ထန်ရှု၏နောက်ဖေးဉယျာဉ်
Vol. 98 Ch. 1358
စေဘယ်မိစ္ဆာကင်းမြီးကောက်၏အဖြေကို ကြားပြီး အုပ်ချုပ်သူငရဲကမ္ဘာက အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ သူက ခေါင်းခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်၏ “ကြည့်ရတာ ငါက နားလည်မှုလွဲသွားပုံပဲ”
“ကျွန်မကို နတ်ဆိုးရှေးမှော်စုန်းကလန်ရဲ့အမွေခံတပည့်လို့ ရှင်က အထင်မှားခဲ့တာပဲ၊ ဒါပေမယ့် ရှင့်ကို ကျေးဇူးတင်ရမှာပါ။ ရှင်သာ မထွက်လာရင် ကျွန်မက အခုလို အသက်ရှင်လျက် ရပ်နေနိုင်မှာ မဟုတ်ဘူး။ အနာဂတ်မှာ ကျွန်မရဲ့အကူအညီကို လိုအပ်တယ်ဆိုရင် ပြောပါ၊ သခင်က ခွင့်ပြုပေးသရွေ့ ကျွန်မက အကောင်းဆုံးကူညီပေးမယ်”
အုပ်ချုပ်သူငရဲကမ္ဘာက အနည်းငယ် ခေါင်းညိတ်လျက် သက်ပြင်းချလိုက်သည် “အကဲဖြတ်မှုမှားသွားတဲ့အတွက် နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရဲ့မျက်နှာသာပေးမှုကို ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ငါ သိချင်တာ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီး မင်းတို့က…”
စေဘယ်မိစ္ဆာကင်းမြီးကောက်က ထန်ရှုကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့လိုက်သည်။ သူမက အဖြေပြန်မပေးခဲ့ပေ။
“မင်းရဲ့သိချင်စိတ်က ငါ ထင်ထားတာထက် ပိုများတာပဲ၊ အုပ်ချုပ်သူငရဲကမ္ဘာ…”ထန်ရှုက ပြုံးကာ ပြော၏ “ကောင်းပြီလေ၊ မင်းရဲ့မေးခွန်းကို ငါ ဖြေပေးမယ်။ စေဘယ်မိစ္ဆာကင်းမြီးကောက်ကို အကျဉ်းသားပြိုင်ကွင်းကနေ ငါ ဝယ်ခဲ့တာပဲ။ ဒါက သူမက ငါ့လက်အောက်ငယ်သားဖြစ်လာရတဲ့အကြောင်းရင်းအမှန်ပဲ”
အကျဉ်းသားပြိုင်ကွင်းလား။
ထူးဆန်းသောအမူအရာနှင့်အတူ အုပ်ချုပ်သူငရဲကမ္ဘာက မေး၏ “ငရဲကိုးခုရဲ့မိတ်ဆွေကို သတ်ဖို့ မင်း လူလွှတ်ခဲ့တုန်းက သူမလဲ ပါတာလား”
“မပါဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
“မပါဘူးလား”အုပ်ချုပ်သူငရဲကမ္ဘာက ခဏမှင်တက်သွားပြီးနောက် ထိတ်လန့်တုန်လှုပ်လျက် မေးလိုက်၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ အကျဉ်းသားပြိုင်ကွင်းကနေ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေ ဘယ်လောက်ထိ ဝယ်ခဲ့တာလဲ”
ထန်ရှုက လက်မြှောက်ကာ ရေတွက်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်၏ “နည်းနည်းပါပဲ၊ ဒါဇင်နီးပါးပေါ့။ ဘာလို့လဲ၊ အုပ်ချုပ်သူငရဲကမ္ဘာက ငါ့ကို နောက်ထပ်လူတွေ လက်ဆောင်ပေးချင်လို့လား”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး…”
မယုံနိုင်သောမျက်နှာနှင့်အတူ အုပ်ချုပ်သူငရဲကမ္ဘာက တံတွေးမျိုချလိုက်သည်။ အကျဉ်းသားပြိုင်ကွင်းမှ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အမြောက်အများကို ဝယ်ယူနိုင်သည့်အထိ ထန်ရှုက ရဲရင့်ပြီး ချမ်းသာကြွယ်ဝလိမ့်မည်ဟု သူက မထင်ထားပေ။ သူ့လက်အောက်မှာ ဒီလောက်များတဲ့စွမ်းအားရှင်တွေ ရှိနေမှတော့ သူ့အဖွဲ့က အင်မော်တယ်ကမ္ဘာမှာ ဒုတိယတန်းစားဂိုဏ်းတစ်ခုနဲ့ ယှဉ်နိုင်တယ်မလား။
“ငါ မင်းကို တကယ် အားကျတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ မင်းက တိုင်းပြည်တစ်ခုကို ဝယ်နိုင်လောက်တဲ့အထိ ချမ်းသာတာပဲ”ထိုသို့ပြောပြီးနောက် သူက ဝိုင်ခွက်ကို အောက်ချလိုက်သည်။ ထို့နောက် သူက ထရပ်ကာ ပြောလိုက်၏ “ဒါနဲ့ ကျုပ်က ဒီနေရာကို ရတနာအချို့ ယူဖို့ လာတာ၊ စေဘယ်မိစ္ဆာကင်းမြီးကောက်က ဘေးကင်းသွားပြီဆိုမှတော့ ကျုပ် ထွက်သွားတော့မယ်”
ထန်ရှုက ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။ အုပ်ချုပ်သူငရဲကမ္ဘာထွက်သွားပြီးနောက် သူက စေဘယ်မိစ္ဆာကင်းမြီးကောက်ဘက်သို့ လှည့်ကာ မေးလိုက်၏ “မင်းကို ဝိုင်းရံတိုက်ခိုက်ခဲ့တဲ့အဲဒီလူသုံးယောက်ရဲ့ဇစ်မြစ်ကို သိလား”
“သူတို့က တိမ်ဒယ်စောက်ဂိုဏ်းရဲ့လူတွေပဲ၊ သခင်”စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြန်ဖြေသည်။
“တိမ်ဒယ်စောက်ဂိုဏ်းလား”ထန်ရှုက အံ့အားသင့်သွားသည် “ဒီဂိုဏ်းက ကောင်းကင်ဘုံတိမ်အင်မော်တယ်ပိုင်နက်မှာ တည်ရှိတယ်၊ အဲဒီပိုင်နက်က ဒီနေရာနဲ့ အရမ်းဝေးတယ်၊ ဒီနေရာကနေ အဲကို သွားဖို့ အင်မော်တယ်ပိုင်နက်တစ်ရာကျော် ဖြတ်သန်းရလိမ့်မယ်။ ဒါ့အပြင် အဲဒီပိုင်နက်က အတော်လေးခေါင်တယ်။ ကောင်းကင်ဘုံတိမ်အင်မော်တယ်ပိုင်နက်ရဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်နဲ့ တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
စေဘယ်မိစ္ဆာကင်းမြီးကောက်က ထပ်ပြောသည် “ငါ သိသလောက်ဆိုရင် တိမ်ဒယ်စောက်ဂိုဏ်းမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ရှိတယ်။ မီးပွားဖြူအစစ်အမှန်ဘုရင်နဲ့မျက်လုံးသုံးလုံးကလန်ဝင်နှစ်ယောက်အပြင် နောက်ဆုံးတစ်ယောက်က ဂိုဏ်းချုပ်ဖြစ်တဲ့တောင်ပံဖြူအစစ်အမှန်ဘုရင်ပဲ”
“သူတို့က ဂိုဏ်းကြီးတစ်ခုက ဆိုရင် ငါတို့က သတိထားဖို့ လိုလိမ့်မယ်၊ ဒါပေမယ့် တိမ်ဒယ်စောက်ဂိုဏ်းက စိုးရိမ်ဖို့ မထိုက်တန်ပါဘူး။ ဒါနဲ့ ဘယ်လိုလုပ်ပြီး မင်းက သူတို့သုံးယောက်နဲ့ တွေ့ခဲ့တာလဲ”
စေဘယ်မိစ္ဆာကင်းမြီးကောက်က မီးတောင်ထွက်ကျောက်အရိုးပြာအိုးကို ယူထုတ်ကာ ထန်ရှုကို ပေးပြီးနောက် ပြောလိုက်၏ “ဒါက ဒီနေရာကနေ ကီလိုမီတာအနည်းငယ်အကွာက အန္တရာယ်နယ်မြေတစ်ခုကနေ ရခဲ့တဲ့ရတနာပဲ၊ သခင်။ ဒါအတွက်ကြောင့်ပဲ အဲဒီတိမ်ဒယ်စောက်ဂိုဏ်းသားတွေက ငါ့ကို တိုက်ခိုက်ခဲ့ကြတာ”
မီးတောင်ထွက်ကျောက်အရိုးပြာအိုးလား။
ထန်ရှုက အံ့အားသင့်သွားသည်။ သူက ပစ္စည်းကို ကိုင်ကာ ခဏဆန်းစစ်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏ “ဒီမီးတောင်ထွက်ကျောက်အရိုးပြာအိုးကို မီးတောက်ထွက်ကျောက်အန္တိမအရှင်က သန့်စင်ခဲ့တာပဲ။ ဒီအဆင့်ကိုးအသုံးအဆောင်ပစ္စည်းကို သန့်စင်ဖို့ သူက တန်ဖိုးကြီးပစ္စည်းအမြောက်အများကို နှစ်ငါးရာနီးပါး စုဆောင်းခဲ့ရတယ်။ ဒါပေမယ့် ၎င်းရဲ့တစ်ခုတည်းသောအစွမ်းက အင်မော်တယ်စိတ်ဝိညာဉ်ကို ဖိနှိပ်တာပဲ”
ထိုသို့ပြောပြီးနောက် စာလိပ်တစ်ခုက ထန်ရှု၏လက်ထဲ၌ ထွက်ပေါ်လာသည်။ ထို့နောက် သူက ၎င်းကို စေဘယ်မိစ္ဆာကင်းမြီးကောက်ထံ ပစ်ပေးကာ ပြောလိုက်၏ “မင်းက ငါ့ရဲ့နောက်လိုက်ဆိုပေမယ့် မင်းရခဲ့တာတွေကို ငါ အလကားမယူပါဘူး။ ဒါက ချို့ယွင်းချက်မဲ့အသင်္ချေသားရဲကျမ်းစာပဲ၊ သားရဲတိရစ္ဆာန်မျိုးနွယ်စုတွေအတွက် အရမ်းသင့်တော်တဲ့ကျင့်ကြံခြင်းပညာရပ်တစ်ခုပဲ”
“ချို့ယွင့်ချက်မဲ့အသင်္ချေသားရဲကျမ်းစာလား”
စေဘယ်မိစ္ဆာကင်းမြီးကောက်က ဝမ်းသာသွားပြီး စာလိပ်ကို ဖွင့်လိုက်သည်။ ထို့နောက် ရှေးဟောင်းအက္ခရာများက သူမမျက်လုံးထဲသို့ စီးဆင်းသွား၏။ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူမက ဒူးထောက်ကာ ကျေးဇူးတင်လျက် ပြောလိုက်သည် “မင်းရဲ့ဆုလာဒ်အတွက် ကျေးဇူးတင်ပါတယ်၊ သခင်။ ဒီချို့ယွင်းချက်မဲ့အသင်္ချေသားရဲကျမ်းစာနဲ့ဆိုရင် အန္တိမအဆင့်ကို ချိုးဖြတ်ဖို့အတွက် ငါက အာမခံချက်အနည်းငယ်ရှိလာပြီ”
“မင်းက အန္တိမအဆင့်ကို မကြာခင်တက်လှမ်းနိုင်ရင် အရမ်းကောင်းလိမ့်မယ်။ အနာဂတ်မှာ မင်းက ကြီးမားတဲ့အကူအညီတစ်ခုဖြစ်မယ်ဆိုတာ သေချာတယ်”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏ “ကောင်းကောင်းကျင့်ကြံပါ။ မင်းလိုအပ်တဲ့အရင်းအမြစ်တွေကို ငါ ထောက်ပံ့ပေးမယ်။ မင်းရဲ့လုပ်ဆောင်ချက်က ပိုကောင်းလေ၊ မင်းက နတ်ဘုရားစွမ်းရည်တွေနဲ့လျို့ဝှက်ပညာရပ်အမျိုးမျိုးကို ပိုရရှိလေပဲ”
“ကောင်းပါပြီ၊ အရှင်”စေဘယ်မိစ္ဆာကင်းမြီးကောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏ “ဒီနောက်လိုက်က အရှင့်အတွက် အကောင်းဆုံးအမှုထမ်းပါ့မယ်”
ဤမတိုင်ခင်တုန်းက ထန်ရှုက ဆန်းကြယ်သောဇစ်မြစ်ရှိသည့်လူချမ်းသာတစ်ယောက်ဟုသာ သူမက တွေးခဲ့သည်။ သူ့အား သစ္စာရှိရသည့်အကြောင်းချက်ကား သူမ၏အသက်က သူ့လက်ထဲ၌ ရှိနေသောကြောင့်ပင်၊ သို့သော် သူ့အား စစ်မှန်သောရိုသေလေးစားမှုတော့ သူမထံတွင် မရှိခဲ့ပေ။ သို့သော် ယခု သူမ၏သခင်က သူမစိတ်ကူးထားသည်ထက် ပိုဆန်းကြယ်ပြီးကြောက်စရာကောင်းသည်ကို သဘောပေါက်သွား၏။
ထို့နောက် ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ငါတို့က စုစည်းမိပြီးဆိုမှတော့ အဲဒီစံအိမ်ထဲက ရတနာတွေအားလုံးကို သွားယူကြရအောင်။ ပြီးတော့ ကြယ်မျက်ရည်ကိုလဲ ရှာရအုံးမယ်”
စေဘယ်မိစ္ဆာကင်းမြီးကောက်က ရိုသေလေးစားစွာ ပြန်ပြောသည် “သခင်၊ အဲဒီစံအိမ်နဲ့ ပတ်သက်ပြီး တချို့တလေကို ငါ သတိထားမိခဲ့တယ်။ လူတော်တော်များများက အဲဒီစံအိမ်ကို ရှာတွေ့ခဲ့ပေမယ့် တစ်ယောက်မှ မဝင်နိုင်ခဲ့ကြဘူး။ တံတားပေါ်က အတားအဆီးတွေနဲ့ထောင်ချောက်တွေက ရွှေအင်မော်တယ်နဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များစွာကို သတ်ခဲ့ကြတယ်။ ဘေးကင်းဖို့အတွက် တစ်ယောက်ယောက်က အတားအဆီးတွေနဲ့ထောင်ချောက်တွေကို ချိုးဖျက်ပြီးတဲ့အထိ စောင့်ဖို့လိုမယ်လို့ ငါ ထင်တယ်။ အဲနောက်မှ သွားလို့လဲ နောက်မကျပါဘူး”
“ကောင်းပြီလေ၊ ငါတို့ အလောင်းအစားလုပ်ကြရင် ဘယ်လိုလဲ”ထန်ရှုက ရုတ်တရက် ပြုံးကာ မေးလိုက်သည်။
စေဘယ်မိစ္ဆာကင်းမြီးကောက်က ခဏမှင်တက်သွားကာ ကမန်းကတန်း ပြန်ဖြေသည် “ဒီနောက်လိုက်က မလုပ်ရဲပါဘူး”
“ဟာ၊ မင်းရဲ့စိုးရိမ်မှုတွေကို ဖယ်ထုတ်လိုက်စမ်းပါ”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် ငါ မင်းကို အပြစ်မတင်ပါဘူး။ အဲဒီစံအိမ်ထဲ ဝင်တာက ငါ့အတွက် နောက်ဖေးဉယျာဉ်ထဲကို ဝင်ရသလိုပဲ။ မင်း ငါ့ကို ယုံလား”
စေဘယ်မိစ္ဆာကင်းမြီးကောက်က ထန်ရှုကို ထူးဆန်းသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလိုက်၏ “ငါ မယုံဘူး”
“ကောင်းပြီလေ၊ ဒါဆို မင်းက ငါ့ကို မယုံမှတော့ လောင်းကြရအောင်…အင်မော်တယ်သလင်းကျောက်တစ်လုံးကြေး”ထန်ရှုက ပြောလိုက်သည်။
ခဏစဉ်းစားပြီးနောက် စေဘယ်မိစ္ဆာကင်းမြီးကောက်က ခေါင်းညိတ်လိုက်သည် “သခင်ပြောတာ တကယ်ပဲဆိုရင် ငါတို့က နောက်ဖေးဉယျာဉ်ထဲကို ဝင်ရောက်သလို လွယ်ကူတယ်ဆိုရင် ကစားပွဲကို အရှုံးပေးကြောင်း ဝန်ခံလိုက်မယ်”
“ကောင်းပြီလေ။ အခု ငါ့နောက် လိုက်လာပါ”
ပြုံးလျက် ထန်ရှုက အသံလုံအစီအရင်ကို ဖယ်ရှားပြီး စံအိမ်ဘက်သို့ ပြေးသွားသည်။ နေရာမှ ကီလိုမီတာတစ်ထောင်အကွာတွင် အင်မော်တယ်များစွာက ပုန်းနေသည်ကို ထန်ရှုက တွေ့လိုက်၏။ သို့သော် သူတို့ကို သတိပေးမည့်အစား ရှောင်လွှဲလျက် စံအိမ်ဆီသို့ ဆက်ချဉ်းကပ်သွား၏။
သူတို့က စံအိမ်မှ ကီလိုမီတာတစ်ရာအကွာသို့ ရောက်သောအခါ ထန်ရှုက ခြေလှမ်းကို ရပ်လျက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့က စံအိမ်နှင့် ပိုနီးကပ်လာလေလေ၊ ပတ်ဝန်းကျင်တွင် ပုန်းနေသော အင်မော်တယ်များက ပိုများလာလေဖြစ်သည်။ သူက နောက်ထပ်ရှောင်လွှဲသွားချင်လျှင်ပင် နေရာမကျန်တော့ပေ။
“ကြည့်ရတာ ငါ့ရဲ့ရုပ်ရည်ကို ပြောင်းလဲရမယ့်ပုံပဲ”
ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ သူ့မျက်နှာကြွက်သားများက လျင်မြန်စွာ ပြောင်းလဲသွား၏။ သူ့ကို မြင်ပြီးနောက် စေဘယ်မိစ္ဆာကင်းမြီးကောက်ကလည်း သူမ၏ရုပ်ရည်ကို ပြောင်းလဲလိုက်သည်။ ထို့နောက် ထန်ရှုက စေဘယ်မိစ္ဆာကင်းမြီးကောက်ကို ဉီးဆောင်ကာ စံအိမ်အရှေ့သို့ ရောက်ရှိလာသည်။ လူတိုင်း၏အကြည့်အောက်တွင် သူနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က မီတာထောင်အနည်းငယ်ရှည်သောတံတားပေါ်သို့ ခြေချလိုက်၏။
“ငါ့ခြေလှမ်းတွေကို ကြည့်ပြီး အဲအတိုင်း ချက်ချင်း လိုက်လာပါ။ တစ်ခုမှ မလွဲချော်စေနဲ့နော်၊ မဟုတ်ရင် မင်းကို ဒီနေရာရဲ့အတားအဆီးတွေနဲ့ထောင်ချောက်တွေကို တိုက်ခိုက်လိမ့်မယ်”ထန်ရှုက အသံပို့ကာ ပြောလိုက်၏။
“နားလည်ပါပြီ…”
စေဘယ်မိစ္ဆာကင်းမြီးကောက်က သူ့အား ထူးဆန်းသောအမူအရာနှင့် ကြည့်လိုက်သည်၊ သို့သော် ဤဆန်းကြယ်သောသခင်က စံအိမ်ထဲကို ဝင်နိုင်သောစွမ်းရည်အမှန်တကယ်ရှိသလားဆိုသည်ကို သိချင်သောကြောင့် သူမက ဘာမှ မမေးခဲ့ပေ။
သူတို့က ရှေ့ဆက်လျှောက်လာရင်း အင်မော်တယ်များစွာက တံတားပေါ်တွင် ဂရုတစိုက် လျှောက်လှမ်းနေသည်ကို တွေ့ရသည်။ တစ်ဝက်သို့ ရောက်သောအခါ အတားအဆီးမှ လျှပ်စီးပွားများ ထိမှန်ပြီး ရွှေအင်မော်တယ်တစ်ယောက်က အပိုင်းပိုင်းအစစဖြစ်သွားသည်ကို မြင်လိုက်ရ၏။
“ဟမ်”
ရုတ်တရက် မီတာတစ်ရာအကွာတွင် ရင်းနှီးသောမျက်နှာတစ်ခုကို တွေ့လိုက်ရသောကြောင့် ထန်ရှု၏မျက်လုံးများက အေးစက်သွားသည်။ သူက ထိုလူကို မှတ်မိ၏- အဆုံးမဲ့မြို့ရှိ အတွင်းတော်ဆေးဂိုဏ်း၏အဆောက်အဉီးထဲတွင် မြင်တွေ့ခဲ့ရသည့် အတွင်းတော်ဆေးဂိုဏ်း၏ရွှေအင်မော်တယ်တပည့်တစ်ယောက်ပင်ဖြစ်၏။
ဤအချိန်တွင် သူ့နောက်မှ လူအချို့ လာနေသည်ကို သတိပြုမိသော်ငြား အတွင်းတော်ဆေးဂိုဏ်း၏ရွှေအင်မော်တယ်တပည့်က သူတို့ကို လစ်လျူရှုထားသည်။ သူ့အာရုံက တံတားတစ်ဖက်တစ်ချက်ရှိ အတားအဆီးများနှင့်ထောင်ချောက်များကိုသာ အပြည့်အဝအာရုံစိုက်ထား၏။
“အများဆုံး ခုနှစ်ရက်အတွင်းမှာ ဒီတံတားကို ကျော်ဖြတ်ပြီး စံအိမ်ထဲကို ငါ ဝင်နိုင်လိမ့်မယ်။ ဒီစံအိမ်မှာ ရတနာတွေအများကြီးရှိမယ်ဆိုတာ သေချာတယ်။ အရက်မူးအင်မော်တယ်ချန်ထားခဲ့တဲ့အမွေအနှစ်ကတောင် ဒီနေရာမှာ ရှိနိုင်တယ်…”နောက်ထပ်အတားအဆီးတစ်ခုကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် အတွင်းတော်ဆေးဂိုဏ်း၏ရွှေအင်မော်တယ်က ပျော်ရွှင်စွာ တွေးလိုက်၏။