လျူစုယင်
Vol. 76 Ch. 1054
“ခင်ဗျား ဘယ်သူလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ ထိုဆွဲကြိုး၏ တည်ရှိမှုနှင့် ပတ်သက်၍ သူ အလွန် သိချင်နေခဲ့သည်မှာ ဆယ်စုနှစ် သုံးခုခန့် ရှိခဲ့ပြီ ဖြစ်သည်။
“နင် ငါ့ကို ဘယ်လို အာရုံခံမိတာလဲ...”
ငွေရောင် ဝတ်စုံဝတ် အမျိုးသမီးက မေးခွန်း တစ်ခုနှင့် တုန့်ပြန်လိုက်၏။ သူမ၏ အသံထဲ၌ စိတ်မသက်မသာ ဖြစ်နေသည့် ခံစားချက် တစ်ရပ် ပါဝင်ကြောင်း ထင်ရှားလှသည်။ သူမက ဝူယုနှင့် နဂါး ခေါင်းဆောင်း မြေကြီး ရှန့်ထိုတို့လို ထိပ်သီး ပုဂ္ဂိုလ် နှစ်ယောက် ထံမှ ဖုန်းကွယ်နိုင်ခဲ့သည့်တိုင်အောင် သေမျိုး တစ်ယောက်၏ ဖော်ထုတ်ခြင်းကို ခံခဲ့ရသည်။
သို့သော်လည်း... သူမ မသိသည့် အချက်ကား ကျန့်ကျန့်မှာ သူမကို အစောကြီးတည်းက သတိထားမိနေခြင်း ဖြစ်သည်။ သူက သူမကို ခြိမ်းခြောက်မှု တစ်ရပ် အဖြစ် မယူဆခဲ့ခြင်းသာ ဖြစ်သည်။
ဝေ့ဝူယင်နှင့် ငွေရောင် ဝတ်စုံဝတ် အမျိုးသမီးတို့မှာ ထူးဆန်းစွာပင် တိတ်ဆိတ် သွားကြ၏။ မည်သူ တစ်ဦး တစ်ယောက်မှ အခြား တစ်ယောက်၏ မေးခွန်းကို ပြန်လည် ဖြေကြားခြင်း မပြုပါချေ။ သို့သော်လည်း... အချိန် အတန်ကြာပြီးနောက် ငွေရောင် ဝတ်စုံဝတ် အမျိုးသမီးက စတင်ကာ စကားပြောလိုက်လေ၏။
“လျူစုယင်..”
လျူ...
ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွား၏။ လျူမျိုးနွယ်မှာ အဆုံးမဲ့ ကောင်းကင်တွင် ကျော်ကြားကာ တော်ဝင် မျိုးနွယ် ရှစ်ခုထဲမှ တစ်ခု ဖြစ်သည်။ သူတို့နှင့် ပတ်သက်၍ ထင်ရှား ကျော်ကြားသည့် ဒဏ္ဍာရီလည်း တစ်ခုရှိ၏။
လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီ စစ်ပွဲနှင့် အပျက်အစီး ခေတ်တွင် အဆုံးမဲ့ကောင်းကင် နတ်ဘုရား အင်ပါယာမှာ ပထမဆုံး မြေကြီး ရှန့်ထို ဖြစ်လာခဲ့ကာ ကြယ်ကွင်းပြင် တစ်ခုလုံးကို လွှမ်းခြုံ၍ သံမဏိ လက်သီးဖြင့် အုပ်စိုးနိုင်သည့် စွမ်းအားကို ရရှိခဲ့သည်။
အကျိုးဆက် အနေဖြင့်... ထျန်းမျိုးနွယ်မှာ အဆုံးမဲ့ ကောင်းကင်တွင် ထိပ်သီး လျှို့ဝှက် အင်အားစုတိုင်းကို လွှမ်းမိုးကာ အုပ်ချုပ်သူ မျိုးနွယ် တစ်ခု ဖြစ်လာခဲ့သည်။ ထျန်းမျိုးနွယ် ချမှတ်ခဲ့သည့် စည်းမျဉ်းများ အောက်တွင် ငြိမ်းချမ်းသော ကာလ တစ်ခု ဖြစ်ပေါ်လာသည်ဟု ဆိုရပေလိမ့်မည်။ ထိုခေတ်ကာလ အတွင်း၌ လျူမျိုးနွယ်သည်လည်း သူ့နည်း သူ့ဟန်နှင့် စည်ပင် ဝပြောခဲ့သည်ဟု ဆိုရပေမည်။
ဤသို့နှင့် နှစ်ရာဂဏန်းခန့် အကြာတွင်... လူမျိုးနွယ်၏ ဘိုးဘေးမှာ အဆင့်ချိုးဖျက်နိုင်ခဲ့ကာ ကြယ်ကွင်းပြင်၏ တတိယမြောက် မြေကြီး ရှန့်ထို ဖြစ်လာခဲ့သည်။ ထို့နောက် သူမ၏ ပထမဆုံးသော လှုပ်ရှားမှုက လောက တစ်ခု တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အဘယ်ကြောင့်နည်း။ သူမက အင်ပါယာ မျိုးနွယ်ကို အုပ်စိုးခွင့် အတွက် စိန်ခေါ်လိုက်သောကြောင့်ပင်။
သူမ၏ အမြင်အရဆိုလျှင် ထိုခေတ်ကာလ အတွင်း၌ ထျန်းမျိုးနွယ်မှာ ကြယ်တာရာ နယ်မြေ၏ ရင်းမြစ် အများစုကို လက်ဝါးကြီးအုပ် ထားခဲ့သည်။ ထိုအရာက မတရားမှု တစ်ခု ဖြစ်ကာ ထိပ်သီး အင်အားစုတိုင်းတွင် ထိုရင်းမြစ်များကို မျှဝေ သုံးစွဲခွင့် ရှိသင့်ပေသည်။
သို့သော်လည်း... သူမ၏ ကြိုးပမ်းမှုများက ကျရှုံးခဲ့သည်။ အဆုံးမဲ့ ကောင်းကင် အင်ပါယာမှာ သူမကို အနိုင်ယူခဲ့ကာ ပုန်ကန်လိုသူ အားလုံးအတွက် ဥပမာ တစ်ခု အဖြစ် အဝေးတစ်နေရာ၌ ချိပ်ပိတ် ထားခဲ့သည်။ ကောလဟလများ အရဆိုလျှင် သူမမှာ နှစ်ပေါင်း နှစ်သောင်း အထိ အကျဉ်းချ ခံရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... အံ့အားသင့်စရာ တစ်ခုက လျူမျိုးနွယ်မှာ တော်ဝင်မျိုးနွယ် ရှစ်ခု အနက် တစ်ခု အဖြစ် ဆက်လက် ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။ သူတို့က အဆင့်နိမ့် တော်ဝင် မျိုးနွယ်များနှင့် ယှဉ်နိုင်သည် အထိ သန်မာနေဆဲ ဖြစ်ပေသည်။
“ခင်ဗျားက လျူမျိုးနွယ်ကလား...”
ဝေ့ဝူယင်က မေးလိုက်၏။ သူ၏ လည်ဆွဲက လျူမျိုးနွယ်နှင့် တစ်စုံတစ်ရာ ချိတ်ဆက် နေသလော။ သို့သော်လည်း ငွေရောင် ဝတ်စုံဝတ် အမျိုးသမီး၏ အမူအရာက မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ သူမက အဖြေကို ဖြေရန် ဆန္ဒရှိပုံ မပေါ်ချေ။
ဝူယုက လျှို့ဝှက် အော်ရာကို ထုတ်ဖော်ထားကာ တိုက်ခိုက်မှု တစ်ခု ပြုလုပ်ရန် အဆင်သင့် ပြင်ဆင် ထားလိုက်၏။ ငွေရောင် ဝတ်စုံဝတ် မိန်းကလေးမှာ အဘယ်ကြောင့် ပုန်းနေမှန်း သူ မသိသည့်တိုင် သူမ၏ ခံစားချက်များက မတည်မငြိမ် ဖြစ်နေကြောင်း ရှင်းလင်းလှပေသည်။
လျူစုယင်မှာ ဝူယုကို လုံးဝ လျစ်လျူထားကာ ဝေ့ဝူယင်ကိုသာ စိုက်ကြည့် နေခဲ့၏။ ထို့နောက်... သူမက နောက်တစ်ကြိမ် ထပ်မေးလိုက်လေသည်။
“နင် ငါ့ကို ဘယ်လို အာရုံခံမိတာလဲ...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။ တစ်ခဏတာမျှ တိတ်ဆိတ် ပြီးနောက် သူက သက်ပြင်း တစ်ချက် ချလိုက်သည်။
“သွားကြမယ်...”
သူ ဤခရီးကို ဆက်လက် မနှောင့်နှေး လိုတော့ချေ။ အချိန်က တဖြည်းဖြည်း ကပ်လာနေပြီ ဖြစ်သည်။ သူ့ထံတွင် ပြင်ဆင်စရာ များစွာ ရှိပေသေးသည်။
ဝေ့ဝူယင် ထွက်ခွာတော့မည်ကို မြင်သည်နှင့် လျူစုယင်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အရှေ့ရှိ အမှောင် ဟင်းလင်းပြင်ကို ထိလိုက်၏။ အာကာသ စွမ်းအင် တစ်ခု ထွက်ပေါ်လာကာ ၎င်းက ဆယ်မိုင်ခန့် ပတ်လည်ကို ဖြန့်ကျက်သွားသည်။
ဝူယုက အလျှင်အမြန်ပင် ဝေ့ဝူယင်ကို လျှို့ဝှက် အော်ရာဖြင့် ကာကွယ်လိုက်၏။ ကျန့်ကျန့်ကတော့ ခေါင်းကို လှည့်ကာ လျူစုယင်ကို လမ်းကြည့်လိုက်သည်။ သူ၏ အကြည့်တစ်ချက်တွင်ပင် အာကာသလှိုင်းများမှာ ရပ်တန့် သွား၏။
ဝုန်း...
အလွန် ပြင်းထန်သည့် ငလျင် တစ်ခု ဖြစ်ပေါ်လာကာ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးမှာ တုန်လှုပ်သွား၏။ ဇာပုဝါနောက်ရှိ လျူစုယင်၏ မျက်နှာက နှင်းဆီရောင် သမ်းသွားကာ နှုတ်ခမ်းမှ ငွေရောင်သွေး တစ်ချို့ စီးထွက်လာသည်။ သို့သော်လည်း... အပြင်ပန်းတွင်တော့ သူမက တည်ငြိမ်စွာ ရှိနေသေးဆဲ ဖြစ်သည်။
“ဒါ သတိပေးတာ ကလေး...”
ကျန့်ကျန့်၏ အသံက လေးပင်နေကာ တစ်လောကလုံးကို မိုးကြိုးများ ပစ်ချလိုက်သလို ခံစားရ၏။ လျူစုယင်၏ အကြည့်များက ဝေ့ဝူယင်ထံမှ ကျန့်ကျန့်ထံသို့ ရွေ့လျား သွားသည်။
ဝေ့ဝူယင်မှာ ကောင်းကင်ဘုံ နတ်မျက်လုံးများဖြ့်ပင် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မပြောနိုင်ပါသေးချေ။ သို့သော်လည်း... ကျန့်ကျန့်က လျူစုယင်ကို ကလေးဟု ခေါ်လိုက်သည်ကိုတော့ သူ သတိပြုမိ၏။ သူမက လူငယ်မျိုးဆက် မြေကြီး ရှန့်ထို တစ်ယောက်လော အသက် ငါးရာအောက် ငယ်သလော။
ဝေ့ဝူယင် သံသယ ဖြစ်နေစဉ်မှာပင် ကျန့်ကျန့်က သူ့ကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ ရှင်းပြလိုက်သည်။
“သူက အဆင့်လေး မဟုတ်ဘူး... အဆင့်နှစ်မှာပဲ ရှိတာ”
“အဆင့်နှစ်...”
ဝေ့ဝူယင် တုန်လှုပ် သွားခဲ့၏။ လျူစုယင်မှာ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်သာလော။ သို့တိုင်အောင် သူမက ဝူယု၏ ဝိညာဉ် အာရုံကို ရှောင်ရှားကာ မြေကြီး ရှန့်ထို နှစ်ယောက်ရှေ့တွင် လှုပ်ရှား ရဲခဲ့သည်။
ဘယ်လောက် သတ္တိကောင်းလိုက်သနည်း။ ထို့အပြင်... ကျန့်ကျန့်၏ အဆိုအရဆိုလျှင် သူမမှာ ယခုမှာ အသက် သုံးရာလောက်သာ ရှိပေသေးသည်။ သူမမှာ ဝေ့ဝူယင် တွေ့မြင်ဖူးသမျှ ပါရမီ အမြင့်မားဆုံးသော ကျင့်ကြံသူ ဖြစ်ပေသည်။ ထို့အပြင်... သူမက ကောင်းချီးခံ တစ်ယောက်ပင် မဟုတ်ချေ။ ကြောက်စရာ ကောင်းလွန်းလှပေသည်။
သို့သော်လည်း... ဝိညာဉ် အဆင့် ကျင့်ကြံခြင်း အခြေခံနှင့် အတူ လျူစုယင်၏ အစစ်အမှန် ယုံကြည်မှုများက အာကာသ အပေါ် နားလည်မှုမှ လာကြောင်း သူ သိပေသည်။ အာကာသ အမျိုးအစား လျှို့ဝှက် လမ်းစဉ်ကို နားလည်ထားသည့် ဝူယုလို လူပင်လျှင် သူမအား မထောက်လှမ်းနိုင်ခဲ့ခြင်းကို ထောက်ချင့်ရပါက မိန်းကလေးထံ၌ မြေကြီး ရှန့်ထိုများနှင့်ပင် မျက်နှာချင်းဆိုင်နိုင်သည့် နည်းလမ်းများ ရှိကြောင်း ရှင်းလင်းလှပေသည်။ ထို့ကြောင့်ပင် လျူစုယင်မှာ ယခုလောက် အကြောက်အလန့် ကင်းမဲ့နေခြင်း ဖြစ်ရပေမည်။
စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ်ပြီးနောက်၌... မိန်းကလေးက ကျန့်ကျန့်ထံမှ အကြည့်ကို ဝေ့ဝူယင်ထံ ပြန်ပို့လိုက်သည်။
“ငါက အာကာသ ဝေဟင်ဂိုဏ်းရဲ့ လက်ထောက် ဂိုဏ်းချုပ်ပဲ...”
ထို့နောက် သူမက လည်ပင်း၌ ဆွဲထားသည့် လခြမ်းလေးကို လက်ညိုးထိုးပြလိုက်၏။
“ဒါကို ကျောက်စိမ်း လခြမ်းသော့လို့ ခေါတယ်... အကာသ ကျောက်စိမ်း သလင်းကျောက်ကနေ ဖန်တီးထားတာ... နင့်ဆွဲသီးကိုကျ ပဲ့တင်သံ ကျောက်စိမ်း သလင်းကျောက်ကနေ ဖန်တီးထားတာ... ကျောက်စိမ်း လခြမ်းသော့ရဲ့ အဆင့်နိမ့် ပုံစံတူ တစ်မျိုးပေါ့”
လျူစုယင်က ဖြည်းညင်းစွာပင် ဆွဲသီးကို ထိလိုက်၏။ လှပသည့်ငွေရောင် အလင်းတန်း တစ်ခုက သူမ လက်ချောင်းများမှ စီးထွက်လာကာ ထိုအထဲသို့ ဝင်ရောက်သွားသည်။
ဝှစ်...
ထို့နောက် ငွေရောင် စီးကြောင်း တစ်ခုမှာ လခြမ်းကလေး၏ မျက်နှာပြင်ထက်မှ ထွက်ပေါ်လာကာ ဝေ့ဝူယင်ထံ ဖြည်းညင်းစွာ ရွေ့လျား လာခဲ့သည်။ ဝူယုက အလျှင်အမြန် တုန့်ပြန်ကာ ငွေရောင် စီးကြောင်းကို ရပ်တန့်ဖို့ ကြိုးစားလိုက်သော်လည်း ဝေ့ဝူယင်က သူ့ကို ဟန့်တားလိုက်၏။
ကျန့်ကျန့်ကတော့ လှုပ်ရှားခြင်း မရှိချေ။ နဂါးခေါင်းဆောင်း ပိုင်ရှင်မှာ ထိုအဖြစ်အပျက်များ အပေါ် နည်းနည်းလေးမျှ စိတ်မဝင်စားပုံ ပေါ်လေသည်။
ဝှစ်...
ငွေရောင် စီးကြောင်းကလေးမှာ ဝေ့ဝူယင်ထံသို့ ရောက်ရှိလာကာ လခြမ်း ကလေးပေါ် ကျရောက်သွား၏။ ထို့နောက်... ၎င်းက လှပစွာ လင်းလက်လာကာ ငွေရောင် ရောင်စဉ်တန်း အဖြစ် ဖြန့်ကျက်သွားသည်။ ဝေ့ဝူယင်မှာ လည်ဆွဲထံမှ အလွန် သန့်စင်သည့် စွမ်းအင် တစ်မျိုးကို ခံစားလိုက်ရ၏။
ထို့နောက် လျူစုယင်က လက်ကို ဝှေ့ယမ်းလိုက်သည်။ စွမ်းအင်စီးကြောင်း ကလေးမှာ ဖြည်းညင်းစွာပင် နောက်ဆုတ်ကာ သူမ ဆွဲသီးထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့၏။ ထို့နောက် ၎င်းက မှေးမှိန်သွားကာ လုံးဝ ပျောက်ကွယ် သွားသည်။
ဝေ့ဝူယင်မှာ ထူးဆန်းသည့် ခံစားချက်များနှင့် အတူ လည်ဆွဲကို ထိကြည့်လိုက်၏။ ထိုပစ္စည်းကလေးမှာ သူနှင့် အတူ နှစ်ပေါင်းများစွာ အတူရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းက အာကာသ ဝေဟင်ဂိုဏ်းလို လျှို့ဝှက် ဆန်းကြယ်သည့် အဖွဲ့အစည်း တစ်ခုနှင့် ဆက်စပ်နေလိမ့်မည်ဟု သူ တွေးပင် မတွေးမိခဲ့ပါချေ။
“လည်ဆွဲက နင့်ဟာ မဟုတ်ဘူး...”
ရုတ်တရက်... လျူစုယင်က တိကျ သေချာသည့် လေသံဖြင့် ပြောလိုက်လေ၏။
***