မြို့ကို ဂိုဏ်းအဖြစ် မှတ်ယူလျှင်
Vol. 96 Ch. 1328
ဝမ်ပေါင်လဲ့က သူ့ကို နွေးထွေးစွာကြိုဆိုနေသည့် ဆိုင်ထဲမှ လူများစွာကို ကြည့်ကာ ပြုံးလိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားလာမိ၏။
သူက ဤမြို့အတွင်း သူ့ကိုယ်ပိုင်စီးပွားရေးတစ်ခု ရှိသည်ဟု မှတ်ယူ၍ ရပေသည်။
“အဲဒါဆိုတော့ မင်းတို့ စောစောကပြောတဲ့ ပါဝင်ပစ္စည်းတွေဆိုတာက ဘာလဲ” ဝမ်ပေါင်လဲ့က နှုတ်ခမ်းထောင့်မှ သုတ်ကာ ထိုလေးယောက်ကို ကြည့်ရင်း မေးလိုက်သည်။
ထိုလေးယောက်က ဘာမှ မဖုံးကွယ်ထားရဲဘဲ ဝမ်ပေါင်လဲ့၏ မေးခွန်းများကို တစ်ခုပြီးတစ်ခု အလျင်အမြန် ပြန်ဖြေလိုက်သည်။
ပါဝင်ပစ္စည်းဟု ခေါ်ဆိုသည့်အရာများက တကယ်တမ်းတော့ လူတွေကို စားသုံးခြင်း မဟုတ်ပေ။ ထိုသို့သော အခြေအနေမျိုးက အာသီသမြို့တော်တွင်ပင် အင်မတန် ရှားပါးလှ၏။ သူတို့က ဝမ်ပေါင်လဲ့ကို မြင်စဉ်အခါက လောဘအရိပ်အယောင်များဖြင့် ပြည့်နှက်လာသည့် အကြောင်းအရင်းကမူ သူတို့က ပျော်ရွှင်မှုကို ခံစားမိ၍ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက သူ့နဂိုခန္ဓာမှ ခွဲထုတ်ထားသည့်အတွက် ပုံမှန်အားဖြင့် ပျော်ရွှင်မှု စည်းမျဉ်းဥပဒေသ အငွေ့အသက် စွန်းထင်းနေလေသည်။ အာသီသမြို့တော်ရှိ ကျင့်ကြံသူများအတွက် ထိုအငွေ့အသက်က ရှားပါး နတ်သုဒ္ဓါအလား ဖြစ်၏။ အငွေ့အသက်ကပင် သူတို့၏ အစားအစာလိုစိတ်ကို အတော်လေး မြှင့်တင်ပေးနိုင်သည်။
ထို့ကြောင့် သူတို့က လောဘကြီးနေခြင်း ဖြစ်၏။ သူတို့က ဝမ်ပေါင်လဲ့ကို ဖမ်းဆီးကာ သန့်စင်ရေးနည်းလမ်းတချို့ကို သုံးပြီး သူ့ခန္ဓာကိုယ်မှ ပျော်ရွှင်မှု အငွေ့အသက်ကို ထုတ်ကာ သူတို့၏ အစာစားလိုစိတ်ကို ကျေနပ်အောင် လုပ်ဖို့ စီစဉ်ထားကြ၏။
သူတို့သာ ထိုအရာကို ရောင်းချပါက အင်မတန် အဖိုးတန်လိမ့်မည်။ လက်တွေ့တွင် ပျော်ရွှင်မှု အငွေ့အသက်သာ မကဘဲ စိတ်ခံစားချက် ၇မျိုးလုံးက ဤသို့သာ ဖြစ်၏။ အာသီသမြို့တော်ရှိ ကျင့်ကြံသူများအတွက် ထိုအရာများက ပြိုင်ဘက်ကင်း နတ်သုဒ္ဓါများ ဖြစ်သည်။
သို့သော်လည်း ဆိုင်ထဲတွင် ရှိနေသည့် ထိုသူလေးဦးက အင်မတန် ကောင်းမွန်သည်ဟု တွေးထားခဲ့သည့် ပါဝင်ပစ္စည်းက မိစ္ဆာကြီးအဖြစ် ပြောင်းလဲသွားပြီး သူတို့ကို ဖိနှိပ်ထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
အထူးသဖြင့် သူတို့က ရှင်းပြနေရင်း ထိုင်ခုံပေါ် ထိုင်နေသည့် လူငယ်လေးက နှမြောတသ အမူအရာမျိုးရှိနေသည့်အခါတွင် ဖြစ်သည်။
ထိုအရာက သူတို့လေးဦးကို ထိတ်လန့်သွားစေ၏။
သူတို့မျက်နှာပေါ်မှ အမူအရာကို သတိထားမိပြီး ဝမ်ပေါင်လဲ့က ခေါင်းယမ်းလိုက်သည်။
“အဲဒါဆိုတော့ ငါ တွေးနေသလို မဟုတ်ဘူးပဲ။ နှမြောစရာပဲ” ဝမ်ပေါင်လဲ့က ပြောရင်း ထိုလေးဦးကို ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက ယောင်ကိုင်းကာ သွေးသံရဲရဲ ဖြစ်နေသည့် ဖက်တီးလေးကို ကြည့်လိုက်၏။ သို့သော်လည်း ယခုအခါ သူ့ခန္ဓာကိုယ်က အနည်းငယ် ပိန်ပါးသွားဟန်ပေါ်သည်။
သူ့အကြည့်က ထိုလေးဦးဆီ ရောက်ရှိလာသည့်အခါ သူတို့က ပိုမိုပင် ဖြူဖျော့သွားကြ၏။ သူတို့၏ နှလုံးသားကလည်း အပြင်းအထန် ခုန်နေကာ တစ်ဖက်လူ၏ နှမြောစရာကောင်းသည် ဆိုသည့်အရာကို မမှန်းဆရဲတော့ပေ။
“ပါဝင်ပစ္စည်းတွေက လူသား မဟုတ်တာ နှမြောစရာပဲ”
ဝမ်ပေါင်လဲ့၏ နောက်ဆုံးအကြိမ် အကြည့်ခံရသည့် ဖက်တီးလေးက ငိုလုမတတ် ဖြစ်နေသည်။ သူ့မျက်ဝန်းထဲမှ အကြောက်တရားက ပိုမိုပင် ပြင်းထန်လာ၏။
လေးဦးသားက တုန်ယင်သွားပြီး တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ ထိုစဉ် သူတို့ကြားတွင် အဆင့်အတန်း ကွာဟချက်ဟူ၍ မရှိတော့ပေ။ စားပွဲထိုးဖြစ်စေ၊ စားဖိုမှူးဖြစ်စေ၊ ဆိုင်ရှင်ဖြစ်စေ သူတို့အားလုံးက အကျဉ်းသားများသာ ဖြစ်၏။
အပြင်ဘက်တွင် နောက်ကျနေပြီဖြစ်ကာ ပွဲတော်၏ အဆုံးသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆူဆူညံညံအသံများကလည်း ဖြည်းဖြည်းချင်း ငြိမ်ကျသွားပြီး ဆိုင်များကလည်း မီးများ ဖွင့်လာကြသည်။ သူတို့က ဆိုင်မဖွင့်သေးသော်လည်း မြို့ထဲရှိ မီးများ ဖြည်းဖြည်းချင်း ပွင့်လာသည်ကို မြင်တွေ့နိုင်သည်။
သို့သော်လည်း ညက တိတ်ဆိတ်လျက် ရှိ၏။ ဆိုင်ထဲမှ လေထုက ပိုမိုပြင်းထန်လာခဲ့သည်။ ဝမ်ပေါင်လဲ့၏ အကြည့်ကြောင့် ကြောက်လန့်နေကြသည့် ကျင့်ကြံသူလေးဦးက ပိုမိုပင် တုန်လှုပ်လာကာ ဝမ်ပေါင်လဲ့၏ နောက်မေးခွန်းကို ဖြေဆိုဖို့ရာ အင်မတန် စိတ်ဂယက်ရိုက်နေကြသည်။ သူတို့က ဘာကိုမှ မဖုံးကွယ်ရဲပေ။
ထိုအရာက ဝမ်ပေါင်လဲ့အား အာသီသမြို့တော်အပေါ် နားလည်မှု အသစ်တစ်ခု ရှိလာစေသည်။ ဝမ်ပေါင်လဲ့က အာသီသမြို့တော်နှင့် မရင်းနှီးသေးလျှင်ပင် ယခုအခါ ပိုမိုကောင်းမွန်စွာနားလည်လာပြီ ဖြစ်၏။
နမူနာအနေဖြင့် ဤမြို့အတွင်း အချိန်အတော်ကြာ နေထိုင်ဖို့ အရည်အချင်းပြည့်မှီသည့် ကျင့်ကြံသူများက မည်သည့်မြို့မှမဆို ဖြစ်နိုင်သည်။ ရှေးဟောင်းခေတ်ကာလမြို့မှပင် အာသီသမြို့တော်တွင် နေထိုင်ဖို့ အရည်အချင်း ပြည့်မှီသည့်သူ တချို့ရှိခဲ့သည်။
ထိုအရည်အချင်း ပြည့်မှီဖို့ ခက်ခဲနှုန်းကမူ မသေးငယ်လှပေ။ အကျိုးပြုမှု မြောက်များစွာ လိုအပ်၏။
သို့သော်လည်း မြို့ထဲတွင် နေထိုင်ဖို့ အရည်အချင်းပြည့်မှီသွားသရွေ့ သိသိသာသာ အကျိုးကျေးဇူးကို လက်ခံရရှိလိမ့်မည်။ အကြောင်းအရင်းကမူ မြို့ထဲတွင် နေထိုင်သရွေ့ လူတစ်ယောက်၏ ကျင့်ကြံဆင့်က ဖြည်းဖြည်းချင်း တိုးတက်လာလိမ့်မည်။ ထို့အပြင် အာသီသမြို့တော်အတွင်းရှိ အစားအစာများက ကျင့်ကြံရေးအတွက် အထောက်အကူ ဖြစ်၏။
တစ်ချိန်တည်းဆိုသလို မြို့ထဲတွင် ဆိုင်ဖွင့်နိုင်ပါက ဆိုင်၏ စာချုပ်သည် ဓာတ်ကူးအနေဖြင့် ဖြစ်ကာ ကျင့်ကြံသူအား အာသီသစည်းမျဉ်းကို ပိုမိုနားလည်စေဖို့ ခွင့်ပြုပေးလိမ့်မည်။
ထိုစည်းမျဉ်းဥပဒေသက အာသီသမြို့တော်၏ အခြေခံအုတ်မြစ်ဖြစ်သလို အာသီသမြို့တော်ရှိ တိုက်ရိုက်မျိုးဆက်များ၏ သင်္ကေတတစ်ခုလည်း ဖြစ်ပေသည်။
ထိုအရာကို နားလည်နိုင်ဖို့အတွက်မူ စားကောင်းသောက်ဖွယ်မျိုးစုံဖြင့် စတင်ရမည် ဖြစ်သည်။ ဆိုင်တွင် စားကောင်းသောက်ဖွယ်များစွာ ရှိလေလေ ဆိုင်ကာ ပို၍နာမည်ကျော်ကြားလေလေ ဖြစ်၏။ ထိုအခါ လူများစွာက ပိုမိုစားသောက်ချင်လာလေလေ ဆိုင်ပိုင်ရှင်နှင့် သူ့ဝန်ထမ်းများ ရရှိမည့် အကျိုးအမြတ်က ပိုမိုကြီးမားလာလိမ့်မည်။
“အာသီသမြို့တော်ထဲမှာ အပြင်လူတွေက သူတို့ရဲ့ ကျင့်ကြံဆင့်ကို အရသာမျိုးစုံနဲ့ မြှင့်တင်ဖို့ ရည်ရွယ်ထားကြတာ။ ဒါပေမဲ့ အာသီသစည်းမျဉ်းရှိတဲ့ ကျင့်ကြံသူတွေအတွက် သူတို့လုပ်ဖို့ လိုအပ်တာက တခြားသူရဲ့ လောဘကို စုပ်ယူဖို့ပဲ..”
အမျိုးသမီးက တုန်တုန်ယင်ယင်ဖြင့် ရှင်းပြလိုက်သည်။
ဝမ်ပေါင်လဲ့က သူမ၏ စကားများကို သေသေချာချာ နားထောင်ပြီး မေးခွန်းတချို့ ထပ်မေးလိုက်၏။
နမူနာအနေဖြင့် အာသီသမြို့တော်အတွင်းရှိ ကျင့်ကြံသူများ၏ ဝါစဉ်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ ဖြစ်ပေသည်။
ယေဘုယျအားဖြင့် အာသီသမြို့တော်ကို ဂိုဏ်းကြီးအဖြစ် မှတ်ယူနိုင်သည်။ ဂိုဏ်းထဲတွင် တပည့်များစွာ ရှိသော်လည်း အများစုက အပြင်စည်းတပည့်သာ ဖြစ်၏။ ကိုယ်ပိုင်ဆိုင်ရှိထားသည့်သူများကသာ အတွင်းစည်းတပည့်အဖြစ် မှတ်ယူနိုင်သည်။
ထိုသို့အတွင်းစည်းတပည့်မျိုးကို အာသီသမြို့တော်အတွင်း စားသုံးနိုင်သူအဖြစ် သိကြသည်။
အပြင်စည်းတပည့်များကမူ နှစ်ပိုင်း ခွဲခြားထား၏။ ပထမကဏ္ဍက ဆာလောင်တစ္ဆေ ဖြစ်ကြသည်။ တခြားတစ်ခုကမူ သူဆင်းရဲများ ဖြစ်ကြ၏။
ပထမတစ်ခုက အရေအတွက် များပြားလှသည်။ ဝမ်ပေါင်လဲ့၏ အပြင်ဘက်တွင် မြင်ခဲ့ရသည့် ရူးသွပ်နေသည့်သူများက ဆာလောင်တစ္ဆေများ ဖြစ်ကြစဉ် အနည်းငယ် ပိုမိုကောင်းမွန်သည့်သူများက နောက်ပိုင်းကဏ္ဍတွင် ပါဝင်သည်။
သို့သော်လည်း အရေအတွက် ကန့်သတ်ထားမှု ရှိ၏။ ထို့ကြောင့် အာသီသမြို့တော်အတွင်း ကျင့်ကြံသူနှစ်မျိုးနှစ်စားက အာသီသစည်းမျဉ်းကို ကျင့်ကြံသည့် ကျင့်ကြံသူများအတွက် ကျင့်ကြံရေးဇစ်မြစ် ဖြစ်လာသည်။
သူတို့ကို တစ်ဆင့်ချင်းစီ ခွဲခြားမည်ဆိုလျှင် ထိုသူများ၏ အထက်တွင် နောက်တဆင့် ရှိနေသေးသည်။ ထိုသို့သော အမျိုးအစားကမူ အာသီသစည်းမျဉ်းဥပဒေသအပေါ် သူတို့၏ ကိုယ်ပိုင်အသိအမြင်ကို မကြာခဏ သိမြင်လေ့ရှိသည်။
နောက်ပိုင်းတွင် ဆိုင်များက သူတို့၏ ကျင့်ကြံရေးအခြေအနေကို မကျေနပ်ကြတော့ပေ။ ထို့ကြောင့် အများစုက လောကအတွေး ပမာဏအမြောက်အများကို ထောက်ပံ့ပေးနိုင်သည့် အစေခံများကို ရွေးချယ်ကြသည်။
နမူနာအနေဖြင့် စီတန်းလှည့်လည်ပြသသည့်သူများက သူဆင်းရဲ အမျိုးအစားမျိုး ဖြစ်၏။
သူဆင်းရဲအထက်တွင် နောက်တစ်ဆင့်ကိုမူ အာသီသမြို့တော်၏ အမြင့်ပိုင်းအဖြစ် မှတ်ယူနိုင်သည်။ သူတို့က အစားကြူးတပည့်များ ဖြစ်ကာ အာသီသစည်းမျဉ်းဥပဒေသကို အနေအထားတစ်ခုအထိ ကျင့်ကြံထားနိုင်ကြသည်။
အာသီသမြို့တော်တစ်ခုလုံးအတွင်း ဒါဇင်ချီမျှသာ ရှိ၏။ သူတို့၏ ထူးကဲသည့် သီးသန့်ကျင့်ကြံရေး နည်းစနစ်ကြောင့် ထိုကျင့်ကြံသူအများစုက တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်သုံးလျက်ရှိပြီး အပြင်ထွက်လာခဲသည်။ ရလဒ်အနေဖြင့် သူတို့ကို မြင်တွေ့ရခဲ၏။
တခြားတစ်ဖက်တွင် အဆင့်မြင့်ကျင့်ကြံသူများကိုမူ အလွယ်တကူ တွေ့ရှိနိုင်သည်။ ထိုအရာက မြို့သခင်နောက် ဒုတိယနေရာတွင် ရှိသည့် အစားကြူးနတ်ဘုရားများ ဖြစ်၏။
ဝမ်ပေါင်လဲ့ ယခင်ကမြင်တွေ့ခဲ့သည့် အသားပုံ ၈ယောက်က အာသီသမြို့တော်၏ အစားကြူးနတ်ဘုရားများ ဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီက စတုတ္ထအဆင့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြ၏။
အာသီသမြို့တော်တစ်ခုလုံးတွင် ထိပ်ဆုံးသူတစ်ယောက်သာ ရှိပြီး မြို့သခင် ဖြစ်ပေသည်။ သူက မြို့ကို တည်ထောင်ထားခဲ့ပြီး အာသီသစည်းမျဉ်း ဥပဒေသ၏ ဇစ်မြစ်ကို ပိုင်စိုးထား၏။ ထိုသူက စင်မြင့်အထက် ဧရာမအသားပုံကြီးအဖြစ် ဆင်းသက်လာသူ ဖြစ်ပေသည်။
“အင်း ဒီပုံစံအရဆိုရင် အာသီသမြို့တော်က တကယ့်ဂိုဏ်းတစ်ခုလိုပဲ။ ဒါပေမဲ့ ဂိုဏ်းစည်းမျဉ်း များများစားစားတော့ မရှိဘူး” ထိုအရာကို ကြားကာ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။