← Chapters

အရာအားလုံးကို လှည်းကျင်းခြင်း

Vol. 98 Ch. 1359

အရာအားလုံးကို လှည်းကျင်းခြင်း

Vol. 98 Ch. 1359

“စေဘယ်မိစ္ဆာကင်းမြီးကောက်၊ အဲကောင်နဲ့ တွေ့တဲ့အခါ သူ့ကို တိုက်ခိုက်ဖို့ မှတ်ထားပါ၊ ဒါပေမယ့် အရင်က မင်း အသုံးပြုခဲ့တဲ့လက်နက်တွေကို မသုံးနဲ့၊ ဒါမှ မင်းဘယ်သူလဲဆိုတာကို ဘယ်သူမှ မသိကြမှာ”ထန်ရှုက အသံပို့လျက် ပြောလိုက်သည်။

“နားလည်ပါပြီ…”

စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြန်ဖြေပြီး အရှေ့ရှိ ရွှေအင်မော်တယ်ကို သတ်ဖြတ်လိုစိတ်အနည်းငယ်နှင့် ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က ထိုရွှေအင်မော်တယ်မှ ဆယ်မီတာအကွာသို့ ရောက်သောအခါ သူမက လက်ဆတ်ခနဲတောက်ကာ အင်မော်တယ်တစ်လင်းကျောက်တစ်ခုကို ပစ်လွှတ်လိုက်၏၊ ထို့နောက် အင်မော်တယ်သလင်းကျောက်က ထိုရွှေအင်မော်တယ်၏နောက်ကျောကို ထိုးဖောက်သွားသည်။ ထိုလူ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားလျက် သူ့ခန္ဓာကိုယ်က တံတားပေါ်မှ ပြုတ်ကျသွားလေ၏။

အား…

ကြောက်စရာကောင်းသောအော်သံပြီးနောက် ရွှေအင်မော်တယ်ကို တံတားအပြင်ဘက်ရှိအတားအဆီးများက တိုက်ရိုက်သတ်ဖြတ်ပစ်ခဲ့သည်။

“ဒါနဲ့ အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့နဲ့ ပတ်သက်ပြီး မင်း ဘယ်လောက်ထိ သိလဲ၊ စေဘယ်မိစ္ဆာကင်းမြီးကောက်”ထန်ရှုက အေးစက်သောလေသံနှင့် အသံပို့ကာ ပြောလိုက်၏ “ပြီးတော့ အသင်္ချေဓားဂိုဏ်းနဲ့အဆိပ်တစ်ရာဂိုဏ်းတို့နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လောက်ထိ သိထားလဲ”

စေဘယ်မိစ္ဆာကင်းမြီးကောက်၏အသားအရောင်က ပြောင်းလဲသွားသည် “ထာဝရနန်းတော်နဲ့ ပတ်သက်ပြီး နည်းနည်းသိတယ်၊ ဒါပေမယ့် အဆိပ်တစ်ရာဂိုဏ်းကိုတော့ ပိုသိတယ်။ အတွင်းတော်ဆေးဂိုဏ်းနဲ့အသင်္ချေဓားဂိုဏ်းတို့နဲ့ ပတ်သက်ပြီးတော့ ငါ သိတာက မရှိသလောက်ပါပဲ။ ဒီဂိုဏ်းနှစ်ခုကို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေက ပဲ့ကိုင်နေတယ်လို့ပဲ ငါ သိတယ်”

“ဒါ လုံလောက်ပါတယ်”ထန်ရှုက ခေါင်းညိတ်ကာ အသံထပ်ပို့၏ “အခု၊ ငါပြောမယ့်အကြောင်းအရာကို မှတ်ထားပါ။ အနာဂတ်မှာ အဲဂိုဏ်းလေးဂိုဏ်းထဲကတစ်ယောက်ယောက်ကို တွေ့တာနဲ့ သတ်ပါ။ မင်းရဲ့သရုပ်မှန်ကိုတော့ မဖော်ထုတ်မိစေနဲ့ပေါ့။ အခုကစပြီး အဲဒီလေးဂိုဏ်းက ငါတို့ရဲ့ရန်သူတွေပဲ”

အာ…

အေးစက်သောသဘာဝနှင့်သတ်ဖြတ်ခြင်းက သူမအတွက် မြက်ရိတ်ရသလို ဖြစ်သော်လည်း ထန်ရှု၏အဆိုကို ကြားပြီးနောက် သူမက ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။ ထိုလေးဂိုဏ်းထဲတွင် အတွင်းတော်ဆေးဂိုဏ်းနှင့်ထာဝရနန်းတော်တို့က အင်မော်တယ်ကမ္ဘာရှိ ထိပ်တန်းဂိုဏ်းများဖြစ်ကြပြီး အသင်္ချေဓားဂိုဏ်းနဲ့အဆိပ်တစ်ရာဂိုဏ်းတို့က ဒုတိယတန်းစားအဆင့်ဂိုဏ်းများဖြစ်ကြသည်။ ဒီလောက်များသောရန်သူများအား ရင်ဆိုင်ရမည်ကို ရုတ်တရက် သိလိုက်ရခြင်းက သူမက အရိုးထဲထိပင် အေးစိမ့်လာသည်။

“ဖိအားကပဲ စိတ်အားတက်ကြွမှုနဲ့ နှိုးဆော်မှုတို့ကို မွေးဖွားပေးတာ။ ရန်သူတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖြတ်လျှောက်မှပဲ ငါတို့က အသက်ရှင်နိုင်ပြီး ပိုသန်မာနိုင်မယ်”ထန်ရှုက စိတ်မဝင်စားစွာ ပြော၏ “သေချာတာကတော့ သူတို့ကို တိုက်ခိုက်တဲ့အခါမှာ မဟာမိတ်တွေ မရှိဘူးလို့တော့ မဆိုလိုပါဘူး။ သူတို့နဲ့တိုက်ခိုက်တဲ့ဘယ်သူမဆို ငါတို့ရဲ့မဟာမိတ်တွေပဲ။ အင်မော်တယ်ကမ္ဘာမှာ လက်ရှိအနေအထားအရ ဒီဂိုဏ်းလေးဂိုဏ်းမှာ ရန်သူတွေအများကြီးရှိရမယ်၊ ဟုတ်လား”

“ဟုတ်ပါတယ်။ ငါ သိသလောက်ဆိုရင် သူတို့ရဲ့အကြီးမားဆုံးရန်သူက မြင့်မြတ်ငှက်ဂိုဏ်းနဲ့အထွတ်အမြတ်နန်းတော်လေးခုတို့ပဲ”စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြန်ပြောသည်။

အထွတ်အမြတ်နန်းတော်လေးခုလား။

အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်လာကတည်းက ထန်ရှုက ဤဂိုဏ်း၏နာမည်ကို အကြိမ်များစွာ ကြားဖူးသည်။ သူ့ကို ပဟေဠိအဖြစ်စေဆုံးက အထွတ်အမြတ်နန်းတော်လေးခုက ဘယ်နေရာမှာ ထွက်ပေါ်လာပုံမရပေ။ အတိတ်တွင် ဒီလိုနာမည်နှင့်တည်ရှိသောဖြစ်စဉ်မျိုး မရှိပေ၊ သို့သော် စွမ်းအားရှင်များစွာက ဤဂိုဏ်းမှ ထွက်ပေါ်လာပြီး သူတို့က အတွင်းတော်ဆေးဂိုဏ်းနှင့်ထာဝရနန်းတော်တို့အပေါ် အလွန်ရန်လိုကြသည်။ ဤဂိုဏ်းက ထွက်ပေါ်လာခြင်းကြောင့်သာမဟုတ်လျှင် မြင့်မြတ်ငှက်ဂိုဏ်း၏လက်ရှိအနေအထားက ပိုဆိုးဝါးပေလိမ့်မည်။

“အဲဒီအထွတ်အထိပ်နန်းတော်လေးခုရဲ့ဇစ်မြစ်ကို မင်း သိလား”

ရှေ့သို့ လျှောက်ရင်း ထန်ရှုက မျက်မှောင်ကြုတ်ကာ တိုးတိုးလေးမေးလိုက်သည်။

“သူတို့ရဲ့ဇစ်မြစ်ကိုတော့ အသေးစိတ်မသိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ရာလောက်က အထွတ်အမြတ်နန်းတော်လေးခုရဲ့လူတချို့နဲ့ ဆုံတွေ့ခဲ့တယ်။ အဲတုန်းက သူတို့က အသင်္ချေဓားဂိုဏ်းရဲ့စွမ်းအားရှင်တွေနဲ့ တိုက်ခိုက်နေကြတာ- အတော်လေးပြင်းထန်တဲ့တိုက်ပွဲတစ်ခုလို့ ပြောရမယ်။ အထွတ်အမြတ်နန်းတော်လေးခုရဲ့ခေါင်းဆောင်က အုပ်ချုပ်သူအဇူရာကျားဆိုတာတော့ ငါ သိတယ်၊ သူက နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားသားရဲအဇူရာနဂါးရဲ့သွေးမျိုးဆက်ရှိတယ်လို့ ပြောကြတယ်၊ အဲတုန်းက သူက အဇူရာချီလင်ချပ်ဝတ်ကို ဝတ်ထားတယ်။ သူတစ်ယောက်တည်းနဲ့ အသင်္ချေဓားဂိုဏ်းရဲ့အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ကို တိုက်ခိုက်နိုင်ခဲ့တယ်”

ထန်ရှု၏အသားအရောင်က ပြောင်းလဲသွားသည်။ ပိုဝေးကွာသောကာလတစ်ခု၏အခြေအနေနှင့် ပတ်သက်၍ သူက နည်းနည်းသာ သိ၏၊ မြင့်မြတ်ငှက်ဂိုဏ်းက ဂိုဏ်းခွဲများရှိသည့်စူပါဂိုဏ်းကြီးတစ်ခု၏အခွဲတစ်ခုဆိုသည်ကို ကောင်းကောင်းသိသည်။ ထိုဂိုဏ်းခွဲများထဲမှ အဇူရာနဂါးမျိုးနွယ်က တစ်ခုအပါအဝင်ဖြစ်သည်။

အဇူရာနဂါး၊ ကျားဖြူ၊ မြင့်မြတ်ငှက်၊ လိပ်နက်နှင့် ချီလင်ကလန်တို့က ထိုစူပါဂိုဏ်းကြီး၏နတ်ဘုရားအစောင့်အရှောက်များဖြစ်ကြသည်။

ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က ရှေ့သို့ ဆက်သွားရင်း စကားပြောနေကြသည်။ လူအချို့က ရွှေအင်မော်တယ်အပေါ် စေဘယ်မိစ္ဆာကင်းမြီးကောက်၏အလစ်တိုက်ခိုက်မှုကို မြင်ခဲ့ကြသည်၊ ထို့ကြောင့် သူမအပေါ် သူတို့က သတိအပြည့်ထားနေကြ၏။

စံအိမ်အပြင်ဘက်ရှိ ကီလိုမီတာထောင်အနည်းငယ်အကွာအဝေးအတွင်းတွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များက ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့၏ခြေလှမ်းများကို လေ့လာစောင့်ကြည့်နေကြသည်။ တံတားပေါ်သို့ ခြေချပြီးကတည်းက ထန်ရှုတို့နှစ်ယောက်က ဘာအတားအဆီးမှ မရင်ဆိုင်ရဘဲ စိတ်အေးလက်အေးဖြစ်နေသည်ကို မြင်ပြီး သူတို့က အံ့အားသင့်သွားကြသည်။ ထိုအတားအဆီးများနှင့်ထောင်ချောက်များက သူတို့အတွက် အသုံးမဝင်သလိုပင်။

“ဘယ်လိုလုပ်ပြီး အတားအဆီးတွေအားလုံးက သူတို့အတွက် ခြိမ်းခြောက်မှုမဖြစ်ရတာလဲ။ ဒါက ထူးဆန်းတယ်။ ဘယ်နေရာမှာ ထောင်ချောက်ရှိတယ်၊ ဘယ်နေရာမှာ အတားအဆီးရှိတယ်ဆိုတာကို သူတို့က သိကြတာလား”

ငါ မပြောတတ်ဘူး။ ဒီနှစ်ယောက်က ဘယ်သူတွေလဲ၊ သူတို့က ဘယ်ကလာတာလဲဆိုတာ မင်းတို့ သိကြလား။ ဘယ်လိုလုပ်ပြီး သူတို့က အခုလို သွားနိုင်ရတာလဲ”

“သူတို့က အရမ်းမြန်တယ်၊ အခြားသူတွေထက် အများကြီးပိုမြန်တယ်။ ဒီနေရာမှာ ဘာဖြစ်နေတာလဲ။ သူတို့က ဒီနေရာနဲ့ ရင်းနှီးတာ ဖြစ်နိုင်မလား”

“ဒါက တကယ်ထူးဆန်းတယ်…”

“…”

ပြောရင်းဆိုရင်း ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က တံတားကို ဖြတ်ကျော်ကာ စံအိမ်အရှေ့ရှိ ကွက်လပ်သို့ ရောက်ရှိလာခဲ့သည်။ ကွက်လပ်ပတ်လည်တွင် သားရဲရုပ်သေးဆယ့်ခြောက်ခုရှိသည်။ သူတို့က နေရာမှ ရုတ်တရက် ထွက်ခွာလာကြပြီး ထန်ရှုနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ကို ပြေးဝင်တိုက်ခိုက်လိုက်ကြ၏။

“ဒီပါပြောင်းပြန်လှုပ်ရှားကွက်”

ထန်ရှုက ခြေလှမ်းကွက်တစ်ခုအတိုင်း ရွေ့လျားလိုက်သည်။ စေဘယ်မိစ္ဆာကင်းမြီးကောက်၏လက်ကို ဆုပ်ကိုင်ရင်း သူ့ခြေထောက်က တည်နေရာအဆက်မပြတ်ပြောင်းနေသည်။ မကြာမီ ရုပ်သေးသားရဲဆယ့်ခြောက်ခုက သူတို့၏ပစ်မှတ်များကို ပျောက်ဆုံးသွားကြပြီး ကွက်လပ်အား အချိန်အချို့ လှည့်ပတ်ပြီးနောက် ယခင်နေရာသို့ ပြန်ရောက်သွားကြ၏။

“ပွင့်စမ်း…”

ထို့နောက် ထန်ရှုက နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းလျှင်ပင် မီတာတစ်ရာရှိသောခရမ်းရွှေရောင်တံခါးက ဖြည်းဖြည်းချင်း ပွင့်သွား၏။ ရွှေရောင်ခြည်တန်းများက အတွင်းတွင် တောက်ပနေပြီး ထန်ရှုက စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်အတူ ဝင်ပေါက်ထဲသို့ လျင်မြန်စွာ ဝင်ပြီးနောက် ဝင်ပေါက်က ပြန်ပိတ်သွား၏။

“သူတို့က ဝင်သွားတာလား”

တံတားပေါ်ရှိ ရွှေအင်မော်တယ်များနှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အားလုံးက အလွန်အံ့အားသင့်နေကြသည်။ သူတို့ထဲမှအချို့က ဤနေရာတွင် ရစ်ဝဲနေသည်မှာ ရက်အနည်းငယ်ပင် ရှိပြီ၊ သို့သော် တစ်ယောက်မှ စံအိမ်၏ဂိတ်ပေါက်ထဲသို့ မဝင်နိုင်ကြပေ။ ဒါပေမယ့် ဒီနှစ်ယောက်က လွယ်လွယ်ကူကူနဲ့ ရောက်သွားတာပဲ။ မသိရင် သူတို့က သူတို့ရဲ့ကိုယ်ပိုင်နောက်ဖေးဉယျာဉ်ဆီကို သွားနေသလိုပဲ။

စံအိမ်ထဲတွင်။

ဘာနှင့်တူသည်ကို ပြောရမည်ဆိုလျှင် ခမ်းနားသောကျောက်စိမ်းစံအိမ်မြင်ကွင်းတစ်ခုဟု ဆိုနိုင်ပေသည်။

ထန်ရှုက စံအိမ်၏အလှနှင့် ပတ်သက်၍ အချိန်မဖြုန်းလိုပေ၊ သူက နည်းစနစ်အချို့ကို လျင်မြန်စွာ ထုတ်ဖော်လျက် နေရာအမျိုးမျိုးတွင် ချိတ်ဆွဲထားသောအင်မော်တယ်လက်နက်တစ်ခုစီကို စုဆောင်းလိုက်သည်။ စံအိမ်ထဲတွင် စီခြယ်ထားသောရတနာများနှင့်အဖိုးတန်သတ္တုများကိုပင် မချန်ပေ။ သူတို့အားလုံးကို စုဆောင်းခဲ့သည်။

ထန်ရှု၏အပြုအမူက အရာအားလုံးကို လှည်းကျင်းနေသလိုပင်။ သူက ဘာတစ်ခုမှ ချန်ထားရန် ဆန္ဒမရှိပေ။ သူမက ရေတွက်ကြည့်ပြီးနောက် ထန်ရှုစုဆောင်းခဲ့သောရတနာများ၏စုစုပေါင်းတန်ဖိုးက သလင်းကျောက်အဆီအနှစ်သန်းတစ်ရာကျော်သည်ကို သိရှိလိုက်ရကာ စေဘယ်မိစ္ဆာကင်းမြီးကောက်က အံ့ဩတုန်လှုပ်သွားလေသည်။

ဒါက သလင်းကျောက်အဆီအနှစ်သန်းတစ်ရာနော်။ ပမာဏက မည်သည့်ပြီးပြည့်စုံခြင်းအန္တိမအရှင်ကိုမဆို မနာလိုလွန်း၍ သေသွားစေနိုင်ပေသည်။

“အာ…ဒီအပြုအမူက အရုပ်ဆိုးလှပါတယ်…”

ထန်ရှုက နံရံပေါ်ရှိ ရွှေရောင်သဲကျောက်တုံးအား တူးထုတ်ကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်ကို ကြည့်ပြီး စေဘယ်မိစ္ဆာကင်းမြီးကောက်၏ပါးစပ်က တွန့်လိမ်သွား၏။ သူမက တုံ့ဆိုင်းလျက် ပြောသည် “သခင်၊ ဘာလို့ ငါ့ကို ကူညီခွင့်မပြုတာလဲ။ မဟုတ်ရင် ဒီနေရာက ရတနာတွေအားလုံးကို စုဆောင်းဖို့ အချိန်အတော်ကြာသွားလိမ့်မယ်”

“မလိုဘူး၊ မင်းက ဒီနေရာရဲ့အနေအထားကို မရင်းနှီးဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “မင်းက ရတနာတွေကို စုဆောင်းဖို့ ကြိုးစားမယ်ဆိုရင် အတားအဆီးတွေက မင်းကို တိုက်ခိုက်ဖို့ ကြိုးစားလိမ့်မယ်။ မင်း အဲမှာပဲ ရပ်ပြီး ငါ့ကို စောင့်နေ”

အနည်းငယ်မျက်မှောင်ကြုတ်မိသော်လည်း ထန်ရှု၏စကားက မှားသည်ဟု စေဘယ်မိစ္ဆာကင်းမြီးကောက်က မထင်ပေ။ တကယ်တော့ ထန်ရှုက သူမအား ဤနေရာသို့ အလွယ်တကူ ခေါ်လာနိုင်သည်၊ သူက ဤနေရာနှင့် အလွန်ရင်းနှီးသည်ဟု ဆိုလိုသည်။ သူမက အင်မော်တယ်ကျောက်တုံးတစ်တုံးကို အသုံးပြုကာ တိုင်ပေါ်တွင် စီခြယ်ထားသော မီးပုတီးစေ့တစ်လုံးကို ပစ်ရန် ကြိုးစားခဲ့သည်၊ သို့သော် ကျောက်တုံးက ပစ်မှတ်ကို မထိရုံသာမက နံရံပေါ်ရှိ အတားအဆီးလက်ချက်ဖြင့် ပျက်ဆီးကြေမွသွား၏။ ပကိမျက်စိဖြင့် ထိုအတားအဆီးကို ရှာဖွေတွေ့ရှိရန်က အလွန်ခက်ခဲလွန်းသည်ကို သက်သေပြခဲ့သည်။

သခင်က အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့ဆက်ခံသူများ ဖြစ်နိုင်မလား။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရခဲ့တာလား၊ ဒါကြောင့် ဒီလျှို့ဝှက်နန်းတော်ရဲ့အနေအထားတွေကို အပြည့်အဝနားလည်နိုင်တာလား။ စေဘယ်မိစ္ဆာကင်းမြီးကောက်၏မျက်လုံးများက တလက်လက်ဖြစ်လျက် ထန်ရှုကို ကြည့်လိုက်သည်။

စံအိမ်ထဲရှိ နေရာတိုင်းကို ရှင်းလင်းနေပြီး ထန်ရှု၏အရှိန်က ပိုပိုမြန်လာသည်။ သူက အင်မော်တယ်ရတနာများနှင့်ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများကို စုဆောင်းကာ သိုလှောက်လက်စွပ်ထဲသို့ အဆက်မပြတ်ပစ်ထည့်၏။ ခြောက်ရက်ကြာ ရိတ်သိမ်းပြီးနောက် စံအိမ်ထဲရှိ ရတနာအားလုံးကို စုဆောင်းပြီးနောက် သူက စံအိမ်၏အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။

လုံးဝဗလာြဖစ်နေသောစံအိမ်ကို ကြည့်ရင်း စေဘယ်မိစ္ဆာကင်းမြီးကောက်က စိတ်ထဲ၌သာ ရှုံ့မဲ့ပြုံးလိုက်တော့သည်။

ထန်ရှုက စေဘယ်မိစ္ဆာကင်းမြီးကောက်ဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်၏ “ရှယ်ပဲဟေ့။ ဒီအရင်းအမြစ်တွေက ရာစုနှစ်များစွာကြာ မဟာထန်အင်ပါယာရဲ့အသုံးအစရိတ်အတွက် လုံလောက်တယ်။ ဒီနေရာက ထွက်ကြရအောင်၊ အခြားနေရာတွေမှာ သွားရိတ်သိမ်းကြမယ်။ ရတနာတောင်တစ်ခုထဲကို ရောက်နေမှတော့ ငါတို့က အိမ်ကို အိတ်အပြည့်နဲ့ ပြန်နိုင်ရမှာပေါ့”

တုံ့ဆိုင်းသောမျက်နှာနှင့် စေဘယ်မိစ္ဆာကင်းမြီးကောက်က မေးလိုက်၏ “သခင်၊ ဘာလို့ သခင်က ဒီနေရာနဲ့ အရမ်းရင်းနှီးပုံပေါက်နေတာလဲ”

“ဒီနန်းတော်က ငါ့ရဲ့နောက်ဖေးဉယျာဉ်ပဲလို့ ပြောခဲ့တယ်မလား”ထန်ရှုက ပြုံးကာ ပြန်ဖြေ၏ “ဒါတောင် ငါက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို စိတ်မဝင်စားလို့ပဲ။ မဟုတ်ရင် ဒီလျှို့ဝှက်နန်းတော်တစ်ခုလုံးက ငါ့အပိုင်ဖြစ်ပြီး ဒီနေရာက ရတနာတွေအားလုံးကို ငါ ယူသွားနိုင်လိမ့်မယ်”

စေဘယ်မိစ္ဆာကင်းမြီးကောက်၏ပါးစပ်က ထပ်မံတွန့်လိမ်သွားလျက် သူမနှလုံးသားက ဆူပွက်နေလေတော့သည်။ သခင်က အမှန်ကို ပြောခဲ့သည်ဆိုလျှင် သူတို့တွင် ကြီးမားသောရိတ်သိမ်းမှုတစ်ခုရှိသည်ဟု ဆိုလိုပေသည်။

ထို့နောက် ထန်ရှုက စေဘယ်မိစ္ဆာကင်းမြီးကောက်ကို ခေါ်ကာ ထွက်လာသည်။ သူတို့နှစ်ယောက်က စံအိမ်ဂိတ်ပေါက်မှ ထွက်လာစဉ် တံတားပေါ်ရှိ မျက်လုံးများစွာက သူတို့ပေါ်သို့ ရုတ်ချည်း ရောက်ရှိလာကြ၏။

ခြေက်လှန့်သောအမူအရာနှင့် ထန်ရှုက ကျယ်လောင်စွာ အော်ပြောလိုက်၏ “ဟေး၊ ခင်ဗျားတို့တွေ။ အထဲမှာ ဘာမှမရှိဘူး၊ ရတနာတစ်ခုတောင် မရှိဘူး။ အထဲက အတားအဆီးတွေနဲ့ထောင်ချောက်တွေက အပြင်ကထက် ပိုတောင် ကြောက်စရာကောင်းတယ်။ ဒီနေရာက သေမင်းထောင်ချောက်တစ်ခုပဲ၊ ဒါကြောင့် ခင်ဗျားတို့တွေ ပြန်တာ ပိုကောင်းတယ်။ ကျုပ်က ခင်ဗျားတို့ကို အကြံဉာဏ်မပေးခဲ့ဘူးလို့ မပြောကြနဲ့နော်”

“အထဲက ရတနာတွေအားလုံးကို မင်း ရခဲ့တာလား၊ ကောင်လေး”နဂါးခေါင်း‌တောင်ဝှေးနှင့် ဆံဖြူလူအိုကြီးတစ်ယောက်က ထန်ရှုအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။

“အဲမှာ ရတနာတွေ ရှိတယ်လို့ ခင်ဗျားက ထင်ရင် ဒီနေရာက အတားအဆီးတွေနဲ့ထောင်ချောက်တွေကို ချိုးဖြတ်ဖို့ ကြိုးစားနိုင်တယ်”ထန်ရှုက ပြောလိုက်၏ “ဝင်ပြီးရင်တော့ ခင်ဗျားတို့တွေ နောင်တမရဖို့ပဲ ကျုပ်မျှော်လင့်ပါတယ်”

All Chapters