အလိုဆန္ဒခန္ဓာ
Vol. 96 Ch. 1332
ညဖက်တွင် ဝမ်ပေါင်လဲ့၏ ဆိုင်က လေးလံသည့် လေထုဖြင့် ပြည့်နှက်နေသည်။
ညှို့ယူဖမ်းစားနိုင်သည့် အမျိုးသမီးကြီးကြပ်ရေးမှူး၊ လူပုလေးနှင့် တခြားသူများက စားပွဲပေါ်မှ ကြေးခွံကိုသာ စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းအထက် စိတ်ပူပန်သည့် အငွေ့အသက်များ ရှိနေလေ၏။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် လူလေးယောက်လည်း ထိုင်နေသည်။ သူတို့လေးဦးအနက် နှစ်ဦးက အရပ်ရှည်ရှည် ခပ်ထွားထွား ဖြစ်ကြ၏။ ထို့အပြင် စားပွဲထိုးဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေးနှင့် လူအိုကြီးတစ်ဦး ရှိနေသည်။ ထိုအခိုက်အတန့်တွင် သူတို့က ဒုတိယအထပ်ကို ခိုးကြည့်ရင်းဖြင့် ခါးသက်သည့် အမူအရာများ ရှိနေကြသည်။
ထိုသူများက ဘေးကပ်ရပ် ဆိုင်မှ ဖြစ်၏။ သူတို့က ထိုနေ့ရက်တွင် ခိုးဝင်ခဲ့ကာ ဝမ်ပေါင်လဲ့၏ ပညာပေးမှုကို ခံခဲ့ရပြီး အဆုံးသတ်တွင် ဤဆိုင်ဖြင့် ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် သူတို့က ကိုယ်ပိုင်ဆိုင်ကိုပင် လက်လျှော့လိုက်ကြ၏။ သူတို့က ဝိညာဉ်ရေခဲရေကို ကြေညာဖို့အတွက် များစွာ အားစိုက်ထုတ်ထားခဲ့ရသည်။
သို့သော်လည်း ဤအခိုက်အတန့်အထက် စိတ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေ၏။ စားပွဲပေါ်ရှိ ကြေးခွံက သူတို့အတွက် ကွဲပြားသည့် အဓိပ္ပာယ်တစ်ခုရှိနေကြောင်း သိသာလှသည်။
“သူက သွေးကြေးခွံရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပြီ”
“သွေးကြေးခွံက ငါတို့အထက်မှာလေ။ ဘာလို့များ ငါတို့လို ဆိုင်သေးသေးလေးကို ပစ်မှတ်ထားနေရတာလဲ”
“သွေးကြေးခွံက အစကတည်းက ခေါင်းကိုက်ဖို့ ကောင်းနေပြီ။ သူ့နောက်ကလူကို ထည့်မပြောရသေးဘူး”
အားလုံးက တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြစဉ် ဒုတိယအထပ်ကို ခိုးခိုးကြည့်နေကြသည်။ ခဏအကြာတွင် သူတို့က ပိုမိုစိုးရိမ်လာစဉ် ဒုတိယအထပ်ရှိ တံခါးက ကျွီခနဲပွင့်လာပြီး ဝမ်ပေါင်လဲ့က ထွက်လာ၏။
သူတို့က ဝမ်ပေါင်လဲ့ကို မြင်သည့်အခါ ခေါင်းငုံ့ထားပြီး ဒူးထောက်လိုက်ကြသည်။
“သူဌေးကို ဂါရဝပြုပါတယ်”
ဝမ်ပေါင်လဲ့က အမူအရာကင်းမဲ့စွာဖြင့် လှေကားမှ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာသည်။ သူ့အရှိန်အဝါက ထိုလူ ၈ယောက်ကို တုန်ယင်သွားစေ၏။ သူတို့က ခေါင်းမော့မကြည့်ရဲဘဲ ဝမ်ပေါင်လဲ့၏ ခြေထောက်ကိုသာ ကြည့်နေကြသည်။
ဤသည်က လေးစားသည့် အပြုအမူတစ်ခုဖြစ်သလို ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ဖိအားက အားကောင်းလွန်းသည့်အတွက် သူတို့အား နီးကပ်လာသည့်အခါ အသက်ရှူဖို့ပင် ခက်ခဲစေသည်။ သူတို့၏ ကျင့်ကြံဆင့်ကပင် ဖိနှိပ်ခံထားရဟန်ပေါ်၏။
ထိုအရာအားလုံးက ဝမ်ပေါင်လဲ့သည် ဒုတိယဆိုင်မှ အမှတ်အသားပြားကို စုပ်ယူပြီးသည့်နောက်တွင် ပိုမိုသိသာလာ၏။ ဝိညာဉ်ရေခဲရေရောင်းအားက သိသာလာသည့်အခါ ဝယ်ယူလိုသည့် လူအရေအတွက်ကလည်း သိသိသာသာ တိုးပွားလာသည်။
ဝမ်ပေါင်လဲ့က လူအုပ်ရှေ့ ရောက်ရှိလာကာ ဘာမှမပြောဘဲ စားပွဲပေါ်မှ ကြေးခွံကို ကောက်ယူလိုက်၏။ ထို့နောက် တံခါးမှ ထွက်သွားလေသည်။ သူက တံခါးကို ဖွင့်လိုက်သည့်အခါ တည်ငြိမ်စွာ ပြောလိုက်၏။
“သူတို့တွေ မနက်ဖြန် နေရောင်ကို မြင်ရမှာ မဟုတ်ဘူး” ထိုသို့ပြောပြီသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဆိုင်မှ ထွက်ခွာသွားသည်။ သူ ထွက်ခွာသွားသည့်အချိန်မှသာ ဆိုင်ထဲရှိသူများက ခေါင်းမော့ကြည့်ကြ၏။
သူတို့၏ ခန္ဓာကိုယ်က ချွေးများနှင့် ရွှဲနစ်နေသည်။ သူတို့က တစ်ဦးနှင့်တစ်ဦး ကြည့်ပြီး အကြောက်တရားကို မြင်လိုက်ကြရသည်။
“သူဌေးရဲ့ ကျင့်ကြံဆင့်က ဘာလဲ။ သူက ဘယ်နေရာကနေ ရောက်လာတာလဲ”
“အရမ်းကို ကြောက်ဖို့ကောင်းတာပဲ။ လပိုင်းလေးပဲ ရှိသေးတယ်။ ငါ သူဌေးနဲ့ ရင်ဆိုင်ရရင် အစားကြူးတမန်တော်ကို တွေ့နေရသလို ဘာလို့ခံစားနေရပါလိမ့်”
“အားလုံး ငါတို့သူဌေးရဲ့ နောက်ခံက ငါတို့ သိနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့တွေက ဒီအခွင့်အရေးတွေကို ယူပြီး အာသီသမြို့တော်တွေမှာ မြင့်တက်လာနိုင်တယ်”
“သူဌေးက သွေးကြေးခွံကို ဖြေရှင်းပြီးတာနဲ့ ငါတို့တွေက အစားကြူးနတ်ဘုရားရဲ့ မျက်စိထဲ ရောက်သွားမှာပဲ” အမျိုးသမီးက ကြီးကြပ်ရေးမှူးက နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများက တောက်ပနေလေ၏။ သူမက သူဌေးထံ အပြည့်အဝ အညံ့ခံလိုက်ပြီဖြစ်သည်။
တခြားသူများက သူမ၏ စကားကို ကြားသည့်အခါ တိတ်ဆိတ်သွားကြ၏။ ဖြည်းဖြည်းချင်းဖြင့် သူတို့၏ မျက်ဝန်းအထက် ရည်မှန်းချက်က ပေါ်ထွက်လာသည်။
မည်သူကမှ ဘာမှမပြောကြတော့ပေ။ ဆိုင်ထဲတွင် တိတ်ဆိတ်မှုသာ ကြီးစိုးနေပြီး အားလုံးက ရလဒ်ကို စောင့်ဆိုင်းနေကြသည်။
ဝမ်ပေါင်လဲ့က ဆိုင်ထဲက ကိစ္စများကို ဂရုမစိုက်ပေ။ သူက အာသီသမြို့တော်၏ လမ်းမအထက် လျှောက်လှမ်းလာ၏။ ကောင်းကင်က မဲမှောင်နေပြီး စားသုံးနေသည့် အသံများကို ရံဖန်ရံခါကြားနေရသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့ ဖြတ်သန်းသွားသည့်အခါ ထိုအသံများက ရုတ်ချည်း တိတ်ဆိတ်သွားလေ၏။ ထိုသူများက အသံတစ်သံပင် မထွက်ရဲတော့သကဲ့သို့ ဖြစ်နေသည်။
ရံဖန်ရံခါ အမှောင်ထဲတွင် မျက်ဝန်းများက ပွင့်လာလေသည်။ သူတို့က ဝမ်ပေါင်လဲ့ကို မြင်သည့်အခါ ချက်ချင်းဆိုသလို အကြည့်လွှဲသွားကြ၏။
သူတို့က နှေးကွေးပါက ဝါးမျိုခံရမည်ကို စိုးရိမ်သည့်အလား ခပ်သွက်သွက် နောက်ဆုတ်သွားကြသည်။
ထိုအရာအားလုံးက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် အင်မတန် ကြောက်ဖို့ကောင်းနေ၍ ဖြစ်၏။ ထိုအရာက ဝဲကတော့ တစ်ခုအသွင်ဖြစ်ကာ အဖက်ဖက်မှ အာသီသအငွေ့အသက်များကို ဆွဲဆောင်နေသည်။
ဒုတိယဆိုင်ဖြင့် ပေါင်းစည်းမှုက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်း အာသီသမျိုးစေ့မှ ဖွဲ့စည်းထားသည့် ဝဲကတော့ကို ပိုမိုကြီးမားလာစေသည်။ တစ်ချိန်တည်းဆိုသလို အာသီသအငွေ့အသက် စုပ်ယူနှုန်းက ပိုမိုမြန်ဆန်လာခဲ့၏။ ထိုအထဲတွင် အနက်ရောင်သလင်းကျောက်တစ်ခု ဖွဲ့တည်လာသည်။
ထိုပစ္စည်းက စည်းမျဉ်းဥပဒေသမှ အပြည့်အဝ ဖွဲ့စည်းလာခြင်း ဖြစ်၏။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်း ပြင်ပကမ္ဘာမှ စည်းမျဉ်းအားလုံးကို အစားထိုးသွားလေသည်။ ထိုအရာက သူ ထုတ်လွှတ်နိုင်သည့် အားအကောင်းဆုံးစွမ်းအား ဖြစ်လာခဲ့၏။
“ငါ့ရဲ့ လက်ရှိခန္ဓာကိုယ်ကို အလိုဆန္ဒခန္ဓာလို့ ခေါ်ရမယ်” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက ဆက်လက် လျှောက်လှမ်းနေရင်း ပျော်ရွှင်ခြင်းမရှိသလို ဝမ်းနည်းနေခြင်းလည်း မရှိပေ။ အကယ်၍ ကောင်းကင်မှ ငုံ့ကြည့်ပါက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ဧရာမအနက်ရောင် ဝဲကတော့ကြီးကိုသာ မြင်ရလိမ့်မည်။
ထိုအရာက ဖြည်းဖြည်းချင်း ကျယ်ပြန့်လာပြီး ပတ်ဝန်းကျင်ရှိ နေထိုင်သူများကိုပင် တုန်ယင်ကာ ခေါင်းငုံ့သွားစေသည်။ တိတ်ဆိတ်စွာဖြင့် သူတို့က နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသလိုမျိုး တိတ်ဆိတ်သွားကြ၏။
ဤသို့ဖြင့် ဝမ်ပေါင်လဲ့က ခပ်ဝေးဝေးသို့ လျှောက်လှမ်းသွားသည်။ သူ့ခန္ဓာကိုယ်ရှိ အရှိန်အဝါက ပိုမိုအားကောင်းလာကာ ကြောက်ဖို့ကောင်းသည့် အနက်ရောင်ဝဲကတော့ အသွင်ပြောင်းလဲသွားသည်။ သူ့ရည်ရွယ်ချက်က အစမှ အဆုံးအထိ ပြောင်းလဲခြင်း မရှိပေ။ ထိုအရာက လမ်းအဆုံးတွင်ရှိနေသည့် လေးထပ် စားသောက်ဆိုင်ဆီ ဖြစ်သည်။
တစ်ချိန်တည်းဆိုသလို ထိုစားသောက်ဆိုင်၏ တတိယအထက်တွင် လူလတ်ကျင့်ကြံသူတစ်ဦးက တင်ပျဉ်ခွေထိုင်နေပြီး ရုတ်ချည်း မျက်လုံးပွင့်လာသည်။ ထိုကျင့်ကြံသူ၏ ဆံပင်က သွေးနီရောင်ဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံးက ကြေးခွံဖြင့် ဖုံးလွှမ်းထား၏။ သူ့ကြည့်ရသည်မှာ နတ်ဆိုးတစ်ကောင်နှင့် တူသော်လည်း သူက ပြတင်းပေါက်မှ စိုက်ကြည့်ရင်း အကြည့်များ တောက်ပလာသည်။
သူ့ကျင့်ကြံဆင့်ဖြင့် ကြောက်ဖို့ကောင်းသည့် အနက်ရောင်ဝဲကတော့တစ်ခု ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို ခံစားမိ၏။ ထိုဝဲကတော့က သူ့အမူအရာကိုပင် ပြောင်းလဲသွားစေသည်။ သူက ထရပ်တော့မည့်ဆဲဆဲတွင် ထိုအနက်ရောင်ဝဲကတော့အတွင်း မျက်ဝန်းတစ်စုံ ထွက်ပေါ်လာ၏။
ထိုမျက်ဝန်းက စိတ်ခံစားချက်များ ကင်းမဲ့နေသည်။ သူတို့က သူ့ကို အဝေးမှ စိုက်ကြည့်နေရင်း အသူရာချောက်နက်သဖွယ် ဖြစ်နေ၏။ သူ့အကြည့်က ကျင့်ကြံသူ၏ စိတ်ကို ဂယက်ရိုက်သွားစေနိုင်သည်။
ထို့ကြောင့် အဝေးတစ်နေရာတွင်ရှိနေသည့် ဝဲကတော့ကြီးက မျက်စိတစ်မှိတ်အတွင်း စားသောက်ဆိုင်တံခါးဝသို့ ရောက်ရှိလာသည်ကိုပင် သတိမထားမိလိုက်ပေ။
ထိုအရာ နီးကပ်လာသည့်အခါ ကြီးကျယ်ခမ်းနားသည့် စားသောက်ဆိုင်က ချက်ချင်းဆိုသလို အနက်ရောင်ချီဖြင့် ဖုံးလွှမ်းသွားလေ၏။
ထိုအရာ ဖုံးလွှမ်းခံလိုက်ရသည့်အခါ စားသောက်ဆိုင်၏ တံခါးများက ဘန်းခနဲဖြစ်သွားပြီး ဖြည်းဖြည်းချင်းစီ ပျက်စီးသွားသည်။
အနက်ရောင်မြူခိုးမှ ပုံရိပ်တစ်ခု ဖြစ်တည်လာပြီး စားသောက်ဆိုင်အတွင်း အသူရာချောက်နက်မှ အိပ်မက်ဆိုးအသွင်ဝင်ရောက်လာသည်။
သူ့ခြေထောက်ကြွလိုက်သည့်အခါ သူ့ခြေထောက်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများက မြေပြင်အနှံ့ ပျံ့နှံ့သွား၏။ ထိုပျံသန်းသွားသည့်အချိန်တိုင်း အနက်ရောင်မြူက တစ္ဆေနှင့် မကောင်းဆိုးဝါးအသွင်ဖြစ်ကာ ပထမအထပ်ရှိ ဝန်ထမ်းဒါဇင်ချီကို ရစ်ပတ်သွားလေသည်။ သူတို့၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားကြ၏။
သူတို့က မည်မျှပင် ရုန်းကန်စေကာမူ မည်မျှပင် အကူအညီတောင်းခံစေကာမူ အသုံးမဝင်ခဲ့ပေ။ အနက်ရောင် မြူခိုးများ ချဉ်းကပ်လာသည့်အခါ သူတို့၏ ခန္ဓာကိုယ်က မျက်စိဖြင့် မြင်လောက်အောင် ပျက်ယွင်းသွားပြီး ပြာအဖြစ် ပြောင်းလဲသွားကြသည်။
သူတို့၏ ခန္ဓာကိုယ်ထဲရှိ လိုအင်ဆန္ဒက လှုံ့ဆော်ခံလိုက်ရသလိုမျိုး ဖြစ်၏။
စားသောက်ဆိုင်အပြင်ဘက်မှ ဆိုးဆိုးရွားရွားအော်သံများသာ ကြားနေရသည်။ သူတို့က အချိန်အတော်ကြာ ရုန်းကန်နေပြီး ပတ်ဝန်းကျင်ရှိ နေထိုင်သူများကိုပင် ထိတ်လန့်သွားစေသည်။