အခန်း (၅၆၅)
Vol. 36 Ch. 565
ဤဘုရင်၏ တောက်ပသည့်အပြုံးနှင့် မာနထောင်လွှားသည့်အရှိန်၀ါကို အာရုံခံမိသည့်အတွက် ထိုဘုရင်ငယ်သည် သူ့ကိုလည်း အရိုးစုမှော်ဆရာများကို ဆင့်ခေါ်စေလိုကြောင်း ဟေဇယ်-ဘန့်ခ်သိလိုက်သည်။ သူသည် အနည်းငယ်မခံချင်ဖြစ်သွားသော်လည်း သူသည်အရိုးစုမှော်ဆရာများကို ဖှေးကဲ့သို့ လွယ်ကူစွာဆင့်ခေါ်နိုင်ခြင်းမရှိပေ။
သူ၏စွမ်းအားများအမြင့်ဆုံးရှိခဲ့စဥ်ကပင် သူသည်အန္တန်တစ်ချို့ရှတ်ဆိုပြီးမှသာလျှင် အရိုးစုစစ်သည်များကို ဆင့်ခေါ်နိုင်ခဲ့သည်။ လက်ရှီအခြေအနေတွင် သူသည် မဟာဘုရားကျောင်းမှလူများ၏ တိုက်ခိုက်မှုကြောင့် အရိုးဟုမှော်ဆရာတစ်ယောက်ကို ဆင့်ခေါ်နိုင်ရန်အတွက် အတော်တန်ကြိုးစားရဦးမည်ဖြစ်သည်။
သူသည် သေခြင်းတရား၏အနှစ်သက်ဆုံးကလေးငယ်ဟု ယူဆထားသည့် ဤဘုရင်ငယ်ကုိ စမ်းသပ်လိုသည့်အတွက် အမဲရောင်အရိုးစုစစ်သည်ခြောက်ဦးကို အဖြူရောက်အရိုးစုမှော်ဆရာအား သွားရောက်တိုက်ခိုက်ရန်အတွက် ညွှန်ကြားလိုက်သည်။
“၀ှစ်...”
“ချွတ် ချွတ် ချွတ်...”
အရိုးစုမှော်ဆရာသည် သူ၏လက်များကို ရိုးရှင်းစွာပင် ၀ှေ့ရမ်းလိုက်ပြီး သူ၏လက်ထဲတွင်ရှိနေသည့် လျှပ်စစ်အလင်းတန်းများထွက်ခွာသွားကာ ပြေးလာနေသည့်အရိုးစုစစ်သည်လေးဦးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင်ပြုလုပ်လိုက်၏။
“အတော်လေးစွမ်းအားကြီးတာပဲ...” ဟေဇယ်-ဘန့်ခ်၏ မျက်ခုံးများပင် လှုပ်ရှားသွား၏။ ဤအရိုးစုမှော်ဆရာ၏ စွမ်းအားများသည် သူထင်ထားသည်ထက်ပင် များစွာကျော်လွန်နေသည်။
“ဒါက နတ်ဘုရားတွေတောင် ကြောက်လန့်တယ်ဆိုတဲ့ မရဏစွမ်းအင်ကို ပိုင်ဆိုင်သွားတဲ့အချိန်မှာရရှိတဲ့ အောက်လမ်းမှော်ပညာစွမ်းအားတွေလား။ ဒီလိုအစွမ်းရှိနေတဲ့လူတစ်ယောက်သာ သေခြင်းကျမ်းစာရဲ့အကူညီကိုရခဲ့မယ်ဆိုရင် မဟာဘုရားကျောင်းက အောက်လမ်းပညာရှင်အဖွဲ့းစည်းကို လွယ်လွယ်ကူကူအနိုင်ယူနိုင်ခဲ့မှာမဟုတ်ဘူး....”
ဤလူမသိသည်မှာ ဖှေး၏ မရဏစွမ်းအင်များသည် သန့်စင်သော်လည်း ဤကမ္ဘာမှ မကောင်းဆိုး၀ါးစွမ်းအင်နှင့်မတူပဲအရိုးစုစစ်သည်၊ အရိုးစုမှော်ဆရာသောင်းနှင့်ချီကာ ဆင့်ခေါ်နိုင်ခြင်းမရှိသည်ကိုပင်။ ဖှေး ဆင့်ခေါ်နိုင်သည့်မကောင်းဆိုး၀ါးများသည်အကန့်သက်တစ်ခုရှိနေ၏။ လက်ရှိတွင် ဖှေး၏ အောက်လမ်းဆရာဇာတ်ကောင်သည် လယ်ဗယ်၆၅ဖြစ်သည့်အတွက် အများဆုံးအနေဖြင့် အရိုးစုမှော်ဆရာငါးဦးကိုသာ ဆင့်ခေါ်နိုင်ပြီး အရိုးစုစစ်သည်ရှစ်ဦးကိုသာ ဆင့်ခေါ်နိုင်သေး၏။
သို့သော် ဟေဇယ်-ဘန့်ခ်သေချာပေါက်သိသည့်အရာမှာ ဤဘုရင်ငယ်သည် ဒဏာရီများထဲတွင်ဖော်ပြထားသည့် မရဏစွမ်းအင်ကို ပိုင်ဆိုင်ထားသည့်လူတစ်ယောက်ဖြစ်သည်ကိုပင်။ မဟာဘုရားကျောင်းတွင် ရွှေရောင်မြင့်မြတ်သန့်စင်သည့်စွမ်းအင်ပိုင်ဆိုင်ထားသည့်လူကို ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်ဟုခေါ်သည်။ မဟာဘုရားကျောင်းသည် အရှိန်၀ါကြီးမားကာ ကြွယ်၀ချမ်းသာသည့်အတွက်ကြောင့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များစွာကို ရှာဖွေစုဆောင်းကာ လေ့ကျင့်ပေးနိုင်သည်။ တစ်ဖက်တွင် အောက်လမ်းပညာလောကတွင်လည်း မရဏစွမ်းအင်ကို သဘာ၀အတိုင်းသော်လည်းကောင်း၊ လေ့ကျင့်မှုကြောင့်သော်လည်းကောင်း ထိန်းချုပ်အသုံးပြုနိုင်သွားသည့်လူကို သေခြင်းတရား၏ အနှစ်သက်ဆုံးကလေးငယ်ဟုခေါ်ကြသည်။ အောက်လမ်းပညာဘုရားကျောင်း ပြိုလဲခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာပြီဖြစ်သောကြောင့် သေခြင်းတရား၏အနှစ်သက်ဆုံးကလေးငယ်များ ထွက်ပေါ်မလာခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဟေဇယ်-ဘန့်ခ်၏ မျက်လုံးထဲတွင် ဖှေးထွက်ပေါ်လာခြင်းသည် အောက်လမ်းဘုရားကျောင်း၏ ပြန်လည်စတင်ခြင်းပင်။ သူ၏စိတ်ထဲတွင်ရှိနေသည့် မျှော်လင့်ချက်များသည် မဖြစ်နိုင်စရာအကြောင်းမရှိတော့ပေ။ သူ၏စိတ်ထဲတွင်အောက်လမ်းမှော်ဆရာများ ကိုးကွယ်သည့် သေမင်းသည် သူ၏ နောက်လိုက်များကို စတင်၍ ကောင်းချီးပေးလိုက်ခြင်းပင်။
တစ်နည်းအားဖြင့် မရဏစွမ်းအင်များကို ပိုင်ဆိုင်ထားကာ အဆင့်မြင်အောက်လမ်းမှော်အစွမ်းများကိုအသုံးပြုနိုင်သည့် ဖှေးအား ကြည့်နေရင်းဖြင့် ဟေဇယ်-ဘန့်ခ်၏ခေါင်းထဲတွင် ၀ေ၀ါးသည့်အကြံစည်တစ်ခုစတင်ပေါ်ပေါက်လာသည်။
ဟေဇယ်-ဘန့်ခ်ထိတ်လန့်အံ့သြနေသည့်အချိန်တွင် အာသာဟုအမည်ရသည့်ကောင်လေးလဲ ထိတန်လန့်အံ့သြနေ၏။ သူ၏ ပါးစပ်မှာ အဟောင်းသားဖြစ်နေသည်။ ဇီးနစ်အင်ပါယာ၏ အင်အားအသစ်တစ်ခုသည် အောာက်လမ်းမှော်ဆရာတစ်ယောက်ဖြစ်နေသည်ကို သူတို့မယုံကြည်နိုင်သည့်အတွက်ပင်။
တစ်ချိန်တည်းမှာပင် ဘုရင်သည် သူတို့နှစ်ယောက်၏ တုန့်ပြန်မှုကိုနှစ်သက်နေ၏။ သူသည် ဒိုင်ယာဘလိုကမ္ဘာမှ ဇာတ်ကောင်၇ကောင်၏ အစွမ်းများကို ရရှိခဲ့စဥ်ကတည်းက ဇာတ်ကောင်ခြောက်ကောင်၏ အစွမ်းများကိုသာ ဤကမ္ဘာပေါ်တွင် ထုတ်ဖော်ပြသခွင့်ရရှိခဲ့ညသ်။ သူသည် အောက်လမ်းဆရာဇာတ်ကောင်၏ အစွမ်းကိုမူ ကြွား၀ါခွင့်မရခဲ့သေးပေ။ သူသည် ကာမအားတိုးဆေးသောက်ထားသော်လည်း မည်သည့်နေရာတွင်မှအသုံးမပြုနိုင်သည့်လူတစ်ယောက်ကဲ့သို့ပင်ဖြစ်နေခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ အောက်လမ်းဆရာဇာတ်ကောင်၏ အစွမ်းများကို လွတ်လွတ်လပ်လပ်ကြွား၀ါနိုင်သည့် လူတစ်ယောက်နှင့်တွေ့နေရပြီဖြစ်သောကြောင့် သူသည် ဤအခွင့်ရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။
“အရိုးတံတိုင်းကွ....”
အရိုးကြိုးကြေသည့်အသံများထွက်ပေါ်လာပြီး အရိုးများဖြင့် ပြုလုပ်ထားသည့်နံရံတစ်ခုသည် နန်းတော်ထဲတွင် ထွက်ပေါ်လာသည်။ ထိုနံရံသည် သုံးမီတာခန့်မြင့်မားပြီး ဆယ်မီတာရှည်လျားကာ တစ်မီတာအထူရှိသည်။ ထိုနံရံသည် တောက်ပကာအလင်းပြန်နေလျှက်ရှိပြီး သတ်ဖြတ်လိုနေသကဲ့သို့ပင်။ ကြည့်ရသည့်ပုံအရ သံမဏိချပ်၀တ်များ၀တ်ဆင်ထားကြသည့် မြင်းတပ်ဖွဲ့တစ်ခုပင် ဤတံတိုင်းကို ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ပေ။
“အရိုးထောင်....”
“ဖုန်း...”
အရိုးများဖြင့် ပြုလုပ်ထားသောကြီးမားသည့် အကျဥ်းခန်းတစ်ခုထွက်ပေါ်လာပြီး ဟေဇယ်-ဘန့်ခ်ဆင့်ခေါ်ထားသည့် အမဲရောင်အရိုးစုစစ်သည်လေးယောက်ကို ကာရံလိုက်သည်။ ထို့နောက်တွင် အဖြူရောင်အရိုးများသည် တဖြည်းဖြည်းကျဥ်းမြောင်လာပြီး အထဲတွင်ရှိနေသည့် အရိုးစုစစ်သည်လေးယောက်ကို ဖိခြေလိုက်တော့သည်။ သံမဏိထက်ပင် မာကြောသည့်အရိုးစုများသည် အစိတ်စိတ်မွှာမွှာဖြစ်သည်အထိ ဖိခြေခြင်းကိုခံလိုက်ရ၏။ ကြည့်ရသည့်ပုံအရ ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်ပင် ထိုအရိုးထောင်ထဲတွင် သေဆုံးသွားနိုင်သည့်ပုံပင်။
“အရိုးလှံရှည်...”
ဘုရင်သည် သူ၏လက်ကို မြှောက်လိုက်ရာ အရိုးလှံရှည်တစ်ခုပျံသန်းကာ ထွက်ခွာသွားပြီး အမဲရောင်အရိုးစုခြောက်ခုကို ထိုးစိုက်လိုက်သည်။ ထို့နောက်တွင် ထိုအရိုးစုစစ်သည်များသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့၏။
“အစွယ်...”
အစွယ်ကဲ့သို့သော် ဆူးချွန်လေးခုသည် ဖှေး၏ လက်ထဲမှ ထွက်ခွာသွားပြီး အရိုးစုစစ်သည်များကို ဖျက်စီးပစ်လိုက်သည်။
“အရိုးချပ်၀တ်...”
အရိုးသံများထက်မံ၍ ထွက်ပေါ်လာပြန်သည်။ နှင်းပွင့်များနှင့်တူသည့်အရိုးစများသည် ဖှေး၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ပျံသန်းနေ၏။ ထို့နောက်တွင် သူတို့သည် စုပေါင်းသွားကြပြီး ဖှေး၏ ခန္ဓာကိုယ်အား အဖြူရောင်အကာရံတစ်ခုအနေဖြင့် ကာကွယ်လိုက်ကြသည်။
ဖှေးရယ်မောကာ အရိုးစုမှော်ဆရာကို သူ့အား လျှပ်စီးဖြင့်ပစ်ရန်အတွက် အမိန့်ပေးလိုက်သည်။
“ဖုန်း...”
ကြယ်လေးလုံးအဆင့်စစ်သည်တစ်ယောက်ကိုပင် လွယ်ကူစွာသတ်ဖြတ်နိုင်သည့် လျှပ်စစ်စွမ်းအင်များသည် ဖှေး၏ အရိုးချပ်၀တ်ကို ထိခိုက်စေနိုင်ခြင်းမရှိပေ။
“ဟေဇယ်-ဘန့်ခ်သည် တဖြည်းဖြည်းစိတ်တည်ငြိမ်လာပြီး အာသာကို သူ၏မျက်လုံးများဖြင့် အချက်ပြလိုက်သည်။ အာသာသည် ပတ်၀န်းကျင်ကို စောင့်ကြည့်နေသည့်အချိန်တွင် သူသည် ဖှေး၏ အောက်လမ်းမှော်ပညာကျွမ်းကျင်မှုကို လေ့လာကြည့်နေ၏။ သူပို၍ လေ့လာမိလေလေ ပို၍ အံ့သြလေလေဖြစ်နေ၏။ ဤဘုရင်ငယ်သည် စွမ်းအားများကို ထုတ်သုံးရန်အတွက် မန္တန်ရွတ်ရန်ပင်မလိုအပ်ပေ။
“ဒါက အောက်လမ်းမှော်ပညာအသစ်တစ်ရပ်ပဲဖြစ်ရမယ်...ပါရမီရှင်တစ်ယောက်ပဲ....” ဟေဇယ်-ဘန့်ခ်သည် ဖြောင့်ဖြောင့်တန်းတန်းတွေးခေါ်နိုင်စွမ်းမရှိတော့ပေ။
“ရွံ့ဂိုလန်...” ဖှေးသည် သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် မီးခိုးရောင်မြူခိုးများသည် မြေကြီးထဲသို့ထိုးစိုက်ကာ ၀င်ရောက်သွား၏ မကြာမှီတွင် တုန်ခါသံများထွက်ပေါ်လာပြီး မြေကြီးနှင့် ကျောက်တုံးများသည် စတင်၍ လှုပ်ရှားလာတော့သည်။ ဆယ်စက္ကန့်အတွင်းမှာပင် ၁၅မီတာခန့်မြင့်မားသည့် မြေသားများ၊ ကျောက်တုံးများဖြင့် ဖန်တီးထားသည့် ရုပ်တုကြီးတစ်ခုသည် မက်တပ်ထရပ်လာတော့သည်။ ၄င်း၏ ခန္ဓာကိုယ်မှာ ကြီးမားပြီး သူ၏ စွမ်းအားများကို ဖော်ပြနေ၏။ တစ်ချက်တည်းရိုက်လိုက်ရုံဖြင့်ပင် အမဲရောင်အရိုးစုစစ်သည်ခြောက်ယောက်ကို အမှုန့်ချေလိုက်၏။
ဘုရင်သည် သူ၏အစွမ်းများကို ပြသပြီးသည့်အချိန်တွင် အမဲရောင်အရိုးစုစစ်သည်တစ်၀က်ခန့်ပျက်ဆီးသွား၏။ အောက်လမ်းမှော်ပညာဘုရားကျောင်းမှ အကြီးကဲစိတ်တည်ငြိမ်လာနေသည်ကို တွေ့မြင်လိုက်ရပြီး သူ၏မန်နာသည်လည်းတစ်၀က်ကျော်ခန့်ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ဖှေးအစွမ်းပြနေခြင်းကို ရပ်တန့်လိုက်သည်။
သူဆင့်ခေါ်ထားသည့် သတ္တ၀ါများကို သူ့အနားသို့ခေါ်လိုက်ပြီး အရိုးချပ်၀တ်ကို၀တ်ဆင်ထားရင်းဖြင့် ဟေဇယ်-ဘန့်ခ်ကို ပြုံးပြလိုက်သည်။ သူသည် ဤအသတ်လတ်ပိုင်းအရွယ်မှော်ဆရာစကားပြောတော့မည့်အချိန်ကို စောင့်နေခြင်းပင်။
“မင်းက ဘာလို့ ငါတို့ကို သီးသန့်စကားပြောချင်တာလဲဆိုတာ သိပါပြီ။ ငါတို့က မင်းရဲ့ထောင်ခြောက်ထဲကို ၀င်လာမိခဲ့တဲ့ပုံပဲ ဟုတ်တယ်မလား...” ဟေဇယ်-ဘန့်ခ်သည် သက်ပြင်းချကာပြောလိုက်သည်။
ဖှေးသည် ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။ “ဟီးဟီး အဲ့လိုမပြောပါနဲ့။ ခင်ဗျားတို့က ကျွန်တော့ထောင်ခြောက်ထဲကိုရောက်လာတာမဟုတ်ဘူး။ ဒါမယ့် ခင်ဗျားက ကျွန်တော့ရဲ့ သရုပ်မှန်နဲ့ ရည်ရွယ်ချက်ကို သိပြီဆိုတော့ ခင်ဗျားဘယ်လိုထင်လဲ။ ကျွန်တော့ရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်လာပြီးတော့ ချမ်းဘော့ဒ်နဲ့ပူးပေါင်းမလား။ အဲ့တာက အိမ်ခြေရာမဲ့နဲ့ လျှောက်ပြေးနေရတာထက်စာရင် ပိုမကောင်းဘူးလား...”
ဖှေး၏မျက်နှာပေါ်တွင်ရှိနေသည့် အပြုံးသည်တောက်ပ၏။ ဟေဇယ်-ဘန့်ခ်သည် သူ၏ ကမ်းလှန်းမှုကို ငြင်းဆန်လိမ့်မည်မဟုတ်ဟု ယူဆထားသည့်အတွက်ပင်။