← Chapters

အခန်း (၁၁၃၁)

Vol. 81 Ch. 1131

အခန်း (၁၁၃၁)

Vol. 81 Ch. 1131

လက်သီးချက်ကြောင့် ပေတစ်ရာကြီးမားသော ရွှေကျီးကန်းပေါ်လာပြီး လက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။ ကျီးကန်း၏ လက်သည်းချက်က လောကကို ဆွဲဖြဲတော့မည်ဟု ထင်ရသည်။

ရျွေကျီးကန်း၏ခန္ဓာကိုယ်က သန်းဆယ်ချီသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်သည်။

“ဘုန်း”

လူသားစစ်တပ်ဝင်္ကပါ၏ နဂါးပုံရိပ်က လွှမ်းမိုးခံလိုက်ရသည်။

ရွှေကျီးကန်း၏ မီးတောက်များက နဂါးကို ရစ်ပတ်ထားသည်။

ချက်ချင်းဆိုသလိုပင် အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်၏ အောက်တွင်ရှိနေသော လူသားစစ်သည်များက တစ်ကိုယ်လုံး တုန်ခါသွားကြသည်။

သူတို့၏ခွန်အားက မလုံလောက်ပေ။

ဟန်မူယဲ့၏ လက်သီးချက်က ဝင်္ကပါတစ်ခုလုံးကို သက်ရောက်နိုင်သည်။

စစ်တပ်ဝင်္ကပါက ဝိုင်းရံခံထားရသော ရွှေကျီးကလန်သားသုံးထောင်နှင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်ရန် အဓိက အာရုံစိုက်ထားသည်။ ထို့ကြောင့် ဟန်မူယဲ့ကို ခုခံရန် ခွန်အားအကန့်အသတ် ရှိသည်။

“သတ်”

ဟန်မူယဲ့က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လက်‌ရွေးစင်သုံးသောင်းကို ဦးဆောင်၍ လက်သီးချက်ကြောင့် ကျိုးပေါက်သွားသော ဝင်္ကပါထဲသို့ ဝင်ရောက်သည်။

ဝင်္ကပါထဲတွင် လူတစ်ယောက်က အော်ဟစ်လိုက်သည်။ ဝင်္ကပါက လျင်မြန်စွာ ပြောင်းလဲသွားသည်။

ပိုမိုများပြားသော ဝင်္ကပါများက ဟန်မူယဲ့တို့အုပ်စုဆီသို့ တိုးဝင်လာသည်။

ရုတ်တရက်ဆိုသလိုပင် သူတို့ကို တားဆီးထားသော စွမ်းအားက များပြားလာသည်။

ဝင်္ကပါကို ချိုးဖောက်ဝင်လာသော ဟန်မူယဲ့တို့အုပ်စုက တားဆီးခံလိုက်ရသည်။

ထို့ကြောင့် ပြိုလဲသွားတော့မည့် ရွှေကျီးကန်းသုံးထောင်က အသက်ရှူချိန်ရသွားသည်။

“သူ့ကိုသတ်”

လေထုထဲတွင် ဟိန်းဟောက်သံကို ကြားရသည်။

ရှန်းကျန်းယွီနှင့် တိုက်ခိုက်နေသော အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

“ကိုယ့်ကိုယ့်ကိုယ် အရင်ဂရုစိုက်ပါအုံး”

ရှန်းကျန်းယွီက အေးစက်စွာ နှာမှုတ်သည်။ သူ၏ ရွှေကျီးကန်းက တောင်ပံခတ်လိုက်ပြီး လက်သည်းဖြင့် ကုတ်ဆွဲသည်။

ရှန်းကျန်းယွီက ရွှေအလင်းကို ထုတ်လွှတ်နေပြီး ရွှေရောင်ဓားမော့တစ်လက်ဖြင့် အဆက်မပြတ် တိုက်ခိုက်သည်။

လူသားကျွမ်းကျင်သူ၏ နောက်တွင် ပုံရိပ်နှစ်ခု ရှိနေသည်။ တစ်ခုက အဆီအနှစ်ဝိညာဉ် အဌမအဆင့်တွင်ရှိသော ရွှေကျီးကန်းပုံရိပ် ဖြစ်သည်။ နောက်တစ်ခုက အစစ်အမှန်ဝိညာဉ်အဆင့် မြွေတစ်ကောင် ဖြစ်သည်။

အစစ်အမှန်ဝိညာဉ်အဆင့် မြွေပုံရိပ်က ရှန်းကျန်းယွီ၏ ရွှေကျီးကန်းပုံရိပ်ကို ကြောက်ရွံ့နေပုံပေါ်သည်။ သို့သော် လူသားမျိုးနွယ်၏ ကျွမ်းကျင်သူက အင်းကွက်နှစ်ဆယ်ပါဝင်သော စစ်ပွဲသုံးတူတစ်လက်ကို ကိုင်ဆောင်ထားသည်။

အစစ်အမှန်ဝိညာဉ်အင်းကွက် နှစ်ဆယ်ပါဝင်သော အစစ်အမှန်လက်နက် ဖြစ်သည်။

ထိုလက်နက်က စိတ်ကူးမယဉ်နိုင်သော စွမ်းအားကို သယ်ဆောင်ထားသည်။

ထိုလက်နက်ကြောင့် လူသားမျိုးနွယ်၏ ကျွမ်းကျင်သူက ခွန်အားကွာခြားချက်ကို ဖာထေးပြီး ရှန်းကျန်းယွီနှင့် လက်ရည်တူ တိုက်ခိုက်နိုင်ခဲ့သည်။

ထိုလူ၏ အမိန့်ကြောင့် အဆီအနှစ်ဝိညာဉ် အဌမအဆင့်နှင့် နဝမအဆင့် ကျွမ်းကျင်သူ ဆယ့်ရှစ်ယောက်က ဟန်မူယဲ့ဆီသို့ လျင်မြန်စွာ ရောက်လာကြသည်။

ထိုဆယ့်ရှစ်ယောက်က ဝင်္ကပါဖွဲ့စည်းပြီး ချိန်းကြိုးများဖြင့် ဟန်မူယဲ့ကို ချုပ်နှောင်ရန် ကြိုးစားသည်။

ဟန်မူယဲ့၏နောက်တွင် ရွှေကျီးကလန်၏ လက်ရွေးစင်များက ဟန်မူယဲ့ကို ကူညီပေးချင်ကြသည်။

“ဆက်သွားကြ”

ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

သူက ခွန်အားကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိတော့ပေ။

အပျက်အစီးနယ်မြေတွင် သူက ရွှေကျီးကန်းသွေးမျိုးဆက်ကို အသုံးပြုပြီး အနာဂတ်တွင် ပျောက်ကွယ်သွားမည့် နတ်ဘုရားသားရဲများ၏ကိုယ်စား နောက်ဆုံးတောက်ပမှုကို ဖော်ပြမည်။

ထိုအတွေး ရှင်းလင်းလာသောအခါ သူ့ခန္ဓာကိုယ်တွင်ရှိသော သွေးမျိုးဆက်စွမ်းအားက ဆက်တိုက် ဆူပွက်လာသည်။

သွေးမျိုးဆက်စွမ်းအားကို ဖော်ထုတ်လိုက်သည်။

သူ၏ သွေးက ဆူပွက်နေပြီး နတ်ဘုရားမီးတောက်က လောင်ကျွမ်းနေသည်။ သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအားက အဆုံးစွန်အထိ ရောက်နေသည်။

လောက၏စွမ်းအားနှင့် ရုပ်ခန္ဓာက ဆက်သွယ်နေပြီး တုန်ခါလာသည်။

“ဘုန်း”

ဟန်မူယဲ့၏နောက်တွင် ငွေရောင်အဆီအနှစ်ဝိညာဉ် ပေါ်ထွက်လာသည်။

ထိုအဆီအနှစ်ဝိညာဉ်တွင် ရွှေအလင်းတစ်ခုက မှိန်ဖျော့စွာ တောက်ပနေသည်။

အဆီအနှစ်ဝိညာဉ် နဝမအဆင့်၏ အထွတ်အထိပ်၊ အစစ်အမှန်ဝိညာဉ် တစ်ဝက်အဆင့် ....

ထိုအချိန်တွင် ယခင်က ဟန်မူယဲ့ရရှိထားသော အစစ်အမှန်ဝိညာဉ်အရိုး၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျင့်ကြံခြင်းနှင့် ဉာဏ်အလင်းက သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။

အစစ်အမှန်ဝိညာဉ်အင်းကွက်ကို စုစည်းပြီး အစစ်အမှန်ဝိညာဉ်အရိုးကို ဖန်တီးရမည်။

“ဝီ”

ရွှေအလင်းက တလက်လက်တောက်ပနေသည်။ ရွှေအလင်းတန်းများသည် ဟန်မူယဲ့၏ ဦးခေါင်းထက်တွင် သွယ်ယှက်နေပြီး ရွှေကျီးကန်းပုံရိပ်ကို ဖန်တီးသည်။

ရွှေကျီးကန်း၏ အဆီအနှစ်ဝိညာဉ်ပုံရိပ်နှင့် မသက်ဆိုင်ပဲ နောက်ထပ် ရွှေကျီးကန်းပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

အစစ်အမှန်ဝိညာဉ် ဖြစ်သည်။

သို့သော် အပြည့်အဝ မဟုတ်သေးပေ။ အစစ်အမှန်ဝိညာဉ်အင်းကွက်နှင့် အစစ်အမှန်ဝိညာဉ်အရိုး တစ်ပိုင်းတစ်စကိုသာ စုစည်းထားသော အစစ်အမှန်ဝိညာဉ်တစ်ဝက်အဆင့် ဖြစ်သည်။

ဟန်မူယဲ့၏ ကောင်းကင်နှင့်မြေကြီး၏စွမ်းအား နားလည်မှုသည် တည်ငြိမ်သွားသည်။

ယခုအချိန်တွင် သူက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည်။

“ဘုန်း”

ရွှေအလင်းများသည် ပတ်ဝန်းကျင်တွင် သွယ်ယှက်နေသည်။

လူသားကျွမ်းကျင်သူ ဆယ့်ရှစ်ယောက်က လေးနက်‌သော မျက်နှာထားဖြင့် ဓားနှင့်ဓားမော့များကို လှုပ်ရှားလိုက်ကြသည်။

ဟန်မူယဲ့၏ အငွေ့အသက်က အဆင့်တူများထက် သာလွန်နေသည်။

လက်နက်များ ကျဆင်းလာသောအခါတွင် ဟန်မူယဲ့က တည်ငြိမ်နေသည်။

ယခင်ကဆိုလျှင် သူက အနည်းငယ် ရှောင်တိမ်းရန် လိုအပ်လိမ့်မည်။

သို့သော် ယခုအချိန်တွင် မဟုတ်တော့ပေ။

အစစ်အမှန်ဝိညာဉ်အဆင့်၏ အောက်တွင်ရှိသော လူတိုင်းသည် အမှန်တကယ်ပင် ပုရွက်ဆိတ်များ ဖြစ်ကြသည်။

သူက လက်မြှောက်သည်။ ပတ်ဝန်းကျင်တွင်ရှိသော ရွှေအလင်းက ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။

သူက ဓားကိုင်ထားပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ ဓားအလင်းသည် သူနှင့်အတူ လိုက်ပါလာပြီး ပြေးထွက်သွားသည်။ ထိုဓားချက်သည် လူသားကျွမ်းကျင်သူသုံးဦး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ခဲ့သည်။

နောက်ထပ် ဓားတစ်ချက်ကြောင့် လူငါးယောက်က ပေတစ်ထောင်အထိ နောက်ဆုတ်ပေးလိုက်ရသည်။

ဓားရှည်သည် အဆုံးမရှိသော ရွှေအလင်းအဖြစ် ပေါက်ကွဲသွားသည်။

ထိုအလင်းရောင်သည် လူသားကျွမ်းကျင်သူခြောက်ဦးကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။ သူတို့က ပေရာချီအကွာအထိ နောက်ဆုတ်ပေးလိုက်ရသည်။

လူသားကျွမ်းကျင်သူ ဆယ့်ရှစ်ယောက်တွင် လေးယောက်သာ ကျန်တော့သည်။

ထိုအရာသည် ဟန်မူယဲ့၏ ဓားပညာရပ် ဖြစ်သည်။ လူသားများက ခုခံနိုင်မည်မဟုတ်ပေ။

“ဘန်း”

ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် ရွှေအလင်းများက ပေါက်ကွဲထွက်လာပြီး ဓားရှည်တစ်လက်အဖြစ် စုစည်းလိုက်ပြန်သည်။

ဓားကိုယ်ထည်တွင် အစစ်အမှန်ဝိညာဉ်အင်းကွက်များ ရှိနေသည်။

အစစ်အမှန်ဝိညာဉ်အရိုး ....

ထိုဓားသည် ဟန်မူယဲ့၏ အစစ်အမှန်ဝိညာဉ်အရိုး ဖြစ်သည်။

အဝေးတစ်နေရာတွင်ရှိသော စစ်မြေပြင်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက်က အံ့အားသင့်နေကြသည်။

‘အစစ်အမှန်ဝိညာဉ်အရိုးကို ဓားတစ်လက်အဖြစ် စုစည်းနိုင်တာလား’

“ဝိညာဉ်ကို ဓားအဖြစ် အသုံးပြုမယ်။ ကျင့်ကြံခြင်းနဲ့ ရုပ်ခန္ဓာကိုလည်း ဓားအဖြစ် အသုံးပြုမယ်”

ဟန်မူယဲ့က ရေရွတ်သည်။

ထိုအရာသည် အံ့ဖွယ်ကိုးပါးတောင်တန်း၏ ဓားစံအိမ်အမွေအနှစ်ပင် ဖြစ်သည်။

ဓားပျိုးထောင်နည်းစနစ် ....

ဓားစစ်သည်နည်းစနစ် ....

ဓားစုစည်းခြင်းနည်းစနစ် ....

လောကတွင်ရှိသော အရာအားလုံးသည် ရိုးရှင်းခြင်းနှင့် ရှုပ်ထွေးခြင်း၏စက်ဝန်းသာ ဖြစ်နိုင်သည်။

ကျင့်ကြံခြင်းလောက၏ ကနဦးခေတ်များဖြစ်သော မဟာတောရိုင်းကမ္ဘာ၏ အပျက်အစီးနယ်မြေတွင် ဟန်မူယဲ့က အနာဂတ်မျိုးဆက်များအထိ ဆက်လက်တည်မြဲနေမည့် ဓားပညာရပ်ကို နားလည်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုအရာသည် ဓားနည်းစနစ်မဟုတ်ပဲ ဓားတာအို၏ အမှန်တရား ဖြစ်သည်။

ကောင်းကင်စက်ဝန်းဓားနည်းစနစ် ဖြစ်စေ၊ ကောင်းကင်အံ့ဖွယ်ဓားနည်းစနစ် ဖြစ်စေ ဓားတာအို၏ အဆီအနှစ်ကို စုစည်းရန် လိုအပ်သည်။

ထိုခြေလှမ်းသည် ဟန်မူယဲ့အတွက် အလွန်အရေးကြီးသည်။

ဓားနှင့်ပတ်သတ်သော သူ၏ နားလည်မှုသည် နက်နဲသော်လည်း မလုံလောက်‌ခဲ့ပေ။

သူက သတ်ဖြတ်ခြင်းဓား၊ ထောင်ချောက်ဓားနှင့် အင်မော်တယ်ဖျက်ဆီးခြင်းဓားကို အတူတကွ မသုံးနိုင်ခဲ့ပေ။

အဓိကအကြောင်းပြချက်သည် သူ၏ ကျင့်ကြံခြင်းနှင့် ဝိညာဉ်က ထိုဓားသုံးလက်ကို ဆက်တိုက်ထိန်းချုပ်နိုင်အောင် မလုံလောက်ခဲ့ပေ။ ထို့အပြင် ဓားတာအို၏ နားလည်မှုကလည်း နိမ့်ပါးနေသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် လုံလောက်သွားပုံရသည်။

အပျက်အစီးနယ်မြေမှ ထွက်ခွာပြီး နတ်ဘုရားကမ္ဘာသို့ ရောက်လျှင် သူ၏ မူလဝိညာဉ်ဓားသုံးလက်ကို အသုံးပြုရမည်။

“ဝီ”

ဟန်မူယဲ့၏ ဓားရှည်သည် ရွှေအလင်းဖြင့် တောက်ပနေသည်။ ဟန်မူယဲ့က ဓားဖြင့် ခုတ်ချလိုက်သည်။

သူ့ရှေ့တွင်ရှိသော လူသားကျွမ်းကျင်သူလေးယောက်က တစ်ခါတည်း ပျက်စီးသွားသည်။ ဓားအလင်းသည် ရှေ့ဆက်တိုးသွားခဲ့သည်။

ထိုဓားအလင်းက ပေထောင်ချီအကွာအထိ ရောက်သွားပြီး လူသားစစ်တပ်ဝင်္ကပါကို တစ်ခါတည်း ပိုင်းဖြတ်ခဲ့သည်။

ရွှေကျီးကန်းမျိုးနွယ်၏ အနက်ရောင်ချပ်ဝတ်နှင့် လက်ရွေးစင်များက ငွေရောင်စစ်တပ်ဝင်္ကပါဆီသို့ ရေလှိုင်းများသဖွယ် ပြေးဝင်သွားသည်။

ဝင်္ကပါက ပျက်စီးသွားသောကြောင့် လူသားများက ဝင်္ကပါစွမ်းအားကို ထိန်းသိမ်းမထားနိုင်တော့ပေ။ သူတို့၏ အသေးစားဝင်္ကပါများက သီးသန့်တိုက်ခိုက်နေရပြီး ခွန်အားမစုစည်းနိုင်တော့ပေ။

ထိုဝင်္ကပါများက ရွှေကျီးကန်းမျိုးနွယ်၏ လက်ရွေးစင်များကို တားဆီးရန် မလုံလောက်ပေ။

“ဘုန်း”

အရင်ဆုံး ပြိုကျသွားသော ဝင်္ကပါက ရှန်းကျန်းယွီဦးဆောင်သော ရွှေကျီးကလန်သားသုံးထောင်၏ရှေ့တွင် ရှိနေသည့် စစ်သည်တစ်သောင်းဝင်္ကပါ ဖြစ်သည်။

သူ၏ ရွှေကျီးကလန်သားသုံးထောင်က အဆီအနှစ်ဝိညာဉ် အဌမအဆင့်နှင့် နဝမအဆင့်တွင် ရှိနေကြသည်။

စစ်သည်တစ်သောင်းက သူတို့ကို ခုခံရန် ခက်ခဲနေသည်။ ယခုအချိန်တွင် လူသားစစ်သည်သုံးသောင်း၏ ဝင်္ကပါက ကွဲထွက်သွားသောကြောင့် သူတို့က တောင့်မခံနိုင်တော့ဘဲ ပြိုကွဲသွားသည်။

ရှန်းကျန်းယွီ၏တပ်ဖွဲ့က ဟန်မူယဲ့၏ ရွှေကျီးကလန်သားသုံးသောင်းနှင့် ပူးပေါင်းလိုက်ပြီး ဆက်လက်တိုက်ခိုက်နေသည်။

ဟန်မူယဲ့က တိုက်ပွဲပြင်းထန်နေသော အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူလေးယောက်ကို ကြည့်လိုက်သည်။

“နောက်ဆုတ်မယ်”

လက်သီးချက်နှင့် ကျူးချန်ယန်ကို တွန်းထုတ်လိုက်သော အနက်ရောင်ချပ်ဝတ်နှင့် လူက အော်ဟစ်သည်။ သူက ရွှေအလင်းကို ထုတ်လွှတ်ပြီး စစ်သည်များကို ဝင်္ကပါအဖြစ် ဖြည်းဖြည်းချင်း ပြန်လည်စုစည်းသည်။

ကျူးချန်ယန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး အနက်ရောင်ချပ်ဝတ်နှင့်လူဆီသို့ ထပ်မံပြေးဝင်သွားသည်။

သူက လူသားများ၏တိုက်ခိုက်မှုကို ခုခံနေခဲ့ရသည်။ ယခုအချိန်တွင် အခြေအနေက ပြောင်းလဲသွားသည်။

တစ်ဖက်တွင် ရှန်းကျန်းယွီက လူသားမျိုးနွယ်၏ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။ ယခု လူသားစစ်တပ်က ရှုံးနိမ့်သွားသောကြောင့် လူသားမျိုးနွယ်၏ ကျွမ်းကျင်သူက အသက်စွန့်၍ တိုက်ခိုက်ရန် ဆန္ဒမရှိတော့ပေ။

သို့သော် အစစ်အမှန်ဝိညာဉ်အဆင့် တိုက်ပွဲတွင် နောက်ဆုတ်သွားလျှင် ဆက်လက်တိုးတက်လာရန် အလွန်ခက်ခဲလိမ့်မည်။ သူက နောက်မဆုတ်နိုင်ပေ။ ထို့ကြောင့် စွမ်းအားထုတ်ပြီး ရှန်းကျန်းယွီနှင့် ဆက်လက်တိုက်ခိုက်နေသည်။

ဟန်မူယဲ့က ဓားရှည်ကိုင်ထားပြီး ရွှေကျီးကန်းလက်ရွေးစင်များနှင့်အတူ လိုက်မသွားခဲ့ပေ။ သူက လေထုထဲတွင် ညင်သာစွာ လွင့်မျောနေသည်။

သူက အစစ်အမှန်ဝိညာဉ်တစ်ဝက်အဆင့် ဖြစ်ပြီး သူ၏ ဓားရှည်က အစစ်အမှန်လက်နက်တစ်ဝက်သာ ဖြစ်သော်လည်း အစစ်အမှန်ဝိညာဉ်အရိုးမှ ပြောင်းလဲလာခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုဓားက အစစ်အမှန်ဝိညာဉ်အဆင့်ကို အမှန်တကယ်ပင် ဒဏ်ရာပေးနိုင်သည်။

ဟန်မူယဲ့ထုတ်ပြခဲ့သော နည်းလမ်းနှင့် ခွန်အားသည် အစစ်အမှန်ဝိညာဉ်အဆင့်နှင့် ယှဉ်နိုင်သည်။

သူဝင်ပါခဲ့လျှင် တိုက်ပွဲ၏ရလဒ်က ပြောင်းလဲသွားလိမ့်မည်။

All Chapters