အခန်း (၁၁၂၁)
Vol. 81 Ch. 1121
သို့သော် ယွင်လျန်ဖီးနစ်မျိုးနွယ်ကို အစစ်အမှန်ဖီးနစ်ငှက်က စောင့်ကြပ်နေသည်။ ထိုနေရာတွင် ကျိုးယွမ်မျိုးနွယ်က မယှဉ်နိုင်တော့ပေ။
“လူသားမျိုးနွယ်က ရွှေကျီးကန်းမျိုးနွယ်ကို အမဲလိုက်နေတယ်လို့ ငါကြားခဲ့တယ်”
ဖုန်းမင်ထိုက်က သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
“ရွှေကျီးကလန်က အဲဒီကိစ္စကို ဖြေရှင်းနိုင်တယ်လို့ ခေါင်းဆောင်က ပြောခဲ့တယ်”
ထိုစကားကြောင့် ဟန်မူယဲ့နှင့် ကျိုးယွီက အကြည့်ချင်းဖလှယ်လိုက်သည်။
သူတို့က အကူအညီတောင်းရန် ရောက်လာလျှင် စကားပြောနေရန်မလိုအပ်ဟု ဖုန်းမင်ထိုက်က ဆိုလိုသည်။
သူတို့က လူသားမျိုးနွယ်ကို ကိုင်တွယ်နိုင်သည်။
ခေါင်းဆောင်က စကားပြောခဲ့သောကြောင့် အကူအညီပေးရန် မလိုအပ်ပေ။
ကံကောင်းစွာဖြင့် ဟန်မူယဲ့တို့က ထိုကိစ္စအတွက် ရောက်လာခြင်းမဟုတ်ပေ။
ထိုသို့မဟုတ်လျှင် ကိစ္စများက ခက်ခဲသွားလိမ့်မည်။
သို့သော် ထိုဖြစ်ရပ်မှတစ်ဆင့် ရွှေကျီးကလန်၏ အခက်အခဲကို မြင်နိုင်သည်။
မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုများကြားတွင် ရွှေကျီးကလန်ကို ကူညီချင်သောလူများ မရှိပေ။
ရွှေကျီးကလန်ကလည်း မာနကြီးပြီး အကူအညီမတောင်းပေ။
“မြို့သခင်ဖုန်း၊ ငါတို့က မဟာမိတ်ဖွဲ့ဖို့ ရောက်လာတာမဟုတ်ဘူး။ အလဲလှယ်တစ်ခု လုပ်ရုံပဲ”
ကျိုးယွီက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးသည်။
‘အလဲအလှယ်လား’
ဖုန်းမင်ထိုက်က အနည်းငယ် ကြောင်အသွားသည်။
‘သူတို့က အလဲအလှယ်လုပ်ဖို့ ဒီနေရာအထိ ရောက်လာခဲ့တာလား’
‘ယွင်လျန်မြို့က တောင်တန်းကြားမှာ ပုန်းကွယ်နေတယ်။ ဒီနေရာမှာ ပစ္စည်းကောင်းတွေ မရှိပါဘူး’
“မြို့သခင်ဖုန်း၊ ကလန်ခေါင်းဆောင်မူယဲ့က ရွှေကျီးကလန်ရဲ့ နေဖမ်းပွဲမှာ ပါဝင်တော့မယ်။ သူက ပြန်လည်မွေးဖွားခြင်းမီးတောက်တချို့ကို လိုချင်နေတယ်”
ကျိုးယွီက ခပ်ဟဟရယ်လိုက်ပြီး ရှင်းပြသည်။
‘ပြန်လည်မွေးဖွားခြင်းမီးတောက်လား’
ဖုန်းမင်ထိုက်က မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့၏ လက်ထဲတွင်ပေါ်လာသော မီးတောက်ကို ကြည့်လိုက်သည်။
ထိုမီးတောက်သည် ရွှေအလင်းဖြင့် တောက်ပနေသည်။
ရွှယ်ယန်၏ ပြန်လည်မွေးဖွားခြင်းမီးတောက်ဖြင့် ပေါင်းစပ်ပြီးသောအခါ ဟန်မူယဲ့၏ ရွှေကျီးကန်းမီးတောက်က ထူးခြားပြီး အရည်အသွေးတိုးတက်လာသည်။
ဖုန်းမင်ထိုက်က အံ့အားသင့်သွားသည်။
သူကလည်း နတ်ဘုရားမီးတောက်ကို ပိုင်ဆိုင်သောကြောင့် နတ်ဘုရားမီးတောက်၏ အရည်အသွေးကို မြှင့်တင်ရန်ခက်ခဲကြောင်း နားလည်သည်။
သူ့လက်ထဲတွင်ရှိသော ပြန်လည်မွေးဖွားခြင်းမီးတောက်က ဟန်မူယဲ့၏ ရွှေကျီးကန်းမီးတောက်ထက် အရည်အသွေးနိမ့်သည်။
“ခေါင်းဆောင်ဟန်က ဘယ်လောက်လဲလှယ်ချင်လဲ”
ဖုန်းမင်ထိုက်က စိတ်ဝင်စားလာသည်။
ဟန်မူယဲ့က မီးတောက်တစ်ခုလျှင် ငါးခုနှုန်းဖြင့် ဖုန်းမင်ထိုက်၏ ပြန်လည်မွေးဖွားခြင်းမီးတောက် ငါးထောင်ကို လဲယူခဲ့သည်။
ဖုန်းမင်ထိုက်၏ ပြန်လည်မွေးဖွားခြင်းမီးတောက်က ရွှယ်ယန်ထက် အရည်အသွေးပိုကောင်းသည်။ မီးတောက်ငါးထောင်သည် ဟန်မူယဲ့၏ ရွှေကျီးကန်းမီးတောက်ကို အရည်အသွေးတိုးမြှင့်ရန် လုံလောက်သည်။
မီးတောက်ကို လဲလှယ်ပြီးသောအခါ ဖုန်းမင်ထိုက်က စိတ်အားထက်သန်လာသည်။ သူက ဟန်မူယဲ့တို့အတွက် ဧည့်ခံပွဲပြုလုပ်ပေးခဲ့သည်။ အိမ်တွင်ကျင့်ကြံနေသော သားဖြစ်သူ သခင်လေးဖုန်းချီကိုလည်း လူလွှတ်ပြီး ခေါ်လိုက်သည်။
ဟန်မူယဲ့က အရည်အသွေးကောင်းမွန်သော နတ်ဘုရားမီးတောက်ကို ပိုင်ဆိုင်ထားပြီး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့်အတူ ရောက်လာသောကြောင့် ထူးခြားလိမ့်မည်။
နေဖမ်းပွဲမတိုင်ခင် ဟန်မူယဲ့က ထူးခြားသော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် အရည်အသွေးကောင်းသော နတ်ဘုရားမီးတောက်လည်း ရှိနေသောကြောင့် သူ၏ အနာဂတ်တိုးတက်မှုကို ခန့်မှန်းရန် ခက်သည်။
သူ၏ သားဖြစ်သူက ဟန်မူယဲ့နှင့် မိတ်ဆွေဖွဲ့နိုင်လျှင် ကောင်းလိမ့်မည်။
“ဖုန်းချီ၊ ရွှေကျီးကလန်ရဲ့ အကြီးအကဲနှစ်ယောက်နဲ့ မိတ်ဆက်လိုက်ပါအုံး”
အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ဝင်လာသောအခါတွင် ဖုန်းမင်ထိုက်က ရယ်မောလိုက်ပြီး ပြောသည်။
ဟန်မူယဲ့က လူငယ်ကို ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
ရွှေမီးတောက် ....
သူ၏ မွေးစားသား ဖြစ်သည်။
ရွှေမီးတောက်က ယွင်လျန်မြို့တွင် ရှိနေခဲ့သည်။
သို့သော် သူက မှတ်ဉာဏ်များ မနိုးထသေးသောကြောင့် ဟန်မူယဲ့ကို မမှတ်မိပေ။ သူက ချဉ်းကပ်လာပြီး ကျိုးယွီနှင့် ဟန်မူယဲ့ကို လေးစားစွာ ဦးညွတ်လိုက်သည်။
ကျိုးယွီက ကျောက်စိမ်းတစ်ခုကို ထုတ်ယူပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ဟန်မူယဲ့က ခေါင်းမခါကြောင်း မြင်လိုက်ရသောအခါတွင် သူက ဖုန်းချီကို ပေးလိုက်သည်။
ဟန်မူယဲ့တွင် ပစ္စည်းကောင်းများမရှိမှာကို သူက စိုးရိမ်နေသည်။ သို့သော် ဟန်မူယဲ့က တည်ငြိမ်နေသောကြောင့် သူက စိုးရိမ်နေရန် မလိုတော့ပေ။
“သခင်လေးဖုန်းက တကယ်ထူးခြားတာပဲ။ ကျင့်ကြံဆင့်ကလည်း နက်ရှိုင်းတယ်။ အဆီအနှစ်ဝိညာဉ် နဝမအဆင့်နဲ့ သိပ်မဝေးတော့ဘူးပဲ”
“ငါက ဒီရွှေဝိညာဉ်ကျောက်စိမ်းကို လျှို့ဝှက်နယ်မြေတစ်ခုကနေ ရလာခဲ့တယ်။ ဒီကျောက်စိမ်းက လူတစ်ယောက်ရဲ့ သွေးမျိုးဆက်ကို အားဖြည့်ပေးနိုင်တယ်”
“သခင်လေးဖုန်းကို လက်ဆောင်ပေးလိုက်တာပေါ့”
ရွှေဝိညာဉ်ကျောက်စိမ်းဟု ကြားလိုက်ရသောအခါ ဖုန်းမင်ထိုက်က အံ့အားသင့်သွားသည်။
ထိုပစ္စည်းက ရှားပါးသောရတနာတစ်ခု ဖြစ်သည်။
ဖုန်းချီက ဖုန်းမင်ထိုက်၏မျက်နှာထားကို ကြည့်လိုက်ပြီး ပြုံးသည်။ ထို့နောက် ကျောက်စိမ်းကို လှမ်းယူသည်။
“အကြီးအကဲကို ကျေးဇူးတင်ပါတယ်”
သူက ထိုပစ္စည်း၏တန်ဖိုးကို မသိသော်လည်း ဖခင်ဖြစ်သူ၏ မျက်နှာထားအရ ရတနာတစ်ခုဖြစ်ကြောင်း နားလည်သည်။
သူက ဟန်မူယဲ့ကို ကြည့်သည်။
ငယ်ရွယ်ပြီး ကျင့်ကြံဆင့်နက်ရှိုင်းသော ထိုကလန်ခေါင်းဆောင်က မည်သည့်လက်ဆောင်ကို ထုတ်ပေးမည်နည်း။
ဟန်မူယဲ့က သူ့ကို အချိန်ကြာမြင့်စွာ မစောင့်စေခဲ့ပေ။
သူက ရွှေရောင်ပုတီးစေ့တစ်ခုကို ထုတ်ယူသည်။
“ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်က ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ပေးခဲ့တယ်”
“အခု မင်းကို ပြန်ပေးလိုက်မယ်”
‘ပြန်လည်မွေးဖွားခြင်းပုတီးစေ့လား’
‘အဲဒါက ဘာလဲ’
လူတိုင်းက နားမလည်နိုင်ဖြစ်နေကြသည်။
ဖုန်းချီက ပုတီးစေ့ကိုယူလိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။
“ဒီထဲမှာ ဘိုးဘေးတွေရဲ့မှတ်ဉာဏ် ရှိနေတယ်”
‘မှတ်ဉာဏ်လား”
ဖုန်းမင်ထိုက်က လက်မြှောက်ပြီး ပုတီးစေ့ကို လှမ်းယူသည်။
သူက အံ့အားသင့်သွားသည်။
“ဒီပစ္စည်းက တန်ဖိုးမကြီးလွန်းဘူးလား”
သူက ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်သည်။
သူ့အမြင်တွင် ပြန်လည်မွေးဖွားခြင်းပုတီးစေ့က ရှေးခေတ်ကျွမ်းကျင်သူတစ်ယောက်၏ အစစ်အမှန်ဝိညာဉ်အရိုးပင် ဖြစ်သည်။
မဟာတောရိုင်းကမ္ဘာတွင် ဖီးနစ်များက ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို မစုစည်းကြပေ။
သူတို့က ပြိုင်ဘက်ကင်းသောကြောင့် ပြန်လည်မွေးဖွားခြင်းစွမ်းရည်ကို အသုံးပြုရန် မလိုပေ။ သူတို၏ ပြန်လည်မွေးဖွားခြင်းကို နှောင့်ယှက်မည့်လူလည်း မရှိသောကြောင့် ပုတီးစေ့များက ပြန့်ကျဲသွားမည်မဟုတ်ပေ။
သို့သော် အနာဂတ်တွင် ကွဲပြားသွားသည်။ ဖီးနစ်သွေးမျိုးဆက်များက ရှားပါးလာပြီး တိုက်ခိုက်မှုကို ရှောင်လွှဲရန်အတွက် ပြန်လည်မွေးဖွားခြင်းကိုသာ အသုံးပြုနိုင်သည်။
“ဒီပစ္စည်းက ဖီးနစ်ကလန်အတွက် တန်ဖိုးကြီးပေမဲ့ ငါ့အတွက် အသုံးမဝင်ဘူး”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြုံးသည်။
“ဒီပစ္စည်းက သခင်လေးဖုန်းနဲ့ ကံစပ်နေတာပဲဖြစ်လိမ့်မယ်”
ထိုစကားကြောင့် ဖုန်းမင်ထိုက်၏ မျက်လုံးများက တောက်ပသွားသည်။
ကျင့်ကြံခြင်းလောကတွင် ကံကြမ္မာသည် အလွန်အရေးပါသည်။
အဖိုးတန်လက်ဆောင်များကို လက်ခံပြီးသောအခါ ဖုန်းမင်ထိုက်နှင့် ဖုန်းချီက ပိုမိုတက်ကြွလာကြသည်။
ဖုန်းမင်ထိုက်က မြို့ထဲတွင်ရှိသော တခြားဖီးနစ်ကျွမ်းကျင်သူများကို ရှာဖွေပြီး နတ်ဘုရားမီးတောက်ကို လဲလှယ်နိုင်ရန် ကူညီပေးမည်ဟု ပြောခဲ့သည်။
ဟန်မူယဲ့နှင့်ကျိုးယွီက ယွင်လျန်မြို့တွင် အနားယူခဲ့သည်။
ဟန်မူယဲ့က တိတ်ဆိတ်သော အခန်းထဲသို့ ဝင်ရောက်သွားပြီး ဝင်္ကပါအလင်းလွှာကို အသက်သွင်းသည်။ သူ့လက်ဝါးပေါ်တွင် မီးတောက်များ ပေါ်ထွက်လာသည်။
ဖုန်းမင်ထိုက်၏ ပြန်လည်မွေးဖွားခြင်းမီးတောက် ဖြစ်သည်။
သူက ရွှေကျီးကန်းမီးတောက်ကို ထုတ်ဖော်လိုက်ပြီး ပြန်လည်မွေးဖွားခြင်းမီးတောက်နှင့် ပေါင်းစပ်သည်။
အဆုံးမရှိသော ရွှေအလင်းသည် လောင်ကျွမ်းနေသည့်အလား သူ့ကို လွှမ်းခြုံသွားသည်။
ဟန်မူယဲ့က ပျော်ရွှင်သွားသည်။
ရွှေကျီးကန်းမီးတောက်က စတင်တိုးတက်လာသည်။
ပြန်လည်မွေးဖွားခြင်းမီးတောက်က ငြိမ်းသက်လိုက် တောက်ပလိုက် ဆက်တိုက်လှုပ်ရှားနေသည်။
တစ်ကြိမ်တောက်ပမှုတိုင်းသည် ရွှေကျီးကန်းမီးတောက်ကို အားဖြည့်ပေးနိုင်သည်။
သုံးနာရီအကြာတွင် မီးတောက်က ရွှေနီရောင်သန်းသွားသည်။
ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော မီးတောက်က အပြည့်အဝ အသွင်ပြောင်းသွားခဲ့သည်။
ဟန်မူယဲ့က မီးတောက်ကို ကိုင်ထားပြီး ပြုံးလိုက်သည်။
ထိုမီးတောက်ကို အပြင်ကမ္ဘာသို့ ယူသွားနိုင်သည်။
ဤမီးတောက်သည် အလွန်အားကောင်းသောကြောင့် အားနည်းသော စည်းမျဉ်းတချို့ကို ချိုးဖျက်နိုင်သည်။
ချပ်ဝတ်အဖြစ် အသွင်ပြောင်းလိုက်လျှင်လည်း မယုံကြည်နိုင်စရာကောင်းသော ခုခံမှုကို ပိုင်ဆိုင်လိမ့်မည်။
သူက ထိုမီးတောက်ဖြင့် အင်မော်တယ်ဘုရင်တစ်ပါးကို အမှန်တကယ် ရင်ဆိုင်နိုင်သည်။
သူက အခန်းထဲမှ ထွက်လာသောအခါ ဖုန်းချီက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် အပြင်ဘက်တွင် စောင့်နေသည်။
“မွေးစားအဖေ”
ဖုန်းချီက ညင်သာစွာခေါ်သည်။
ဟန်မူယဲ့က ပြုံးလိုက်သည်။
သူက ဝင်္ကပါအလင်းလွှာကို ပြန်လည်အသက်သွင်းပြီး ပြောသည်။
“မဟာတောရိုင်းကမ္ဘာမှာ တစ်ခုခုရခဲ့လား”
ဖုန်းချီက လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။
သူက ဟန်မူယဲ့ပေးလိုက်သော ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို သန့်စင်ခဲ့သည်။
ထိုပုတီးစေ့ထဲတွင် ပြန်လည်မွေးဖွားခြင်းကို ဆောင်ရွက်ခဲ့သော သူ၏မှတ်ဉာဏ်များ ပါဝင်နေသည်။
ပြန်လည်မွေးဖွားခြင်းပုတီးစေ့၏ အကူအညီဖြင့် ရွှေမီးတောက်က မှတ်ဉာဏ်များအားလုံးကို ပြန်ရခဲ့သည်။
သူ၏စကားအရ ယွင်လျန်မြို့၏ သခင်လေး ဖြစ်လာသောအခါတွင် နတ်ဘုရားသားရဲ ဖီးနစ်ငှက်၏ မျက်နှာသာပေးခြင်းကို ရခဲ့သည်။
ဤအပျက်အစီးနယ်မြေတွင် သူက ကမ္ဘာဦးခေတ်၏ ဖီးနစ်ငှက်ကို အမှန်တကယ်ပင် မြင်ခဲ့ရသည်။
“အဲဒီအကြီးအကဲက ကမ္ဘာဦးခေတ်ကို ကြုံတွေ့ခဲ့ရတာလား”
ဟန်မူယဲ့က တီးတိုးပြောသည်။
ဖုန်းချီက ခေါင်းညိတ်သည်။
သို့သော် သူက ဖီးနစ်ငှက်ပြောပြသည့် အကြောင်းအရာများကိုသာ သိသည်။
ဖီးနစ်ငှက်က ကမ္ဘာဦးခေတ်၏အကြောင်းကို သိပ်ပြောလေ့မရှိပေ။
ဖုန်းချီက လက်မြှောက်ပြီး လက်သည်းခွံအရွယ်အစား မီးတောက်တစ်ခုကို ထုတ်ယူသည်။
ထိုမီးတောက် ပေါ်လာသောအခါ ဟန်မူယဲ့က မီးပြင်ဖိုထဲတွင် ရောက်နေသကဲသို့ တစ်ကိုယ်လုံး ပူလောင်သွားသည်ဟု ခစားရသည်။
သို့သော် ထိုမီးတောက်က အဆုံးမရှိသော အသက်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖျက်ဆီးမည့်အစား ထောက်ပံ့ပေးမည်ဟု ခံစားရသည်။
“နတ်ဘုရားသားရဲရဲ့ ပြန်လည်မွေးဖွားခြင်းမီးတောက်လား”
ဟန်မူယဲ့က အံ့အားသင့်သွားသည်။
“ဟုတ်တယ်။ ဘိုးဘေးဖီးနစ်ငှက်က ဒီမီးတောက်ကို လေ့လာနိုင်အောင် ပေးထားခဲ့တယ်”
ဖုန်းချီက မီးတောက်အား ဟန်မူယဲ့ကို ပေးလိုက်ပြီး တီးတိုးပြောသည်။
“မွေးစားအဖေက ပြန်လည်မွေးဖွားခြင်းမီးတောက်ကို လိုအပ်နေတာဆိုတော့ ဒီမီးတောက်က မွေးစားအဖေအတွက်ပါပဲ”
ထိုမီးတောက်က အလွန်တန်ဖိုးရှိသည်။
ထိုမီးတောက်က သေးငယ်သော်လည်း ဟန်မူယဲ့၏လက်ထဲတွင်ရှိသော နတ်ဘုရားမီးတောက်များအားလုံးထက် အဖိုးတန်သည်။
မီးတောက်နှစ်ခုက အဆင့်မတူပေ။
ဖီးနစ်ငှက်သည် ကမ္ဘာဦးခေတ်ကတည်းက ရှင်သန်လာခဲ့သည်။ သူ၏ ပြန်လည်မွေးဖွားခြင်းမီးတောက်က စိတ်ကူးမယဉ်နိုင်အောင် သန်မာသည်။
“ငါက ဒီမီးတောက်ကို မသန့်စင်နိုင်သေးဘူး။ ငါက အစစ်အမှန်ဝိညာဉ်အဆင့်ကို ရောက်သွားရင် ယွင်လျန်မြို့ကို ပြန်လာခဲ့မယ်”
ဟန်မူယဲ့က ညင်သာစွာ ပြောလိုက်ပြီး မီးတောက်ကို လက်မခံခဲ့ပေ။
ထိုမီးတောက်က လက်ရှိအချိန်တွင် ဟန်မူယဲ့ထိန်းချုပ်နိုင်သော အဆင့်ထက် ကျော်လွန်နေသည်။ ထိုမီးတောက်ကို သန့်စင်ချင်လျှင် စွမ်းအားကို အလွန်အကျွံ အသုံးပြုရလိမ့်မည်။
ထို့အပြင် ထိုမီးတောက်က သူ့အတွက် ချက်ချင်းအကျိုးရှိမည်မဟုတ်ပေ။
အကယ်၍ သူက ထိုမီးတောက်ကို လိုချင်လျှင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်လာသော နတ်ဘုရားသားရဲနှင့် တိုက်ရိုက်လဲလှယ်နိုင်သည်။
ရွှေမီးတောက်က ဟန်မူယဲ့နှင့်အတူ လိုက်မလာခဲ့ပေ။
ဘိုးဘေးဖီးနစ်ငှက်က ဤနေရာတွင် ရှိနေသည်။ သူက ဖီးနစ်ကလန်၏ ပျောက်ကွယ်သွားသော အမွေအနှစ်များကို သင်ယူနိုင်လိမ့်မည်။
သို့သော် နောက်တစ်ကြိမ် ဟန်မူယဲ့ရောက်လာလျှင် ယွင်လျန်မြို့မှ ထွက်ခွာပြီး ဟန်မူယဲ့နှင့်အတူ မဟာတောရိုင်းကမ္ဘာ၏ နယ်မြေများကို သွားကြည့်မည်ဟု ပြောခဲ့သည်။