← Chapters

အခန်း (၁၁၂၃)

Vol. 81 Ch. 1123

အခန်း (၁၁၂၃)

Vol. 81 Ch. 1123

“‌ခေါင်းဆောင်၊ အဲဒီလူတွေက တကယ်ညစ်ပတ်တာပဲ”

ဓားရှည်တစ်လက်လွယ်ထားသော ဟန်ကျင်းက အံကြိတ်ထားပြီး လမ်းထောင့်မှ ထွက်လာသည်။

သူ့နောက်တွင်ရှိသော ဟန်တင်းရီနှင့် မူကျီယုကလည်း ဒေါသထွက်နေကြသည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“နေဖမ်းပွဲမှာ ပြောကြတာပေါ့”

ထို့နောက် သူက လှည့်ထွက်သွားသည်။

ကျိုးဝူနှင့် တခြားလူများက သုံးထပ်တည်းခိုဆောင်ရှေ့တွင် စောင့်နေကြသည်။

“ခေါင်းဆောင်မူယဲ့ကို နှုတ်ဆက်ပါတယ်”

ကျိုးဝူနှင့် တခြားလူများက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ဆက်သည်။ သူတို့က ဟန်ကျင်း၊ ဟန်တင်းရီနှင့် တခြားလူများကို ကြည့်လိုက်ပြီး ပြုံးသည်။

သူတို့က ဟန်တောင်တန်းတွင် လေ့ကျင့်ခဲ့သောကြောင့် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြသည်။

“အစ်ကိုကျိုးဝူ၊ ဒေါသပြေသွားပြီလား”

ဟန်တင်းရီက အပြုံးတစ်ခုနှင့်အတူ မေးသည်။

သူ့စကားကြောင့် လူတိုင်းက ရယ်လိုက်ကြသည်။

သူတို့က တစ်ဖက်မျိုးနွယ်ကို ရိုက်နှက်ခဲ့သည်။

ထို့နောက် ကျိုးဝူ၏မျက်နှာထားက မည်းမှောင်သွားသည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ခေါင်း‌ဆောင်ဟန်၊ အခု ကျွန်တော်တို့ ကျိုးယွမ်ကလန်ရဲ့ ခွန်အားက ပေါ်သွားပြီ။ နေဖမ်းပွဲမှာ ....”

သူက ရပ်တန့်လိုက်ပြီး သူ့‌ခေါင်းသူ ပြန်ရိုက်သည်။

သူ့ဘေးတွင်ရှိသော လူငယ်က ပြံးလိုက်ပြီး ပြောသည်။

“ခေါင်းဆောင်ကျိုးက ခေါင်းဆောင်ဟန်ရဲ့နောက်ကို လိုက်ခိုင်းထားတယ်လေ”

ကျိုးယွမ်ကလန်သားများက ခေါင်းညိတ်လိုက်ကြသည်။

ဟန်မူယဲ့က အနက်ရောင်ချပ်ဝတ်နှင့် လူငယ်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး ခပ်ဟဟရယ်လျက် ပြောသည်။

“ကျိုးချွယ်၊ မင်းကလည်း အဆီအနှစ်ဝိညာဉ် နဝမအဆင့်မှာ မဟုတ်ဘူးလး။ တကယ်လို့ ရွှေကျီးကန်းရဲ့ အစစ်အမှန်ဝိညာဉ်အရိုးကို ရခဲ့ရင် နှစ်ပေါင်းငါးသောင်းအတွင်း အစစ်အမှန်ဝိညာဉ်အဆင့်ကို ရောက်သွားနိုင်တယ်မလား”

သူ့စကားကြောင့် ကျိုးချွယ်ဟုခေါ်သော လူငယ်က အံ့အားသင့်သွားသည်။

တခြားလူများကလည်း ဟန်မူယဲ့ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

ကျိုးယွမ်ကလန်က ကလန်ကြီးတစ်ခု ဖြစ်သော်လည်း အစစ်အမှန်ကလန်ကြီးများနှင့် ယှဉ်လိုက်လျှင် ကွာခြားချက်တစ်ခု ရှိနေသေးသည်။

အထူးသဖြင့် ကလန်ကြီးသုံးခု ဖြစ်သည်။ ထိုကလန်ကြီးသုံးခု၏ မျိုးဆက်သစ်များက ကောင်းမွန်စွာ လေ့ကျင့်ထားပြီး အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသည်။ ထို့အပြင် ရှေ့တန်းတွင် လူသားမျိုးနွယ်နှင့် တိုက်ခိုက်ပြီး အတွေ့အကြုံယူထားကြသည်။

ထိုလူများက အစစ်အမှန်ဝိညာဉ်အရိုးကို ရရှိရန် အဆင့်မီသည်။

ယခင်က ခေါင်းဆောင်ကျိုးယွီသည် နေဖမ်းပွဲတွင် အစစ်အမှန်ဝိညာဉ်အရိုးကို ရရှိခဲ့သည်။

လူတိုင်းက ငေးမောနေသောအခါတွင် ဟန်မူယဲ့က ‌ခေါင်းခါလိုက်ပြီး တည်းခိုဆောင်ထဲသို့ ဝင်သွားသည်။

“ကျိုးချွယ်၊ မင်းက ဘာဖြစ်လို့ ခေါင်းဆောင်မူယဲ့ကို ကျေးဇူးမတင်တာလဲ”

ကျိုးဝူက ကျိုးချွယ်ကို အားကျစွာ ကြည့်သည်။

“ခေါင်းဆောင်မူယဲ့က အစစ်အမှန်ဝိညာဉ်အရိုးအကြောင်းကို ပြောခဲ့တယ်။ နေဖမ်းပွဲမှာ မင်းကို အစစ်အမှန်ဝိညာဉ်အရိုးရအောင် သေချာပေါက် ကူညီပေးလိမ့်မယ်”

မတူညီသော မျိုးနွယ်များသည် မတူညီသော အစစ်အမှန်ဝိညာဉ်အရိုးကို ပိုင်ဆိုင်ကြသည်။

နတ်ဘုရားသားရဲမျိုးနွယ် မဟုတ်လျှင် အစစ်အမှန်ဝိညာဉ်အရိုးကို ရယူရန် မခက်ပေ။

ရွှေကျီးကန်းနှင့် ဖီးနစ်တို့က ရှားပါးပြီး ခွန်အားကြီးသည်။ ထို့ကြောင့် သူတို၏ အစစ်အမှန်ဝိညာဉ်အရိုးကို ရယူရန် ခက်ခဲသည်။

ကျိုးဝူ၏စကားကြောင့် ကျိုးချွယ်က သတိဝင်လာပြီး တည်းခိုဆောင်သို့ဝင်သွားသော ဟန်မူယဲ့ကိုလှည့်ကြည့်၍ လျင်မြန်စွာ ဦးညွတ်သည်။

“ခေါင်းဆောင်မူယဲ့ကို ကျေးဇူးတင်ပါတယ်”

တခြားလူများက ဟန်မူယဲ့၏ခွန်အားကို မသိနိုင်ပေ။ သို့သော် အမဲလိုက်ပွဲတွင် ပါဝင်ခဲ့သော သူတို့အားလုံးက ဟန်မူယဲ့၏ခွန်အားကို နားလည်ကြသည်။

ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။

ဟန်မူယဲ့က တည်းခိုဆောင်တွင် အနားယူလိုက်သည်။

ဟန်တင်းရီနှင့် တခြားလူများက သတင်းစုဆောင်းရန် ထွက်သွားကြသည်။

တိုက်ပွဲတွင် ကိုယ်ပိုင်ခွန်အားနှင့် ရန်သူကို ကောင်းမွန်စွာသိရှိရန် အရေးကြီးသည်။

ဟန်မူယဲ့က သန်မာသော်လည်း ကြိုတင်ပြင်ဆင်ထားရမည်။

သူထင်ထားသည့်အတိုင်း သတင်းများကြောင့် လူတိုင်း၏ မျက်နှာထားက လေးနက်နေကြသည်။

နေဖမ်းပွဲတွင် အနည်းဆုံး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူသုံးယောက် ပါဝင်လိမ့်မည်။

သူတို့ထဲတွင် နှစ်ယောက်က ကလန်ကြီးသုံးခုထဲတွင်ပါဝင်သော ချင်းဝူကလန်၊ ရှန်းထန်ကလန်မှ ဖြစ်သည်။

“ချင်းနန်ရွှင်နဲ့ ရှန်းကျန်းယွီတို့က အစစ်အမှန်ဝိညာဉ်အဆင့်မှာ ရှိနေတယ်။ နောက်ဆုံးတစ်ယောက်က မင်မြို့ကပဲ”

ဟန်တင်းရီ၏စကားအဆုံးတွင် လူတိုင်းက ကြောင်အသွားကြသည်။

မည်သည့် ပါရမီရှင်မျိုးက နှစ်တစ်သိန်းအတွင်း အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်နိုင်သနည်း။

သို့သော် သူတို့က ဟန်မူယဲ့ကို ကြည့်လိုက်သောအခါတွင် ငေးမောသွားသည်။

‘ငါတို့ရှေ့မှာရှိတဲ့လူကမှ အစစ်အမှန်ပါရမီရှင် မဟုတ်ဘူးလား’

အစစ်အမှန်ဝိညာဉ်အဆင့် သုံးယောက်အပြင် အဆီအနှစ်ဝိညာဉ် နဝမအဆင့်၏ အထွတ်အထိပ်တွင်ရှိသော အစစ်အမှန်ဝိညာဉ်တစ်ဝက်အဆင့် ကျွမ်းကျင်သူများလည်း ရှိနေကြသည်။

လူအများအပြားစေလွှတ်လိုက်သော ကလန်ကြီးများလည်း ရှိကြသည်။

ပုန်းကွယ်နေသော အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတချို့ ရှိနေလိမ့်မည်။

မစုံစမ်းနိုင်‌သော အစစ်အမှန်ဝိညာဉ် တစ်ဝက်အဆင့် ကျွမ်းကျင်သူများ ပိုရှိနေမည်။

“ဒါနဲ့ ခေါင်းဆောင်အကြောင်းကို မေးနေတဲ့လူတွေလည်း ရှိကြတယ်”

ဟန်ကျင်းက တီးတိုးပြောသည်။

“ငါလား”

ဟန်မူယဲ့က ပြုံးသည်။

“ငါ့ကို အာရုံစိုက်တဲ့လူက ရှားပါးတယ်”

ထိုစကားကြောင့် လူတိုင်း ရယ်လိုက်ကြသည်။

ကျိုးယွမ်ကလန်ကိုပင် လူအများက အာရုံစိုက်ထားကြသည်။ သူတို့၏ ကျွမ်းကျင်သူများအားလုံးကို စောင့်ကြည့်နေကြသည်။

ဟန်မူယဲ့က နှစ်ပေါင်းရှစ်ထောင်တွင် ရွှေကျီးကန်းသွေးမျိုးဆက်ကို အလိုလျောက် နိုးထခဲ့သော ပထမဆုံးလူ ဖြစ်သည်။

ထိုလူမျိုးကို မည်သူက အာရုံမစိုက်ဘဲ နေမည်နည်း။

“ကိစ္စမရှိပါဘူး”

ဟန်မူယဲ့၏အပြုံးက ပျောက်ကွယ်သွားသည်။ သူက တည်ငြိမ်သောမျက်နှာထားဖြင့် ပြောသည်။

“ငါတို့က နေဖမ်းပွဲမှာ တိုက်ခိုက်ရမှာပဲလေ”

သူတို့က တိုက်ခိုက်ရမည်။

လူတိုင်း၏ မျက်နှာထားက လေးနက်သွားသည်။

ထိုတိုက်ပွဲသည် လူတိုင်းကို လေ့ကျင့်ပေးရန်အတွက် ဖြစ်သည်။ သူတို့က အားကောင်းသော ရန်သူများကို အဘယ်ကြောင့် ထိတ်လန့်နေရမည်နည်း။

....

သုံးလအကြာတွင် တုန်ခါသံကို ကြားလိုက်ရသည်။

အဆုံးမရှိသော ရွှေအလင်းသည် သွယ်ယှက်နေပြီး ကောင်းကင်ကို လွှမ်းခြုံထားသော ရွှေကျီးကန်းပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

ရွှေကျီးကန်းက အဆုံးမရှိသော ဝမ်းနည်းမှုများနှင့်အတူ ခေါင်းမော့ပြီး အော်ဟစ်သည်။

ကောင်းကင်ထက်တွင် မဟာနေမင်းရွှေကျီးကန်းက တုံ့ပြန်သောအနေဖြင့် အနည်းငယ် တုန်ခါသွားပုံရသည်။

“နေဖမ်းပွဲစပြီ။ ပါဝင်မယ့်လူတွေအားလုံး ယဇ်ပလ္လင်ကို ဝင်ရောက်ရမယ်”

လေထုထဲတွင် ပဲ့တင်သံထွက်လာသည်။

ထိုအသံက အလွန်ကျယ်လောင်ပြီး ငလျင်လှုပ်သွားသည်ဟု ထင်ရသည်။

အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

နေဖမ်းပွဲက အရေးကြီးသောကြောင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက ကြီးကြပ်ပေးရသည်။ ယခုအချိန်တွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူငါးယောက် ရှိနေသည်။

သူတို့ငါးယောက်က မတူညီသော နေရာငါးခုတွင် ရပ်နေကြသည်။ အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က အလယ်တွင် ရှိနေသည်။ ရွှေကျီးကန်းပုံရိပ်သည် သူ့ခေါင်းထက်တွင် စုစည်းနေခဲ့သည်။

သူက ကျစ်ယန်မြို့သခင် ဖြစ်ပြီး အစစ်အမှန်ဝိညာဉ် ဒုတိယအဆင့်သို့ ရောက်နေသည်ဟု ပြောကြသည်။

သူ့အသံအဆုံးတွင် ရွှေကျီးကန်းပုံရိပ်က မြို့လယ်တွင်ရှိသော ယဇ်ပလ္လင်ဆီသို့ ဦးတည်၍ ပျံသန်းသွားသည်။

အဆုံးမရှိသော ရွှေအလင်းများသည် လူတိုင်းကို ဝင်ရောက်နိုင်အောင် ခွင့်ပြုပေးလိုက်သည်။

“ဟားဟား၊ ဒီတစ်ကြိမ် နေဖမ်းပွဲအတွက် လူတစ်သိန်းရှစ်သောင်း ရောက်လာတယ်။ အရင်တစ်ကြိမ်ထက် လူရှစ်သောင်းပိုတယ်။ ငါတို့ ရွှေကျီးကန်းမျိုးနွယ်က တိုးတက်နေတဲ့ပုံပဲ”

မြို့တံတိုင်းတွင်ရှိသော ရွှေကျီးကလန်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူက ရယ်မောလိုက်သည်။

ပါဝင်သူများရုံသာမက ကျွမ်းကျင်သူများလည်း ရောက်လာကြသည်။

ယခင်က နေဖမ်းပွဲကို ကြီးကြပ်ရန်အတွက် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်သာ ရှိသည်။ ဤတစ်ကြိမ်တွင် တစ်ယောက်ထက်ပိုသည်။

“ဘယ်သူက အနိုင်ရသူဖြစ်မလဲ။ ဘယ်ကလန်တွေက ထိပ်ဆုံးတစ်ရာထဲကို ရောက်လာမှာလဲ”

နောက်ထပ် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။ သူက မျှော်လင့်နေသည်။

“ဟားဟား။ ညီအစ်ကိုကျီချီ၊ အနည်းဆုံး ခင်ဗျားတို့ ခယ်မူကလန်ရဲ့ လူသုံးယောက်က ထိပ်ဆုံးတစ်ရာထဲကို ဝင်နိုင်မှာပါ။ ခယ်ချွမ်နဲ့ ခယ်ယန်က အစစ်အမှန်ဝိညာဉ်တစ်ဝက်အဆင့်မှာ ရှိနေကြတယ်။ ခယ်ယွီယွမ်က တိုက်ခိုက်နိုင်စွမ်းကောင်းတယ်”

သိပ်မဝေးသောနေရာတွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က ပြောသည်။

သုံးလအတွင်း၌ လူတိုင်းက အင်အားစုများ၏ အခြေအနေကို အနည်းနှင့်အများဆိုသလို နားလည်လာကြသည်။

ခွန်အားမလုံလောက်သောလူနှင့် ထင်ရှားမှုမရှိသော ကလန်များတော့ မပါပေ။

အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက ပြုံးလိုက်သည်။

နေဖမ်းပွဲတွင် မျိုးဆက်သစ်များ ပိုမိုထွန်းပေါက်လာလျှင် သူတို့က ဂုဏ်ယူရသည်။

နှစ်ပေါင်းများစွာကြာသွားပြီး ထိုမျိုးဆက်သစ်များက အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်လာလျှင် သူတို့ကို ဦးညွတ်ပြီး ကျေးဇူးတင်ကြလိမ့်မည်။

ရွှေရောင်မြားတစ်စင်း ပေါ်ထွက်လာပြီး ကောင်းကင်တွင်ရှိသော ရွှေကျီးကန်းပုံရိပ်ဆီသို့ ဦးတည်လိုက်သည်။

“ဝီ”

ကျစ်ယန်မြို့သခင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး မြားရှည်ကို ဖမ်းယူသည်။

မြားက ပေါက်ကွဲသွားပြီး သတင်းပေးလိုက်သည်။ ကျစ်ယန်မြို့သခင်၏ မျက်နှာထားက မည်းမှောင်သွားသည်။

“မြို့သခင်ဟယ်၊ ဘာဖြစ်နေတာလဲ”

ခယ်ကျီချီက တီးတိုးမေးသည်။ သူက ပြိုကွဲသွားသော ရွှေမြားကို ကြည့်လိုက်သည်။

သူက ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ဖူးသည်။ သို့သော် ထိုမြားမျိုးကို နှစ်ကြိမ်သာ မြင်ဖူးခဲ့သည်။

ပထမတစ်ကြိမ်တွင် ကောင်းကင်တစ်သောင်းတိုင်းပြည်၏ သန်းသုံးဆယ်စစ်တပ်က ရုတ်တရက် တိုက်ခိုက်လာခဲ့သည်။ ရှေ့တန်းက အရေးပေါ်စစ်ကူကို လိုအပ်လာသောကြောင့် ရွှေမြားကို အသုံးပြုခဲ့သည်။

ဒုတိယတစ်ကြိမ်တွင် လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ၁၈ယောက်က ချင်းဝူကလန်၏ အစစ်အမှန်ဝိညာဉ်အဆင့် သုံးယောက်ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည်။ ချင်းဝူကလန်က ဒေါသထွက်သွားပြီး ရွှေမြားဖြင့် ရန်သူကို သတ်ဖြတ်ခဲ့သည်။

ယခု သူက ရွှေမြားကို တတိယအကြိမ် မြင်လိုက်ရသည်။

ရွှေမြားကို အသုံးပြုလိုက်သော အချိန်တိုင်းတွင် ကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မည်။

ကျစ်ယန်မြို့သခင်က ရွှေမြားကို ဖမ်းယူခဲ့သည်။

‘နေဖမ်းပွဲမှာ တစ်ခုခုဖြစ်တော့မှာလား’

ကျန်ရှိနေသော အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက စိုးရိမ်နေပြီး ကျစ်ယန်မြို့သခင်ကို ကြည့်လိုက်ကြသည်။

ကျစ်ယန်မြို့သခင် ဟယ်ကျူးယန်က အစစ်အမှန်ဝိညာဉ် ဒုတိယအဆင့်တွင် ရှိနေပြီး ရွှေကျီးကန်းမျိုးနွယ်၏ နာမည်ကြီးကျွမ်းကျင်သူ ဖြစ်သည်။

ဟယ်ကျူးယန်က အံကြိတ်ထားပြီး ပြောလိုက်သည်။

“လူသားမျိုးနွယ်က နေဖမ်းပွဲကို ခိုးဝင်လာခဲ့တယ်”

‘လူသားမျိုးနွယ်လား’

‘နေဖမ်းပွဲကို ခိုးဝင်လာတာလား’

ခယ်ကျီချီနှင့် တခြားလူများက အံ့အားသင့်သွားကြသည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

သူတို့က ရေရွတ်သည်။

နေဖမ်းပွဲသည် ရွှေကျီးကန်းမျိုးနွယ်၏ အမွေဆက်ခံပွဲဖြစ်ပြီး ရွှေကျီးကန်းသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောလူများကသာ ဝင်ရောက်နိုင်သည်။

ရွှေကျီးကန်းမျိုးနွယ်၏ လျှို့ဝှက်နယ်မြေနှင့် ဆက်သွယ်ထားသော ယဇ်ပလ္လင်သည် အရေးအကြီးဆုံး အမွေအနှစ်နယ်မြေတစ်ခု ဖြစ်သည်။

လူသားများက ထိုနေရာသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ရွှေကျီးကန်းမျိုးနွယ်သာမက တခြားမျိုးနွယ်ကြီးများကလည်း လျှို့ဝှက်နယ်မြေကို ပိုင်ဆိုင်ကြသည်။

ထို့ကြောင့် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်များက ကျဆင်းမသွားကြပေ။

သို့သော် ယခုအချိန်တွင် လူသားများက နေဖမ်းပွဲကို ခိုးဝင်လာသည်။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

ထိုသို့ အမှန်တကယ် ဖြစ်လာလျှင် ရွှေကျီးကန်းမျိုးနွယ်၏ အမွေအနှစ်ကို လူသားများက ဖျက်ဆီးသွားနိုင်သည်။ ထို့အပြင် ရွှေကျီးကန်းမျိုးနွယ်၏ လျှို့ဝှက်ချက်များက ပေါက်ကြားသွားလိမ့်မည်။

“ရှန်းထန်ကလန်က လူသားမုဆိုးတပ်ဖွဲ့ကို တိုက်ခိုက်ပြီး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ဆုံးရှုံးခဲ့တယ်။ သူတို့က ဒီသတင်းကို ရလာခဲ့တယ်”

ဟယ်ကျူးယန်က အံကြိတ်ထားသည်။

“လွန်ခဲ့တဲ့နှစ်တွေမှာ လူသားမျိုးနွယ်က ငါတို့ ရွှေကျီးကန်းမျိုးနွယ်ကို အမဲလိုက်ပြီး ရွှေကျီးကန်းသွေးမျိုးဆက်ကို ရရှိခဲ့တယ်။ သူတို့က အနည်းဆုံး ရွှေကျီးကန်းအတု တစ်သိန်းကို ဖန်တီးနိုင်ခဲ့တယ်”

“သူတို့ရဲ့ ရုပ်ခန္ဓာစွမ်းအားက ရွှေကျီးကန်းသွေးမျိုးဆက်နဲ့ ပေါင်းစပ်နေတယ်။ ယဇ်ပလ္လင်ကနေတစ်ဆင့် လျှို့ဝှက်နယ်မြေကို မဝင်ခင်မှာ သူတို့က ရွှေကျီးကန်းသွေးမျိုးဆက်ကို အသက်သွင်းပြီး စစ်‌ဆေးမှုကို ဖြတ်ကျော်ခဲ့တယ်”

ဟယ်ကျူးယန်၏မျက်နှာထားက မည်းမှောင်နေသည်။

ယဇ်ပလ္လင်က ပွင့်နေပြီး နေဖမ်းပွဲတွင် ပါဝင်မည့်လူများက လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားကြသည်။

အကယ်၍ မဝင်ရောက်ရသေးလျှင်ပင် ရွှေကျီးကန်းအတုများကို စစ်ထုတ်ရန် မဖြစ်နိုင်ပေ။

All Chapters