အခန်း (၁၁၂၇)
Vol. 81 Ch. 1127
ဤနေရာတွင်စုစည်းနေသော လူနှစ်ထောင်၏မျက်နှာထားက ဆိုးဝါးသွားသည်။
ဟန်မူယဲ့က ပြန်ရောက်လာသောအခါ မီးတောက်များကို ခွဲထုတ်ပေးလိုက်သည်။
စည်းကမ်းကို နားလည်ထားသော ရွှေကျီးကလန်သားများက ဟန်မူယဲ့၏ မီးတောက်နှင့် သူတို့၏ မီးတောက်ကို ပေါင်းစပ်လိုက်ကြသည်။
ဟန်မူယဲ့၏မီးတောက်က အနည်းငယ်သာဖြစ်သော်လည်း ကိုယ်ပိုင်မီးတောက်နှင့် တိုက်ရိုက်ပေါင်းစပ်နိုင်ပြီး မီးတောက်နှင့်ပတ်သတ်သော နားလည်နိုင်စွမ်းကို တိုးတက်စေလိမ့်မည်။
ထိုအကြောင်းကို မသိသေးလျှင်လည်း သိပြီးသားလူများက ပြောပြလိုက်ကြသည်။
“ကျေးဇူးပါခေါင်းဆောင်ဟန်၊ ခေါင်းဆောင်ဟန်ရဲ့ နည်းလမ်းတွေကြောင့်သာမဟုတ်ရင် ရန်သူကို ခွဲခြားနိုင်မှာမဟုတ်ဘူး”
အစိမ်းရောင်ဝတ်စုံနှင့် လူသန်ကြီးတစ်ယောက်က လက်ထဲတွင် ဟန်မူယဲ့ပေးထားသော ပဲစေ့အရွယ်မီးတောက်ကို ကိုင်ထားပြီး ရှေ့တက်လာသည်။ သူက ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
ဘေးတွင်ရှိနေသော လူများက ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ထောက်ခံကြောင်း ပြောတော့မည့်အချိန်တွင် မျက်လုံးပြူးသွားသည်။
လူသန်ကြီးက အဆီအနှစ်ဝိညာဉ်နှစ်ခုကို ဖော်ထုတ်ပြီး ဟန်မူယဲ့ကို ခုန်အုပ်သည်။
အဆီအနှစ်ဝိညာဉ်နှစ်ခု ....
လူသားဖြစ်သည်။
တစ်ချိန်တည်းမှာပင် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်က ပြိုင်တူလှုပ်ရှားလိုက်ကြသည်။ သူတို့က ဟန်မူယဲ့ကို သတ်ဖြတ်ချင်သည်။
“ထွက်သွားစမ်း”
“သူတို့ကို တားကြ”
လူတိုင်းက ကူညီပေးရန် ကြိုးစားလိုက်ကြသည်။
ဟန်မူယဲ့ သေဆုံးခဲ့လျှင် ဤနေရာတွင်ရှိသော လူများ၏ စည်းလုံးမှုက ပျောက်ကွယ်သွားလိမ့်မည်။
စည်းလုံးမှု ပျောက်ကွယ်သွားလျှင် လူစုကွဲသွားလိမ့်မည်။
ဟန်မူယဲ့က လက်ထဲတွင် ရွှေကျီးကန်းမီးတောက်ကို ကိုင်ထားပြီး ပြေးဝင်လာသော လူသန်ကြီးကို တည်ငြိမ်စွာ ကြည့်နေသည်။
သူက ပြန်ရောက်လာသောအချိန်တွင် သတိထားနေခဲ့သည်။
ဤနေရာတွင် လူအများအပြား စုစည်းနေသောကြောင့် လူသားများလည်း ရှိနေနိုင်သည်။
သူထင်ထားသည့်အတိုင်း ဖြစ်သည်။
“ဝီ”
ရွှေကျီးကန်းမီးတောက်က ရွှေအလင်းကို ထုတ်လွှတ်သည်။
လူသန်ကြီးနှင့် အဆီအနှစ်ဝိညာဉ်က ရွှေအလင်းနှင့် တိုက်မိပြီး မျက်စိကျိန်းလောက်သော အလင်းကို ထုတ်ပေးသည်။
“ဘန်း”
လူသန်ကြီး၏နောက်တွင်ရှိသော ရွှေကျီးကန်းအဆီအနှစ်ဝိညာဉ်က ပျက်စီးသွားသည်။
ကျန်ရှိနေသော မီးခိုးရောင်ဝံပုလွေပုံရိပ်က တုန်ခါနေသည်။
“အရှင်မင်းကြီးကို အမြဲတမ်း သစ္စာရှိမယ်”
လူသန်ကြီးက အော်ဟစ်လိုက်သည်။ သူ့နောက်တွင်ရှိသော လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်က ပူးပေါင်းလိုက်ပြီး သွေးရောင်အလင်းကို ပစ်လွှတ်သည်။
သွေးအလင်းသည် အလွန်တောက်ပနေပြီး ဟန်မူယဲ့၏ ရွှေကျီးကန်းမီးတောက်ကို လွှမ်းခြုံသွားသည်။
အသက်စတေးပြီး ထုတ်လွှတ်ထားသော စွမ်းအားသည် အလွန်အားကောင်းသည်။
ထိုလူများသည် ကောင်းကင်တစ်သောင်းတိုင်းပြည်ကို အပြည့်အဝ သစ္စာရှိကြသည်။
သူတို့က ဦးနှောက်ဆေးခံထားရသောကြောင့် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားသည်။
သူတို့က သန်မာသော်လည်း ရုပ်သေးရုပ်များသာ ဖြစ်ကြသည်။
“သတ်”
ဟန်မူယဲ့က လက်သီးချက်ကို ဖော်ထုတ်သည်။
ဤတစ်ကြိမ်တွင် သူက ခွန်အားထုတ်ပြခဲ့သည်။
သူက ပြန့်ကျဲနေသော ရွှေကျီးကလန်သားများကို စုစည်းချင်သောကြောင့် သူတို့အား ဖိနှိပ်နိုင်သော လုံလောက်သည့်ခွန်အားကို ပိုင်ဆိုင်ရမည်။
ခွန်အား၏ရှေ့တွင် အကြံအစည်များအားလုံးက အသုံးမဝင်ပေ။
“ဘန်း”
ရွှေကျီးကန်းပုံရိပ်သည် ဟန်မူယဲ့၏ရှေ့တွင် ဖြစ်တည်လာသည်။
လက်သီးချက်ကို အသုံးပြုပြီး ပုံရိပ်ကို အစစ်အမှန်ဖြစ်လာစေသည်။
ထိုလက်သီးချက်က ကြောက်စရာကောင်းသည်။
အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများမှလွဲ၍ ထိုနည်းစနစ်မျိုးကို မည်သူမှ မသုံးနိုင်ကြပေ။ အမွေဆက်ခံလာသော နည်းစနစ်များတွင်လည်း ထိုနည်းလမ်းမျိုး မရှိပေ။
သူက ခွန်အားကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။
မဟာတောရိုင်းကမ္ဘာ၏ ကျင့်ကြံခြင်းနည်းစနစ်များက ရိုးရှင်းပြီး အကြမ်းထည်ဆန်သည်။ ထိုသို့ ကောင်းမွန်သော လက်သီးနည်းစနစ်မျိုး မရှိခဲ့ပေ။
လက်သီးချက်မှ ထွက်ပေါ်လာသော ရွှေကျီးကန်းပုံရိပ်သည် လောကကို တုန်ခါသွားစေသည်။
“ဘန်း”
လက်သီးချက်ကြောင့် အရာရာတိုင်းသည် အမှုန်အမွှားအဖြစ် ပြောင်းလဲသွားသည်။
လက်သီးချက်ကြောင့် လူသားကျွမ်းကျင်သူကိုးဦး ကျဆုံးသွားသည်။
“ဘုန်း”
ရွှေကျီးကန်းပုံရိပ်က မပျောက်ကွယ်ဘဲ ကောင်းကင်အထိ ဆက်ရောက်သွားသည်။
လက်သီးတစ်ချက်၏စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ပတ်ဝန်းကျင်တွင်ရှိနေသော ရွှေကျီးကလန်၏ လက်ရွေးစင်များအားလုံးက အံ့အားသင့်သွားကြသည်။
တစ်ချိန်တည်းမှာပင် လူသားများ၏ သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော သွေးစွမ်းအင်သည် အနီရောင်ကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင် တောက်ပနေသည်။ ထို့နောက် ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲသွားသည်။
“အဲဒါက သူတို့ရဲ့ ဆက်သွယ်ရေးနည်းလမ်းပဲ”
ကောင်းကင်ထက်တွင် ပေါက်ကွဲသွားသောကြယ်ကို ကြည့်လိုက်ပြီး လူတစ်ယောက်က အော်ပြောသည်။
တခြားလူများ၏ မျက်နှာထားကလည်း ပြောင်းလဲသွားသည်။
ယခုအချိန်တွင် လူတိုင်းက ဖရိုဖရဲဖြစ်နေသည်။
“ချီကျီယု၊ ကျူးယွီချန်နဲ့အတူ အုပ်စုဖွဲ့ပြီး ကလန်သားသုံးရာကို ဦးဆောင်ပါ။ မင်းတို့က အရှေ့တောင်ဘက်ကို ကာကွယ်ထားမယ်”
“ပိုင်ကျူးနဲ့ကျောက်ဟုန်က နောက်ထပ် ကလန်သားသုံးရာကို ဦးဆောင်ပြီး အနောက်မြောက်ဘက်ကို စောင့်ကြပ်မယ်”
ဟန်မူယဲ့က မငြင်းဆန်နိုင်သော အမိန့်အာဏာနှင့်အတူ ပြောလိုက်သည်။
ချီကျီယုက ပျံသန်းထွက်လာပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ အော်ဟစ်သည်။
“နားလည်ပါပြီ”
တခြားလူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လှုပ်ရှားသည်။
ဖရိုဖရဲဖြစ်နေသော လူအုပ်က အစီအစဉ်တကျ ဖြစ်သွားသည်။
ချက်ချင်းဆိုသလိုပင် လူနှစ်ထောင်ကို အုပ်စုခြောက်ခု ခွဲလိုက်သည်။ လူခြောက်ရာက ယဇ်ပလ္လင်တွင် ကျန်နေခဲ့သည်။ ဟန်မူယဲ့ကလည်း လူသုံးရာကိုဦးဆောင်ပြီး ထွက်သွားခဲ့သည်။
“ချီချန်၊ ဒီနေရာမှာ ရန်သူတွေနဲ့ အပြင်းအထန် မတိုက်ခိုက်ပါနဲ့။ တခြားလူတွေက အထောက်အပံ့လိုရင် ကူညီပေးလိုက်ပါ။ ရန်သူက အရမ်းသန်မာနေရင် နောက်ဆုတ်လိုက်ပါ”
ဟန်မူယဲ့က အစိမ်းရောင်ချပ်ဝတ်နှင့် လူသန်ကြီးကို ပြောလိုက်သည်။ သူက လက်မြှောက်ပြီး ရွှေကျီးကန်းမီးတောက်ကို ထုတ်ပေးသည်။
“ခေါင်းဆောင်ဟန်၊ စိတ်မပူပါနဲ့။ ကျွန်တော်က ပြဿနာတက်မှာမဟုတ်ပါဘူး”
ချီချန်ဟုခေါ်သော လူသန်ကြီးက အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွင် ရှိနေသည်။ သူက ဟန်မူယဲ့၏ နတ်ဘုရားမီးတောက်ကို ယူလိုက်ပြီး လေးနက်စွာ ပြောသည်။
ထိုမီးတောက်ကို ထောင်ချီနေသော အစိတ်အပိုင်းများအဖြစ် ခွဲထုတ်ပြီး ရွှေကျီးကလန်သားများကို စစ်ဆေးကြည့်နိုင်သည်။
ဟန်မူယဲ့က သူတို့ကို ညွှန်ကြားလိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
“ငါက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတွေကို သွားရှာလိုက်မယ်”
အကူအညီတောင်းရန်အတွက် ဖြစ်နိုင်သလို ကယ်ဆယ်ရန်အတွက်လည်း ဖြစ်နိုင်သည်။
ရွှေကျီးကန်းများ၏ လက်ရွေးစင်သုံးရာက သူ့နောက်တွင် လိုက်လာသည်။ သူတို့က လျင်မြန်စွာ ထွက်သွားကြသည်။
သိပ်မကြာခင်မှာပင် လူတစ်ရာကို မြင်လိုက်ရသည်။
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားပြီး တစ်ဖက်သို့လှည့်၍ လက်မြှောက်သည်။
သူ့နောက်တွင်ပါလာသော ရွှေကျီးကလန်သား သုံးရာက အဆီအနှစ်ဝိညာဉ်စွမ်းအားကို သိမ်းဆည်းပြီး သွေးမျိုးဆက်စွမ်းအားကို တိတ်ဆိတ်စွာ စုစည်းထားလိုက်သည်။
“မင်းတို့က ဘယ်ကလန်ကလဲ”
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ပြေးလာသောလူများ၏ရှေ့သို့ ရောက်သွားသည်။
လူတစ်ရာက ရပ်တန့်သွားသည်။ ခေါင်းဆောင်က ရှေ့တက်လာပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“ကျစ်ကျီကလန်ရဲ့ ချောင်ယွီဟူက လူသားမျိုးနွယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် လူသားတွေကို ဝိုင်းရံသတ်ဖြတ်ဖို့ ရောက်လာတာပါ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လမ်းဖယ်ပေးသည်။
“သူတို့က ရှေ့မှာ လူစုနေတယ်”
သူက ကျယ်လောင်စွာ ပြောသည်။
“ငါတို့က လူအင်အားစုဆောင်းနေတာပဲ”
ချောင်ယွီဟူက ခေါင်းညိတ်လိုက်ပြီး နောက်တွင်ရှိသော လူတစ်ရာကို စုစည်းသည်။ သူတို့က ရွှေကျီးကန်းအဆီအနှစ်ဝိညာဉ်ကို ထုတ်ပြလိုက်ကြသည်။
သူတို့အားလုံးက ရွှေကျီးကန်းသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည်။
ချောင်ယွီဟူ၏နောက်တွင် ငွေရောင်သန်းနေသော အဆီအနှစ်ဝိညာဉ်တစ်ခု ရှိသည်။ သူက နဝမအဆင့်သို့ ဝင်ရောက်လာသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေကျီးကန်းမီးတောက်ကို ထုတ်ပေးသည်။
“ဒါက ဒီနေရာရဲ့ ဝင်ခွင့်အမှတ်အသားပဲ။ ဒါမရှိရင် လူသားတွေက မင်းတို့ကို ဝိုင်းရံတိုက်ခိုက်လိမ့်မယ်”
ချောင်ယွီဟူက ပြုံးလိုက်ပြီး ရွှေကျီးကန်းမီးတောက်ကို လက်ခံသည်။
“အဲဒါဆိုရင် ငါတို့က အရင်ဆုံး တခြားလူတွေနဲ့ ပူးပေါင်းလိုက်မယ်”
ချောင်ယွီဟူက လူတစ်ရာကို ဦးဆောင်ပြီး ရှေ့ဆက်သွားသည်။
သူက ဟန်မူယဲ့ဘေးသို့ ရောက်လာသောအခါတွင် ဟန်မူယဲ့က ရုတ်တရက် မေးသည်။
“မင်းက လူသားတွေရဲ့ ဝင်္ကပါကို လေ့ကျင့်ဖူးတာလား”
ချောင်ယွီဟူက အံ့အားသင့်သွားသည်။ သူမတုံ့ပြန်နိုင်ခင် သိမ်းဆည်းထားသော ဟန်မူယဲ့၏ ရွှေကျီးကန်းမီးတောက်က ပေါက်ကွဲပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
“သတ်”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။
သူ့နောက်တွင်ရှိသော ရွှေကျီးကလန်သားသုံးရာက ပျံသန်းလာကြသည်။
ချောင်ယွီဟူနှင့်အတူ လိုက်လာသော လူတစ်ရာက အငိုက်မိသွားသည်။ ရွှေကျီးကလန်သား သုံးရာက မီးတောက်များဖြင့် ပစ်ပေါက်လိုက်ကြသည်။
မီးတောက်ဖြင့် အဝေးရောက်တိုက်ခိုက်မှု၊ ခြေလက်များဖြင့် အနီးကပ်တိုက်ခိုက်မှု ....
ရွှေကျီးကန်း၏ သွေးမျိုးဆက်စွမ်းအားနှင့် ထောက်ပံ့ပေးထားသော လျှို့ဝှက်နယ်မြေတွင် ရွှေကျီးကန်းမီးတောက်နှင့် ရွှေကျီးကလန်သားများ၏ တိုက်ခိုက်မှုက အသန်မာဆုံး ဖြစ်သည်။
“ဘန်း”
မရေမတွက်နိုင်သော ရွှေကျီးကန်းမီးတောက်များ ပေါက်ကွဲသွားပြီး လူတစ်ရာကို လွှမ်းခြုံလိုက်သည်။
တချို့လူများ၏ အဆီအနှစ်ဝိညာဉ်က ပျက်စီးသွားပြီး ဒုတိယမြောက် အဆီအနှစ်ဝိညာဉ် ပေါ်လာသည်။ တချို့က မီးတောက်များကြားတွင် တစ်ခါတည်း ပြာကျသွားကြသည်။
လူသားများ ဖြစ်သည်။
ထိုလူတစ်ရာသည် အယောင်ဆောင်ထားသော လူသားများ ဖြစ်ကြသည်။
“ဝင်္ကပါ”
လူတစ်ယောက်က အော်ဟစ်သည်။
သို့သော် ရွှေကျီးကန်းမီးတောက်က သူတို့ကို လွှမ်းခြုံထားသောကြောင့် ဝင်္ကပါဖွဲ့စည်းရန် ခက်ခဲနေသည်။
ကြိုတင်ပြင်ဆင်ထားသော ရွှေကျီးကလန်သားသုံးရာက လူအုပ်ထဲသို့ ပြေးဝင်သွားပြီး ရက်စက်စွာ သတ်ဖြတ်နေကြသည်။
ဝင်္ကပါကို အသုံးမပြုနိုင်သော လူသားများက အားနည်းသည်။ သူတို့က ရွှေကျီးကန်းမျိုးနွယ်၏ လက်ရွေးစင်များနှင့် မယှဉ်နိုင်ကြပေ။
ဟန်မူယဲ့က ရှေ့တိုးလိုက်ပြီး လက်သီးဖြင့် ထိုးချသည်။
“ဘန်း”
မီးစွဲနေသော ချောင်ယွီဟူက သွေးတစ်လုပ်အန်ထုတ်ပြီး နောက်ဆုတ်ပေးလိုက်ရသည်။ သူ၏ ငွေရောင် အဆီအနှစ်ဝိညာဉ်က တစ်ခါတည်း ပျက်စီးသွားသည်။
လုယူထားသော ကျင့်ကြံခြင်းနှင့် အဆင့်တူတစ်ယောက်ကို တိုက်ခိုက်ရန် မလွယ်ပေ။
ရွှေကျီးကန်းပုံရိပ် ပြိုကွဲသွားသောအခါ ခရမ်းရောင်ကျားပုံရိပ် ပေါ်ထွက်လာသည်။
ချောင်ယွီဟူက အဆီအနှစ်ဝိညာဉ် အဌမအဆင့်တွင် ရှိသည်။
သူက ထွက်ပြေးသွားရန် ကြိုးစားလိုက်သည်။ ဟန်မူယဲ့က လက်မြှောက်ပြီး လက်သီးထိုးချသည်။