← Chapters

အခန်း (၅၃၀)

Vol. 33 Ch. 530

အခန်း (၅၃၀)

Vol. 33 Ch. 530

အလံနှစ်စုံမြို့အပြင်တွင် သိုင်းဆရာဆယ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ပြင်းထန်စွာတိုက်ခိုက်နေကြ၏။

"ကြက်သွေးရောင် ဆူးအပ်..."

သူ့အား ဖြတ်သန်းတိုက်ခတ်နေသည့် လေညှင်းနှင့်အတူ ပီတာသည် သူ၏လက်ချောင်းတစ်ခုဖြင့် ထိုးလိုက်သည်။

ဤအခိုက်တန့်တွင် အာကာသသည် ကွေးအောက်သွားသည့်အတိုင်းပင်။ ပီတာ၏ လက်ချောင်းများကို ကာကွယ်ထားသည့် သံမဏိချပ်၀တ်အပိုင်းစများသည် အပြင်သို့ ပျံသန်းထွက်ခွာသွားကာ သူနှင့်တိုက်ခတ်နေသည့် ကြယ်ကိုးလုံးအဆင့်စစ်သည်အား ကင်းမြှီးကောက်အမြှီးတစ်ချောင်းကဲ့သို့ ထိုးနက်လိုက်၏။

"သေစမ်း..." ထိုသိုင်းဆရာ၏ ခန္ဓာကိုယ်တုန်ခါကာ သူ၏မျက်နှာသည်လည်း အရောင်ပြောင်းလဲသွား၏။

များပြားလှသည့် နာကျင်မှုများသည် သူ၏မျက်နှာကြွက်သားများကို ထိန်းချုပ်၍မရအောင် တွန့်လိမ်သွားစေပြီး ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်သွားတော့၏။ သူ၏ အတွင်းအားစွမ်းအင်များသည် ခန္ဓာကိုယ်ထဲတွင် ကောင်းမွန်စွာ စီးဆင်းလည်ပတ်နိုင်ခြင်းမရှိတော့သလို ခံစားလိုက်ရ၏။

ယခုအကြိမ်မတိုင်မှီတွင် သူသည် ခြောက်ကြိမ်တိုင် ဤသိုင်းကွက်ဖြင့် တိုက်ခိုက်ခံရပြီးဖြစ်၏။

သူတစ်ကြိမ်တိုက်ခိုက်ခံလိုက်ရသည့်အချိန်တိုင်းတွင် နာကျင်မှုသည် ပို၍ပို၍ပြင်းထန်လာ၏။

သူ၏ ခန္ဓာကိုယ်အခြေအနေသည် ဆိုး၀ါးလာလျှက်ရှိနေသည်ကို အာရုံခံနေရ၏။ သူသည် မိနစ်အနည်းငယ်အတွင်းမှာပင် နှစ်ပေါင်းများစွာအိုမင်းသွားသကဲ့သို့ပင်။

"ဒီသိုင်းကွက်က အတော်လေး ရက်စက်လွန်းတယ်။ သူက ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ပဲရှိသေးပေမယ့် ငါသူ့ရဲ့တိုက်ခိုက်မှုတွေကို မရှောင်နိုင်ဘူး..." ဤကြယ်ကိုးလုံးအဆင့်စစ်သည်သည် တွေးလိုက်မိ၏။

"ဟားဟား အခွ့င်ကောင်းပဲ အက်စ်ကာလီဘာ..."

ပီးရာ့စ်သည် ရယ်မောကာ ရှေ့သို့ ပြေး၀င်သွား၏။ သူ၏ ကြံ့ခိုင်သန်မာသည့် ခန္ဓာကိုယ်သည် လေထဲတွင် ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့ပြီး သူ၏ညာလက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် မမြင်နိုင်သော်လည်း စူးရှသည့် ဓားသွားစွမ်းအင်တစ်ခုသည် ဤကြယ်ကိုးလုံးအဆင့်စစ်သည်၏ လည်ပင်းအားတိုက်ခိုက်လိုက်၏။

"လစ်စမ်းကွာ..." ထိုကြယ်ကိုးလုံးအဆင့်စစ်သည်သည် ကြုံး၀ါးကွာ သူ၏ ကြယ်ကိုးလုံးအတွင်းအားစွမ်းအင်များကို ပို၍ပင်ထုတ်လွှတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ နာကျင်မှုများ၊ ထုံကျဥ္မှ်မှုများကို အတွင်းအားစွမ်းအင်ကိုအသုံးပြုကာ တွန်းထုတ်လိုက်ပြီး သူ၏လက်သီးများဖြင့် ချက်ချင်းပင် ထိုးနှက်လိုက်၏။

"ဖုန်း..."

"ပီးရာ့စ်သည် ချက်ချင်းပင်အနောက်သို့လွှင့်ထွက်သွားပြီး ပါးစပ်အတွင်းမှ သွေးများစီးကျလာတော့သည်။

သို့သော် ဤမျှသာ သူထိခိုက်မှုကို ခံစားလိုက်ရ၏။ သူ၏ ကြယ်တာယာချပ်၀တ်သည် တိုက်ခိုက်မှု၏ ၄၀ရာခိုင်းနှုန်းခန့်ကို ကာကွယ်ပေးလိုက်ပြီး ဟော့ခ်ဆေးပုလင်းအစွမ်းဖြင့် မြှင့်တင်ထားသည့် သူ၏ ကြံ့ခိုင်သောခန္ဓာကိုယ်နှင့် သူ၏ လေဂုဏ်သတ္တိအတွင်းအားစွမ်းအင်များသည် ကျန်ရှိနေသည့် ထိခိုက်စေနိုင်မှုကို ကာကွယ်လိုက်သည်။

သူလွှင့်ထွက်သွားသည့်အချိန်တွင် သူ၏ ဓားသွားစွမ်းအင်သည် ရန်သူအား ထိမှန်သွားဆဲပင်။ လည်ပင်းကဲ့သို့ သေစေနိုင်သည့် နေရာကို တိုက်ခိုက်နိုင်လိုက်ခြင်းမရှိသော်လည်း ရန်သူ၏ ပခုံးကို ခုတ်ပိုင်းလိုက်၏။ ကြယ်တာယာစွမ်းအင်များဖြင့် စွမ်းအားမြှင့်တင်ထားသောကြောင့် စူးရှသည့် အက်စ်ကာလီဘာဓားသွားစွမ်းအင်သည် ကြယ်ကိုးလုံးအဆင့်စစ်သည်၏ စွမ်းအင်အကာရံကို ကျော်လွန်ကာ နက်ရှိုင်းသည့် ဓားဒဏ်ရာကြီးတစ်ခုကို ဖြစ်ပေါ်သွားစေ၏။ ထိုလူ၏ လက်သည် ပြတ်ထွက်သွားတော့မည့်အတိုင်းပင်။

"ကြက်သွေးရောင် ဆူးအပ်..."

ပီတာနှင့် ပီးရာ့စ်တို့၏ ပူးပေါင်းတိုက်ခိုက်ခြင်းသည် ပြီးပြည့်စုံလှသည်။ ပီးရာ့စ်အနောက်သို့လွှင့်ထွက်သွားသည့်အချိန်တွင် ပီတာသည် ချက်ချင်းပင် တိုက်ခိုက်လိုက်ပြီး ဤကြယ်ကိုးလုံးအဆင့်စစ်သည် ပီးရာ့စ်အား ဆက်လက်တိုက်ခိုက်နိုင်ခြင်းမရှိအောင်တားဆီးလိုက်၏။

......

တစ်ဖက်တွင် တိုးရိစ်နှင့် ဒရော့ဂ်ဘာတို့သည် ပို၍ ခက်ခဲသည့်တိုက်ပွဲကို ရင်ဆိုင်နေရ၏။

"မဟာဦးချို..."

ဒရော့ဂ်ဘာသည် သူ၏ ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်ကာ အော်ဟစ်လိုက်သည်။

ဥက္ကာပျံခဲတစ်ခုကဲ့သို့ပင် သူ၏ခန္ဓာကိုယ်ဖြင့် ရန်သူအား ၀င်တိုက်လိုက်၏။ သူသည် ကြယ်ကိုးလုံးအဆင့်သိုင်းဆရာ၏ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခြင်းကို ခံရပြီးဖြစ်သော်လည်း မိမိကိုယ်မိမိသတ်သေရန်ကြိုးစားနေသကဲ့သို့ ရန်သူထံသို့ ပြေး၀င်နေဆဲပင်။

မိမိကိုယ်မိမိစတေးကာ တိုက်ခိုက်သည့် စတိုင်မှာ ထိရောက်၏။ ကြယ်တာရာစွမ်းအင်များပေါင်းထည့်ထားသည့် မဟာဦးချိုအစွမ်းသည် ကြယ်ကိုးလုံးအဆင့်စစ်သည်၏ စွမ်းအင်အကာရံကို ထိုးဖောက်ကာ ဒဏ်ရာတစ်ချို့ရရှိသွားစေ၏။ ဤကြယ်ကိုးလုံးအဆင့်စစ်သည်သည်လည်း ယခုအချိန်တွင် ဖြူဖက်ဖြူယော်ဖြစ်ကာ သူ၏မျက်နှာပေါ်မှ သွေးများစီးကျနေ၏။

တစ်ဖက်တွင် တိုးရီစ်သည် လေထဲတွင် ပျောက်ကွယ်သွားတော့မည့်အတိုင်းပင်။

သူသည် အလွန်လျှင်မြန်လွန်းလှသဖြင့် ကြယ်အဆင့်သိုင်းဆရာများပင် သူ၏ ပုံရိပ်ယောင်များကိုသာ မြင်တွေ့နေရ၏၊။ အသံတိတ်မြှားများသည် ကြယ်ကိုးလုံးအဆင့်စစ်သည်၏ သေစေနိုင်သည့်နေရာများထံသို့ အဆက်မပြတ်ပျံသန်းလာနေလျှက်ရှိ၏။

ကြယ်တာရာစွမ်းအင်များပါရှိသည့် မြှားများသည် ကြယ်ကိုးလုံးအဆင့်စွမ်းအင်အကာရံကို ထိုးဖောက်နိုင်ပြီး ထိုကြယ်ကိုးလုံးအဆင့်စစ်သည်၏ ပခုံးနှင့်နောက်ကြောတွင် မြှားတစ်ချောင်းစီစိုက်၀င်နေပြီးဖြစ်၏။

ကြယ်တာရာချပ်၀တ်များ၏ ကာကွယ်မှုကြောင့် ထိုကြယ်ကိုးလုံးအဆင့်စစ်သည်သည် ဒရော့ဂ်ဘာနှင့် တိုးရီစ်တို့ကို ချက်ချင်းသတ်ဖြတ်နိုင်ခြင်းမရှိပေ။ ထို့အပြင် ပို၍အဆင့်နှိမ့်သည့် သိုင်းဆရာနှစ်ယောက်သည် သူ့အား အဆက်မပြတ်ဒဏ်ရာရအောက်ပင် တိုက်ခိုက်နေလျှက်ရှိကြ၏။ ထိုလူသည် အလွန်ဒေါသဖြစ်ကာ စွမ်းအားကင်းမဲ့သလိုခံစားနေရ၏။ သူသည် ခွေးနှစ်ကောင်၏ ရန်စခြင်းကိုခံနေရသည့် နဂါးတစ်ကောင်ကဲ့သို့ ခံစားနေရ၏။ စွမ်းအားများစွာသာလွန်နေသော်လည်း ပြန်လည်ကာ တိုက်ခိုက်နိုင်ခြင်းမရှိပေ။

......

ဖှေးသည် ခံတပ်နံရံပေါ်မှ ကြည့်နေလျှက်ရှိ၏။

အလံနှစ်စုံမြို့ပြင်မှ တိုက်ပွဲသည် မည်သူ့ကို မဆိုသွေးများဆူပွက်လာအောင်ပြုလုပ်နိုင်ပြီး ဖှေးလဲထို့နည်းအတိုင်းပင်။ ဤတိုက်ပွဲများသည် နောက်ထပ်အဆင့်တစ်ခုတွင်ရှိနေသည်ဟု ဆိုနိုင်၏။

လမ်းပါ့ဒ်နှင့် အယ်လီနာတို့သည် သူတို့၏ရန်သူများနှင့် စွမ်းအားတူညီလုနီးပါးရှိကြ၏။ သို့သော် ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ပီတာနှင့် တိုးရိစ်တို့သည် ရန်သူထက်များစွာပို၍ စွမ်းအားပိုနည်းကြသည်။ သို့သော် သူတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် အကြောက်တရားကင်းမဲ့မှုတို့ကြောင့် လက်ရှိအချိန်တွင် ရန်သူနှင့် ရင်ဆိုင်နိုင်နေကြသေး၏။ ဤကဲ့သို့ အသေခံတိုက်ပွဲ၏ ရလဒ်ကြောင့် သိုင်းဆရာလေးယောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိနေကြသော်လည်း ဤအချက်သည် ဇီးနစ်အင်ပါယာမှ စစ်သည်များ၏ စိတ်ခံစားချက်ကို ပို၍ပင် ပြင်းထန်သွားစေနေသည်။

ဤအခိုက်တန့်တွင် ဇီးနစ်ဘက်မှ အားပေးသံများသည် အမြင့်ဆုံးအနေထားသို့ရောက်ရှိနေကြ၏။

ဤမြင်ကွင်းသည် သေလောက်သည်အထိကြောက်လန့်နေကြသည့် ဆွေကြီးမျိုးကြီးများနှင့် သူတို့၏ အစောင့်စစ်သည်များကိုပင် စိတ်လှုပ်ရှားစေပြီး သူတို့လည်း လိုက်ပါကာ အော်ဟစ်အားပေးနေကြ၏။ သူတို့၏ချပ်၀တ်များ၊ လက်နက်များကို တီးခေါက်ကာအစွမ်းကုန်အော်ဟစ်အားပေးနေကြသည့်အတွက် လွန်ခဲ့သည့်တစ်နာရီခန့် ဂျက်အင်ပါယာစစ်သည်များ ချီတပ်လာခဲ့စဥ်က သေလောက်သည်အထိထိတ်လန့်နေခဲ့သည်ဟုဆိုပါက မည်သူမှပင် ယုံကြည်နိုင်မည်မဟုတ်ပေ။

"အမ်...ဒီလောက်ဆိုတော်လောက်ပါပြီ။ ဒီလေးယောက်ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် သူတို့တွေပိုပြီးဒဏ်ရာပြင်းထန်သွားပြီးတော့ ကုသဖို့အချိန်ပိုကြာနေလိမ့်မယ်။ အဲ့လိုဆို နောက်ထပ်ရန်သူတွေ သိမ်းပိုက်လာရန် ခုခံနိုင်ဖို့ပိုပြီးခက်ခဲသွားလိမ့်မယ်..." ဖှေးတွေးလိုက်မိ၏။

သူသည် မြို့ပြင်မှ တိုက်ပွဲကို အဆုံးသက်ရန်အတွက် ပြင်နေသည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အရှိန်၀ါတစ်ခုသည် ဂျက်အင်ပါယာစခန်းများနေရာမှ ထွက်ပေါ်လာ၏။ စွမ်းအင်လှိုင်းများသည် အပြင်သို့ ဆူနာမီရေလှိုင်းများကဲ့သို့ ပြန့်လွှင့်လာပြီး ထိုစွမ်းအင်လှိုင်းများသည် ကြယ်ကိုးလုံးအဆင့်ထက်များစွာပင် ကျော်လွန်နေ၏။

"အတော်ကြီးမားတဲ့ စွမ်းအားပဲ..." ဖှေးတွေးလိုက်မိသည်။

All Chapters