ပိုင်ရှင်ရှိလား
Vol. 96 Ch. 1327
ဝမ်ပေါင်လဲ့က ဆိုင်ထဲကို ဝင်ရောက်လိုက်သည်။ ထိုပါးစပ်ကြီးထဲ ဝါးမျိုခံပြီးသည့်နောက် သူ့မြင်ကွင်းက အနည်းငယ် မှောင်သွားခဲ့၏။ သူက အကာအရံတစ်ခုကို ချိုးဖောက်ကာ ဆိုင်ထဲ ဝင်ရောက်လာသကဲ့သို့ ဖြစ်သည်။
ဆိုင်က သိပ်မကြီးပေ။ စားပွဲခုံ ၇လုံး၊ ၈လုံးမျှသာရှိ ၏။ ပွဲတော်ကြောင့် ဧည့်သည် များများစားစား မရှိပေ။ ဝမ်ပေါင်လဲ့၏ မြင်ကွင်းထဲ ဝင်ရောက်လာသည့်သူများက ဆိုင်ဝန်ထမ်း၊ စားဖိုမှူးနှင့် ဆိုင်ရှင်တို့သာ ဖြစ်၏။
ဆိုင်ရှင်က အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်က ပိန်နေခြင်း မရှိဘဲ ကောက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။ သူမက အနည်းငယ် ဖော်ထုတ်ပြသသည့် ဝတ်စုံမျိုးကို ဝတ်ဆင်ထားပြီး ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုတို့ကို ထုတ်လွှတ်နေသည်။
သူမက စားပွဲခုံတွင် ထိုင်နေရင်း ခြေထောက်တစ်ဖက်က ဘေးတွင်ရှိသည့် ထိုင်ခုံပေါ် တင်ထားသည်။ သူမ၏ မျက်ဝန်းက အနီရောင်သန်းနေပြီး ဝမ်ပေါင်လဲ့ကို ကြည့်နေရင်း လျှာသပ်လိုက်သည်။ ထို့နောက် သူမက မနေနိုင်ဘဲ ရယ်လိုက်မိသည်။
“ဝိုး ဒီလိုပွဲတော်မျိုးမှာ ဒီလိုရနံ့သင်းတဲ့ ဧည့်သည်လေး ရောက်လာတာပဲ”
ထိုအမျိုးသမီးဘေးတွင် လူပုလေး ရှိ၏။ ထိုလူပုလေးက အင်မတန် ရုပ်ဆိုးလှသည်။ သူ့ခန္ဓာကိုယ်က အပြင်ဘက်တွင် ရှိသည့် ဖက်တီးလောက် လုံးဝန်းနေခြင်း မရှိသော်လည်း သူ့ရုပ်ဆိုးသည့် သွင်ပြင်နှင့် ရက်စက်မှုတို့က သူ့ကို ကြည့်လိုက်သည့် လူအများစုကို တုန်လှုပ်သွားစေလိမ့်မည်။
ထို့အပြင် သွေးများတစ်စက်စက် ကျနေသည့် မီးဖိုချောင်ဓားကို ကိုင်ဆောင်ထားသည့် ခပ်ထွားထွား အမျိုးသားတစ်ဦးလည်း ရှိ၏။ သူ့မျက်လုံးများက သေးငယ်သည့်အတွက် သေချာမကြည့်ပါက သူ့မျက်လုံးများကို မြင်နိုင်မည် မဟုတ်ပေ။
သူ့ပါးစပ်မှ ပြင်းထန်သည့် အသက်ရှူနှုန်းသာ ထွက်ပေါ်နေ၏။ သူက သူ့ကိုယ်သူ ထိန်းချုပ်မှု ပျောက်ဆုံးလုနီးပါး ဖြစ်နေ၏။ သူက ဝမ်ပေါင်လဲ့ကို ကြည့်ရင်း လည်ချောင်းက အထက်အောက် သိသိသာသာ လှုပ်ခတ်သွား၏။
ထိုအာသီသမြို့တော်မှ ထူးထူးဆန်းဆန်း ကျင့်ကြံသူသုံးဦးကို ကြည့်ပြီး ဝမ်ပေါင်လဲ့၏ စိတ်ထဲ တည်ငြိမ်သွားသည်။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာကာ ပြောလိုက်၏။
“ဒီနေ့အတွက် ဆိုင်ပိတ်ပြီလား။ ဘာလို့ တခြားဧည့်သည်တွေ မရှိတာလဲ။ ပြီးတော့ မင်းတို့ဆီမှာ ဆိုင်ရှင်များ လိုအပ်နေသေးလား”
“ဆိုင်ရှင်တဲ့လား” အမျိုးသမီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“လူကြီးမင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဒီနေ့က စားသောက်ကုန် ဖြည့်တဲ့နေ့လေ။ ပုံမှန်ဆိုရင် ဆိုင်ဖွင့်လေ့ မရှိဘူး။ ဒါပေမဲ့လည်း ရှင့်ရဲ့ ခန္ဓာကိုယ်ရနံ့က ကောင်းလွန်းလို့ တကယ့်ကို ပါဝင်ပစ္စည်းကောင်းပဲ။ ဒီတစ်ကြိမ် ရှင့်အတွက် ခြွင်းချက် လုပ်ပေးမယ်” အမျိုးသမီးက ဘေးတွင်ရှိနေသည့် လူပုလေးကို ကန်ရင်း ပြောလိုက်သည်။
“ဘာရပ်လုပ်နေတာလဲ။ သွားပြီးပြင်ဆင်တော့။ မှတ်ထား ပါဝင်ပစ္စည်းကို အကောင်းအတိုင်းရှိပါစေ။ အဲဒါမှ ပိုပြီး ဈေးကောင်းမှာ”
လူပုလေးက ပြုံးလိုက်သည်။ သူ့မျက်ဝန်းအထက် ခက်ထန်မှုတို့ ပေါ်ထွက်လာ၏။ သူက ပုံရိပ်များ ချန်ထားပြီး ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာ၏။ တစ်ချိန်တည်းဆိုသလို ခပ်ထွားထွား အမျိုးသားကလည်း ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာသည်။
ဝမ်ပေါင်လဲ့က ဆိုင်ထဲဝင်လာပြီးသည့်နောက်တွင် အပြင်ဘက်တွင် ရှိနေသည့် ဖက်တီးလေး၏ လောဘအရိပ်အယောင်တို့ကို မဖုံးကွယ်နိုင်တော့ပေ။ သူက လျှာသပ်လျက် ဘေးတွင်ရှိနေသည့် လူအုပ်ကြီးကို ကြည့်လိုက်၏။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ ဆိုင်ထဲ ဝင်ရောက်လိုက်ပြီး တံခါးကို ပိတ်လိုက်တော့သည်။
လူအုပ်ကြီးကလည်း ခေါင်းငုံ့ထားကြပြီး အလျင်အမြန် ထွက်ခွာသွားကြ၏။
သို့သော်လည်း ထိုဖက်တီးလေး တံခါးထဲ ဝင်လာသည်မှာ အသက်ရှိုက်စာ ၅ရှိုက်စာ၊ ၆ရှိုက်စာ ရှိသေးပြီး လူအုပ်ကြီး ဝေးဝေးမရောက်နိုင်သေးခင် ကျယ်လောင်သည့် အသံတစ်သံကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က အထဲတွင် ရုန်းကန်ရင်း တံခါးကို ဖွင့်ဖို့ ကြိုးစားနေဟန်ပေါ်သည်။
အဝေးသို့ မရောက်သေးသည့် လူများစွာက အသံကို ကြားသည့်အခါ ခေါင်းလှည့်ကာ ကြည့်လိုက်ကြ၏။ သူတို့မျက်ဝန်းအထက် အကြောက်တရား ဖြတ်ပြေးသွားသည်။ မြို့ထဲ ဝင်ရောက်လာသည့် အပြင်လူများက ပိုကြောက်ရွံ့သွားကြ၏။ သူတို့က စောစောလေးက ဝင်ရောက်သွားသည့် လူငယ်လေးသည် အင်မတန် ဆိုးရွားလှသည့် နှိပ်စက်မှုမျိုး ခံစားနေရကြောင်း တွေးကြည့်နေကြသည်။
သူက တံခါးကို ဖွင့်ဖို့ ကြိုးစားနေရသော်လည်း မဖြစ်နိုင်မှန်း သိသာလှသည်။ သူက တံခါးကို ဖွင့်နိုင်လျှင်ပင် ပြန်လည်ဆွဲခေါ်ခံရလိမ့်မည်။
သူတို့ထင်ထားသည့် အတိုင်းသာ ဖြစ်၏။ နောက်အခိုက်အတန့်လေးတွင် တံခါးက ပွင့်လာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သို့သော်လည်း သူတို့က ထိုလူ ဘယ်သူမှန်း မြင်လိုက်ရသည့်အခါ မျက်လုံးအပြူးသားဖြစ်သွားပြီး အံ့အားသင့်သည့် အမူအရာများ ထွက်ပေါ်လာသည်။
သူတို့၏ အကဲဖြတ်မှုက မှန်ကန်ခဲ့သလို မှားယွင်းခဲ့သည်။
ပုံရိပ်တစ်ခုက တံခါးကို ချိုးဖောက်ကာ ပြန်လည်ဆွဲခေါ်သွားခံရသည်က မှန်ကန်ပေသည်။ သို့သော်လည်း မှားယွင်းသည့် ကိစ္စကမူ လူ ဖြစ်၏။ ထိုအခိုက်အတန့်တွင် တံခါးကြားမှ ရုန်းကန်ကာ တွားသွားထွက်လာသည့်သူက သူတို့မြင်ခဲ့ရသည့် လူငယ်လေး မဟုတ်ဘဲ စောစောလေးက လှောင်ပြောင်ရယ်မောသွားသည့် ဖက်တီးသာ ဖြစ်သည်။
ထိုဖက်တီး၏ မျက်နှာက သွေးများဖြင့် စွန်းထင်းနေပြီး သူ့မောက်မာမှုများကလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူ့ရယ်သံပင် မထွက်နိုင်တော့ပေ။ သူ့မျက်နှာအထက် ပေါ်ထွက်နေသည်က အကြောက်တရားသာ ဖြစ်၏။ ထိုအကြောက်တရားက ဖက်တီး၏ မျက်နှာအထက် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
တံခါးထဲရှိ ကမ္ဘာက အကြောက်တရားတစ်ခု ကိန်းအောင်းနေပြီး သူ့စိတ်ထဲတွင် ဤနေရာက တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ အတွေးဖြင့်သာ ပြည့်နှက်နေလေ၏။
သို့သော်လည်း ဖက်တီး၏ ခန္ဓာကိုယ်တစ်ဝက်က တံခါးမှ ထွက်လာပြီးသည့်နောက် အဖြူရောင်လက်တစ်စုံက အထဲမှ ထွက်လာကာ ဖက်တီး၏ ဆံပင်ကို ဆွဲပြီး တံခါးထဲ ပြန်လည်ဆွဲသွင်းသွားသည်။
“ငါ့ကို ကယ်ပါ ငါ့ကိုကယ်ပါ” ဖက်တီးက စူးစူးရှရှ အော်ဟစ်လိုက်သည်။ သူ့မျက်ဝန်းအထက် အကြောက်တရားက ပိုမိုပြင်းထန်လာ၏။ သူက လက်နှစ်ဖက်လုံးဖြင့် မြေကြီးကို ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း နှစ်ဖက်ကြားရှိ ကွာဟချက်က ကြီးမားလွန်းလှ၏။ မြေကြီးကို သေသေချာချာ ဆုပ်ကိုင်ထားသော်လည်း သူ့ခန္ဓာကိုယ်က ထိုလက်တစ်စုံကြောင့် ဆွဲသွင်းခံလိုက်ရသည်။
အသံကျယ်ကြီးနှင့်အတူ တံခါးက ပိတ်သွားပြီး အထဲမှ ဘာသံမှ မကြားရတော့ပေ။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ လူများအား ခေါင်းများ ထုံထိုင်းသွားစေသည်။ ဆိုင်ထဲမှ အကြောက်တရားသည် သူတို့စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေကြောင်း သိလိုက်ကြ၏။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို အမြန်အဆန် ထွက်ခွာသွားကြတော့သည်။ သိပ်မကြာမီ သူတို့၏ ပတ်ဝန်းကျင်က ဗလာကျင်းသွား၏။
ထိုစဉ် လူအုပ်ကြီးက အလျင်အမြန် ထွက်သွားပြီး မြို့တစ်မြို့လုံးက ရွှေရောင်လက်တံများနောက် အရူးအမူး လိုက်ဖမ်းနေကြသည်။ မည်သူကမှ အာရုံမစိုက်သည့် ဆိုင်ထဲ၌မူ ဝမ်ပေါင်လဲ့က စားပွဲပေါ် ဆန်ပြုတ်ပန်းကန် ရှေ့ချလျက် ထိုင်ခုံတစ်လုံးပေါ် ထိုင်နေသည်။ သူက ဇွန်းကို မကာ ဖြည်းဖြည်းချင်း အရသာခံလိုက်၏။
သူ့ရှေ့တွင် ခက်ထန်သည့် လူပုလေးက မျက်လုံးတစ်လုံးနှင့် လက်တစ်ဖက် ဆုံးရှုံးထားလေ၏။ သူ့ခြေထောက်များက ကျိုးနေကာ ကခုန်နေရင်း ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်နေသည်။
သူ့ကြည့်ရသည်မှာ ဆက်ကပ်မှ လူပြက်တစ်ယောက်နှင့် တူ၏။ သူက ကခုန်နေရင်း သွေးများက နေရာအနှံ့ ပြန့်ကျဲသွားသည်။ သူ့ခြေထောက်က ကျိုးနေသည့်အတွက် သူ ခုန်လိုက်သည့်အချိန်တိုင်း အင်မတန် ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရ၏။ အကယ်၍ ဤနေရာတွင် ရှိသည့်တခြားသူသာ ထိုမြင်ကွင်းကို မြင်ပါက ထိတ်လန့်သွားကြလိမ့်မည်။
ခပ်ထွားထွား အမျိုးသားအတွက်မူ သူက မလှုပ်မယှက် ထိုင်နေလေသည်။ သူ့ခန္ဓာကိုယ်၏ အဆီများကပင် လှုပ်ခါနေပြီး သူ့လက်က သူ့ဗိုက်ကို အဆက်မပြတ် ရိုက်ခတ်နေရသည်။ ထို့နောက် ဒရမ်လိုမျိုး အသံကျယ်ကျယ်ကို ကြားနေရ၏။ သူက တေးဂီတ တီးခတ်နေသလိုမျိုး ဖြစ်၏။
သို့သော်လည်း သူ့ဗိုက်အထက် ကြီးမားသည့် ဒဏ်ရာကြီး ရှိသည့်အတွက် သူ ရိုက်ခတ်သည့် အချိန်တိုင်း ပို၍ပင် ပွင့်လာသည်။ ခပ်ထွားထွား အမျိုးသား၏ မျက်နှာက ဖြူဖျော့နေပြီး သူ့အသက်ဓာတ်တို့က အလျင်အမြန် ဆုတ်ခွာနေ၏။
အမျိုးသမီးလည်း နဂိုက ညို့ယူဆွဲဆောင်တတ်သည့် အရှိန်အဝါတို့က မရှိတော့ပေ။ ထိုစဉ် သူမက မြေကြီးအပေါ် လဲကျနေပြီး သူ့ရှေ့တွင် သွေးများ စွန်းထင်းနေသည့် ဖက်တီးလေး ရှိလေသည်။ သူတို့နှစ်ဦးလုံးက တုန်ယင်နေပြီး သူတို့၏ စွမ်းအားကုန်သုံးလျက် တစ်ယောက်နှင့် တစ်ယောက် မျက်နှာကို ဖြတ်ရိုက်နေရသည်။
တစ်ချက်ပြီး တစ်ချက်ဆိုသလို ဆိုင်ထဲတွင် ခပ်ထွားထွားလူ၏ တီးချက်နှင့်အတူ ပဲ့တင်ထွက်နေ၏။
သူတို့က ထိုသို့လုပ်ဖို့ ဖိအားပေးခံထားရသည့်အတွက် နှစ်ယောက်လုံးက မှတ်မိဖို့ပင် မဖြစ်နိုင်တော့ပေ။ သူတို့၏ လည်ပင်းများက ကျိုးနေပြီး အင်မတန် ဆိုးရွားသည့် မြင်ကွင်းတစ်ခု ဖြစ်၏။
သို့သော်လည်း လေးဦးက မရုန်းကန်ရဲပေ။ ရံဖန်ရံခါ သူတို့က ဆန်ပြုတ်ကို အေးအေးဆေးဆေး စားနေသည့် ဝမ်ပေါင်လဲ့ကို လှည့်ကြည့်လျက်ရှိ၏။ သူတို့အမူအရာထဲ မိစ္ဆာနတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသည့်အလား အကြောက်တရားတို့ ကိန်းအောင်းနေသည်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့က ဇွန်းကို ချလိုက်၏။ သူက ဆန်ပြုတ်အရသာကို ကျေနပ်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ဒီဆိုင်က ပိုင်ရှင်အသစ်များ လိုအပ်နေလား”
လေးဦးသားက ခေါင်းပြုတ်ထွက်လုမတတ် ခေါင်းညိတ်လိုက်ကြသည်။