အခန်း (၅၃၃)
Vol. 34 Ch. 533
“ဆရာကြီး...” ကြယ်လေးလုံးအဆင့်သိုင်းဆရာကိုးယောက်သည် သဲတောင်ကုန်းထံသို့ပြန်သွားကြ၏။ သူတို့၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့်အမူယာများဖြင့် တိုနီအား သူတို့၏ ဘေးတွင်ချလိုက်ပြီးသည့်နောက်တွင် ဒူးထောက်လိုက်ကြ၏။
အနီရောင်၀တ်ရုံနှင့်လူသည် သူ၏လက်ကို ၀ှေ့ရမ်းလိုက်ရာ အနီရောင်မီးတောက်တစ်ခုသည် တိုနီ၏ ခန္ဓာကိုယ်ထဲသို့ စီး၀င်သွား၏။
နောက်အခိုက်တန့်တွင် တိုနီ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများအားလုံးပျောက်ကင်းသွားတော့၏။ သူ၏ မွေးညှင်းပေါက်များထဲမှ မြူခိုးတစ်ခုစိမ့်ထွက်လာပြီး ပြန်လည်ကာ သတိရလာတော့၏။ သူအနီရောင်၀တ်ရုံနှင့်လူကို မြင်လျှင်မြင်ခြင်းပင် ဒူးထောက်ကာ ဓားများကို ကိုင်ထားပြီးရပ်နေသည့် ဖှေးအား လက်ညိုးထိုးပြီးအော်ဟစ်လိုက်၏။ “ဆရာကြီး အဲ့ခွေးသားက ကျွန်တော့ကို သေချာအရှက်ခွဲခဲ့တာပါ။ ကျေးဇူးပြုပြီးတော့ သူ့ကို သတ်ပေးပါ။” သူသည် ထိုကဲ့သို့ပြောနေသည့်အချိန်တွင် အလွန်ရက်စက်ကြမ်းကြုတ်နေသည့်ပုံရှိနေ၏။
မာဒေါ့တ်နှင့် ဖာရင်တန်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ဘာမှမပြောချေ။
“မင်းက အတော်ပေါ့ဆတဲ့ကောင်ပဲ။ မင်းက လအဆင့်ကို ရောက်ခါစပဲရှိသေးတာ အုတ်မြစ်မခိုင်သေးဘူး။ တိုက်ပွဲတစ်ခုလောက်ရှုံးနိမ့်ဖူးတာက မင်းအတွက် ကောင်းတဲ့အတွေ့ကြုံတစ်ခုပဲပေါ့။” နောက်ဆုံးတွင် အနီရောင်၀တ်ရုံနှင့်လူသည် စကားပြောလိုက်၏။ သူ၏ အသံသည် သာမန်သာဖြစ်၏။ သူဆက်ပြောလိုက်သည်။ “ကြယ်အဆင့်သိုင်းဆရာတစ်ယောက်ကတောင် မင်းကို အနိုင်ယူလိုက်တာဆိုတော့ မင်းလဲသင်ခန်းစာရသွားလောက်ပါပြီ။ မင်းက မဟာနှင်းတောင်ကို အရှက်ရစေခဲ့တယ်ဆိုပေမယ့် ဘာမှမဖြစ်ပါဘူး။ မင်းဂရုမစိုက်ပဲ ရန်သူကို လေးစားမှုမရှိဘူးဆိုရင် တစ်နေ့မှာ မင်းရဲ့အသက်ကို ဆုံးရှုံးရလိမ့်မယ်...”
“ကျွန်တော်မှားခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်ဆရာကြီး။ ဒါပေမယ့် ချမ်းဘော့ဒ်ဘုရင်က အတော်လေးမာနထောင်လွှားလွန်းနေပါတယ်။ ကျေးဇူးပြုပြီးတော့ သူ့ကို သတ်လိုက်ပါ။” တိုနီသည် ဒူးထောက်လျှက် ဆက်လက်တောင်းဆိုနေ၏။
သူသည် အနီရောင်၀တ်ရုံနှင့်လူ၏ အကြံပြုချက်ကို နားထောင်ခြင်းမရှိသည်မှာ အထင်ရှားပင်။
“ငါမင်းအတွက်နဲ့ သူ့ကို သတ်ပေးမှာမဟုတ်ဘူး။ မင်းတစ်နေ့ကျ သန်မာလာတဲ့အချိန်ကျရင် မင်းသိက္ခာကို မင်းကိုယ်တိုင်ပြန်ဆယ်ရမယ်။ ဒါကသာ သိုင်းဆရာအစစ်မှန်တစ်ယောက်ပြုလုပ်သင့်တဲ့အရာပဲ...” အနီရောင်၀တ်ရုံနှင့်လူသည် သူ၏ ခေါင်းကို ခါရမ်းကာ ရုတ်တရက်အေးစက်စွာဖြင့် ပြောလိုက်၏။ “မင်းသွားတော့ ဒီနေ့အကြောင်းကို ပြန်တွေးပြီး မင်းရဲ့အုတ်မြစ်ကို ခိုင်အောင်ပြန်လုပ်တော့...”
သူစကားပြောနေသည့်အချိန်တွင် မြူလွှာသည် သူ၏မျက်နှာကို ဖုန်းကာထားခြင်းပင်။ လအဆင့်သိုင်းဆရာတစ်ယောက်ပင် သူ၏ မျက်နှာကို မြင်နိုင်စွမ်းမရှိပေ။ တကယ်တန်းတွင် နှစ်နှစ်ဆယ်ပတ်လုံးတွင် သူ၏မျက်နှာကို မြင်ဖူးသည့် လူဟူ၍ များစွာမရှိခဲ့ပေ။
အနီရောင်၀တ်ရုံနှင့်လူပြောသည့်စကားကို ကြားသည့်အချိန်တွင် တိုနီ၏ မျက်နှာပေါ်တွင် စိတ်မပါသည့်အမူယာတစ်ခုပေါ်လာ၏။ သို့သော် သူ၏ ဆရာ၏ စကားကိုမူ မလွန်ဆန်ရဲပေ။ ထို့ကြောင့်သူသည် ဖှေးအား နောက်ဆုံးတစ်ခါအနေဖြင့် စိုက်ကြည့်လိုက်ပြီး ဂျက်အင်ပါယာစခန်းထဲတွင်ရှိသော သူ၏ တဲအတွင်းသို့ ပြန်၀င်သွားတော့၏။
“မင်းတို့လေးယောက်လဲ ပြန်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ကုသလိုက်ကြဦး...” အနီရောင်၀တ်ရုံနှင့်လူသည် သူ၏လက်ကို ၀ှေ့ရမ်းလိုက်ပြီး ထိုကြယ်ကိုးလုံးအဆင့်သိုင်းဆရာလေးယောက်ကိုလည်း ပြန်ခိုင်းလိုက်သည်။ ထိုအချိန်မှ သိုင်းဆရာလေးယောက်သည် စိတ်အေးကာ ပြန်သွားကြတော့၏။
“ဆရာကြီး အဲ့လူကို ကျွန်တော်တိုက်ခိုက်ပြီး မဟာနှင်းတောင်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးပါရစေ...” ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် မာဒေါ့တ်သည် ရှေ့သို့ တက်ကာ တောင်းဆိုလိုက်၏။
ထိုအရာကို ကြားသည့်အချိန်တွင် ဖာရင်တန်သည် သူ၏လက်သီးများကို ဆုပ်လိုက်မိ၏။
မာဒေါ့တ်သည် အနီရောင်၀တ်ရုံနှင့်လူ၏ အတော်ဆုံးတပည့်တစ်ယောက်ပင်ဖြစ်ပြီး သူသည် ဂျက်လူမျိုးနွယ်များ၏ သွေးများစီးဆင်းနေသည့်လူတစ်ယောက်ပင်။ သူသည် ရဲရင့်ကာ တည်တည်ငြိမ်ငြိမ်နေတတ်ပြီး ဂျက်အင်ပါယာ သိုင်းလောကထဲတွင် တောာက်ပနေသည့် ကြယ်တစ်ပွင့်ပင်။ သူသည် ဂျက်အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာရာထူးကို ဆက်လက်ဆက်ခံနိုင်ရန်အတွက် အလားလာအရှိဆုံးသိုင်းဆရာတစ်ယောက်လဲဖြစ်၏။ ထို့ကြောင့် သူသည် ဖာရင်တန်၏ လေးစားအားကျမှုကို ခံထားရသည့်လူတစ်ယောက်ပင်။ မာနထောင်လွှားကာ သူများအား အထင်သေးနှိမ်ချတတ်သည့် တိုနီနှင့်နှိုင်းယှဥ်ပါက မာဒေါ့တ်သည် လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၏။ ဖာရင်တန်၏မျက်လုံးထဲတွင် သူ၏ စီနီယာအကိုမာဒေါ့တ်သည် ချမ်းဘော့ဒ်ဘုရင်အား သေချာပေါက်အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။
“မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး နောက်ဆုတ်...” အနီရောင်၀တ်ရုံနှင့်လူမှ ပြောလိုက်၏။
သူ၏ စကားသည် မာဒေါ့တ်နှင့် ဖာရင်တန်တို့နှစ်ယောက်လုံးကိုပင် အံ့သြသွားစေ၏။
“ဘာ။ ဆရာက ဒီလိုပြောလိုက်တာလား။ စီနီယာအကို မာဒေါ့တ်တောင် ချမ်းဘော့ဒ်ဘုရင်ကို မနိုင်နိုင်ဘူးလား။ ဒါက ဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလည်း။ အလတ်ဇန္ဒားက ကြယ်အဆင့်စစ်သည်တစ်ယောက်ပဲရှိသေးတာလေ။ သူက ၀ါရင့်လအဆင့်စစ်သည်တစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ နိုင်နိုင်မှာလဲ” သူ၏ခေါင်းထဲတွင် အတွေးများတစ်ခုမှမရှိတော့သလို ဖာရင်တန်ခံစားလိုက်ရ၏။ သူနှင့် ဖှေးတို့ပထမဆုံးတွေ့ခဲ့စဥ်က အဖြစ်ကို ပြန်လည်ကာ စဥ်စားလိုက်မိသည့်အချိန်တွင် သူသည်ဂျက်အင်ပါယာ၏ မင်းသားတစ်ပါးဖြစ်နေသည်မှာ တော်သေးသည်ဟု ဖာရင်တန်ပြန်လည်ကာတွေးမိလိုက်၏။ သို့မဟုတ်ပါက ဖှေးသည် သူ့အား လွယ်ကူစွာသတ်ဖြတ်ပစ်လိုက်နိုင်သောကြောင့်ပင်။
“ကောင်းပါပြီ ဆရာကြီး။” မာဒေါ့တ်သည် သူ့ဆရာစကားကို ပြန်လည်မေးခွန်းထုတ်ခြင်းမပြုပေ။ သူ့အား နှိမ်ချေနေသလိုလဲ ခံစားရခြင်းမရှိပေ။ သူ၏မျက်နှာပေါ်တွင် လေးစားသည့်အမူယာဖြင့် သူသည် နောက်ဆုတ်လိုက်ပြီး ဂျက်အင်ပါယာ၏ အမိန့်ပေးအလံနောက်တွင် သွားရပ်နေလိုက်၏။
ဤအခိုက်တန့်တွင် အနီရောင်၀တ်ရုံနှင့်လူသည် အရှေ့သို့ ခြေလှမ်းလိုက်၏။
ဤအတွက်ကြောင့် ဖာရင်တန်နှင့် မာဒေ့ါတ်တို့နှစ်ယောက်လုံးထိတ်လန့်သွားကြ၏။ သူတို့၏ ဆရာသည် ချမ်းဘော့ဒ်ဘုရင်အား သူကိုယ်တိုင်တိုက်ခိုက်တော့မည်ဟူသည့်အဓိပ္ပါယ်ပင်။
စစ်မြေပြင်တွင် ဓားနှစ်လက်ကိုင်ကာရပ်နေသည့် ဖှေးသည် ချက်ချင်းပင် ဖိအားကို ခံစားလိုက်ရ၏။ သူ့အပေါ်သို့ တောင်ကြီးတစ်လုံးပြိုကျလာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏အမြင်အာရုံံများပင် ၀ေ၀ါးသွား၏။ အခိုက်တန့်တစ်ခုကြာခန့် ဖှေးအသက်ရှူရန်ကိုပင် ခက်ခဲနေ၏။
ဖှေး၏အနောက်တွင်ရပ်နေသည့် အယ်လီနာသည် ချက်ချင်းပင် လမ်းလျှောက်လာပြီးဖှေးနှင့် ဘေးခြင်းယှဥ်ကာ ရပ်လိုက်၏။ သူမသည် ဘာမှမပြောပေ။ သို့သော် သူမ၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် တောက်ပနေသည့် မှော်စွမ်းအင်အရှိန်၀ါများကြောင့် သူမ၏ ရည်ရွယ်ချက်မှာပေါ်လွင်နေ၏။
ယခုအချိန်တွင်အလံနှစ်စုံမြို့တော်မှ ထွက်ပေါ်လာနေသည့် အားပေးသံများရပ်တန့်သွား၏။
သိုင်းဆရာများနှင့် စစ်သည်များသငည် အခြေအနေကို သေချာလေ့လာကြည့်နေကြ၏။
မမြင်နိုင်သည့်ဖိအားကို လူတိုင်းခံစားနေရပြီးအရေးကြီးဆုံးအချိန်သို့ရောက်ရှိနေသည်ကို သူတို့အား လုံးသိလိုက်ကြ၏။ စစ်သည်အများစုသည် မမြင်နိုင်သည့် ဖိအားမည်သည့်နေရာမှထွက်ပေါ်လာနေသည်ကို မသိကြသော်လည်း ပြိုင်ဘက်ကင်းသည့် ဘုရင်အလတ်ဇန္ဒားကိုယ်တိုင်ပင် လေးနက်နေသည်ကို တွေ့ရသဖြင့် လောတော့မည့်တိုက်ပွဲသည် အလံနှစ်စုံမြို့၏ ကံကြမ္မာကို အဆုံးဖြတ်ပေးတော့မည့် တိုက်ပွဲတစ်ခုဖြစ်သည်ကို ရိပ်မိလိုက်ကြ၏။
လေညှင်းတစ်ခုတိုက်ခတ်သွားပြီး သဲများလေပေါ်သို့ လွှင့်ပျံကုန်ကြ၏။
သောင်းနှင့်ချီသော စစ်သည်များရှိနေသည့် စစ်မြေပြင်တစ်ခုလုံးတိတ်ဆိတ်နေ၏။ ဤအခိုက်တန့်တွင် လူတိုင်း သူတို့၏ နှလုံးခုန်သံကိုပင် ပြန်လည်ကာ ကြားနေကြ၏။
ကြောက်မက်ဖွယ်ကောင်းသည့် တိတ်ဆိတ်ငြိမ်သက်မှုတစ်ခုပင်။
ရုတ်တရက်ပင် ရောင်စုံမီးတောက်များသည် ဖှေး၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပလာ၏။ သူသည် လယ်ဗယ်၉၉လူရိုင်းဇာတ်ကောင်၏ အစွမ်းများအားလုံးကို ထုတ်လွှတ်လိုက်ပြီး သူ၏ အနီရောင်ချပ်၀တ်၊ အနက်ရောင် လက်အကာကွယ်များ၊ လိမ္မော်ရောင် ဖိနပ်များ၊ အစိမ်းရောင်ခါးပတ်များနှင့် ရွှေရောင်သရဖူကဲ့သို့သော ဦးဆောင်များစသည့် လယ်ဗယ်၆ ပစ္စည်းများရောက်ရှိလာ၏။
လူရိုင်းဇာတ်ကောင်၏ ပစ္စည်းများသည် အကောင်းဆုံးလယ်ဗယ်၇ ပစ္စည်းများမဟုတ်သေးသော်လည်း ဤပစ္စည်းများသည် ဖှေးထံတွင် ရှိသမျှထဲတွင် အကောင်းဆုံးပစ္စည်းများပင်။
“ချွင်...”
လက်စွဲတော်လက်နက်များကို ပြန်သိမ်းကာ ဘူးလ်ခရေးတို့စ်၏ ကလေးငယ်များဓားနှစ်လက်ကို ကိုင်လိုက်သည်။
မှော်ပစ္စည်းများ၏ အကူညီဖြင့် ဖှေး၏ စွမ်းအားများသည် အမြင့်ဆုံးအနေထားသို့ရောက်ရှိနေ၏။
ဤအခိုက်တန့်တွင် မီတာ၂၀၀၀ကျော်ခန့်တွင်ရပ်နေသည့် အနီရောင်၀တ်ရုံနှင့်လူသည် သူ၏လက်များကို မြှောက်ကာ ညင်သာစွာတွန်းလိုက်၏။
အတွင်းအားစွမ်းအင်မီးတောက်များ၊ ဆူညံသံများ ပျိုးပျိုးပြက်ပြက်အလင်းရောင်များထွက်ပေါ်လာခြင်းမရှိပေ။
ထိုလူလက်ကို တွန်းထုတ်လိုက်သည့်အချိန်တွင် ဖှေး၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အမွေးမျှင်များအားလုံးထောင်မက်သွားရ၏။ သူသည် တစ်ခါမှမကြုံဖူးသေးသည့် အန္တရာယ်အရိပ်ယောင်များကို ခံစားလိုက်ရပြီး ချက်ချင်းပင် သူ၏ အစွမ်းထက်ဆုံး ဓားသိုင်းကွက်ကို ထုတ်သုံးလိုက်မိတော့၏။
“ဓားမုန်တိုင်း...”
ဤသည်မှာ အေးရိတောင်ထိပ်တွင် ဖှေး ရှေးမျိုးနွယ်တောလစ်ထံမှ ရရှိခဲ့သည့် ဓားသိုင်းကွက်တစ်ခုပင်ဖြစ်ပြီး လူရိုင်းမျိုးနွယ်များ၏ အစွမ်းထက်ဆုံးဓားသိုင်းကွက်တစ်ခုပင်။
ဖှေး ဤသိုင်းကွက်ကို သုံးလိုက်သည်နှင့်တပြိုင်နက်သူ၏ခန္ဓာကိုယ်သည် ၀ေ၀ါးသွား၏။ သူ၏ဓားနှစ်လက်သည် ချက်ချင်းပင် ပုံရိပ်ယောင်များနှင့် ဓားမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ဓားများသည် ဟိန်းဟောက်လိုက်ပြီး သူတို့ထံမှ ထွက်ပေါ်လာနေသည့် ဓားသွားစွမ်းအင်များသည် အလွန်လှပသည့်ဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်နေစေလျှက်ရှိသည်။ ထို့နောက်တွင် ထိုဓားသွားစွမ်းအင်များသည် မုန်တိုင်းတစ်ခုအသွင်ဖြင့် အနီရောင်စွမ်းအင်များထံသို့ လျှင်မြန်စွာပျံသန်းသွားတော့၏။
ရှေးမျိုးနွယ်တောလစ်သည် ရှေးမျိုးနွယ်သုံးယောက်ထဲတွင်စွမ်းအားအမြင့်မားဆုံးရှေးမျိုးနွယ်တစ်ယောက်ပင်ဖြစ်ပြီး သူ၏ ဓားမုန်တိုင်းအစွမ်းသည် လူရိုင်းမျိုးနွယ်များ၏ အစွမ်းထက်ဆုံးသိုင်းကွက်တစ်ခုပင်။
ဖှေးတောလစ်အား အောင်မြင်စွာအနိုင်ယူပြီးသည့်အချိန်တွင် သူသည် တောလစ်၏ သိုင်းကွက်အား ရရှိခဲ့၏။ ဖှေးအပြင်ကမ္ဘာတွင် ဤသိုင်းကွက်ကို အသုံးပြုလိုက်သည့်အချိန်တွင် တောလစ်ကိုယ်တိုင်ဤအစွမ်းကိုအသုံးပြုလိုက်သည့်အတိုင်းပင်။ ထို့အပြင် ဖှေး၏ ခွန်အားသည်တောလစ်ထက်ပို၍ပင်သန်မာသောကြောင့် ဤသိုင်းကွက်သည် ပို၍ပင်အစွမ်းထက်နေ၏။
ဤသိုင်းကွက်သည် ဖှေး၏အစွမ်းထက်ဆုံးသိုင်းကွက်တစ်ခုပင်။
သို့သော် ဤသည်မှာ မလုံလောက်သေးပေ။
ဓားသွားစွမ်းအင်များသည် ၅၀၀မီတာခန့်ပျံသန်းသွားပြီးသည့်အချိန်တွင် စတင်၍ အရှိန်နှေးလာတော့၏။ မကြာမှီတွင် မမြင်နိုင်သည့် နွံအိုင်တစ်ခုနှင့် တွေ့ဆုံလိုက်မိသည့်အတိုင်းပင် ဓားသွားစွမ်းအင်များသည် လေထဲတွင်ရပ်တန့်သွားတော့၏။
တစ်စက္ကန့်အတွင်းမှာပင် ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်ကို လွယ်ကူစွာပင် သတ်ဖြတ်နိုင်သည့်ဓားသွားစွမ်းအင်များသည် မမြင်နိုင်သည့် လက်ဖ၀ါးအား ရင်ဆိုင်နိုင်ခြင်းမရှိပေ။ သူတို့သည် ပျက်ဆီးကုန်ကာ လေထဲတွင်တစ်ခုပြီးတစ်ခုကွယ်ပျောက်ကုန်တော့၏။
ဤသည်မှာ လူတိုင်းစိတ်ကူးယဥ်နိုင်သည်ထက်ပင် ကျော်လွန်နေသည့် မြင်ကွင်းတစ်ခုပင်။
ဤမြင်ကွင်းမှာ လှပသလိုထူးဆန်းလှသည်။ သူတို့သည် အနှေးပြကွက်တစ်ခုကို မြင်တွေ့နေရသလိုပင်။ ဖြစ်ပျက်နေသမျှကို လူတိုင်းရှင်းလင်းစွာဖြင့် မြင်နိုင်နေ၏။
ဓားသွားစွမ်းအင်များသည် အနီရောင်၀တ်ရုံနှင့် လူထံသို့ ဆက်လက်ပျံသန်းနေကြသော်လည်း တစ်ခုပြီးတစ်ခု လေထဲတွင် ဖျက်ဆီးခြင်းခံနေရ၏။
မမြင်နိုင်သည့် လက်ကြီးသည် ရှေ့သို့ ဖြေးညှင်းစွာပင် ဆက်လက်ပျံသန်းလာနေ၏။ လေးလံသည့် ကျောက်တုံးကြီးတစ်ခုကို ကြက်ဥများပေါ်သို့ ပစ်ချနေသည့် အတိုင်းပင်။