အခန်း (၁၀၅၂)
Vol. 76 Ch. 1052
“တကယ် မမျှတတဲ့ ပြိုင်ပွဲပဲ”
ဟွမ်ရီကောင်းမှာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ထိုအခိုက်၌ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့သည်က ဟွမ်ရီကောင်း တစ်ယောက်တည်း မဟုတ်ချေ။ သေမျိုး အဂ္ဂိရတ် အာဏာရှင်တိုင်း လိုလို ဖြစ်သည်။ ဝေ့ဝူယင်က အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ပိုင်ရှင် လက်ထောက် တစ်ယောက်၏ အကူအညီကို ရရှိခဲ့ချိန်တွင် သူတို့ကတော့ တစ်ယောက်တည်းသာ တိုက်ပွဲဝင်ခဲ့ရသည်။ ယင်းကဲ့သို့ တစ်ဖက်သတ် ပြိုင်ပွဲမျိုးကို တရားမျှတပါသည်ဟု မည်သူက ခေါင်းစဉ် တပ်နိုင်ပါမည်နည်း။
“ဟား... ဟား... ဟား... အခွင့်အရေး ဆိုတာ နှစ်ခါ မရဘူး... မင်းတို့မှာလည်း အဂ္ဂိရတ် ဝိညာဉ်ပိုင်ရှင်တွေကို ရွေးဖို့ အခွင့်အရေး ရှိခဲ့တာပဲ... ခုကျမှ ကလေးတွေလို ငိုပြမနေကြနဲ့... ငါ ဝူယု မင်းတို့ကို အထင်သေးမိလိမ့်မယ်”
ဝူယုက အူလှိုက်သည်းလှိုက် ရယ်မောရင်း သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို လှောင်ပြောင်လိုက်၏။
လျှို့ဝှက် ကြယ်တာရာ အဆင့် လမ်းညွှန်သူများထဲ၌ လော့နင်မှာ တစ်ဦးတည်းသော အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် ပိုင်ရှင် မဟုတ်ချေ။ အနည်းဆုံး အယောက် နှစ်ဆယ်လောက် ရှိပေသည်။ ထို့အပြင်... သူတို့ အားလုံးမှာ အနိမ့်ဆုံး စျေးနှုန်းများနှင့် ကမ်းလှမ်း ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း... သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ တိုက်ခိုက်ရေး သမားများကိုသာ အထင်ကြီးကာ ရွေးချယ်ခဲ့ကြသည်။ သူတို့ အားလုံးမှာ အလွန် မာနကြီးကာ လက်ထောက်တစ်ယောက် ရရှိနိုင်မည့် အခွင့်အရေးကို လျစ်လျူ ခဲ့ကြသည်။ ယခုတွင်တော့ သူတို့ အားလုံး အပြတ်အသတ်ပင် ရှုံးနိမ့် ခဲ့ကြပြီ ဖြစ်သည်။
ဟွမ်ရီကောင်း၏ အနက်ရောင် မျက်ဝန်းများက ဝူယုကို လှမ်းကြည့်ကာ သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားခဲ့၏။ စကားပြောခဲ့သူက သူတစ်ယောက်တည်း ဖြစ်လေရာ ဝူယု၏ လှောင်ပြောင်မှုက သူ့ကို ရည်ရွယ်ကြောင်း ရှင်းလင်း လှပေသည်။
ဟွမ်ရီကောင်း အေးစက်စက် နှာခေါင်းရှုံ့ရင်း ဝူယုကို လျစ်လျူလိုက်၏။ ပြိုင်ပွဲက မပြီးသေးချေ။ ရွေးချယ်ခံ အဆင့် တိုက်ပွဲ ကျန်ရှိသေးဆဲ ဖြစ်သည်။
ဝေ့ဝူယင်ကတော့ သူ၏ အစီအစဉ် အလုပ်ဖြစ်ခဲ့ပုံကို တွေးတောကာ ကျေနပ် နေမိခဲ့သည်။ လော့နင်မှာ သူ့ပါရမီများ အတွက် အကောင်းဆုံး ဖုံးကွယ်စရာ ဖြစ်ခဲ့ပေသည်။ လက်ရှိ အခြေအနေဖြင့် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ကို ပိုင်ဆိုင်ထားကြောင်း ဝေ့ဝူယင် မထုတ်ဖော် လိုသေးချေ။
အရာအားလုံး အဆုံးသတ်ပြီးနောက်၌ အဂ္ဂိရတ် တိုက်ပွဲကြီး၏ ဒုတိယ အဆင့် ဖြစ်သည့် ရှင်းလင်းခြင်း အဆင့်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့် ရွေးချယ်ခံ သူရဲကောင်း သုံးယောက်မှာ နောက်ထပ် တစ်ဆင့်သို့ တိုက်ရိုက် တက်ရောက်ခွင့် ရခဲ့ကာ ကျန်လူများကတော့ လက်ကျန် ဆယ့်ငါးနေရာ အတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြေကြီး ရှန့်ထိုများက ထိုတိုက်ပွဲများတွင် မည်သူ နိုင်မည်၊ ရှုံးမည်ကို ဆုံးဖြတ်ခွင့် ရလိမ့်မည် ဖြစ်ပေသည်။ သို့သော်လည်း တရားမျှတမှု ရှိစေရန် အတွက် ဧကရီ ရှောင်ချန်းမှ ဦးဆောင်ကာ အမှတ်ပေး စနစ် တစ်ခုကို ဆွေးနွေးခဲ့သည်။ ဝူယု အပါအဝင် မြေကြီး ရှန့်ထိုတိုင်းမှာ ထိုဆွေးနွေးမှု၌ ပါဝင်ခဲ့ရပေသည်။
နာရီပေါင်းများစွာ ဆွေးနွေး ငြင်းခုန်မှု အဆုံးသတ်၌ မြေကြီး ရှန့်ထိုများမှာ အမှတ်ပေး စနစ် တစ်ခုလုံးကို အချက်အလက်နှင့် အမြင် ဟူ၍ နှစ်ပိုင်းခွဲခဲ့သည်။ တစ်ပိုင်းချင်းစီကို အမြင့်ဆုံး အနေဖြင့် ငါးမှတ် ပေးခွင့် ရှိကာ နှစ်ပိုင်းပေါင်းပါက ဆယ်မှတ် တိတိ ဖြစ်သည်။
ပထမ အပိုင်းမှာ မြေကြီး ရှန့်ထိုများ၏ လွှမ်းမိုးမှုမှ ကင်းလွတ်ကာ အသက်၊ ကျင့်ကြံခြင်း အခြေခံ၊ စသည့် အချက်အလက်များကို ကြည့်ကာ အမှတ်ပေးခြင်းမျိုး ဖြစ်သည်။ ဒုတိယမြောက် အပိုင်းတွင်တော့ ဒိုင်လူကြီးများက ယှဉ်ပြိုင်သူများ၏ စွမ်းဆောင်ရည် တစ်ခုလုံးပေါ် ခြုံငုံကာ အမှတ်ပေးလိမ့်မည် ဖြစ်သည်။
အမှတ်ပေးခြင်း စနစ်၌ တိုက်ခိုက်ရေး စွမ်းရည်၊ မျိုးစိတ်၊ ကျင့်ကြံခြင်း နည်းလမ်း၊ ကျင့်စဉ်နှင့် အစီအရင်များ၊ ရည်ရွယ်ချက် နားလည်မှု စသည်တို့ကိုပါ ထည့်သွင်း စဉ်းစားလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၊ စန်းလော့ယန်နှင့် ဟွမ်ရီကောင်းတို့၏ ရွေးချယ်ခံ သူရဲကောင်းများကတော့ ရှင်းလင်းခြင်း အဆင့် ပြီးမြောက်ချိန် အထိ ဘာကိုမှ လုပ်စရာ လိုလိမ့်မည် မဟုတ်ချေ။ထင်မြင်ချက်များ အရ ဆိုလျှင်... ရှင်းလင်းခြင်း အဆင့်မှာ ငါးလလောက် အထိ ကြာမြင့်လိမ့်မည် ဖြစ်သည်။
တိုက်ပွဲ စတင်ပြီးနောက် မကြာခင်မှာပင် မြေကြီး ရှန့်ထိုများမှာ စည်းမျဉ်း အသစ် တစ်ခုကို ထပ်မံ၍ ဖန်တီးခဲ့သည်။ ၎င်းက... တိုက်ပွဲများ အတွင်း အဆင့် ချိုးဖျက် နိုင်ခဲ့ကြသည့် ယန်ဖွံ့ဖြိုးခြင်း အဆင့် ကျင့်ကြံသူ လေးယောက်ကြောင့်ပင်။။
မြေကြီး ရှန့်ထိုများက ထိုအရာကို တိုက်ပွဲ အတွင်း ထိုးထွင်း နားလည်မှု အဖြစ် သတ်မှတ်ကာ အမှတ်ပေး စနစ်တွင် တစ်မှတ် ပေါင်းထည့် စေခဲ့သည်။
ပြိုင်ဘက်များ၏ ကျင့်ကြံခြင်း အခြေခံများက မိုင်ပေါင်းများစွာ ပြတ်ကျန်ခဲ့ကြောင်း သိရှိပြီး နောက်တွင် တုလင်ကတော့ စိတ်အေးလက်အေး ဖြစ်နေခဲ့သည်။ သူက မိသားစုထံသို့ ပြန်သွား၍ သားများနှင့် အတူ အချိန်ဖြုန်းကာ ပြိုင်ဘက်များ၏ တိုက်ခိုက်ပုံများကို ဝေဖန် လေကန် နေခဲ့သည်။ သူက အစေခံ အချို့ကို လမ်းညွှန်မှုများပင် ပေးလိုက်သေးသည်။
သားများ၊ အခြား မိသားစုဝင်များနှင့် နှိုင်းယှဉ်လျှင် တုလင်၏ ကျင့်ကြံခြင်း ပါရမီက နိမ့်ပါး လှသည်ဟု ဆိုနိုင်ပေသည်။ စီးပွားရေး အရ အောင်မြင်ခဲ့သည့်တိုင် ကျင့်ကြံခြင်းတွင်တော့ တုလင် အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့ခဲ့သည်။ သိမ်ငယ်ခဲ့ရသည်။ သို့သော်လည်း... ယခုတွင်တော့ ဝေ့ဝူယင်၏ ကျေးဇူးဖြင့် အရာ အားလုံး ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူက မိသားစု အတွင်း ကျင့်ကြံခြင်း ဂုရုတစ်ယောက် သဖွယ် ဖြစ်နေခဲ့ချေပြီ။
ဝေ့ဝူယင်ကလည်း တုလင်ကို သူ့ မိသားစုနှင့် အတူ အချိန်ဖြုန်းရန် ခွင့်ပြုထားသည်။ မည်သို့ပင် ဆိုစေ... တုလင်မှာ မိသားစုနှင့် သုံးနှစ်ခွဲလောက် ဝေးနေခဲ့ရသည် မဟုတ်ပါလား။ တုလင်၏ သားများက ဝေ့ဝူယင်ကို ဦးလေးဟု ခေါ်ကြသည်။ ကြားရသည်က အနည်းငယ် ထူးဆန်းသည့်တိုင် ဝေ့ဝူယင် နွေးထွေးမှုနှင့် ရင်းနှီးမှုတို့ကို ခံစားရသည်။
လော့နင်ကတော့ တိတ်တဆိတ်ပင် အချိန်ဖြုန်းကာ ဝေ့ဝူယင် ပေးအပ်ခဲ့သမျှ ဉာဏ်အလင်း အားလုံးကို ဆုပ်ကိုင်ဖို့ ကြိုးစားနေခဲ့သည်။ သေမျိုး တာအို၏ အထွတ်အထိပ်ကို ဆုပ်ကိုင်ကာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လာဖို့ သူမ စိုင်းပြင်း နေခဲ့ပြီ ဖြစ်သည်။ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် အနေဖြင့် ထိုအဆင့်ကို တက်လှမ်းရန် အခြေခံ လိုအပ်ချက် အားလုံးကို သူမ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
သက်တမ်း ကုန်ဆုံးရန် နီးကပ်နေပြီ ဖြစ်သည့်တိုင် လော့နင်မှာ သူမ နာမည်ကို သမိုင်း စာမျက်နှာများထက်တွင် ချန်ရစ်ထားလို နေခဲ့သည်
ဝေ့ဝူယင်ကတော့ လော့နင် အောင်မြင်လိမ့်မည် ဖြစ်ကြောင်း သံသယ မရှိပါချေ။ တကယ်တမ်းအားဖြင့် အဘွားအိုမှာ အဂ္ဂိရတ် ထုတ်ကုန်များကို ကိုယ်တိုင် ဖော်စပ် အောင်မြင်ခဲ့ဖူးပြီး ဖြစ်သည်။ တုလင် အသုံးပြုခဲ့သည့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များပင်လျှင် သူမ၏ လက်ရာ ဖြစ်သည်။ ဝေ့ဝူယင်၏ တစ်ဆင့်ခံ လမ်းညွှန်မှုကြောင့်သာ အဂ္ဂိရတ် တာအို၏ အသိအမှတ် ပြုမှုကို လက်ခံ မရရှိသေးခြင်း ဖြစ်သည်။
ဝေ့ဝူယင် လော့နင်ကို တွန်းအား မပေးချေ။ သူမ ဖော်စပ်ချင်သည့် ပထမဆုံး အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်ကိုသာ ဂရုတစိုက် ရွေးချယ် စေလိုခဲ့သည်။ ထို့နောက်... သူမ အဆင်သင့် ဖြစ်ပါက အကောင်းဆုံး ပံ့ပိုးပေးမည် ဖြစ်သည်။ လော့နင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လာသည်နှင့် ဝေ့ဝူယင်၏ နောက်ထပ် အစီအစဉ်များမှာ စတင်လိမ့်မည် ဖြစ်သည်။
အခြားတစ်ဖက်၌... ကျင့်ကြံခြင်း အခြေခံ လောကသခင် အဆင့် အထွတ်အထိပ်သို့ တိုးမြင့်လာခြင်းနှင့် အတူ ဝေ့ဝူယင်၏ ကြယ်တာရာ အမြုတေများမှာ တိုးတက်မှု နှောင့်နှေး လာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ပြသလာခဲ့သည်။
ကမ္မတန်ဖိုး... ၄၄၈၃၄.၂
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယကပ်ဘေး တားဆီးခြင်း... ၁၁ နှစ်
ငရဲ၏ တတိယ ကပ်ဘေး မလာခင် သူ့ထံတွင် ဆယ့်နှစ်တစ်မျှသာ အချိန် ရှိပေတော့သည်။ အစတုန်းက မဟာစက်ဝန်း ရှန့်ထို ညီလာခံကို အကြမ်းဖျဉ်း ငါးနှစ်ခန့် ကြာမြင့်လိမ့်မည် အားလုံး ခန့်မှန်း ထားခဲ့ကြသည်။ ယခု လေးနှစ်ခန့် ရှိပြီ ဖြစ်သည့်တိုင် အစီအစဉ် ပြောင်းလဲခြင်းများနှင့် အတူ စဦး ဆွေးနွေးမှုများပင် အဆုံးသတ်ခြင်း မရှိပါသေးချေ။
ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲ၏ အရေးအကြီးဆုံး အပိုင်းများက ပြီးဆုံးသွားပြီ ဖြစ်လေရာ ဝေ့ဝူယင်ထံတွင် စိတ်ဖိစီးစရာများ သိပ်မရှိပါတော့ချေ။ သူ စိတ်ပူစရာက သူ့ ကျင့်ကြံခြင်း အခြေခံသာ ဖြစ်သည်။ အဆုံးမဲ့ ကြယ်ပဲ့တင်သံ ဆေးလုံး၏ အကူအညီနှင့် အတူ လက်ရှိ နှုန်းထား အတိုင်း ဆက်လက် ဖွံ့ဖြိုးသွားမည် ဆိုပါက... တတိယ ကပ်ဘေး မတိုင်ခင် ကြယ် အမြုတေ အဆင့်ကို ရောက်ရှိနိုင်သည်ဟု သူ ခံစားရသည်။ ထိုအရာက သေမျိုး အကန့်အသတ် အတွင်း ရှိနေဆဲ ဖြစ်သည့်တိုင် ကြယ်တာရာ အမြုတေ အလွှာကြီး တစ်ခုလုံး၏ အထွတ်အထိပ် ဖြစ်ပေသည်။
အဆင့်တစ်ခုချင်းစီက များစွာ အရေးပါပေသည်။
“သခင်လေး.. ဘာဖြစ်လို့လဲ...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်နေသည်ကို သတိထားမိလေရာ ဝူယုက မေးလိုက်သည်။ ဝေ့ဝူယင်မှာ အတွေး ရေယာဉ်ကြောမှ ပြန်လည် နိုးထလာကာ ဝူယုကို ကြည့်လိုက်သည်။
“ကျုပ် ဒီမှာ ဆက်မနေနိုင်တော့ဘူး...”
ဝေ့ဝူယင် တိုက်ရိုက်ပင် ဝန်ခံလိုက်၏။ နောက်ထပ် ကြယ်တာရာ ကပ်ဘေးများကို ဖြတ်ကျော်ကာ ကြယ်တာရာ ဝိညာဉ်များကို အကန့်အသတ်ဆီ တွန်းပို့ရန် သူ စိတ်အား ထက်သန်နေပြီ ဖြစ်သည်။ သို့သော်လည်း... သူ ကပ်ဘေးကို ဤနေရာတွင် ဆင့်ခေါ်၍ မရချေ။
ဝူယုက မျက်မှောင်ကြုတ်လိုက်၏။ ဝေ့ဝူယင်၏ ရည်ရွယ်ချက် အတိအကျကို သူ မသိသည့်တိုင် လူငယ်မှာ ထွက်ခွာရန် စိုင်းပြင်းနေပြီ ဖြစ်ကြောင်း သူ သိပေသည်။
“အခု ထွက်ကြတော့မလား...”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ကာ အဓိက ခန်းမ အတွင်း ဝှေ့ကြည့်လိုက်သည်။ ထိုနေရာ၌ သူ ပြန်လည် ဆုံစည်းလိုသည့် လူပေါင်းများစွာ ရှိပေသည်။ သို့သော်လည်း ဆက်သွယ်ရေး သလင်းကျောက်များမှ တစ်ဆင့် နှုတ်ဆက်ရန်သာ တတ်နိုင်ခဲ့၏။ အဓိက ခန်းမမှာ ပြန်လည် ဆုံစည်းရန် နေရာကောင်း တစ်ခု မဟုတ်ချေ။ အနာဂတ်၌ သူတို့ အေးအေးဆေးဆေး တွေ့ဆုံရန် အခွင့်အရေးများစွာ ပေါ်လာလိမ့်မည် ဖြစ်သည်။
လက်ရှိ အချိန်၌ ကျင့်ကြံခြင်းကသာလျှင် သူ့အတွက် အရေးအကြီးဆုံး ဖြစ်သည်။ ညီလာခံကြောင့် ကျင့်ကြံခြင်း နှောင့်နှေးသွားမည့် အဖြစ်မျိုး သူ လက်မခံနိုင်ချေ။ သူ့ကို ဆီးကြိုနေသည့် အန္တရာယ်များက ထာဝရ အစည်းအရုံး တစ်ခုတည်း မဟုတ်ပါချေ။
ဝူယုက ပလ္လင်ထက်မှ ထရပ်လိုက်၏။ သူ၏ လုပ်ရပ်က အခြား မြေကြီး ရှန့်ထိုများနှင့် ဖန်တီးခြင်း ပညာရှင်များကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ အာရုဏ်ဦး စစ်သည်က ဘာလုပ်ရန် ကြံစည်နေသနည်း။ သို့သော်လည်း... ဝူယု၏ တုန့်ပြန်မှုက အားလုံး ထင်မှတ်ထားသည်နှင့် ခြားနားလှပေသည်။
“ကျုပ် သခင်လေးက ညီလာခံကနေ ထွက်သွားတော့မယ်...”
လူအိုကြီးက အားလုံး ကြားအောင် ကြေညာရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ လျှို့ဝှက် စွမ်းအင် အလင်းတန်း တစ်ခုက သူ့လက်မှ ထွက်ပေါ်လာကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။
ဝှစ်... ဝှစ်...
ထို့နောက် သူတို့ နှစ်ယောက်စလုံး အဓိက ခန်းမ အတွင်းမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားတော့၏။
"..."
“ဘာလဲ...”
...
သီးသန့် ဟင်းလင်းပြင် အတွင်း၌...
ဝှစ်...
ဝူယုနှင့် ဝေ့ဝူယင်တို့ ထွက်ခွာသွားပြီးနောက် စက္ကန့် မခြားပင် ငွေရောင် ဝတ်စုံနှင့် အမျိုးသမီးမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။ အားလုံး၏ အမူအရာများက မဟာ ပုရောဟိတ်ကို လှမ်းကြည့်ကာ အနည်းငယ် ပြောင်းလဲ သွားခဲ့လေသည်။
***