← Chapters

အမဲလိုက်ပွဲ

Vol. 96 Ch. 1337

အမဲလိုက်ပွဲ

Vol. 96 Ch. 1337

“ ၉ယောက်မြောက် အစားကြူးနတ်ဘုရား ပေါ်ထွက်လာတာကို  မြို့သခင်ကလည်း မြင်ချင်နေတာပဲ” ကျုံးဟိုင်ကျစ်က ဝမ်ပေါင်လဲ့ကို ကြည့်ရင်း ရှင်းပြလိုက်သည်။

“စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ မြို့သခင်က ၉ယောက်မြောက် အစားကြူးနတ်ဘုရားကို တကယ်ပဲ မြင်ချင်တယ်ဆိုရင် တမန်တော်တွေက ကျင့်ကြံသူအမြောက်အများကို ဝါးမျိုလိုက်လို့ရတာပဲ။ သူတို့က အထွတ်အထိပ် မဟုတ်ဘူးဆိုရင်တောင် အဆင့်တော့ တက်လာဦးမှာပဲလေ။ အဲဒါဆိုရင် အာသီသမြို့တော်ထဲမှာ ဒီလောက်ကြာတဲ့အထိ ဘာလို့ ၉ယောက်မြောက် အစားကြူးနတ်ဘုရားဆိုတာ ထွက်မလာရသေးတာလဲ” ဝမ်ပေါင်လဲ့က မျက်ခုံးပင့်ကာ မေးလိုက်၏။

“တမန်တော်က ဝါးမျိုခြင်းကနေ အကျိုးကျေးဇူးမြောက်များစွာ ရတယ်ဆိုပေမဲ့လည်း ကန့်သတ်ချက်တော့ ရှိနေတုန်းပဲ”

“အစားကြူးနတ်ဘုရားရဲ့ ဓမ္မကိုယ်ပွားက ပေတစ်ထောင် မြင့်တယ်။ ဒါပေမဲ့ ၉၉ ပေ ပြီးတဲ့နောက်မှာ ကျန်တဲ့ဆယ်ပေက အရင်ကထက်ပြီးတော့ ခက်ခဲလာတယ်။ အဲဒါကြောင့် ဝါးမျိုတဲ့ ဖြစ်စဉ်ကလည်း အဆင့်တက်လှမ်းတဲ့အချိန်မှာ လုပ်မှ အဆင်ပြေမှာ။ အဲဒီအခါမှပဲ ဝါးမျိုရေးစွမ်းအားကို သုံးပြီးတော့ အာသီသသလင်းကျောက်ကို ဖွဲ့စည်းနိုင်လိမ့်မယ်” ဝမ်ပေါင်လဲ့ကို ဖြေလိုက်သည့်သူက ကျုံးဟိုင်ကျစ် မဟုတ်ဘဲ နောက်ထပ် တမန်တော်တစ်ဦး ဖြစ်၏။

ထိုသူက လူအိုကြီးတစ်ဦး ဖြစ်ပေသည်။ ထိုစဉ် သူက လျှောက်လှမ်းလာကာ ဝမ်ပေါင်လဲ့ကို ပြုံးပြီး ရှင်းပြလိုက်သည်။

“ဟုတ်တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ် ရယ်ရယ်မောမောနဲ့ စကားပြောနိုင်ပါ့မလဲ။ တမန်တော်က အင်အားရှိတယ်ဆိုပေမဲ့ တခြားသူအတွက် အသားတုံး ဖြစ်မလာဖို့တော့ ဂရုစိုက်ရမယ်” လူအိုကြီးက ခေါင်းယမ်းကာ ပြောလိုက်သည်။

ထို့နောက် သူက ဝမ်ပေါင်လဲ့ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်၏။

“ဒါပေမဲ့ ကျုံးဟိုင်ကျစ် ပြောတဲ့အထဲမှာ တတိယအခြေအနေတစ်ခု လိုအပ်နေတယ်။ အဲဒါက အမဲလိုက်ပွဲပဲ”

“အမဲလိုက်ပွဲလား” ကျုံးဟိုင်ကျစ်၏ အမူအရာက ထိုစကားကို ကြားသည့်အခါ ပြောင်းလဲသွား၏။

“အဲဒါကို အရင်တုန်းက အစားကြူးနတ်ဘုရား ၈ယောက်က တားဆီးခဲ့တာ။ အဲဒါဆိုတော့…”

“ဟုတ်တယ်။ ငါသိထားတဲ့ သတင်းအချက်အလက်အရ အမဲလိုက်ပွဲက မကြာခင် စလာတော့မှာ” လူအိုကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ဝမ်ပေါင်လဲ့အတွက်မူ ထိုနှစ်ဦးကြားမှ စကားဝိုင်းကို နားထောင်ပြီး ထူးထူးဆန်းဆန်း အမူအရာမျိုး ဖြစ်လာ၏။

ကျုံးဟိုင်ကျစ်၏ အမူအရာက လူအိုကြီး၏ ဇနီးစကားကို နားထောင်ရင်း ဖြည်းဖြည်းချင်း ပြောင်းလဲသွားကာ ဖြူဖျော့လာသည်။

အမဲလိုက်ပွဲက အတိတ်တုန်းက ဇူဇကာပွဲတော်ကို ဖိနှိပ်ထားနိုင်သည့် ကြီးကျယ်ခမ်းနားသော ပွဲအခမ်းအနားတစ်ခု ဖြစ်ခဲ့သည်။ ထိုအရာက အာသီသမြို့တော်အတွင်း တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိ၏။ မြို့သခင်၏ လမ်းညွှန်မှုအောက်တွင် ပါဝင်ယှဉ်ပြိုင်သူအားလုံးက တတိယကမ္ဘာဆီသွားကာ ရှေးဟောင်းသားရဲများကို အမဲလိုက်ပြီး ပါဝင်ပစ္စည်းများကို ရယူကြသည်။

ဤကမ္ဘာကို သုံးပိုင်းခွဲခြားထားပြီး လူများက ဒုတိယအလွှာတွင် နေထိုင်ကာ နတ်ဘုရားများက ပထမအလွှာတွင် အိပ်စက်နေကြ၏။ အောက်ဆုံးအလွှာက တတိယအလွှာ ဖြစ်ပေသည်။ လူများစွာနှင့် သားရဲများစွာက ထိုနေရာတွင် အိပ်စက်နေကြ၏။

ရှေးဟောင်းလူများ၏ ဇစ်မြစ်ကလည်း ထိုနေရာတွင် တည်ရှိသည်။ သို့သော်လည်း နိုးထလာသည့် ရှေးဟောင်းလူများနှင့် ယှဉ်ပါက ထိုတတိယကမ္ဘာတွင် ရှိနေသည့်သူများက အသိဉာဏ်မရှိကြပေ။ သူတို့က လမ်းလျှောက်နေသည့် အလောင်းကောင်များသဖွယ်ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူတို့က ခက်ထန်ကြမ်းတမ်းသည့် သားရဲများကို မွေးဖွားလာစေသည်။

သို့သော် ထိုနေရာက အန္တရာယ်များသော်လည်း ရှေးဟောင်းသားရဲများကိုယ်တိုင်က အရည်အသွေးမြင့် ပါဝင်ပစ္စည်းများ ဖြစ်၏။

ရွှေရောင်လက်တံများကိုလည်း ထိုတတိယကမ္ဘာတွင် ရှိခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းအခါမှသာ ထိုအရာကို တစ်စုံတစ်ယောက်က ထိန်းချုပ်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုအရာအပြင် နောက်ထပ်အန္တရာယ်တစ်ခုလည်း ရှိနေသေးသည်။ ထိုအရာက အာသီသမြို့တော်ရှိ ကျင့်ကြံသူများ၏ မလိုမုန်းထားမှုကြောင့်သာ ဖြစ်၏။

အစားကြူးနတ်ဘုရားများက အမဲလိုက်ပွဲအတွင်း ပါဝင်ယှဉ်နွှဲမည် မဟုတ်သည့်အတွက် အားအကောင်းဆုံးလူက တမန်တော်များသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ဝါးမျိုသည့်ဖြစ်စဉ်ကို အာသီသမြို့အတွင်း ခွင့်ပြုမထားသော်လည်း တတိယကမ္ဘာတွင်မူ ဖြစ်နိုင်ချေရှိ၏။

အစားကြူးနတ်ဘုရားများအတွက် သူတို့လက်အောက်တွင်ရှိသည့် တမန်တော်များ၏ ရိတ်သိမ်းမှုက မြို့သခင်ဆီမှ ရရှိလာမည့် အာဏာ လုပ်ပိုင်ခွင့်ကို ဆုံးဖြတ်ပေးနိုင်သည်။

သို့သော်လည်း မြို့သခင်၏ စွမ်းအားကို ထိန်းချုပ်၍ မရသည့်အတွက် အညီအမျှဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် အစားကြူးနတ်ဘုရားများက ဤအမဲလိုက်ပွဲအား ဆန့်ကျင်ကြခြင်း ဖြစ်၏။ သို့သော်လည်း အမဲလိုက်ပွဲကို နှစ်များစွာ ရပ်တန့်ထားပြီးသည့်နောက်တွင် အကြောင်းအရင်းတချို့ကြောင့် အစားကြူးနတ်ဘုရား ၈ယောက်က ဤတစ်ကြိမ် မတားဆီးနိုင်ကြပေ။ ဤသည်က တမန်တော်များအား အန္တရာယ်ကို ခံစားမိလာစေသည်။

“အမဲလိုက်ပွဲကို ဖွင့်လှစ်လိုက်တဲ့ အကြောင်းအရင်းက မြို့သခင်က ငါတို့ရဲ့ မြို့ထဲမှာ ၉ယောက်မြောက် အစားကြူးနတ်ဘုရား ရှိလာလိမ့်မယ်လို့ မှန်းဆမိလို့ပဲ။ အဲဒီအစားကြူးနတ်ဘုရားက အမဲလိုက်ပွဲမှာ မွေးဖွားလာလိမ့်မယ်။ ငါတို့အများစုက ဒီအမဲလိုက်ပွဲက အံ့ဖွယ်မီးဖိုအတွက် တမင်ဖွင့်လှစ်ထားတယ်လို့ ယုံကြည်ထားကြတယ်” လူအိုကြီးက အမဲလိုက်ပွဲအကြောင်း ဝမ်ပေါင်လဲ့ကို ရှင်းပြပြီးသည့်နောက်တွင် အားလုံး၏ နားထဲ ဖိအားပေးနိုင်သည့် အသံတစ်သံ ဝင်ရောက်လာသည်။

ထိုအသံက ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ်အမျိုးသားဆီမှ ဖြစ်၏။ သူက ကျိုးဟော်နှင့် အတော်လေးဆင်တူနေသည်။ သူ ဝင်ရောက်လာသည့်အခါ ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့်သူများက သူ့ကို မြင်လိုက်ရပြီး သူတို့ခန္ဓာကိုယ်ရှိ အာသီသစည်းမျဉ်းက လှုပ်ခတ်သွားသည်ကို ခံစားမိလိုက်ကြသည်။ သူတို့က ထိုအသစ်ရောက်ရှိလာသူ၏ ဇစ်မြစ်ကို ချက်ချင်း သဘောပေါက်လိုက်ကြ၏။

“အစားကြူးနတ်ဘုရားကို ဂါဝရပြုပါတယ်” လူအိုကြီး၊ ကျုံးဟိုင်ကျစ်နှင့် တမန်တော်နှစ်ယောက်က ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။ တခြားသော ကျင့်ကြံသူများကလည်း ခေါင်းငုံ့ထားလိုက်ကြ၏။

ဝမ်ပေါင်လဲ့ကလည်း လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ သူက ရောက်ရှိလာသည့်သူသည် ကိုယ်ပွားတစ်ခုဖြစ်ကြောင်း ပြောနိုင်လေသည်။ ကျိုးဟော်၏ တကယ့်သွင်ပြင်က ကြီးကျယ်ခမ်းနားသည့်အတွက် ဤပွဲအခမ်းအနားတွင် ပေါ်ထွက်လာဖို့ရာ မသင့်တော်ပေ။ ထို့ကြောင့် ကိုယ်ပွားအနေဖြင့် ရောက်ရှိလာခြင်း ဖြစ်၏။

သို့သော်လည်း ကိုယ်ပွားတစ်ခုမျှသာ ဖြစ်နေသော်လည်း အာသီသစည်းမျဉ်းဥပဒေသက ဖိအားပြင်းပြင်းကို ထုတ်လွှတ်နေလျက်ရှိသည်။ သို့သော်လည်း ထိုအရာက ဝမ်ပေါင်လဲ့အပေါ် သက်ရောက်မှု မရှိပေ။

“ဒီနေ့ ပွဲအခမ်းအနားကို မင်းတို့အားလုံးကို ခေါ်လိုက်ရတာက ဒီကိစ္စကို ကြေညာဖို့ပဲ” ကျိုးဟော်က လျှောက်လှမ်းလာကာ ပြောလိုက်သည်။ သူက ဝမ်ပေါင်လဲ့နှင့် တခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။

“အမဲလိုက်ပွဲကို တစ်လအတွင်း စလိမ့်မယ်” သူက ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။

“မင်းတို့အားလုံး ကိုယ့်ရဲ့ ရှင်သန်မှုကို နံပါတ်တစ် ဦးစားပေးအနေနဲ့ မှတ်ယူကြရမယ်။ ပြီးတော့ ပင်းလင်းကျစ်…  မင်းကလည်း အံ့ဖွယ်မီးဖိုကို ဂရုစိုက်ရမယ်။ ဒီနေ့ စင်မြင့်ထက်မှာတုန်းက သူက မင်းကို သားကောင်အဖြစ် သတ်မှတ်ထားတာ”

“သားကောင်တဲ့လား” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်သည်။

ကျိုးဟော်က ဝမ်ပေါင်လဲ့ စဉ်းစားနေသည့်အရာကို သိ၏။ သူက မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောပေ။ ထိုအစား သူက ဂုဏ်ကျက်သရေရှိ ထိုင်ခုံဆီ လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် ပွဲအခမ်းအနားကို တရားဝင်စတင်လိုက်၏။

စားကောင်းသောက်ဖွယ်များစွာ တည်ခင်းဧည့်ခံရင်း လှပသည့် အစေခံများဖြင့် ပြည့်နှက်နေသည်။ အာသီသမြို့အတွင်း ဖရိုဖရဲဖြစ်မှုနှင့် နှိုင်းယှဉ်ပါက ကျိုးဟော်၏ စံအိမ်အတွင်း ထွက်ပေါ်နေသည့် အနက်ရောင်မီးခိုးက မြို့ထဲကကဲ့သို့ တုန်လှုပ်ဖို့ ကောင်းလှသည်။

အနက်ရောင်အငွေ့အသက်က ပြင်းထန်သည့် ဆန္ဒကို ကိုယ်စားပြု၏။

အကယ်၍ အနီးကပ်သွားပါက သူတို့သည် ကူးစက်ခံရမည်ကို တားဆီးနိုင်မည်မဟုတ်ဘဲ ညှိုးနွမ်းခြောက်သွေ့သွားလိမ့်မည်။

ဤအရာက အာသီသစည်းမျဉ်းဥပဒေသ၏ စွမ်းအား ဖြစ်၏။

ပွဲအခမ်းအနားက သိပ်မကြာပေ။ အပြင်ဘက်မှ တိုက်ခိုက်သံများ အဆုံးသတ်သွားသည့်အခါ ပွဲအခမ်းအနားက အဆုံးသတ်သို့ ရောက်ရှိလာ၏။

လူအုပ်ကြီးက ထွက်ခွာသွားသည့်အခါ ဝမ်ပေါင်လဲ့က အမျိုးသမီးကျင့်ကြံသူကို ခေါ်ပြီး ကျိုးဟော်ဆီ သွားရောက်နှုတ်ဆက်ခဲ့သည်။ ကျိုးဟော်က ပြောလိုက်၏။

“လက်ဆောင်ကောင်းပဲ” သူက ပြောလိုက်သည်။

“အစားကြူးနတ်ဘုရား သဘောကျတယ်ဆိုရင် ကျေနပ်ပါတယ်” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်သည်။ သူ ပေးလိုက်သည့်လက်ဆောင်က ဝိညာဉ်ရေခဲရေဆိုင်မှ ဝေစု ၄၀ရာခိုင်နှုန်း ဖြစ်၏။

ကျိုးဟော်က ဝမ်ပေါင်လဲ့ကို ကြည့်ကာ အသံပို့ဆောင်လျက် ပြောလိုက်သည်။

“မင်းရဲ့ ဇစ်မြစ်က အရေးမကြီးဘူး။ မင်းက ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသကို ကျင့်ကြံတယ်ဆိုရင်တောင် ပြဿနာမရှိဘူး။ အဲဒါက မင်းဆီမှာ အာသီသမြို့တော်အပြင်ဘက်မှာ ရန်သူ မရှိဘူးလို့ ဆိုလိုတာပဲ။ ဒါပေမဲ့ မင်းက အာသီသမြို့တော်ရဲ့ ၉ယောက်မြောက် အစားကြူးနတ်ဘုရားဖြစ်လာမယ်ဆိုရင် မင်းရဲ့ ရန်သူက အာသီသမြို့တော်ရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။ မင်းက အာသီသစည်းမျဉ်းကို ကိုယ်စားပြုတဲ့အတွက်ကြောင့်ပဲ” ထိုသို့ပြောပြီးသည့်နောက်တွင် ကျိုးဟော်က ဆက်မပြောတော့ပေ။

ဝမ်ပေါင်လဲ့၏ အမူအရာက နည်းနည်းလေးမှ အပြောင်းအလဲမရှိပေ။ သူက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်ပြီး နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

သူတို့ထွက်လာရင်းဖြင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် စိတ်ဝင်စားမှုတချို့ ပေါ်ထွက်လာသည်။

“၉ယောက်မြောက် အစားကြူးနတ်ဘုရားတဲ့လား”

All Chapters