မူလဇစ်မြစ်
Vol. 96 Ch. 1335
အာသီသမြို့တော်၏ ဇူဇကာပွဲတော်က တစ်လတစ်ကြိမ် ကျင်းပလျက် ရှိသည်။ မြို့ကို တည်ဆောက်ပြီးစီးကတည်းက ထိုဓလေ့ထုံးတမ်းက တစ်ခါမှ မရပ်တန့်ခဲ့ဖူးပေ။
ဤသည်က ဓလေ့ထုံးတမ်းတစ်ခု ဖြစ်သလို အာသီသမြို့တော်၏ နာမည်ကျော်ကြားမှုကို ထိန်းသိမ်းထားနိုင်သည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်၏။ ပို၍အရေးကြီးသည်က မြို့ထဲရှိ အာသီသစည်းမျဉ်းဥပဒေသကို ကျင့်ကြံသည့် ပညာရှင်များစွာ၏ လိုအပ်မှုနှင့် ကိုက်ညီနေခဲ့သည်။
အာသီသ အငွေ့အသက်အများစုက မြို့သခင်၏ စုပ်ယူမှုကို ခံခဲ့ရသော်လည်း ကျန်ရှိနေသည့်အရာများကို အစားကြူးနတ်ဘုရားများနှင့် သူ့လက်အောက်ငယ်သားများက စုပ်ယူနိုင်သည့်အတွက် အကျိုးကျေးဇူးမြောက်များစွာ ရှိ၏။
ထိုအကျိုးကျေးဇူးက လူအားလုံးအတွက် ရရှိခြင်း မဟုတ်ပေ။ ထိုအရာကို အဟန့်အတားမရှိ စုပ်ယူနိုင်သည့် အရည်အချင်းရှိသည့်သူများသာ ဖြစ်၏။ ထိုအရာတွင် အစားကြူးနတ်ဘုရား ၈ယောက်၏ လုပ်ပိုင်ခွင့်နှင့် ရွေးချယ်ခံရသည့် လက်အောက်ငယ်သားများအပေါ် မူတည်နေသည်။
ဤသည်က အာသီသမြို့တော်အတွင်း အစားအစာများက ဝမ်းဗိုက်ဖြည့်နိုင်သည်ဖြစ်စေ၊ မဖြည့်နိုင်သည်ဖြစ်စေ အရေးသိပ်မကြီးပေ။ သေဆုံးမှုအများအပြား မရှိသည့်အတွက် ကိစ္စမရှိပေ။
အလယ်အလတ်အဆင့်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အောက်ဆုံးအဆင့်တွင်သာ ရှိနေသေး၏။
အာသီသမြို့အတွင်း အစားကြူးနတ်ဘုရားနှင့် တမန်တော်များလည်း ရှိနေသေးသည်။ အရှေ့တစ်ခုက ကြောက်မက်ဖို့ကောင်းသည့်အဆင့်အတန်းတစ်ခုရှိစဉ် အနည်းစုသာ ရှိကြသည်။ နောက်တစ်ခုကမူ အားကောင်းပြီး ကြီးထွားနိုင်သည့် အခွင့်အရေးမျိုး ရှိ၏။
ထို့ကြောင့် အစားကြူးနတ်ဘုရားများ၏ တမန်တော်များအပေါ် သဘောထားက အများစုကို ချည်နှောင်ထားကာ ဖိနှိပ်ထားဖို့အတွက် ဖြစ်သည်။ သူတို့က သူတို့ကို မှီခိုလိုသည့်သူများကို ကြိုးရှည်ရှည်ဖြင့် ချည်ထားပြီး တခြားသူ လက်အောက်ရှိ တမန်တော်များကိုမူ ဖိနှိပ်ကြသည်။
တမန်တော်အနေဖြင့် နတ်ဘုရားဖြစ်လာဖို့ရာအတွက် အခွင့်အရေးက သိပ်မများသော်လည်း ရှိနေဆဲသာ ဖြစ်သည်။ တခြားသော အစားကြူးနတ်ဘုရား ၈ယောက်က တူညီစွာ အဆင့်တိုးလာခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့လူများကို စောစောစီးစီး ရွေးချယ်နိုင်ဖို့က အစောပိုင်း ရင်းနှီးမြှုပ်နှံမှုအဖြစ် မှတ်ယူနိုင်သည်။
သို့သော်လည်း အစားကြူးနတ်ဘုရား ပေါ်ထွက်မလာသည်မှာ အချိန်အတော်ကြာမြင့်လှပြီ ဖြစ်၏။
ထိုအရာများကြောင့် ကျိုးဟော်သည် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့က တမန်တော်အသစ် ဖြစ်၏။ သူ့ဇစ်မြစ်က မသိရသော်လည်း သူ့မြင့်တက်လာမှုက မြန်ဆန်လှသည်။ ဤအာသီသမြို့အတွင်း သူတို့က တစ်ဖက်လူ၏ ဇစ်မြစ်ကို ဂရုမစိုက်ကြဘဲ ကျင့်ကြံရေးစည်းမျဉ်းဥပဒေသကိုသာ ဂရုစိုက်ကြသည်။
ထို့အပြင် ဝမ်ပေါင်လဲ့က ကောင်းမွန်စွာ လုပ်ဆောင်ထားနိုင်ခဲ့၏။ ယမန်နေ့က ပို့ပေးခဲ့သည့် ဝိညာဉ်ရေခဲရေ ပုလင်းတစ်ထောင်က ကျိုးဟော်အတွက် တန်ဖိုးကြီးကြီးမားမား မဟုတ်သော်လည်း ဝမ်ပေါင်လဲ့အတွက် သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။
ထို့ကြောင့် သူက ဖိတ်ကြားချက်ကို ပို့လိုက်ခြင်း ဖြစ်၏။
သူက ဝမ်ပေါင်လဲ့အား သူ့အဖွဲ့ထဲ ဝင်ရောက်ပြီး သူ့ဆီ လာကာ စားသုံးဖို့ ဖိတ်ကြားခဲ့သည်။
ဝမ်ပေါင်လဲ့ သဘောတူသည်နှင့် သူက ကျိုးဟော်နှင့် ချည်နှောင်ပြီးသား ဖြစ်သွားလေ၏။
ဝမ်ပေါင်လဲ့က ဤဖိတ်ကြားချက်မျိုးကို ငြင်းဆန်မည် မဟုတ်ပေ။ ဤသည်က သူ့အစီအစဉ်သာ ဖြစ်၏။
သူ သိထားသလောက် အင်အားစုအတွင်း အမှန်တကယ် ဝင်ရောက်လိုပါက အင်အားစုအတွင်း အရေးကြီးသည့်ရာထူးကို ဆုပ်ကိုင်ထားရမည်။ သူက ထိုအနေအထားကို မရောက်ရှိသေးသည့်အတွက် အကြိုဝင်ရောက်မှုအဖြစ်သာ မှတ်ယူနိုင်သေးသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က အာသီသစည်းမျဉ်းအပေါ် အတော်လေး စိတ်ဝင်စားမိ၏။ တစ်ချိန်တည်းဆိုသလို စိတ်ဆန္ဒ(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)ပါးကျင့်ကြံရေးအတွက် သူ့တွင် ထူးကဲသည့် အလားအလာတချို့ ရှိဟန်ပေါ်သည်။
ပျော်ရွှင်မှုဖြစ်စေ၊ သူ့လက်ရှိအာသီသဖြစ်စေ သူက အားလုံးကို အမြန်အဆန် ဖမ်းဆုပ်နိုင်ခဲ့သည်။
ဒါက ငါ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံဆင့်နဲ့များ သက်ဆိုင်နေတာလား…
ဝမ်ပေါင်လဲ့က ထိုအကြောင်းကို ယခင်ကတွေးခဲ့ဖူးသည်။ အဖြေများစွာ ရှိခဲ့သော်လည်း ကျင့်ကြံဆင့်က သူတို့ထဲမှ တစ်ခုသာဖြစ်၏။
တခြားသော အဖြေများအတွက်မူ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်ဝန်းအထက် ထူးဆန်းသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွား၏။
ဤသို့ဖြင့် ကျိုးဟော်စံအိမ်မှ အိမ်တော်ထိန်းကို ပြန်လည် အကြောင်းကြားခဲ့သည်။ နောက်သုံးရက် ကြာမြင့်ပြီးသည့်နောက်တွင် ဇူဇကာပွဲတော် ကျရောက်လာ၏။
ဤသည်က ဝမ်ပေါင်လဲ့အနေဖြင့် အာသီသမြို့အတွင်း တွေ့ကြုံခံစားရသည့် လေးကြိမ်မြောက် ပွဲတော် ဖြစ်ပေသည်။ ပထမဆုံးတစ်ကြိမ်ကလွဲ၍ ကျန်နှစ်ကြိမ်လုံးက သူဆိုင်ထဲမှသာ စောင့်ကြည့်နေလေ့ ရှိသည်။
လေးကြိမ်မြောက်တွင် ပါဝင်ဆင်နွှဲသည်က ယခင်နှင့် ကွဲပြားနေ၏။ မနက်ပိုင်းရောက်ရှိလာပြီး ပွဲတော်ကြောင့် မြို့တစ်မြို့လုံးရှိ ကျင့်ကြံသူများက စည်ကားအသက်ဝင်နေသည်။ အစားကြူးနတ်ဘုရားစံအိမ် ရှစ်ခုမှ ဧရာမအသားပုံကြီးများကို သူတို့လက်အောက်ငယ်သားများက သယ်ဆောင်ကာ တန်းစီထွက်လာကြသည်။
ထွက်လာသည့်အခါ သူတို့က သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့ထဲ ဖြည်းဖြည်းချင်း ရွှေ့သွားကြသည်။ ထို့နောက် သီးသန့်ကျင့်ကြံနေသည့် နေရာအသီးသီးမှ ပုံရိပ်များစွာ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။ သူတို့ပြန်လည်ပေါ်ထွက်လာသည့်အခါ သူတို့က သက်ဆိုင်ရာ အစားကြူးနတ်ဘုရားများ၏ လက်အောက်ငယ်သားများ နေရာ၌ ရောက်နေကြသည်။
ထိုပုံရိပ်များက တမန်တော်များ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို ကောင်းမွန်စွာ သူတို့၏ နတ်ဘုရားများ၏ လက်အောက်ငယ်သားများကလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကာ သက်ဆိုင်ရာစီတန်းမှုအတွင်း ဝင်ရောက်လာကြသည်။
ထိုစဉ် အဖက်ဖက်မှ အားပေးသံများနှင့် အော်သံများက ပဲ့တင်ထွက်သွား၏။
တဖြည်းဖြည်းချင်းဖြင့် ဇူဇကာပွဲတော်၏ အငွေ့အသက်က ပိုမိုမြင့်တက်လာသည်။ ဝမ်ပေါင်လဲ့က ဆိုင်မှ ထွက်လာသည့်အခါ သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး ကျိုးဟော်တို့ နောက်မှ ပေါ်ထွက်လာသည်။
ကျိုးဟော်က ပထမဦးဆုံး သူ့ပေါ်ထွက်လာမှုကို သတိထားမိသူ ဖြစ်၏။ သူ့တောင်သဖွယ်ဖြစ်နေသည့် အသားခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ဝမ်ပေါင်လဲ့ကို လှည့်ကြည့်လာသည်။
ဝမ်ပေါင်လဲ့ကလည်း ကျိုးဟော်ကို ကြည့်လိုက်၏။ သူ့ဧရာမခန္ဓာကိုယ်ကြီးက မီးဖိုနှင့်တူသည့် အပူလှိုင်းတချို့ ထုတ်လွှတ်နေသည်။ ထိုအရာက အံ့အားသင့်ဖို့ ကောင်းပြီး ဝမ်ပေါင်လဲ့အနေဖြင့် အာသီသစည်းမျဉ်းအပေါ် နားလည်မှုအသစ်တစ်ခု တိုးလာစေသည်။ သူက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်၏။
ကျိုးဟော်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူက ဘာမှမပြောဘဲ ဆက်လက် စီတန်းလှည့်လည်လိုက်ကြသည်။
တစ်ချိန်တည်းဆိုသလို မျက်လုံးလေးစုံက ဝမ်ပေါင်လဲ့အပေါ် ကျရောက်လာ၏။ သူ ကြည့်လိုက်သည့်အခါ သူနှင့် အရှိန်အဝါတူရှိသည့် ကျင့်ကြံသူလေးဦးကို မြင်လိုက်ရသည်။
ထိုလေးဦးက လူအိုကြီးတစ်ယောက်နှင့် လူလတ်အရွယ်အမျိုးသား သုံးဦးတို့ ဖြစ်၏။ သူတို့ခန္ဓာကိုယ်အပေါ်ရှိ အာသီသစည်းမျဉ်း အတက်အကျက သူတို့၏ ကျင့်ကြံဆင့်ကို ပြသနေသည်။ ဝမ်ပေါင်လဲ့နှင့် အကြည့်ချင်းဆုံပြီးသည့်နောက်တွင် လေးယောက်သားက ခေါင်းညိတ်ပြလိုက်ကြ၏။
သူတို့က ဤမြင့်တက်လာကာစ တမန်တော်အသစ်ကို အနည်းငယ် ကြောက်ရွံ့နေကြ၏။ တစ်ဖက်လူ မြင့်တက်လာမှုက တမန်တော်တစ်ယောက်ကို သတ်၍ ရောက်ရှိလာခြင်း မဟုတ်ပါလော။ ရန်သူမဖွဲ့လိုသည့် ဝမ်ပေါင်လဲ့က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အစပိုင်းနှုတ်ဆက်မှုအပြီးတွင် စီတန်းလှည့်လည်မှုကို ဆက်လက်လုပ်ဆောင်လိုက်ကြသည်။
ပွဲတော်အခမ်းအနားက ပိုမိုအားကောင်းလာပြီး စီတန်းလှည့်လည်မှု လူအရေအတွက်က ပိုမိုတိုးပွားလာကာ ပွဲတော်၏ အရေးကြီးဆုံးကဏ္ဍသို့ ရောက်ရှိလာသည်။
အစားကြူးနတ်ဘုရားများက စင်မြင့်အနား စုဝေးသွားစဉ် မြို့သခင် ရောက်ရှိလာ၏။
အသံကျယ်ကြီးက ပဲ့တင်ထွက်သွားပြီး စင်မြင့်ဝန်းကျင်တွင် ဧရာမအသားပုံကြီးတစ်ခု ပေါ်ထွက်လာသည်။
ကျိုးဟော်နောက်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က ခေါင်းမော့ကြည့်လိုက်၏။ သူ့အနေအထားမှ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ပြင်းထန်မှုကို ခံစားမိ၏။ ထိုအရာက အာသီသစည်းမျဉ်းဥပဒေသ၏ ဇစ်မြစ် ဖြစ်ဟန်ပေါ်သည်။ အာသီသစည်းမျဉ်းက မြို့တစ်ခုလုံးအပေါ် သက်ရောက်မှုရှိလာပြီး သူ့ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားလေ၏။
ဝမ်ပေါင်လဲ့၏ ကောက်ချက်ချမှုအရ တစ်ဖက်လူသည် အလိုရှိပါက ဒုတိယကမ္ဘာတစ်ခုလုံးကို အာသီသကမ္ဘာအဖြစ်ပင် ပြောင်းလဲနိုင်လိမ့်မည်။
သို့သော်လည်း ဒုတိယကမ္ဘာရှိ တခြားသော မြို့သခင်များက ထိုအရာကို ခွင့်ပြုမည် မဟုတ်ပေ။
အာသီသမြို့သခင် မသေဆုံးသရွေ့ မည်သူကမှ အာသီသစည်းမျဉ်းကို ဤအနေအထားထိ ကျင့်ကြံနိုင်မည် မဟုတ်ပေ။
မူလစကြဝဠာတာအိုနေရာက အင်မတန် ထူးဆန်းလှ၏။ ဤကမ္ဘာငယ်ထဲတွင် စွမ်းအားကြီး ပုဂ္ဂိုလ်များစွာ ရှိနေသည်။ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ သူ့ရှေ့တွင် ရှိနေသည့် ဧရာမတောင်ကြီးကို ကြည့်လိုက်သည်။
တစ်ဖက်လူက သူ့တကယ့်ခန္ဓာကိုယ်ဖြင့်ပင် တိုက်ခိုက်နိုင်လောက်အောင် အားကောင်းသူ ဖြစ်၏။
အဲ့လိုဆိုရင် စိတ်ခံစားချက် (၇)မျိုးနဲ့ လိုအင်ဆန္ဒ (၆)ပါးက ဘယ်က ရောက်လာတာလဲ။ ဒီမှာ မွေးဖွားလာတာလား…
ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားလေ၏။ သူက စိတ်ထဲတွင် အနည်းနှင့်အများ အဖြေတစ်ခု ရှိလာမိသည်။
“နတ်ဧကရာဇ်”