အခန်း (၁၃၂၆)
Vol. 96 Ch. 1326
ရွှေရောင်လက်တံများ ပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့က လူသန်းချီသည် တံတွေးမျိုချသည့် အသံကို ကြားလိုက်ရသည်။ သူသည်ပင် အစားစားလိုသည့် အားကောင်းသော အာသီသ တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအရာက မြို့ထဲတွင် ကြီးထွားလာသည်။
လူအားလုံးက ထိုရွှေရောင်လက်တံများကြောင့် ဆွဲဆောင်ခံလိုက်ရဟန်ပေါ်သည်။
လူအားလုံး၏ စားသောက်လိုသည့် အာသီသက ပိုမိုအားကောင်းလာ၏။ စင်မြင့်ထက်တွင် ဧရာမအသားတောင်ကြီးအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာသည်။ ထိုအရာက ပါးစပ်ဟကာ ရှူသွင်းလိုက်၏။
သူ ရှူသွင်းလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ အစားကြူးလိုသည့် အာသီသက သူ့ဆီ ဝင်ရောက်သွားကာ ပါးစပ်ထဲ စုပ်ယူခံလိုက်ရသည်။ ထိုမြင်ကွင်းကို မည်သူကမှ မမြင်ကြသလို မခံစားမိကြပေ။ အကြောင်းအရင်းကမူ အစားကြူးလိုသည့် အာသီသကို မမြင်နိုင်၍ ဖြစ်သည်။
သို့သော်လည်း ဝမ်ပေါင်လဲ့အတွက် သူ့တကယ့်ခန္ဓာကိုယ်၏ အဆင့်က သူ့ကိုယ်ပွားကိုပင် အာရုံခံစားမိစေသည်။ သူက ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပြီး မမြင်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။
ဒီပွဲတော်ထဲ ငါ အစားကြူးလိုစိတ်ကို စုပ်ယူပြီးတော့ ကျင့်ကြံရမယ်…
ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။ အစားကြူးလိုစိတ် တစ်ဝက်ကျော်ကို စုပ်ယူပြီးသည့်နောက်တွင် ဧရာမအသားပုံကြီးက ကျေနပ်သွားဟန်ဖြင့် ရပ်တန့်လိုက်သည်။ ထို့နောက် အသားပုံ ရှစ်ပုံကလည်း စတင်စုပ်ယူကြ၏။
ထို့နောက် အသားပုံများအနောက်ရှိ ရောင်စုံဝတ်စုံများ ဝတ်ဆင်ထားသည့် အဖွဲ့များကလည်း စတင်စုပ်ယူကြလေသည်။ တစ်ဆင့်ပြီး တစ်ဆင့် စုပ်ယူပြီးသည့်နောက်တွင် ပတ်ဝန်းကျင်ရှိ အစားကြူးလိုသည့် အာသီသတို့က သိသိသာသာ လျော့ကျသွားလေ၏။ သို့သော်လည်း အလျင်အမြန်ဆိုသလို စားလိုသည့် အာသီသ အသစ် တစ်ခု မွေးဖွားလာသည်။ ထိုအာသီသက ဤနေရာတွင် အကန့်အသတ်မဲ့ရှိဟန်ပေါ်သည်။
လူများက အာသီသရှိနေသရွေ့ သူတို့က သေချာပေါက် မွေးဖွားလာလိမ့်မည်။ သို့သော်လည်း ဒုတိယအကြိမ် ပေါ်ထွက်လာမှုကိုပင် ဘေးတွင် ရှိနေသည့်လူများစွာက အားလျော့သွားကြသည်။ ထိုအရာက သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
သေချာအနီးကပ်ကြည့်ပါက စင်မြင့်အပြင်ဘက် လူသန်းကျော်သည် ဒုတိယအကြိမ် အာသီသ ထွက်ပေါ်လာပြီးသည့်နောက်တွင် အတော်အတန် ဝိတ်ကျသွားကြသည်။ သူတို့၏ စိတ်အခြေအနေကလည်း မူမမှန်သည့် စိတ်လှုပ်ရှားမှုတစ်ခုသို့ ရောက်ရှိနေ၏။ သူတို့က ပင်ပန်းနေမှန်းပင် သတိမထားမိကြပေ။
“ဒါက လူတွေကို စားတဲ့ မြို့တော်လား…” ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းဆိုသလို ရောင်စုံဝတ်စုံအဖွဲ့၏ ကျင့်ကြံသူများကလည်း စုပ်ယူ၍ ပြီးဆုံးသွားလေ၏။ စင်မြင့်ပေါ်ရှိ အသားတောင်ကြီး၏ လက်တစ်ချက်အဝှေ့တွင် ရွှေရောင်လက်တံများဖြင့် ဖွဲ့စည်းထားသည့် ဘောလုံးက ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်သွားပြီး လက်တံများက ထွက်ပြေးလိုသည့်အလား အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။
“ငါ့လူတွေ ကောင်းကောင်းစားကြ”
ဧရာမအသားတောင်ကြီးဆီမှ အသံတစ်သံထွက်ပေါ်လာပြီး မြို့တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိလာစေသည်။ ပတ်ဝန်းကျင်ရှိ လူအားလုံးက ရူးသွပ်လုနီးပါး ဖြစ်နေကြ၏။
“စားမယ်”
“စားမယ်”
“စားမယ်”
သူတို့က အော်ဟစ်ရင်းဖြင့် လူသန်းချီက လက်တံများအတွက် တစ်ခုပြီးတစ်ခု လိုက်လံရှာဖွေကာ တိုက်ခိုက်နေကြပြီး မြို့တစ်ခုလုံးက ဖရိုဖရဲ ဖြစ်လာလေ၏။
ဝမ်ပေါင်လဲ့က စင်မြင့်အထက်ရှိ အသားတောင်ကြီးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ရောင်စုံဝတ်စုံကျင့်ကြံသူများနှင့် ဖက်တီးရှစ်ယောက်လည်း အတူတူသာ ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရသည်။ သူတို့က လူအုပ်ကြီးနောက်လိုက်ရင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြ၏။
ဒီမြို့က ရူးသွပ်နေတယ်ဆိုပေမဲ့လည်း ပုန်းအောင်းဖို့အတွက်က အသင့်တော်ဆုံးပဲ…
ဝမ်ပေါင်လဲ့က လူအုပ်ကြားတွင် ရပ်ရင်း တွေးလိုက်သည်။ သူ လုပ်ဖို့ လိုအပ်သည့်အရာက ဤကမ္ဘာအတွင်း သဟဇာတ ဖြစ်ဖို့သာ ဖြစ်၏။
အာသီသမြို့တော်၏ ဖရိုဖရဲဖြစ်မှုက ဝမ်ပေါင်လဲ့အား မည်သို့ပုန်းအောင်းရမည်ကို အတွေးတစ်ခု ရှိလာစေသည်။ တခြားသောမြို့တော်များက ဤနေရာနှင့် အလှမ်းဝေးကွာလွန်း၏။ သင့်တော်သည်လား၊ မသင့်တော်သည်လား မသေချာမှုများဖြင့် ပြည့်နှက်နေသည်။
ဤသို့ဆိုပါက အာသီသမြို့တော်ကို ရွေးချယ်လိုက်ခြင်းက ဝမ်ပေါင်လဲ့အတွက် အဆင်အပြေဆုံး အစီအစဉ်တစ်ခု ဖြစ်ပေသည်။
တကယ်လို့ ငါ ဒီနေရာမှာ ပုန်းအောင်းချင်တယ်ဆိုရင် အရင်ဆုံး နေနိုင်တဲ့ ကာလသက်တမ်းကို ဖြေရှင်းဖို့ လိုတယ်…
ဝမ်ပေါင်လဲ့က လူအုပ်ကြား ရောက်ရှိလာစဉ်အခါက မြို့ထဲတွင် ဆိုင်များစွာရှိသည်ကို သတိထားမိလာသည်။ အများစုက စားသောက်ဆိုင်များ ဖြစ်သော်လည်း သူတို့က နေထိုင်စရာပါ ရှိဟန်ပေါ်သည်။
ထို့ကြောင့် သူ့ရှေ့တွင် ရှိနေသည့်အရာက သူသာ မြို့၏ ငွေကြေးနှင့် မြို့ထဲတွင် နေထိုင်နိုင်ခွင့်ကာလကို တိုးမြှင့်နိုင်မည့် တာဝန်ကို ရရှိသရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်။
ဝိညာဉ်ကျောက်တုံးများကို ငွေကြေးအဖြစ် အသုံးဝင်သော်လည်း ရွှေရောင်လက်တံများက ပိုမိုတန်ဖိုးကြီးဟန်ပေါ်သည်။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ဖျတ်ခနဲပျောက်ကွယ်သွားကာ လမ်းထောင့်တစ်နေရာတွင် ပေါ်ထွက်လာသည်။ သူက ညာဖက်လက်ကို မြှောက်ကာ ရွှေရောင်လက်တံတစ်ခုကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် သိုလှောင်လက်စွပ်ထဲ ပစ်ထည့်ကာ ဆက်လက် သွားလာလိုက်သည်။
တခြားသူများအတွက် ဖမ်းဆီးဖို့ရာ ခက်ခဲသည့် ရွှေရောင်လက်တံများက ဝမ်ပေါင်လဲ့အတွက် အင်မတန် လွယ်ကူလှသည်။ ထို့ကြောင့် သူက မြန်မြန်ဆန်ဆန်ဖြင့် ရာချီဖမ်းလိုက်နိုင်သည်။
ထိုဖြစ်စဉ်အတွင်း မြို့ထဲတွင် လူများ၏ ရူးသွပ်မှုကို မြင်လိုက်ရ၏။
ရွှေရောင်လက်တံတစ်ခုအတွက် သေခြင်းရှင်ခြင်းက မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ လူ ၇ယောက်၊ ၈ယောက်ကလည်း အချင်းချင်း သွေးဆာသည့် မျက်ဝန်းများဖြင့် တိုက်ခိုက်နေပြီး သေဆုံးသွားသည်ကိုပင် မြင်လိုက်ရ၏။
ဤနေရာတွင် တောအုပ်စည်းမျဉ်းဥပဒေက ကြီးစိုးလေသည်။ ဖြည်းဖြည်းချင်းဖြင့် မြို့တစ်လျှောက် သွေးနံ့များ လှိုင်လှိုင်ထွက်လာကာ လက်တံများကလည်း ပျံသန်းလျက်ရှိနေဆဲ ဖြစ်သည်။ တစ်ဝက်ကျော်လောက်က သွေးများဖြင့် စွန်းထင်းနေသည်။
ဝမ်ပေါင်လဲ့က ထိုလက်တံများကို သဘောမကျသည့်အတွက် မယူပေ။ သို့သော်လည်း သူ မလိုအပ်လျှင်ပင် သွေးနီရောင် လက်တံတစ်ခုက ဝမ်ပေါင်လဲ့ဆီ တန်းတန်းမတ်မတ် ပျံသန်းလာနေ၏။
ထို့နောက် သွေးဆာနေသော ကျင့်ကြံသူ လူဒါဇင်ချီက သတ်ဖြတ်ငွေ့ဖြင့် ပြည့်နှက်နေပြီး ဝမ်ပေါင်လဲ့နောက်မှ လိုက်လာကြသည်။
သူတို့ကြားတွင် ယွမ်ယင်အဆင့် ကျင့်ကြံသူ သုံးဦးပင် ပါရှိ၏။ သူတို့ရောက်ရှိလာသည့်အခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းက အေးစက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူက တိုက်ခိုက်တော့မည့်ဆဲဆဲတွင် သူ့အမူအရာက ပြောင်းလဲသွား၏။ သူ့ဆီကို ပျံသန်းလာသည့် သွေးနီရောင် လက်တံတစ်ခုက ရုတ်ချည်းဆိုသလို ဖြူဖျော့ဖျော့ လက်တစ်စုံဖြင့် ဖမ်းဆီးခံလိုက်ရသည်။
ထိုသွေးနီရောင်လက်တံက ဖမ်းဆုပ်ခံလိုက်ရသည့်အခါ တံခါးထဲတွင် အက်ကြောင်းတစ်ခု ဖြည်းဖြည်းချင်း ပွင့်လာပြီး အထဲမှ ဖက်တီးတစ်ယောက် ထွက်ပေါ်လာသည်။ သူက ခေါင်းပြူကာ သွေးနီရောင်လက်တံကို ပါးစပ်ထဲ ကောက်ထည့်လိုက်၏။ သူက ဝါးရင်းဖြင့် အပြင်ဘက်မှ လူကို ခြုံငုံကြည့်လိုက်သည်။
“အားလုံးက ဒီကို နေဖို့ရောက်လာတာလား။ စားဖို့ ရောက်လာတာလား” သူက ခြုံငုံကြည့်နေစဉ် ဖက်တီးက သူ့ပါးစပ်ထဲမှ သွေးနီရောင်လက်တံကို ဝါးမျိုကာ ပြုံးလျက် မေးလိုက်သည်။
သွေးနီရောင်လက်တံကို လိုက်ဖမ်းကြသည့်လူများက ရပ်လိုက်ကြပြီး ထိုဖက်တီးကို သတိထားကြည့်လိုက်ကြသည်။ သူတို့က တိတ်တဆိတ် နောက်ဆုတ်လိုက်ကြ၏။
“လူကြီးမင်းကရော နေမှာလား စားမှာလား” နောက်ဆုတ်သွားသည့်သူများကို လျစ်လျူရှုထားပြီး ဖက်တီးက ဝမ်ပေါင်လဲ့ကို ပြုံးကာ ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် လျှို့ဝှက်ထားသည့် တောက်ပမှုတို့ ရှိနေဟန်ပေါ်၏။
ဝမ်ပေါင်လဲ့က သူ့ကို ကြည့်ကာ လှည့်ထွက်ဖို့ ပြင်လိုက်သည်။
နောက်အခိုက်အတန့်လေး၌ ဖက်တီး၏ ပုံရိပ်က ဝမ်ပေါင်လဲ့ရှေ့မှ ပေါ်ထွက်လာသည်။ သူက ပြုံးကာ ဆက်လက်ပြောလိုက်၏။
“လူကြီးမင်းက ကျုပ်တို့ အဝင်ဝကို ရောက်နေပြီဆိုတော့ အထဲဝင်ပြီး အနားယူပါဦးလား။ ဒီလမ်းပေါ်မှာ ကျုပ်တို့ဆိုင်ရဲ့ အရသာက အကောင်းဆုံးပဲ”
သူက ပြောရင်းဖြင့် တံခါးကို ခပ်ကျယ်ကျယ် ဖွင့်လိုက်သည်။ ထိုနေရာတွင် မီးအိမ်ဟူ၍ မရှိဘဲ မဲမှောင်နေ၏။ တံခါးအတွင်းရှိ ကမ္ဘာကြီးက လူများကို ဝါးမျိုပစ်မည့် ဧရာမပါးစပ်ကြီးနှင့် တူနေသည်။
“ငါက ဝင်ရမှာလား” ဝမ်ပေါင်လဲ့က ခေါင်းလှည့်ကာ မေးလိုက်သည်။
ဖက်တီးက ပြုံးကာ ခေါင်းညိတ်လိုက်၏။ သူ့မျက်ဝန်းထဲရှိ တောက်ပမှုကို မဖုံးကွယ်နိုင်ဘဲ တစ်ချိန်တည်းဆိုသလို ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဖြတ်သွားဖြတ်လာများက အလျင်အမြန်ထွက်သွားကြ၏။
“ငါ မသွားရင်ရော ဘယ်လိုဖြစ်မှာလဲ” ဝမ်ပေါင်လဲ့က သိချင်စွာမေးလိုက်သည်။
“အဲ့လိုဖြစ်မယ်ဆိုရင်တော့ ကျုပ်တို့က မပျော်တော့ဘူးပေါ့” ဖက်တီးလေးက ပြုံးကာ ပြောလိုက်သည်။
“ကောင်းပြီလေ” ဝမ်ပေါင်လဲ့က ခေါင်းညိတ်လိုက်သည်။ တစ်ဖက်သူက သူ့ကို အလေးအနက် ဖိတ်ကြားနေသည့်အတွက် ငြင်းဖို့ မသင့်တော်ကြောင်း ခံစားမိသည်။ ထို့ကြောင့် သူက လှည့်ကာ တံခါးဆီ လျှောက်လှမ်းသွားလိုက်သည်။
“ဟေး ဖွင့်ဖို့အချိန်ရောက်ပြီ” ဖက်တီးလေး၏ အပြုံးက ပိုမိုသိသာလာသည်။ သူက တံခါးဆီ လှမ်းအော်လိုက်ပြီး ဝမ်ပေါင်လဲ့နောက်မှ လိုက်ပါသွား၏။
အဝေးတစ်နေရာရှိ လူအုပ်ကြီးထဲတွင် ဝမ်ပေါင်လဲ့ကဲ့သို့ အပြင်လူများ ရှိနေလေ၏။ သူတို့က ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့မျက်နှာအထက် စိတ်ရှုပ်ထွေးမှုများ ဖြတ်သန်းသွားသည်။ သူတို့က ဤမြို့ထဲတွင် ဇူဇကာပွဲတော် နေ့ရက်ရောက်ပါက အန္တရာယ်အများဆုံးမှာ ပိုင်ရှင်၏ အာသီသလည်း မဟုတ်သလို သူတို့ကြားမှ ပြိုင်ပွဲလည်း မဟုတ်ဘဲ မြို့ထဲရှိ ဆိုင်တိုင်းသာ ဖြစ်၏။
ပုံမှန်အားဖြင့် ထိုဆိုင်များအတွင်း ဝင်ထွက်ကြသည့်သူများက ဧည့်သည်များသာ ဖြစ်လေသည်။
ဇူဇကာပွဲတော်နေ့ရက်တွင် ဆိုင်များထဲ ဝင်ရောက်သွားသူများက ပါဝင်ပစ္စည်း ဖြစ်သွားကြလိမ့်မည်။
သို့သော်လည်း သူတို့ကို ကျောပေးထားပြီး ဆိုင်ထဲ ဝင်ရောက်သွားသည့် ဝမ်ပေါင်လဲ့က ခပ်ယဲ့ယဲ့ပြုံးနေသည်ကို မည်သူမှ သတိမထားမိခဲ့ကြပေ။ သူ့မျက်ဝန်းအထက် သွေးဆာလိုစိတ် တစ်ခု ရှိနေ၏။
သူ့ကို အလေးအနက် ဖိတ်ကြားခဲ့သည့် ဖက်တီးလေးအတွက်မူ သူက မည်သို့သော သက်ရှိကို ဖိတ်ကြားခဲ့မှန်း မသိပေ။
“ဖွင့်ဖို့ အချိန်ကျပြီ” ဝမ်ပေါင်လဲ့က ပြုံးရင်း မဲပိတ်မှောင်နေသည့် ဆိုင်အတွင်း ဝင်ရောက်ခဲ့သည်။