← Chapters

အသင့်တော်ဆုံး

Vol. 96 Ch. 1329

အသင့်တော်ဆုံး

Vol. 96 Ch. 1329

ဂိုဏ်းတစ်ခုလိုမျိုးဖြစ်ကာ စည်းမျဉ်းများ များများစားစား မရှိပေ။ ထိုအရာက သူ့အတွက် ပုန်းအောင်းဖို့ရာ အသင့်တော်ဆုံး ဖြစ်၏။ ထို့အပြင် ဝမ်ပေါင်လဲ့က အာသီသမြို့တော်တွင် ရန်သူအဖြစ် မှတ်ယူရမည့်သူ မရှိကြောင်း ပြောနိုင်လေသည်။

သဘောတရားအရ ပြင်ပလောကရှိ လူအားလုံးက ဤမြို့အတွင်း ဝင်ထွက်နိုင်သည်။ ထိုအရာက အာသီသမြို့တော်က နဂါးနှင့် မြွေများ ရောနှောသလို ဖြစ်သွားစေသည်။

သူတို့ လိုအပ်သည်က ပွင့်လင်းမှုသာ ဖြစ်၏။ မြို့ထဲ လူများစွာ ပိုမိုဝင်ရောက်လာကြသည်။ အစားအစာက ကျင့်ကြံဖို့ရာအတွက် နည်းလမ်းတစ်ခု ဖြစ်၏။ လူများစွာက အစားစာလိုစိတ်ရှိစဉ် မြို့ထဲတွင် အာသီသစည်းမျဉ်းကို ကျင့်ကြံသူများအတွက် အကျိုးကျေးဇူးရှိလေလေ ဖြစ်၏။

ထိုအကြောင်းအရင်းကြောင့် အာသီသမြို့တော်သည် ဖရိုဖရဲဖြစ်နေဟန်ပေါ်နေခြင်း ဖြစ်သည်။ သို့သော် စည်းမျဉ်းတချို့တော့ ရှိနေသည်။

လူသားများ၏ အသက်က ဤနေရာတွင် အဓိပ္ပာယ်များများစားစား မရှိပေ။

အမှန်တကယ် အဓိပ္ပာယ်ရှိသည့်အရာက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းသာ ဖြစ်၏။

“စိတ်ဝင်စားစရာပဲ” သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာသည်။ သူက အာသီသမြို့တော်ကို စတင်သဘောကျလာမိ၏။ ပို၍အရေးကြီးသည်က ဤနေရာတွင် သူ့စီးပွားရေး ရှိလာသည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး အမျိုးသမီးကို ကြည့်လိုက်သည်။

“ဆိုင်ရဲ့ အမှတ်အသားပြားက ဘယ်မှာလဲ”

ထိုအမျိုးသမီးက မည်သို့ငြင်းဆန်ရဲမည်နည်း။ သူမက ရင်ဘတ်ကို ထုရိုက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်းတစ်ခု ထုတ်လိုက်သည်။ ထိုအရာက ဖြည်းဖြည်းချင်း သူမ ရှေ့မှ ပေါ်ထွက်လာကာ အမှတ်အသားပြား တစ်ခုအသွင် ပြောင်းလဲသွားခဲ့၏။ ထိုအမှတ်အသားပြားက မှော်သင်္ကေတမြောက်များစွာဖြင့် ဖုံးလွှမ်းနေသည်။ ထိုအရာကို မြင်သည့်သူတိုင်းက ကမ္ဘာပေါ်တွင် အကောင်းဆုံးနတ်သုဒ္ဓါကို မြင်လိုက်ရသည့်အလား ဖြစ်ကာ သူတို့၏ အာသီသကို မထိန်းချုပ်နိုင်တော့ပေ။

ဖက်တီး၊ လူပုလေးနှင့် စားဖိုမှူးတို့ကပင် အခြေအနေ ဆိုးရွားနေကြ၏။ သို့သော်လည်း သူတို့က ထိုအမှတ်အသားပြားကို မြင်လိုက်သည့်အခါ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး သူတို့ကိုယ်သူတို့ ထိန်းချုပ်ဖို့ အကောင်းဆုံး ကြိုးစားနေရသည်။

သို့သော်လည်း သူတို့က အချိန်အတော်ကြာ တောင့်ခံထားနိုင်မည် မဟုတ်ကြောင်း သိသာလှသည်။ အကယ်၍ အမှတ်အသားပြားကိုသာ အချိန်အကြာကြီး ထားထားပါက သူတို့သုံးဦးသည် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ထိုအရာကို လုယူမိလိမ့်မည်။

လူအုပ်ကြီး၏ တုံ့ပြန်မှုကို ကြည့်ကာ ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။ သူက ညာဖက်လက်ကို ဝှေ့ယမ်းပြီး အမှတ်အသားပြားကို ဆွဲယူလိုက်သည်။ သူက ထိုအရာကို ဆွဲယူလိုက်သည်နှင့် အားလုံး၏ အကြည့်က ချက်ချင်းဆိုသလို ရောက်ရှိလာကြ၏။

ဝမ်ပေါင်လဲ့က အမှတ်အသားပြားကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာ၏။ သူ သိထားသလောက် ထိုအမှတ်အသားပြားသည် များစွာ ကျုံ့သွားသည့် တာအိုမျိုးစေ့တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း အစစ်အမှန်တာအိုမျိုးစေ့နှင့် ယှဉ်ပါက ထိုသို့သော အရာမျိုးသည် အင်မတန် သေးငယ်သည့် အခွဲမျှသာ မှတ်ယူနိုင်သည်။ ထိုအရာက အစစ်အမှန်တာအိုမျိုးစေ့၏ တစ်သောင်းပုံ တစ်ပုံပင် မရှိပေ။ ထို့ကြောင့် တာအိုအမျှင်ဟု ခေါ်ဆိုခြင်းက ပို၍သင့်တော်လိမ့်မည်။ သို့သော် ထိုသို့ဆိုလျှင်ပင် ထိုအရာကို နားလည်ပြီးသည့်နောက် အာသီသစည်းမျဉ်းဥပဒေသနှင့် ဆက်နွယ်နိုင်စွမ်းကို ရရှိလာနိုင်သည်။ ထို့ကြောင့် ထိုအရာကို ကျင့်ကြံဖို့ အရည်အချင်းကို ရရှိလာနိုင်၏။

အကယ်၍ အာသီသစည်းမျဉ်းဥပဒေသက ကြီးမားသည့် မြစ်ကြီးတစ်စင်းနှင့် ယှဉ်ရမည်ဆိုလျှင် ဤအမျှင်လေးက မြစ်ကြောင်းနှင့် ဆက်နွယ်နေသည့် ရေစီးကြောင်းမျှသာ ဖြစ်လိမ့်မည်။

သို့သော်လည်း ထိုအရာလေး၏ အားနည်းချက်နှင့် ကန့်သတ်ချက်များကြောင့် စုပ်ယူမှုက သိပ်မမြင့်မားပေ။

အမျိုးသမီးက အမှတ်အသားပြား ထုတ်ယူပြီးသည့်နောက်တွင် ပို၍အားနည်းသွား၏။ သို့သော်လည်း ဝမ်ပေါင်လဲ့က သူမသည် ခန္ဓာကိုယ်ထဲတွင် အမှတ်အသားပြား မရှိတော့သော်လည်း အာသီသစည်းမျဉ်းဥပဒေသကို နားလည်နိုင်စွမ်း ရှိသေးကြောင်း သိလိုက်သည်။ ကြည့်ရသည်မှာ သူမက ထိုစည်းမျဉ်းဥပဒေသကို နားလည်ဖို့ နှစ်များစွာ ကုန်ဆုံးခဲ့၍ ဖြစ်နိုင်သည်။

သို့သော် နားလည်နိုင်နှုန်းနှင့် သက်ရောက်မှုက သိသိသာသာ နှေးကွေးသွားလိမ့်မည်။

“ဒီကမ္ဘာမှာ ကျင့်ကြံရေးတွေက တာအိုမျိုးစေ့ကို အုတ်မြစ်အနေနဲ့ သုံးတာပဲ။ စည်းမျဉ်းဥပဒေသကို နားလည်ဖို့လည်း အတူတူပဲ” ဝမ်ပေါင်လဲ့က ပျော်ရွှင်မှု စည်းမျဉ်းဥပဒေသနှင့် ထင်းယွိစည်းမျဉ်း ဥပဒေသအကြောင်းကို တွေးလိုက်သည်။ သူတို့က သူ့ရှေ့တွင် အာသီသ စည်းမျဉ်းဥပဒေသနှင့် အတူတူသာ ဖြစ်၏။

ဝမ်ပေါင်လဲ့က ခေတ္တမျှတိတ်ဆိတ်နေပြီးသည့်နောက်တွင် လက်ကို အသာမြှောက်ပြီး သူ့လက်ဖဝါးထဲမှ အာသီသ အမှတ်အသားပြားက အရည်ပျော်သွားပြီး လက်ထဲ စိမ့်ဝင်သွားသည်။ သူ့ခန္ဓာကိုယ်ထဲ လှည့်ပတ်ပြီးသည့်နောက်တွင် ထိုအရာက သူ့စွမ်းအင်ဗဟိုချက်ထဲ လက်သည်းခွံ အရွယ်အစား ဝဲကတော့ အသွင်ပြောင်းလဲသွားခဲ့၏။

ထိုဝဲကတော့ ပေါ်ထွက်လာသည့်အခါ သူ့ခန္ဓာကိုယ်ထဲ အင်မတန်ပြင်းထန်သည့် ဆာလောင်မှုတို့ ပေါ်ထွက်လာသည်။ သူ့ရှေ့တွင် အစားအစာတောင်ပုံရာပုံ ချပေးထားလျှင်ပင် ထိုအရာကို အားလုံးစားသုံးနိုင်လောက်၏။

အစားအစာက ထိုဆာလောင်သည့် ခံစားချက်ကို မဖယ်ရှားနိုင်လျှင် ထိုအရာက ကျင့်ကြံသူ၏ အသက်ဓာတ်ကို စုပ်ယူသွားလိမ့်မည်။

ထိုခံစားချက်က ဖိနှိပ်ထားဖို့ရာ အင်မတန်ခက်ခဲလှ၏။ ထိုအရာက သာမန်လူတစ်ယောက်ကို ရူးသွပ်သွားစေဖို့ လုံလောက်စေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့အတွက်မူ သူ တောင့်ခံနိုင်သည့် ကန့်သတ်ချက်အတွင်းသာ ရှိနေသေး၏။ ထို့ကြောင့် သူက ဗိုက်ကိုပွတ်ပြီး ထိုခံစားချက်ကို ဖိနှိပ်လိုက်သည်။ ထို့နောက် အမျိုးသမီးကြီးကြပ်ရေးမှူးအား ခပ်ယဲ့ယဲ့ပြုံး၍ ကြည့်လိုက်၏။ ထိုအကြည့်ကြောင့် အမျိုးသမီးကြီးကြပ်ရေးမှူးက တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ သူမ၏ မျက်ဝန်းအထက် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေ၏။ သူမက အလျင်အမြန် ဒူးထောက်ဝပ်တွားလိုက်သည်။ ထို့နောက် သူမက အကြောက်တရားနှင့် စိတ်လှုပ်ရှားမှုကြောင့် စကားပင် မပြောနိုင်တော့ပေ။

အကြောင်းအရင်းကမူ သူမက ထိုအမှတ်အသားပြားကို ပေးခဲ့စဉ်အခါက နှလုံးသားထဲတွင် မျှော်လင့်ချက်တချို့ ရှိ၏။ သူမက အမှတ်အသားပြား ပေါင်းစည်းခြင်း၏ ဆိုးကျိုးကို တမင်တကာ မပြောခဲ့ခြင်း ဖြစ်သည်။ သူမက ဤအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မည်ဟု တွေးထင်နေခဲ့၏။

တခြားသူများက အမှတ်အသားပြားနှင့် မပေါင်းစည်းဖူးသည့်အတွက် ပေါင်းစည်းသည့်အခိုက်အတန့်တွင် ဘာဖြစ်လာနိုင်ကြောင်း မသိကြပေ။ ဤသည်က အာသီသမြို့တော်အတွင်း လျှို့ဝှက်ချက်တစ်ခုသာ ဖြစ်၏။

သူမက အမှတ်အသားပြားနှင့် ပေါင်းစည်းစဉ်အခါက သူမကို သတိထားဖို့ ပြောခဲ့သော်လည်း သူမက အပြည့်အဝ မပြင်ဆင်ထားသည့်အတွက် ထိုအမှတ်အသားပြားကြောင့် ဝါးမျိုလုနီးပါး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူမ၏ အမြင်တွင် သူမ၏ ရှေ့တွင်ရှိနေသူက မည်မျှပင် အားကောင်းစေကာမူ ဘေးကင်းဖို့ရာ ခက်ခဲလိမ့်မည်။ အမှတ်အသားပြားက သူ့ကို ဝါးမျိုသွားသည်နှင့် သူမအနေဖြင့် သူ့ကို ရိုက်ချဖို့ အကောင်းဆုံးအချိန် ဖြစ်၏။

သို့သော်လည်း သူမ ထင်ထားသည့် တန်ပြန်သက်ရောက်မှုက ဝမ်ပေါင်လဲ့ထံပင် ပေါ်ထွက်မလာပေ။ ထိုအရာက သူမ၏ နောက်ဆုံးသော မျှော်လင့်ချက်ကို ကျိုးပျက်သွားစေသည်။ ယခု ဝမ်ပေါင်လဲ့က သူမကို စိုက်ကြည့်လိုက်၏။

“ဒီနေရာကို ရှင်းထားလိုက်။ မနက်ဖြန် ငါတို့တွေ ပုံမှန်အတိုင်း ဆိုင်ဖွင့်မယ်” ဝမ်ပေါင်လဲ့က အကြည့်ပြန်ရုတ်သိမ်းကာ ထရပ်လိုက်သည်။ ထို့နောက် လက်တစ်ချက်အဝှေ့တွင် မန္တန်လေးခုက ထိုလူလေးယောက်၏ ခန္ဓာကိုယ်တွင် ဝင်ရောက်သွားလေ၏။ သူတို့၏ ဝိညာဉ်ကို အမှတ်အသားပေးပြီးသည့်နောက်တွင် သူက လမ်းလျှောက်ပြီး ဒုတိယထပ်သို့ တက်သွားလေသည်။

ဆိုင်၏ ပထမထပ်က စားသောက်ဆိုင်ဖြစ်ကာ ဒုတိထပ်ကမူ အိပ်ခန်းများ ရှိ၏။

သူ လှေကားပေါ် တက်လာပြီး  အိပ်ခန်းကို ဖွင့်လိုက်သည်။ ထို့နောက် ဝမ်ပေါင်လဲ့က ရုတ်ချည်းဆိုသလို ပြောလိုက်၏။

“ဒီနေ့ ငါ သီချင်းနားထောင်မယ်။ မိုးသောက်ယံအထိ မင်း သီချင်းဆိုရမယ်” ဤသို့ပြောကာ ဝမ်ပေါင်လဲ့က အခန်းအတွင်း ဝင်ရောက်သွားခဲ့သည်။

သူ ပျောက်ကွယ်သွားသည့်အခါ အောက်ထပ်ရှိ လူလေးယောက်က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြ၏။

သူတို့က တခြားသူ၏ အကြည့်မှ ကူကယ်ရာမဲ့မှုကို မြင်တွေ့နိုင်သည်။ ထို့နောက် လူပုလေးက ဖက်တီးဆီ ခုန်ဝင်ကာ မျက်နှာကို ပိတ်ထိုးလိုက်တော့သည်။

ထိုဖက်တီး၏ ခန္ဓာကိုယ်က လွင့်စင်သွားပြီး နံရံနှင့် ဝင်တိုက်သွား၏။ ဤသည်က  အဆုံးသတ် မဟုတ်သေးပေ။ စားဖိုမှူးကလည်း တူညီစွာ ထလာကာ ဖက်တီးကို အားပါးတရ ကန်ကျောက်နေသည်။

“မင်း ကန်းနေလား။ ဒီလိုမိစ္ဆာမျိုးကို ဆိုင်ထဲ ခေါ်သွင်းလာတယ်ပေါ့”

ဖက်တီးက အခြေအနေ ဆိုးရွားနေ၏။ သူ့နှလုံးသားထဲလည်း နောင်တတို့နှင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူ့အနေဖြင့် ပြန်လည်တုံ့ပြန်စရာ မရှိပေ။ သူက အမှန်တကယ် ဝမ်ပေါင်လဲ့ကို ဆိုင်ထဲ ခေါ်သွင်းလာသူ မဟုတ်ပါလော။

“စားဖိုမှူး ပြောတာ မှန်တယ်”

ဖက်တီးက ရုန်းကန်ထားရင်း သူ့အရှေ့ဖက်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ဖက်တီး၏ မျက်နှာက ပိတ်ရိုက်ခံထားလိုက်ရပြီး ရှောင်ရှားဖို့အချိန်ပင် မရှိလိုက်ပေ။ အမျိုးသမီး ကြီးကြပ်ရေးမှူးက သူ့ရှေ့တွင် ပေါ်ထွက်လာ၏။ သူမက ညာဖက်လက်ကို မြှောက်ကာ လက်သည်းဖြင့် ဖက်တီး၏ ညာဖက်မျက်လုံးကို ဆွဲကာ ထုတ်ယူလိုက်သည်။

ဖက်တီးက အော်ဟစ်တော့မည့်ဆဲဆဲတွင် လူပုလေးက ပါးစပ်ကိုအုပ်ကာ အသံမထွက်နိုင်အောင် တားဆီးထား၏။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ အမျိုးသမီးကြီးကြပ်ရေးမှူးက မျက်လုံးကို ထုတ်ကာ လူပုလေး၏ ပါးစပ်အတွင်း ထည့်လိုက်၏။

သူ့ကို ခေါ်ပြီး သင်ခန်းစာ ပေးလိုက်ကြ” အမျိုးသမီးကြီးကြပ်ရေးမှူးက ခပ်တိုးတိုးပြောလိုက်သည်။ ထို့နောက် လူပုလေးနှင့် စားဖိုမှူးတို့၏ ဆွဲခေါ်သွားမှုအောက်တွင် အမျိုးသမီးကြီးကြပ်ရေးမှူးက သူတို့ကို မကြည့်တော့ပေ။ ထိုအစား သူမက ဘေးပတ်သွားကာ စတင် သီဆိုလိုက်သည်။ သူမ၏ အသံထဲတွင် ခါးသီးမှု၊ ကူကယ်ရာမဲ့မှုနှင့် တုန်ယင်မှုတို့က ပြည့်နှက်နေလေ၏။

အခန်းအတွင်း ဝမ်ပေါင်လဲ့က တင်ပျဉ်ခွေထိုင်လျက် ရှိနေကာ သူ့မျက်နှာက အမူအရာကင်းမဲ့ကာ အေးစက်နေသည်။

ဒီလိုလိုအင်ဆန္ဒတွေပြည့်နှက်နေတဲ့ ကမ္ဘာထဲမှာ ဘယ်သူ့ထက်မဆို ရက်စက်ဖို့ လိုအပ်တယ်။

All Chapters