← Chapters

အနာဂတ်

Vol. 10 Ch. 33

အနာဂတ်

Vol. 10 Ch. 33

အမှောင်ထုထဲမှာ လူရိပ်တစ်ရိပ်ရှိနေတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်အချိုးအစားမျိုးရှိပြီး သူ့မျက်လုံးတွေက လင်းလတ်နေတဲ့အပြင် လှုပ်ရှားနေတဲ့ မှန်ဘီလူးတွေကိုပါ တွေ့မြင်နိုင်တဲ့အတွက် လူမဟုတ်မှန်းတော့ သိပါတယ်။

“ခန္ဓာကိုယ်အစိတ်အပိုင်းများ စစ်ဆေးမှုပြီးဆုံး။ အများအားဖြင့် ကောင်းမွန်။”

အဲဒီလူရိပ်က ပြောလိုက်တယ်။ သူ့ဆီကထွက်လာတဲ့ စကားသံက မိန်းကလေးတစ်​ယောက်ရဲ့အသံ။ မှောင်ရိပ်ထဲမှာ ရှိနေပေမဲ့ သူ့မျက်လုံးတွေက ညကြည့်မြင်ကွင်းအလင်းရောင်ကြောင့် သူ့အဝတ်အစားအပေါ်ပိုင်းကို မြင်နေရတယ်။

အဲဒီဝတ်စုံက ဟောင်းနွမ်းနေပြီဖြစ်ပေမဲ့ သေချာလျှော်ဖွတ်ထားတဲ့ ဗစ်တိုးရီးယားခေတ်စတိုင် အိမ်စေဝတ်စုံပါ။

“မှတ်ဉာဏ်အခြေခံစစ်ဆေးမှုစတင်- အမည်... အေမီ၊ ဖန်တီးခဲ့သူ... မက်ဒါနာ၊ သစ္စာရှိရမယ့်သခင် မက်ဒါနာ... ဒါပေမဲ့ သခင်မလေးမရှိတော့ပါဘူး။”

“အခြေခံစစ်ဆေးမှုပြီးဆုံး... လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်း ဖြစ်ခဲ့တာတွေအားလုံးကို ပြန်လည်စီစစ်ပါမယ်။”

အိမ်စေမိန်းကလေးက သူ့ဘာသာသူတစ်ယောက်တည်း ပြောလိုက်တယ်။ အဲဒီနောက် သူ့မှန်ဘီလူးတွေနောက်က မြင်ကွင်းဟာ ချက်ချင်းပြောင်းလဲသွားတော့တယ်။

...

၆.၉.၂၀၄၅...

မစ်ရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဆိုဖီယာ၊ ဖရာလီတာ၊ ဖလေရာ၊ ဖရက်၊ အေမီ၊ လင်ဒါ စတဲ့သူတွေအားလုံး ခန်းမတစ်ခုထဲမှာ စုရပ်နေကြတယ်။ ခန်းမကြီးရဲ့အလယ်မှာတော့ ဖန်အပြည့်ခေါင်းတလားတစ်လုံးရှိနေပြီးတော့ ခေါင်းတလားထဲမှာရှိနေတဲ့ ရုပ်အလောင်းကတော့ ငွေရောင်ဆံပင်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ပါ။ ပြီးတော့ မြင်ကွင်းတိုင်းကို အေမီရဲ့ရှုထောင့်ကနေ မြင်နေရတာ။

“သူက ငါတို့ထက်အရင် စောထွက်သွားမယ်ဆိုတာကို သိနေခဲ့ပေမဲ့။ ဒီလောက်မြန်လိမ့်မယ် ထင်မထားခဲ့ဘူး။” လင်ဒါက ပြောလိုက်တယ်။ သူ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျနေခဲ့ပေမဲ့ လေသံကတော့ မာနေတုန်းပဲ။

“ကတိကိုချိုးဖျက်ခဲ့တဲ့ သစ္စာဖောက်တစ်​ယောက်ဖို့ ငါဝမ်းမနည်းပေးနိုင်ဘူး... လုံးဝပဲ... ဒါပေမဲ့....” ဖရာလီတာက အဲဒီလောက်အထိပဲပြောပြီး ဆက်မပြောတော့ဘူး။ တကယ်လို့ ပြောဖြစ်ခဲ့ရင် သူလည်းငိုမိမှာသေချာတယ်။

“ဆိုဖီယာ၊ ပြန်လာခဲ့တော့။ အဲဒီဂြိုဟ်က မျှော်လင့်ချက်မရှိတော့ဘူး။”

ရုတ်တရက် ကောင်းကင်ကနေပြီး အသံတစ်သံက ဆင်းသက်လာတယ်။ တခြားသူတွေ မကြားနိုင်ပေမဲ့ နတ်ဘုရားအသံဖြစ်တဲ့ ဆိုဖီယာနဲ့ အထူးကြိမ်နှုန်းလှိုင်းတွေကိုကြားနိုင်တဲ့ အဆင့်မြင့်စက်ရုပ်အေမီတို့က ကြားနိုင်ပါတယ်။

‘နတ်ဘုရားအသံနောက်တစ်ယောက်လား၊ တော်တော်အစွမ်းထက်တဲ့အထဲမှာပါတယ်။' အေမီက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ရင်းပြောတယ်။ ဂြိုဟ်တုဂိုင်ယာကနေတစ်ဆင့် ဂြိုဟ်ပတ်လမ်းအပြင်မှာ အကောင်အထည်မရှိတဲ့ စွမ်းအားစုတစ်ခု စုဝေးနေတာကို သူတွက်ချက်နိုင်ခဲ့တယ်။

“အဖေ၊ ဒီဂြိုဟ်ပေါ်မှာ သက်ရှိတွေ ဘီလီယံနဲ့ချီပြီးရှိနေတာလေ။” ဆိုဖီယာက ပြန်ခံပြောတယ်။

“ဒီလိုဆိုရင်တောင်မှ ကမ္ဘာဂြိုဟ်က ငါတို့ဖက်ဒရေးရှင်း မကယ်တင်နိုင်ခဲ့တဲ့ ဂြိုဟ်ပေါင်းများစွာထဲက တစ်ခုပါပဲ။ ငါနဲ့လိုက်ခဲ့ပေတော့...” အာကာသထဲက နတ်ဘုရားအသံရဲ့စကားဆုံးတာနဲ့ ကြီးမားတဲ့ဖိအားတစ်ခုက ဆိုဖီယာအပေါ်ကို ကျဆင်းလာတယ်။ ကျန်တဲ့သူတွေလည်း အဲဒီဖိအားကို ခံစားမိလိုက်ကြပြီး ဆိုဖီယာကိုကြည့်လိုက်ကြတယ်။ ဒါပေမဲ့...

“ဆိုဖီယာ...” ဖရာလီတာက အားအင်ကင်းမဲ့စွာ မြေပြင်ပေါ်ကို လဲကျသွားတဲ့ နတ်သူငယ်မလေးကို ပွေ့ထားလိုက်တယ်။ နတ်သူငယ်မလေးရဲ့မျက်လုံးတွေ က မလှုပ်ရှားတော့ဘဲ တစ်နေရာထဲကို ပြူးကြောင်ကြည့်နေတယ်။ ဆိုဖီယာရှိမနေတော့ဘူး။

“နင်ငါ့ကို အဲဒီလိုမနောက်နဲ့လေ၊ ရုတ်တရက်ကြီး နင့်ခန္ဓာကိုယ်ကနေ ခွာမလို့လား။” ဖရာလီတာက အေးစက်နေတဲ့ ဆိုဖီယာရဲ့ပါးပြင်ကို ထိကိုင်လိုက်ရင်း တုန်ယင်နေတဲ့အသံနဲ့ ပြောလိုက်တယ်။ အေမီကတော့ ဆိုဖီယာကိုကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့နေတဲ့ လေသံနဲ့ပြောလိုက်လေရဲ့။

“ဆိုဖီယာက သူ့အိမ်သူပြန်သွားပါပြီ။”

...

၁၅.၁၂.၂၀၄၅

“သတိပေးကြေညာချက်... မြောက်အမေရိကတိုက်ကို မဟာမိတ်က စွန့်ခွာဖို့အမိန့်ပေးလိုက်ပါပြီ။ ပြည်သူအားလုံး ဆုတ်ခွာရန်ဆုံမှတ်ထံ အမြန်ဆုံးသွားကြပါ။”

အေမီရဲ့​ဖြန့်ကျက်ထားတဲ့ ကုန်းမြေတိုက်အနှံက လုံခြုံရေးကင်မရာ မြင်ကွင်းတွေကနေတစ်ဆင့် လူသားတွေ ပြောင်းရွေ့သွားလာနေတာကို မြင်နေရတယ်။ မက်ဒါနာမရှိတော့တဲ့နောက် ဥစာကီက လူသားတွေအပေါ် အကြွင်းမဲ့တိုက်စစ်ကို ခွင့်ပြုပေးခဲ့တယ်။ ယင်ကောင်ဦးဆောင်တဲ့ ပိုးကောင်စစ်တပ်က အခုဆိုရင် အရှေ့ဘက်ကမ်းရိုးတန်းကို ဖျက်ဆီးဖို့လာနေပြီ။ မစ်ရှင်အဖွဲ့ကလည်း အတတ်နိုင်ဆုံးတားဆီးဖို့ ကြိုးစားခဲ့ပေမဲ့...

“လက်တစ်ဖက်ပဲပြတ်သွားတာ ကံကောင်းတယ်လို့ ပြောရမလား၊ အရုပ်မလေး။ ကဲ... နောက်တစ်ချီစကြတော့မလား။”

နှင်းတွေသဲသဲမဲမဲကျနေတဲ့ ညပိုင်းအချိန်။

ယင်ကောင်က သူ့လက်ထဲမှာ မီးပွားတွေဖြာထွက်နေတဲ့ အေမီရဲ့လက်ကို ကိုင်ထားရင်းနဲ့ မေးလိုက်တယ်။ အနူးဘစ်ပုံစံနဲ့ အေမီက နှုတ်ခမ်းကိုဖိကိုက်ထားတာပေါ့။ ဒါပေမဲ့ ဒီနေရာမှာ သူတစ်ယောက်တည်းရှိနေခဲ့တာမဟုတ်ဘူး။ တခြားမစ်ရှင်အဖွဲ့ကလူတွေလည်း ရှိနေသေးတယ်။

ဖရာလီတာရဲ့Archmegaက ရင်ဘတ်ကနေ ထိုးဖောက်ခံထားရပြီး လူကိုယ်တိုင်ကတော့ သွေးအိုင်ထဲမှာ မှောက်လျက်လဲနေတယ်။ နှင်းတွေက သူ့ရဲ့ရွှေရောင်ဆံပင်ပေါ်ကို စတင်ကျရောက်နေပြီဖြစ်ပြီး လှုပ်ရှားမှုမရှိတော့ဘူး။

ဖရက်ကတော့ ကားတစ်စီးရဲ့ခေါင်မိုးပေါ်မှာ နစ်ဝင်နေပြီး သူ့မျက်လုံးသူငယ်အိမ်တွေက လှုပ်ရှားမှုမရှိတော့ဘူး။လင်ဒါနဲ့ဖလေရာတို့ရဲ့ဝတ်စုံအပျက်အစီးတွေကိုလည်း မနီးမဝေးနေရာမှာ တွေ့နိုင်သေးတယ်။

“မမလေးကို ကာကွယ်ဖို့အတွက် ဒီနေရာမှာသေလို့မရသေးဘူး။” အေမီက အေးစက်စက်ပြောလိုက်ပြီး တံစဥ်ကိုလွဲယမ်းကာ ယင်ကောင်ဆီကို တည့်တည့်ပြေးဝင်တယ်။ ယင်ကောင်ကလည်း ရယ်မောလိုက်ပြီး ပြန်တိုက်ခိုက်ဖို့ အသင့်ပြင်ပါတယ်။

“မင်းရဲ့မမလေးက သေသွားပြီမဟုတ်လား။ မင်းလည်း သူနဲ့လိုက်သွားသင့်တယ်လို့ မထင်ဘူးလား။”

ဟမ်...

ဒါပေမဲ့ ခဏနေတော့ ယင်ကောင်က အေမီကို မမြင်ရတော့ဘူး။ အေမီက အနူးဘစ်ရဲ့အရိပ်ထဲမှာ ခရီးသွားနိုင်ဆုံးကိုသုံးပြီး စစ်မြေပြင်ကနေ ထွက်ပြေးသွားခဲ့ပြီ။ သူက နောက်ဆုတ်တော့မှာမလို့ ရှေ့တိုးမယောင် ဟန်ပြခဲ့တာ။

“ကျက်သရေမရှိလိုက်တာ... သူရဲဘောကြောင်တဲ့ ကောင်မ။” ယင်ကောင်က မှတ်ချက်ချလိုက်တယ်။

...

၁.၃.၂၀၄၆

“မြောက်အမေရိကကုန်းမြေတိုက်ကို ဆုံးရှုံးခဲ့ရတာ သုံးလရှိပါပြီ။ လူဦးရေ သန်းငါးရာကျော် သေဆုံးခဲ့ပြီး စစ်သည်ဆယ်သန်းကျော် အသက်ပေးခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့ မြောက်အမေရိကတိုက်ကနေ ရွှေ့ပြောင်းလာသူတွေကြောင့် ဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသတွေဟာ လူဦးရေပြည့်ကျပ်မှုကို ခံစားနေရပြီးတော့ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေပါတယ်။”

အေမီက စိတ်မဝင်စားတဲ့ပုံစံနဲ့ အခန်းငယ်လေးထဲမှာ ရှိနေပြီးတော့ ရုပ်မြင်သံကြားက သတင်းတွေကို ဖွင့်ထားတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ကြည့်မနေဘူး။ အဲဒီအစား တခြားတစ်ယောက်အတွက် ဖွင့်ပေးထားတာလို့ ပြောရမလား။ ဘာလို့ဆိုရင် အခန်းထဲမှာ အိပ်စက်နေတဲ့ မင်းသမီးလေးရဲ့ဖန်ခေါင်းတလား ရှိနေခဲ့တယ်လေ။

...

၂၅.၁၂.၂၀၄၆

“ဒီတိုက်ပွဲမှာ ငါသေရမယ်ဆိုရင်တောင်မှ ငါ့စစ်သည်တွေနဲ့အတူ ဒီမြေကိုကာကွယ်မယ်။ ဗမာ့သွေးက ရဲရဲနီတယ်ကွ။”

နာမည်ကျော်စစ်ဘုရင်တစ်ပါးဖြစ်တဲ့ ဒုတိယကုန်းဘောင်မင်းဆက်ရဲ့ဘုရင် သူရိယရာဇာက ရန်ကုန်မြို့ကိုကာကွယ်ပေးထားတဲ့ ခံတပ်ပေါ်မှာ ရပ်နေရင်းနဲ့ ပြောလိုက်တယ်။ ခံတပ်ပတ်ပတ်လည်ကိုတော့ အခုအခါမှာပျက်စီးသွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေးမဟာမိတ် အာဆီယံစစ်မြေပြင်ခံစစ်တွေကို ထိုး​ဖောက်လာတဲ့ ပိုးကောင်တွေက ဝိုင်းလို့။

“စစ်သည်တို့၊ ငါတို့ပြည်သူတွေ ဆုတ်ခွာပြီးတဲ့အထိ ခံတပ်ကို တောင့်ခံထားကြ။ ငါတို့က အာဆီယံမှာ နောက်ဆုံးကျန်ခဲ့တဲ့နိုင်ငံပဲ။ စစ်ကူတွေရောက်လာတော့မှာမဟုတ်လို့ ဂုဏ်ရှိရှိသေဖို့ကိုပဲ ဂရုစိုက်ကြတော့...”

သူရိယရာဇာက သူ့ရဲ့နောက်ဆုံးလက်ကျန်စစ်သည် သုံးထောင်နဲ့အတူ ပိုးကောင်သိန်းချီကို ခုခံတိုက်ခိုက်ခဲ့ပြီး ပြောင်းရွှေ့ရေးသင်္ဘောတွေ ရန်ကုန်ဆိပ်ကမ်းကနေခွာဖို့အတွက် ကြိုးပမ်းအားထုတ်ခဲ့တယ်။ ရန်ကုန်ဆိပ်ကမ်းတိုက်ပွဲအဖြစ် မဟာမိတ်သမိုင်းမှာ ရာဇဝင်တွင်ခဲ့ပေမဲ့ သူရိယရာဇာလည်း သေဆုံးခဲ့သလို ပင်လယ်ထဲက သင်္ဘောတွေကလည်း အိန္ဒိယဆိပ်ကမ်းတွေဆီမရောက်ခင် ပိုးကောင်စစ်တပ်ရဲ့ဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။

“မဟာမိတ်က အခုလေးတင် အာဆီယံစစ်ပွဲဇုန်မှာ ရှုံးနိမ့်သွားခဲ့ပါပြီ။ လူဦးရေ သန်းခြောက်ရာ့ငါးဆယ် သေဆုံးခဲ့ပြီး စစ်သည် သုံးဆယ့်ငါးသန်းကျော် ဆုံးရှုံး။” အေမီက သတင်းတင်ပြချက်ကို ကြည့်နေရင်းကနေ တိတ်တခိုးသက်ပြင်းချလိုက်မိတယ်။

...

၁၃.၂.၂၀၄၈

“သုံးနှစ်ကြာခဲ့ပြီ။ ကျုပ်တို့လူသားမျိုးနွယ်ဟာ မြောက်အမေရိကကုန်း​မြေတိုက်ကို ဆုံးရှုံးခဲ့တာ သုံးနှစ်ရှိခဲ့ပြီ။ အခုဆိုရင် ကျုပ်တို့ရဲ့မျိုးဆက်သစ်တွေဟာ ကြီးပြင်းလာခဲ့ပြီဖြစ်ပြီးတော့ ဆုံးရှုံးခဲ့တဲ့ ကုန်းမြေကို ပြန်ယူဖိို့တောင် အသင့်ဖြစ်နေကြပြီ။”

နာမည်ဘယ်သူလဲ အေမီဂရုမစိုက်တဲ့ အသက်ကြီးကြီး အဖိုးကြီးတစ်ယောက်က မဟာမိတ်တစ်ဖွဲ့လုံးကိုယ်စား မိန့်ခွန်းပြော​နေခဲ့တယ်။ သူ့မိန့်ခွန်းက မြောက်အမေရိက ကုန်းမြေတိုက်ကို ပြန်ယူဖို့အတွက် စီစဥ်ထားတဲ့ ကိုလံဘတ်စစ်ဆင်ရေးအတွက်ဖြစ်ပြီး ဒီလူကြီးကတော့ စပိန်ဝန်ကြီးချုပ်အသစ်ပါ။ မဟာမိတ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ဘုတ်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဥရောပစစ်ပွဲဇုန်ရဲ့စပိန်၊ ပြင်သစ်နဲ့ဂျာမဏီနိုင်ငံတွေက မြောက်အမေရိကက ဒုက္ခသည်သန်းရာချီကို လက်ခံခဲ့ရသူတွေဖြစ်ပြီးတော့ နှစ်ချီကြာတဲ့အခါမှာ အကျပ်အတည်းတွေနဲ့တွေ့လာရပါပြီ။ ဒါကြောင့် သူတို့က မြောက်အမေရိကကုန်းမြေတိုက်ကို ပြန်ယူဖို့ မဟာမိတ်ကို ဖိအားပေးခဲ့ကြတာ။ ပြီးတော့ လူသားတွေရဲ့နယ်မြေဆိုလို့ တောင်အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ဥရောပနယ်တွေပဲ ကျန်တော့တာမလို့ ဒီအစီအစဥ်ကို ပြည်သူတော်တော်များများက အဓိပ္ပါယ်ရှိတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ မစ်ရှင်အဖွဲ့ရဲ့နောက်ဆုံးရှင်ကျန်သူဖြစ်တဲ့ အေမီမှာတော့ မတူညီတဲ့ရှုထောင့်တစ်ခုရှိနေတယ်။

“သေကုန်တော့မှာပဲ...” သူက တီဗီအစီအစဥ်ကို ကြည့်နေရင်း ပြောလိုက်တယ်။ စပိန်ဝန်ကြီးချုပ်ကတော့ တပ်သားသစ်တွေထဲကမှ လူသိများတဲ့ ဟီးရိုးတချို့ကို ပွဲထုတ်လာတယ်။

“ဒါကတော့ အီဗန်ပါ၊ မြောက်အမေရိကတိုက်မှာရှိခဲ့တဲ့ နယူး​ယောက်ဟီးရိုးကျောင်းက ကျောင်းသားပဲ။ အခုတော့ S rankမှာ အစွမ်းအထက်ဆုံးဟီးရိုးဖြစ်နေပြီး မြောက်အမေရိကတိုက်ကို ပြန်သိမ်းဖို့ပြင်ဆင်နေပြီ။ ကျုပ်တို့ဘိုးဘေးတွေဖြစ်တဲ့ အာရာဂွန်နဲ့ကက်စတိုင်းနိုင်ငံတွေက မောလ်တွေကို ပြန်တိုက်ခဲ့သလိုပေါ့။”

အရွယ်ရောက်လာပြီဖြစ်ပြီး ရဲရင့်တဲ့ပုံစံရှိတဲ့ အီဗန်က စင်မြင့်ပေါ်ကို တက်လာတယ်။ သူ့ခါးမှာတော့ အီဂိုရဲ့နတ်သူငယ်မျိုးနွယ်ရတနာ ဝိညာဥ်နှုတ်ဓားကို ချိတ်ထားတယ်။ သူက စင်ပေါ်ရောက်တာနဲ့ သူ့ရင်ဘတ်ပေါ်ကို လက်တင်လိုက်ပြီး တိုတိုတုပ်တုပ်ပြောပါတယ်။

“ကျုပ်ရဲ့ကျောင်းနေဘက်တွေနဲ့ကျောင်းအုပ်အတွက် ပြန်လက်စားချေပေးမယ်။”

...

၃၁.၁၂.၂၀၄၈

“မြောက်အမေရိကကိုပြန်သိမ်းယူမယ့် ကိုလံဘတ်စစ်ဆင်ရေးကို စတင်ခဲ့တာ ဆယ်လကျော်ခဲ့ပါပြီ။ ဒါပေမဲ့ မဟာမိတ်ပင်မစစ်တပ်က ပန်ဆာဗေးနီးယားပြည်နယ်ရဲ့ခရိုင်တချို့ကို သိမ်းပိုက်ထားရုံကလွဲလို့ ရှေ့မတိုးနိုင်ခဲ့ပါဘူး။ စေလွှတ်ခဲ့တဲ့ စစ်သည်သန်းငါးဆယ်မှာ ဆယ်သန်းပဲ ကျန်တော့တဲ့အတွက် မကြာခင်မှာ စစ်ရှုံးတော့မယ်လို့ ပြည်သူတွေထင်ကြေးပေးနေကြပါတယ်။ ဒါ့အပြင် မကြာသေးခင်ကပဲ စပိန်ဝန်ကြီးချုပ် ခရစ်ကိုလို ရီဂူးလပ်ဟာ ရာထူးကနေ သူ့သဘောနဲ့သူနှုတ်ထွက်သွားခဲ့ပါတယ်။

အခုတော့ စစ်မြေပြင်က စစ်သည်တချို့ကို အင်တာဗျူးကြည့်ရအောင်။”

သတင်းထောက်က အခြေအနေတွေကို ရှင်းပြရင်းနဲ့ စစ်စခန်းမှာ အနားယူနေကြတဲ့ စစ်သည်တချို့အနားကို ချဥ်းကပ်သွားတယ်။ စစ်သည်အုပ်စုက ဝိုင်းစုဖွဲ့ထိုင်နေတာဖြစ်ပြီး အလယ်ခေါင်မှာ မီးဖိုထားကာ စားစရာတွေကို ချက်ပြုတ်နေကြတယ်။ နေ့လယ်စာစားဖို့ အသင့်ပြင်နေကြတာ။ သူတို့ထဲက တစ်ယောက်က ဂစ်တာတီးနေပြီး တခြားသူတွေက တူညီပြီးစိတ်ဓာတ်ကျစရာကောင်းတဲ့ စာသားတွေကို ရွတ်ဆိုနေလေရဲ့။ နှင်းတွေကတော့ သူတို့ဘေးနားမှာ ပုံလို့။

“ချစ်ရသောအစ်မရေ... နေကောင်းပါရဲ့လား။ ကျုပ်တို့ရဲ့အိမ်အပြန်လမ်းတွေလည်း နှင်းဖုံးနေလောက်ပြီပေါ့။”

“အနောက်ဘက်ကောင်းကင်မှာတော့ ကြယ်တွေတဖြုတ်ဖြုတ်ကြွေလို့။”

“စာကိုဘယ်ကရေးလိုက်လဲ အမေမေးရင် ကျွန်တော် ပန်ဆာဗေးနီးယားမှာလို့မပြောပါနဲ့။”

“ဒီနေ့စနေမှာ မိုးသိပ်သည်းတယ်။ စစ်ပွဲလည်း ကြမ်းလှပါတယ်။”

“ကျုပ်ရဲ့ရဲဘော်တွေကတော့ ချွေးသံတွေနဲ့ အိပ်စက်နေလို့ပေါ့။”

“ကျွန်တော့်သူငယ်ချင်းကြီး ဂျိုးဆက်ကတော့ အိမ်ပြန်လာနိုင်မှာ ကျိိိန်းသေပါတယ်။”

“ချစ်ရပါသော အစ်မရေ၊ ဒီစာနဲ့အတူ နှုတ်ခွန်းဆက်သလိုက်ပါတယ်။”

“ကျွန်တော်ဘာလုပ်နေလဲ အမေမေးရင် လိမ်ပြောလိုက်ပါ။”

ဒီသီချင်းရဲ့မူရင်းသီချင်းကို အာဖကန်စစ်မြေပြင်က ဆိုဗီယက်စစ်သားတွေ ဖွဲ့ဆိုခဲ့တာ။ ဒါပေမဲ့ ကိုလံဘတ်စစ်ဆင်ရေးက စစ်သည်တွေကတော့ သူတို့အခြေအနေနဲ့လိုက်ဖို့ စာသားကို ပြောင်းလဲခဲ့တယ်။ ပြီးတော့ အဲဒီသီချင်းကို နားထောင်ခဲ့မိတဲ့ သတင်းထောက်ကလည်း အင်တာဗျူးမယ့်ကိစ္စကိုယ်တောင်မေ့သွားပြီး ကြောင်ရပ်နေမိလေရဲ့။

...

၂၁.၆.၂၀၅၀

“မဟာမိတ်အဖွဲ့ဟာ ဒီနေ့မှာတော့ တောင်အမေရိကတိုက်ကိုပါ လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံအစိုးရကို ပိုးကောင်သူလျှိုတွေက ထိုးဖောက်ဝင်ရောက်ပြီး ထိန်းချုပ်ခဲ့တာကြောင့် ခံစစ်ဟာ နာရီပိုင်းအတွင်းကျဆုံးခဲ့ပြီး လူဦးရေသန်းနှစ်ရာနဲ့ စစ်သည်သန်းငါးဆယ်ကျော် ဆုံးရှုံးခဲ့ပါတယ်။ ပြောင်းရွှေ့ရေးအစီအစဥ်မစတင်နိုင်ခဲ့ဘဲ နိုင်ငံသားအားလုံး သေဆုံးသွားကြောင်း မဟာမိတ်က အတည်ပြုပါတယ်။”

....

၁၆.၂.၂၀၅၅

“မဟာမိတ်အဖွဲ့ရဲ့ဘုတ်အဖွဲ့ဝင် ဆုဗာနာနိုင်ငံ အမွေခံမင်းသား သီဟက လူသားမျိုးနွယ်ရဲ့နောက်ဆုံးခံတပ် ဆေပီယံပိုလစ်ကို ဆုဗာနာနိုင်ငံရဲ့မြေအောက်မှာ တည်ဆောက်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါြပီ။ အာဖရိကကုန်းမြေတိုက်ကနေလာတဲ့ ပိုးကောင်လှိုင်းတွေကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲဇုန် ကို လက်လွှတ်ရလုနီးနီးဖြစ်နေချိန်မှာ ဒီသတင်းထွက်ပေါ်လာခဲ့တာပါ။”

....

၅.၅.၂၀၅၈

“ အရှေ့အလယ်ပိုင်းစစ်ပွဲဇုန်ဟာ ယနေ့ကျဆုံးသွားခဲ့ပါပြီ။ ဥရောပစစ်ပွဲဇုန်စစ်သည် သန်းငါးဆယ်နဲ့အ​လယ်ပိုင်းစစ်ပွဲဇုန်စစ်သည် သန်းခြောက်ဆယ်ကျော်က ပိုးကောင်ဗိုလ်ချုပ်တွေကို တားဆီးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ လူဦးရေ သန်းလေးရာကျော်သေဆုံးခဲ့ပြီး စစ်သည်သန်းရှစ်ဆယ်ကျော် ကျဆုံးခဲ့ပါတယ်။”

...

၆.၅.၂၀၅၈

“အရေးကြီးကြေညာချက်ပါ။ မဟာမိတ်က သူတို့မှာရှိနေတဲ့ နျူကလီးယားလက်နက်အားလုံးကို အရှေ့အလယ်ပိုင်းမှာရှိနေတဲ့ ပိုးကောင်စစ်တပ်တွေပေါ် ကျဲချတော့မှာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ပိုးကောင်စစ်တပ်ကို တားဆီးနိုင်မယ်လို့ သူတို့မျှော်လင့်နေကြပါတယ်။”

ရုပ်မြင်သံကြားလိုင်းကနေတစ်ဆင့် နျူကလီးယားထိပ်ဖူးတွေ မိုးကောင်းကင်ပေါ်ကို ပျံတက်သွားတာကို ပြသနေတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကျောင်းသူဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်လည်း ကောင်းကင်ပေါ်မှာပေါ်လာပြီး ဓားကိုဆွဲထုတ်လိုက်တယ်။ အနက်ရောင်သံကြိုးတွေက မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နျူကလီးယားထိပ်ဖူးထောင်ချီက ပေါက်ကွဲမှုမရှိဘဲ လေထုထဲမှာတင် ပျက်ဆီးကုန်ပါတယ်။ တစ်လောကလုံးကတော့ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တာပေါ့။

...

၂၃.၈.၂၀၆၀

“အရေးကြီးကြေညာချက်... အရေးကြီးကြေညာချက်။ ဥရောပခံစစ်ကို ရိုမေးနီးယားက ပိုးကောင်တွေချိုးဖျက်နိုင်သွားပြီ။ ပြည်သူအားလုံး ဆုံရပ်နေရာကိုသွားပြီး အရေးပေါ်ခရီးသွားပေါ်တယ်တွေပွင့်လာတာ စောင့်ကြပါ။ လူသားအားလုံးကို ဆေပီယံပိုလစ်ဆီ ပြောင်းရွှေ့ဖို့အတွက် မဟာမိတ်အမိန့်စာကျလာပါပြီ။”

“အဲဒီကလေးမကတော့ သနားစရာပဲ။” အေမီက သတင်းကိုကြည့်နေရင်း ပြောလိုက်တယ်။ အဲဒီအရေးပေါ်ပေါ်တယ်တွေရဲ့ဗဟိုချက်က ဇွန်ဘီမလေးပါ။ လူသန်းရာချီကို ပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ သိန်းဂဏန်းအနည်းငယ်ကို ပြောင်းရွှေ့နိုင်ဖို့အတွက် မဟာမိတ်က ဇွန်ဘီမလေးရဲ့စွမ်းအားကို အဆသောင်းချီချဲ့ထွင်ခဲ့တာ။ တစ်ခါသုံးပြီးတာနဲ့ ဇွန်ဘီမလေးက ပျက်စီးသွားမှာဆိုပေမဲ့ အနည်းဆုံး လူအနည်းငယ်က အသက်ရှင်နေဦးမှာ။ ပြီးတော့ အဲဒီလူတွေအားလုံးက ပေါ်တယ်သုံးနိုင်လောက်အောင် ချမ်းသာတဲ့၊ လာဘ်ထိုးနိုင်တဲ့သူတွေပဲဖြစ်မှာ။ ကမ္ဘာပျက်ကြီးမှာ တရားမျှတမှုဆိုတာ မရှိတော့ဘူးလေ။

...

၂၅.၈.၂၀၆၀

“ဥရောပစစ်မြေပြင်နဲ့အိန္ဒိယကျဆုံးကြောင်းကို ဆေပီယံပိုလစ်ရောက် မဟာမိတ်အစိုးရအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ လူဦးရေနှစ်ဘီလီယံနဲ့ စစ်သည်သန်းတစ်ရာကျော် သေဆုံးခဲ့ပါတယ်။ ကျွန်မတို့လူသားတွေက အခုဆိုရင် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာရှိတဲ့ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်ပြီး မြေအောက်မှာ နေထိုင်ရတော့မှာပါ။”

All Chapters