွေ့နိုင်၏။

အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ နေမင်းကြီးသည် ကောင်းကင်၏ အလည်သို့ရောက်ရှိလာတော့၏။

အောင်နိုင်ချေသည် ဇီးနစ်ဘက်သို့ စတင်၍ တိမ်းညွှတ်လာသည်ကို မြင်တွေ့နေရသည့်အတွက် အပြုံးတစ်ခုသည် ဖှေး၏ မျက်နှာပေါ်သို့ ရောက်ရှိလာတော့သည်။

ဟော့ခ်ဆေးပုလင်းသောက်သုံးထားသည့်အတွက် လမ်းပါ့ဒ်ခန္ဓာကိုယ်၏ ကြံ့ခိုင်မာကြောမှု၊ အတွင်းအားစီးကြောင်းများ ကျယ်ပြန့်မှုတို့မှာ သူ၏ ရန်သူထက်များစွာပို၍ ကောင်းမွန်နေသည်။ ကြယ်တာယာချပ်၀တ်နှင့် ကြယ်တာယာစွမ်းအင်များကြောင့် သူသည် ရန်သူထက်ပို၍ ကြာကြာတိုက်ခိုက်နိုင်ပြီး သူ၏ ရန်သူသည် အတွင်းအားစွမ်းအင်စတင်၍ ကုန်လမ်းလာနေပုံရ၏။

အယ်လီနာသည် ပို၍ပင် သိသိသာသာအနိုင်ရရှိနေ၏။ သူမ၏ ရေခဲမြှားများသည် မီးစွမ်းအင်များကို သဘာ၀အတိုင်းပင် ပြန်လည်ကာ တုန့်ပြန်တိုက်ခိုက်နိုင်၏။ ထို့အပြင် သူမ၏ ထားသိုရာအကန့်ထဲတွင် မန်နာဆေးပုလင်းများစွာလည်းရှိနေသည့်အတွက် သူမသည် မန်နာကို အချိန်မရွေးပြန်လည်ကာ ဖြည့်ဆည်းနိုင်သည်။ သို့သော် သူမ၏ ရန်သူသည် ထိုမျှ မြန်မြန်ဆန်ဆန်အတွင်းအားစွမ်းအင်များကို ပြန်လည်ကာ ဖြည့်တင်းနိုင်ခြင်းမရှိပေ။ တဖြည်းဖြည်းဖြင့် အီနိုဟုခေါ်သည့် လူသည် စတင်၍ အားနည်းလာတော့၏။

ဤအခိုက်တန့်တွင် အပြောင်းလဲများဖြစ်ပေါ်လာ၏။

အနီရောင်စွမ်းအင်အလင်းတန်းနှစ်ခုသည် ဂျက်အင်ပါယာ၏ စခန်းမှ စစ်မြေပြင်ထံသို့ ပျံသန်းထွက်ခွာလာ၏။

သူတို့သည်လည်း ကြယ်ကိုးအလုံးအဆင့်သိုင်းဆရာများပင်။ သူတို့ခန္ဓာကိုယ်အား ၀န်းရံနေသည့် စွမ်းအားမြင့်မားသည့်အရှိန်၀ါများသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ သူတို့သည် ရှုံးနိမ့်နေသည့် ကြယ်ကိုးလုံးအဆင့်စစ်သည်နှစ်ယောက်ဘက်မှ ၀င်ရောက်ကာ တိုက်ခိုက်တော့မည့်ပုံပင်။

ဖှေးထိတ်လန့်အံ့သြသွားသည်။

"ဘယ်အချိန်ကတည်းက ဂျက်အင်ပါယာစခန်းထဲကို ကြယ်ကိုးလုံးအဆင့်စစ်သည်တွေအများကြီးရောက်လာတာလဲ။ ငါက ကြယ်ကိုးလုံးအဆင့်သိုင်းဆရာအသိုက်တစ်ခုကိုများ တုတ်နဲ့သွားထိုးလိုက်မိတာလား..." သူတွေးလိုက်မိ၏။

အသစ်ရောက်လာသည့် သိုင်းဆရာနှစ်ယောက်သည် လူအင်အား သာလွန်သည်ကိုအသုံးပြု၍ တိုက်ခိုက်တော့မည်မှာ ထင်ရှား၏။

ဖှေးမျက်မှောင်ကြုံ့ကာ ခံတပ်နံရံကို လက်ဖြင့်ရိုက်လိုက်ပြီး အသစ်ရောက်လာသည့် ကြယ်ကိုးလုံးအဆင့်သိုင်းဆရာနှစ်ယောက်ကို ကိုယ်တိုင်သွားရောက်တိုက်ခိုက်ရန်ပြင်လိုက်သည့်အချိန်တွင် သူ၏ဘေးတွင် ကြုံး၀ါးသံများကို ကြားလိုက်ရပြီး လူတစ်ချို့သည် သူ့ထက်အရင် ခံတပ်နံရံအောက်သို့ ခုန်ဆင်းသွားကြ၏။

All Chapters