အခန်း (၅၅၂)
Vol. 35 Ch. 552
ခုခံရေးကိစ္စများကို ဆောင်ရွက်ပြီးသည့်အချိန်တွင် အန်ဂျယ်လာနှင့် အယ်လီနာတို့၏ အခြေအနေကို ကြည့်ရန်အတွက် မြို့တော်၀န်၏ စံအိမ်သို့သွားရောက်ရန်ဆုံးဖြတ်လိုက်သည်။ သူမတို့အား ကုသခြင်းဆေးပုလင်းတစ်ချို့တိုက်ပြီး ခနတာကြည့်ရှုပြီးနောက်တွင် အန်မာနှင့်စကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက်တွင် ပတ်၀န်းကျင်တွင် အရာအားလုံးလုံခြုံမှုရှိမရှိကို လှည့်ပတ်ကာစစ်ဆေးလိုက်သည်။
အနောက်ဘတ်ဂိတ်တံခါးပေါ်မှ မျှော်စင်သို့ပြန်ရောက်သည့်အချိန်တွင် ညလည်ခေါင်သို့ပင်ရောက်ရှိနေပြီဖြစ်၏။
ပါတီပွဲမှာ ပြီးသွားပြီဖြစ်ပြီး စစ်သည်အများစုသည် စည်းကမ်းကြီးကြသဖြင့် မူးရူးမနေကြပေ။ ဖှေးပြန်ရောက်သည့်အချိန်တွင် စစ်သည်များကို ပါတီပွဲထဲတွင်တွေ့ရတော့ပေ။ တစ်ချို့မှာ အနားယူရန်အတွက် ပြန်သွားနေပြီဖြစ်သည်။ တစ်ချို့ဆိုလျှင် သူတို့၏လက်နက်များကိုယူကာ ကင်းလှည့်ခြင်းတာ၀န်ကို ပြန်လည်ကာ ထမ်းဆောင်နေကြ၏။ ဖှေး၏ အရှိန်၀ါသည် ဤကဲ့သို့သောအခြေအနေမျိုးတွင်ပေါ်လွင်နေ၏။ စစ်မြေပြင်ခေါင်းဆောင်ဖြစ်သည့် သူကိုယ်တိုင်ပင် ကင်းလှည့်ခြင်းတွင်ပါ၀င်နေသည့်အတွက် သာမန်စစ်သည်များသည်လည်း ကင်းလှည့်ရန်အတွက် ပို၍ တက်ကြွနေကြ၏။
လက်ရှိအချိန်တွင် ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ခါနော့တ်နှင့် ဟူအက်ခ်တို့သည် မြို့တော်၀န်စံအိမ်အား စောင့်ကြပ်နေကြပြီး တိုးရီစ်တစ်ယောက်သာ ဖှေးနှင့်အတူ ခံတပ်မျှော်စင်ပေါ်တွင်ရှိနေ၏။
အချိန်အား တွက်ဆပြီးသည့်အချိန်တွင် ဖှေးသည် မျှော်စင်ထဲသို့ ၀င်လိုက်ပြီး ပေါ်တယ်တစ်ခုမှတဆင့် ဒိုင်ယာဘလိုကမ္ဘာထဲသို့၀င်ရောက်လာခဲ့တော့သည်။
“ဒွီ...”
တုန်ခါသံတစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် ဖှေး၏ အမြင်အာရုံများ၀ေ၀ါးသွားသည်။
သူ့အားအံ့သြစေသည့်အရာမှာ သူသည် ဒိုင်ယာဘလိုကမ္ဘာထဲသို့တိုက်ရိုက်မရောက်ရှိသွားခြင်းပင်။ ဘေးပတ်ပတ်လည်တွင် ဇာတ်ကောင်၇ကောင်၏ ပုံရိပ်များနှင့်အတူ သူသည် အာကာသဟင်းလင်းပြင်ထဲတွင် မက်တပ်ရပ်နေရသကဲ့သို့ ခံစားနေရ၏။ ထိုဇာတ်ကောင်များသည် မတူညီသည့်အရှိန်၀ါများရှိနေကြပြီး သူတို့သည် ဂိမ်းထဲတွင် သက်ဆိုင်ရာပစ္စည်းများ၊ ချပ်၀တ်များကို ၀တ်ဆင်ထားကြ၏။
ဘူးလ်-ခရေးတို့စ်၏ ကလေးငယ်များဓားနှစ်လက်ကို လက်ထဲတွင်ကိုင်ထားသည့် လူရိုင်းဇာတ်ကောင်သည် ဇာတ်ကောင်၇ကောင်ထဲတွင်ပို၍အထည်၀ါဆုံးဖြစ်နေ၏။
“ငါထင်ထားတဲ့အတိုင်းပဲ လူရိုင်းဇာတ်ကောင်အနေနဲ့ ဂိမ်းတစ်ခုလုံးအောင်သွားပြီးတော့ တစ်စုံတစ်ခုက ပြောင်းလဲသွားတာပဲ...” ဖှေးစဥ်းစားကာ ဒိုင်ယာဘလိုကမ္ဘာထဲသို့ လူရိုင်းဇာတ်ကောင်အနေဖြင့် သွားရောက်ရန်ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင်မူ သူသည် ဒိုင်ယာဘလိုကမ္ဘာထဲသို့ တိုက်ရိုက်ရောက်ရှိခဲ့ခြင်းမရှိပဲ။
သူ၏အရှေ့တွင် မီးတောက်တစ်ခုပေါ်လာ၏။
“သာမန်ခက်ခဲမှုအဆင့်...”
“အိမ်မက်ဆိုးခက်ခဲမှုအဆင့်...”
ဖှေး စိတ်လှုပ်ရှားသဖြင့် သူ၏လက်သီးများကိုပင် ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိ၏။
“ငါက အိမ်မက်ဆိုးခက်ခဲမှုအဆင့်ကို ၀င်ရောက်နိုင်သွားတဲ့ပုံပဲ။ အဲ့တာဆို င့ါရဲ့သီအိုရီက မှန်တာပဲ။ တကယ်လို့ ငါသာ အိမ်မက်ဆိုးခက်ခဲမှုအဆင့်ကို အောင်နိုင်သွားပြီဆိုရင် မဟာငရဲခက်ခဲမှုအဆင့်ကို ထပ်ပြီးတော့ ကစားနိုင်ဦးမှာပဲ...”
စဥ်းစားကြည့်ပြီးသည့်အချိန်တွင် ဖှေးသည် တွေ၀ေနေခြင်းမရှိပဲ အိမ်မက်ဆိုးခက်ခဲမှုအဆင့်ကို ချက်ချင်းပင်ရွေးချယ်လိုက်၏။
“ဒွီ...”
သူရောက်ရှိနေသည့် ဟင်းလင်းပြင်သည် ပြောင်းလဲသွားပြီး ပေါ်တယ်တစ်ခုမှ ဖြတ်သန်းသွားလာနေရသည့်အတိုင်းခံစားလိုက်ရသည်။ သူသည် ဒိုင်ယာဘလိုကမ္ဘာထဲသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့စဥ်က မတူညီသည်မှာ ယခုအချိန်တွင် ပို၍ပြင်းထန်ကာ ရှည်ကြာနေသကဲ့သို့ခံစားနေရခြင်းပင်။ သူသည် ရာစုနှစ်များစွာကိုဖြတ်သန်းလာသကဲ့သို့ ခံစားလိုက်ရပြီး နောက်ဆုံးတွင်သူပုန်စခန်းသို့ရောက်ရှိလာတော့သည်။
ကောင်ကင်မှာ မှုန်မိုင်းနေပြီး ဖှေးသည် မီးပုံတစ်ခု၏အရှေ့တွင်ပေါ်လာခဲ့၏။ သူနှင့် မီတာ၂၀ခန့်၀ေးသည့်နေရာတွင် ပစ္စည်းထားသိုသည့်နေရာတစ်ခုရှိနေသည်။ အရာအားလုံးကို ရင်းနှီးသလိုပင် ခံစားနေရ၏။
သူ၏အရင်ဘ၀တွင် ဂိမ်းကစားခဲ့ဖူးသည့်အတွေ့ကြုံအရ မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများ၏ စွမ်းအားမှ လွဲ၍ ကျန်ရှိနေသည့်အရာများဖြစ်သည့် ဇာတ်လမ်းများ၊ အလုပ်များ၊ မြေပုံများသည်အတူတူပင်ဖြစ်၏။
လက်ရှိစွမ်းအားဖြင့် ဖှေးသည် သာမန်ခက်ခဲမှုအဆင့်တွင် နောက်ဆုံးခေါင်းဆောင်ကြီးဘေးလ်အား လွယ်ကူစွာပင် အခက်ခဲမရှိသတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင်မူ တူညီတော့မည်မဟုတ်ပေ။ ဤခက်ခဲမှုအဆင့်တွင် မကောင်းဆိုး၀ါးများ၏ အစွမ်းသည် အဆပေါင်းများစွာမြင့်တတ်နေသည့်အတွက်ပင်။ သူပုန်စခန်း၏အပြင်ဘက်တွင် နေထိုင်ကျက်စားသည့် ရှာမန်းမကောင်းဆိုး၀ါးတစ်ကောင်ကပင် ဖှေးအားကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုပေးနိုင်သည့်အတွက်ပင်။ အကယ်၍ ဖှေးထံသို့သာ မကောင်းဆိုး၀ါးများစွာ ပြေး၀င်လာပါက ဖှေး ထွက်ပြေးရုံမှတစ်ပါးဘာမှ တတ်နိုင်မည်မဟုတ်ပေ။ အကယ်၍ မကောင်းဆိုး၀ါးများ၏ ၀ိုင်းရံခြင်းကို ခံလိုက်ရပါက သေချာပေါက်ပင်သေဆုံးသွားမည်ဖြစ်၏။
အမှန်ပင် ဤစွမ်းအားမြင့်မားလှသည့်မကောင်းဆိုး၀ါးများကို ရင်ဆိုင်ရခြင်း၏ အကျိုးကျေးဇူးမှာ သူတို့အား သတ်ဖြတ်ပြီးသည့်အချိန်တွင် အတွေ့ကြုံအမှတ်များစွာရရှိခြင်းပင်။ ထို့အပြင် ဤမကောင်းဆိုး၀ါးများထံမှ ပို၍ များပြားကောင်းမွန်သည့် ရွှေဒင်္ဂါးပြားများ၊ ပစ္စည်းများလည်းရရှိနိုင်၏။ သူ၏ စွမ်းအားများကို လျှင်မြန်စွာတိုးမြှင့်ရန်လိုအပ်နေသည့် ဖှေးအတွက် ဤအိမ်မက်ဆိုးခက်ခဲမှုအဆင့်သည် ရေငတ်တုန်း ရေတွင်းထဲကျဆိုသလိုပင်။
ဖှေး မသေချာသည့် တစ်ခုမှာ ကစားသူမဟုတ်သောဇာတ်ကောင်(NPC)များနှင့် ပတ်သက်သည်ကိုပင်။
“သူတို့တွေမှာရော ဉာဏ်ရည်တွေရှိနေနိုင်လား။ ငါ သူပုန်ုးစခန်းမှာ အယ်လီနာနောက်တစ်ယောက်နဲ့ရော ထပ်ဆုံနေရဦးမလား။ အာကာရာတို့ ကိန်းတို့နဲ့ရော ထပ်တွေနေဦးမှာလားမသိဘူး။ သာမန်ခက်ခဲမှုအဆင့်က ဇာတ်ကောင်တွေပဲ ဒီမှာရှိနေကြမှာလား။ ဒါမှမဟုတ်ရင် ဇာတ်ကောင်အသစ်တွေနဲ့ တွေ့ရမှာလား....”
တကယ်တန်းတွင် ဖှေးတူညီသည့် ဇာတ်ကောင်များကို ထက်မံ၍ တွေ့ဆုံလိုခြင်းမရှိပေ။ သူ၏ စိတ်ထဲတွင် သူပုန်စခန်းမှသူနှင့် ခင်မင်သိကျွမ်းသည့် ဇာတ်ကောင်တိုင်းသည် ထူးခြား၏။ မည်မျှပင် အားနည်းနေစေကာမူ ဇာတ်ကောင်တစ်ကောင်တိုင်းစီသည် ထူးခြားနေသည့်အတွက် ပုံတူပွားနိုင်လိမ့်မည်မဟုတ်ပေ။
သူပုန်စခန်းတွင်ရှိနေသည့် လူများသည် သာမန်NPCဇာတ်ကောင်များကဲ့သို့မဟုတ်ပေ။ လောဘကြီး ကပ်စေးနဲကာ စည်းကမ်းတင်းကြပ်သည့် သူတော်စင် အာကာရာ၊ သေးသိမ်ကာ ရိုင်းပြတတ်သော်လည်း ဗဟုသုတတို့ဖြင့် ပြည့်နှက်နေသည့်အဖိုးကြီးကိန်း၊ အေးစက်ကာ သစ္စာရှိပြီးစွမ်းအားကြီးမားသည့် စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခက်ရှာ၊ အလုပ်ကြိုးစားတတ်သည့် ပန်းပဲဆရာမ ချယ်စီ၊ လှပကာ ရဲရင့်သည့် စစ်နတ်သမီးအယ်လီနာ ထိုလူတိုင်းသည် ဖှေး၏ စိတ်ထဲတွင် ကွန်ပျူတာဇာတ်ကောင်များမဟုတ်ပဲ လူအစစ်မှန်များပင်။ သူတို့အား ပရော်ဂရမ်ရေးထားသည့် သာမန်ကွန်ပြူတာဇာတ်ကောင်များကဲ့သို့ ဖှေးမည်သည့်အချိန်ကမှ ဆက်ဆံခဲ့ခြင်းမရှိပေ။
ထို့ကြောင့် သူ၏ ဒိုင်ယာဘလိုကမ္ဘာမှ မိတ်ဆွေများသည် လွယ်ကူစွာပုံတူပွားနိုင်သည့် ကွန်ပြူတာဇာတ်ကောင်များမဟုတ်ပဲ သက်ရှိထင်ရှားလူအစစ်မှန်များဖြစ်ကြရန်အတွက် ဖှေး မျှော်လင့်နေ၏။
ဖှေးစဥ်းစားနေသည့်အချိန်တွင် ရင်းနှီးသည့်အသံတစ်ခုကို သူ၏ နားထဲတွင်ကြာလိုက်ရသည်။
“နှုတ်ဆက်ပါတယ် လူစိမ်း။ ခင်ဗျားတို့လိုလူတွေကို ဒီမှာတွေ့ရတာက အံ့သြစရာတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ပြသနာတွေစပေါ်လာကတည်းက ဒီနေရာကို ခင်ဗျားတို့လို စွန့်စားသူတွေရောက်လာလေ့ရှိကြတယ်။ ထရစ်စတမ်မြို့က ဖြစ်ရပ်ဆိုးအကြောင်းကို ခင်ဗျားလဲ ကြားပြီးလောက်ပြီပေါ့။ တစ်ချို့တွေပြောနေတာက အကြောက်တရားတွေရဲ့ သခင်ကြီး ဒိုင်ယာဘလိုကဒီကမ္ဘာပေါ်မှာ ပြန်လည်နိုးထလာနေပြီတဲ့....”
ဤအပြာရောင်အာရေဘစ်၀တ်စုံ၀တ်ဆင်ထားသည့်လူသည် ၀ါးရစ်ပင်။
ဖှေး ထိုလူအား သာမန်ခက်ခဲမှုအဆင့်တွင် ရှိသည့်၀ါးရစ်ကဲ့သို့ ကိုယ်ပိုင်အသိဉာဏ်ရှိနေမရှိနေကို စိုးရိမ်စွာဖြင့် အကဲခတ်လိုက်သည်။
ခနကြာသည့်အချိန်မှ ဖှေးသက်ပြင်းချလိုက်နိုင်၏။
ဤ၀ါးရစ်သည် ဖှေးသိသည့် ၀ါးရစ်မဟုတ်သည့်အတွက်ပင်။
ဤ၀ါးရစ်သည် သာမန်ခက်ခဲမှုအဆင့်မှ ၀ါးရစ်ကဲ့သို့ ကိုယ်ပိုင်အသိဉာဏ်မရှိပေ။ တကယ်တန်းတွင် သူပုန်စခန်းတွင်ရှိသည့် NPCများမှလွဲ၍ ကျန်ရှိနေသည့်နေရာတွင်ရှိနေသည့် NPCများအားလုံးသည် ကိုယ်ပိုင်အသိဉာဏ်ကင်းမဲ့နေကြ၏။
“ကောင်းတယ် ဒီလိုဆိုရင် ငါနောက်ထပ်အယ်လီနာတစ်ယောက်နဲ့ မတွေ့ရတော့ဘူးပေါ့။” ဖှေးစိတ်အေးသွား၏။ သို့သော် ပို၍ သေချာစေရန်အတွက် သူပုန်စခန်းမြေပုံတွင် ပတ်လျှောက်ကာ ကျန်ရှိနေသည့် NPCများကိုလည်း စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် အတည်ပြုနိုင်သွား၏။ ဤနေရာတွင်ရှိနေသည့် NPCများသည်လည်း ပင်ရင်ဂိမ်းထဲကလိုပင် ကိုယ်ပိုင်အသိဉာဏ်မရှိကြသည့် ကိုယ်ပိုင်ဇာတ်ကောင်များသာဖြစ်နေ၏။ သူစခန်းပတ်ပတ်လည်တွင် လမ်းလျှောက်နေရင်းဖြင့် NPCဇာတ်ကောင် အာကာရာထံမှ သူပုန်စခန်းမြေပုံ၏ ပထမဆုံးအလုပ်ဖြစ်သည့် နတ်ဆိုး၏ သားရဲတွင်းအလုပ်ကို လက်ခံလိုက်၏။
ဤကမ္ဘာ၏ ကောင်းကင်သည် ပို၍ပင် မဲမှောင်နေ၏။ သာမန်ခက်ခဲမှု့အဆင့်၏ ကမ္ဘာထက်ပင် မကောင်းဆိုး၀ါးစွမ်းအင်များ စွန်းထင်းနေသည်မှာ ထင်ရှားလှသည်။
ဖှေးစခန်းအပြင်သို့ လမ်းလျှောက်ထွက်လာသည့်အချိန်တွင် ပြင်းထန်သည့် နတ်ဆိုးစွမ်းအင်များသည် သူ့ထံသို့ပြေး၀င်လာ၏။ ဖှေးသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှ ပထမဆုံးမကောင်းဆိုး၀ါးတစ်ကောင်နှင့်ကြုံတွေ့လိုက်ရ၏။
သာမန်ခက်ခဲမှုအဆင့်မှ တူညီသည့် မကောင်းဆိုး၀ါးဖြစ်သော်လည်း ဤမကောင်းဆိုး၀ါး၏ အရွယ်စားမှာ နှစ်ဆခန့်ပို၍ ကြီးမားနေသည်။ ဖှေးအား အံ့သြစေဆုံးအရာမှာ လက်ရှိတွင်ရင်ဆိုင်နေရသည့် မကောင်းဆိုး၀ါးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် အဆင့်နိမ့်ဆုံးမကောင်းဆိုး၀ါးဖြစ်သော်လည်း ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်နှင့် စွမ်းအားခြင်းညီမျှနေသည့်အတွက်ပင်။ သာမန်ခက်ခဲမှုအဆင့်မှ မကောင်းဆိုး၀ါးထက် အဆတစ်ရာခန့်ပို၍ စွမ်းအားကြီးမားနေသည်ဟု ဆိုနိုင်၏။
“ချွင်...”
ဖှေး ထိုမကောင်းဆိုး၀ါးကို သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ မကောင်းဆိုး၀ါးသည် ချက်ချင်းပငပ် သေဆုံးသွားတော့၏။
ဤအခိုက်တန့်တွင် ဖှေးသည် ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်ပိုပင် ဤကဲ့သို့ လွယ်ကူစွာဖြင့် သတ်ဖြတ်နိုင်နေပြီဖြစ်သည်။
နောက်အခိုက်တန့်တွင် ကြီမားသည့်အရာတစ်ခုဖြစ်ပျက်သွား၏။ ရွှေရောင်ရေစက်လေးတစ်ခုသည် မကောင်းဆိုး၀ါး၏ အလောင်းထံမှ စီးထွက်လာနေပြီး ဖှေး၏ ခန္ဓာကိုယ်ထဲသို့ အမြန်စီး၀င်သွားတော့သည်။
“ဒါက....” သူ၏ ခန္ဓာကိုယ်ထဲသို့ ပူနွေးသည့် စွမ်းအင်တစ်ခုစီး၀င်သွားသကဲ့သို့ပင်။ ဖှေးအား နှစ်သက်ဖွယ်သက်တောင့်သက်သာဖြစ်သည့် ခံစားချက်တစ်ခုကိုပေးလိုက်သည်။
ဤသည်မှာ သာမန်ခက်ခဲမှုအဆင့်တွင်ဖြစ်ခဲ့သည်နှင့် မတူညီပဲ အလွန်ပင် ကွဲပြားနေသည်။ သာမန်ခက်ခဲမှုအဆင့်တွင် မကောင်းဆိုး၀ါးတစ်ကောင်သတ်ဖြတ်ပြီးသည့်အချိန်တိုင်းတွင် အဖြူရောင်မြူခိုးတစ်ခုထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ၀င်သွားသည်ကိုသူမှတ်မိသည်။ သို့သော် ဤကဲ့သို့သော ခံစားချက်မျိုးကိုမူ သာမန်ခက်ခဲမှုအဆင့်တွင် လယ်ဗယ်တစ်ဆင့်မြင့်တက်သည့် အချိန်မျိုးတွင်သာ တွေ့ရှိရလေ့ရှိသောကြောင့်ပင်။
ဖှေးစဥ်းစားကြည့်ကာ မကောင်းဆိုး၀ါးများကို သတ်ဖြတ်၍ လယ်ဗယ်မြှင့်တင်ရန်ကြိုးစားတော့သည်။
သူသည် မကြာမှီတွင် နောက်ထပ်မကောင်းဆိုး၀ါးနှစ်ကောင်နှင့် ထက်မံရင်ဆိုင်လိုက်ရသည်။ ရှာမန်းမကောင်းဆိုး၀ါးနှင့် ဖုတ်ကောင်မကောင်းဆိုး၀ါးတို့ပင်။
ထိုမကောင်းဆိုး၀ါးများသည်လည်း သာမန်ခက်ခဲမှုအဆင့်မှမကောင်းဆိုး၀ါးများနှင့် နှိုင်းယှဥ်ကြည့်ပါက အဆတစ်ရာခန့်ပင် ပို၍ သန်မာနေသည်။ ဖှေးသည် အလွန်သတိထားကာ တိုက်ခိုက်နေခဲ့သော်လည်း သူသည် ဒဏ်ရာများရရှိထားပြီး ပြန်လည်သစ်လွင်ဆေးပုလင်းများစွာကို အသုံးပြုနေရ၏။
ဖှေး နတ်ဆိုးသားရဲတွင်သို့ ရောက်ရှိတော့မည့်အချိန်တွင် မကောင်းဆိုး၀ါးအကောင်ငါးဆယ်ခန့်ကို သတ်ဖြတ်ပြီးဖြစ်ပြီး ရွှေရောင်ရေစက်အလုံးငါးဆယ်သည်သူ၏ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားပြီးဖြစ်သည်။
ငါးဆယ်မြောက် ရွှေရောင်ရေစက်သည် ဖှေး၏ ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားသည့်အချိန်တွင် မှော်ဆန်သည့်အရာတစ်စုံတစ်ခုဖြစ်ပျက်သွား၏။
ဤကမ္ဘာပေါ်တွင် အချိန်ရပ်တန့်သွားသည့်အတိုင်းပင်။ ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းတန်းတစ်ခုကျဆင်းလာပြီးဖှေးအားလုံး၀ပင် လွှမ်းခြုံသွားတော့သည်။ ဖှေး၏ခန္ဓာကိုယ်ထဲတွင် ဓာတုပြောင်းလဲမှုများချက်ချင်းပင်ဖြစ်ပေါ်လာတော့၏။ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသမျှ ဆဲလ်များအားလုံးသည်ပေါက်ကွဲကာ ပြန်လည်မွေးဖွားလာနေသကဲ့သို့ပင်။ အရာအားလုံးပုံမှန်ပြန်လည်ဖြစ်သွားသည့်အချိန်တွင် စွမ်းအင်များသည် အပြင်သို့ ပြန့်နှံ့လာပြီး ဆဲလ်အသစ်များဖြစ်ပေါ်လာတော့သည်။
ဤအခိုက်တန့်တွင် ဖှေး၏ခန္ဓာကိုယ်ထဲမှ ရွှေမြူစိုင်တိမ်တိုက်နှစ်ခုစီးထွက်လာပြီး သူ၏ခန္ဓာကိုယ်ကို လုံး၀ပင်လွှမ်းခြုံသွားတော့သည်။
ရွှေရောင်ရေစက်ငါးဆယ်သည် ဤမြူစိုင်များနှင့် ရောထွေးသွားကာ ဖှေး၏ခန္ဓာကိုယ်ထဲတွင်ရှိသည့်အတွင်းအားစီးကြောင်းများထဲသို့ စီး၀င်သွားတော့သည်။ ဤစွမ်းအင်များစီးဆင်းသွားသည့်အချိန်တိုင်းတွင် ဖှေး၏ခန္ဓာကိုယ်သည်လည်း ပြောင်းလဲသွား၏။
သူ၏ခန္ဓာကိုယ်သည် စက္ကန့်နှင့်အမျှ ပို၍ အစွမ်းထက်ကာ သန်မာလာနေသည်ကို ဖှေးခံစားနေရသည်။
ဤသည်မှာ အရည်သွေးပိုင်းဆိုင်ရာ ပြောင်းလဲသွားခြင်းပင်။
သက်ရှိဖြစ်စဥ်တစ်ခုမြင့်တက်သွားခြင်းပင်။
ရွှေရောင်စွမ်းအင်များသည် ဖှေး၏ခန္ဓာကိုယ်ထဲသို့ ၉၉ကြိမ်ခန့်စီး၀င်သွားပြီးသည့်နောက်တွင် ဖှေး ၀ိဉာဥ်၏အနက်ရှိုင်းဆုံးနေရာတွင် တစ်ခါမှမကြုံဖူးသေးသည့်စွမ်းအင်များပေါ်ထွက်လာတော့၏။