← Chapters

ပြန်ဆုံကြခြင်း

Vol. 76 Ch. 1053

ပြန်ဆုံကြခြင်း

Vol. 76 Ch. 1053

အဓိက ခန်းမ အတွင်းရှိ သန်းနှင့်ချီသော လူများမှာ တိတ်ဆိတ် ဆွံ့အ နေကြ၏။ မီးဖီးနစ်ကတော့ အဓိက ခန်းမ အတွင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်ကာ စုမေ့၏ နံဘေးတွင် ငြိမ်းချမ်းစွာ လှဲလျောင်းနေသည်။ ထိုရှေ့ဟောင်း သားရဲမှာ အနည်းငယ်ပင် လှုပ်ရှားခြင်း မရှိပါချေ။

မည်သည့် အရာများ ဖြစ်ပျက်သွားသနည်း။ ဝေ့ဝူယင်မှာ တစ်စုံတစ်ရာပင် ရှင်းမပြပဲ ထွက်ခွာ သွားခဲ့သည်။ အိကျူးလင်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်ဟလာ၏။ သူမက ဝေ့ဝူယင် ရပ်တန့်ခဲ့သည့် နေရာကို လှမ်းကာ ကြည့်ရှုလိုက်သည်။ ဝေ့ဝူယင်မှာ သူ ညီလာခံမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း သူမထံ မထွက်ခွာခင် ကတည်းက ဆက်သွယ်‌ ပြောဆိုခဲ့ပြီး ဖြစ်သည်။ မျက်နှာချင်းဆိုင် မတွေ့ဆုံနိုင်တော့လေရာ... ဝေ့ဝူယင် အစစ အရာရာ အဆင်ပြေစေဖို့သာ စိတ်ထဲမှ ကြိတ်ကာ ဆုတောင်း လိုက်မိသည်။

သီးသန့် ဟင်းလင်းပြင် အတွင်း၌...

“ဘာကိစ္စ‌ကြောင့်လဲ... သူတို့ ဂိုဏ်းက ဆင့်ခေါ်လို့လား...”

အင်ပါယာ အကြံပေး၏ အသံက စိတ်ဝင်စားသည့် အငွေ့အသက်များနှင့် ထွက်ပေါ်လာခဲ့၏။ လူအိုကြီးမှာ မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည့်တိုင် သူ၏ အသံကတော့ ကြည်လင်ကာ ရှင်းလင်းလှသည်။

အားလုံး၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကာ အင်ပါယာ အကြံပေးကို လှည့်ကြည့်လိုက်ကြ၏။ ဝေ့ဝူယင် ထွက်ခွာသွားသည်နှင့် ချက်ချင်းပင် ငွေရောင် ဝတ်စုံဝတ် အမျိုးသမီးမှာလည်း ထွက်ခွာ သွားခဲ့သည်။ ထိုအချက်က သံသယ ဖြစ်စရာ ကောင်းကြောင်း သူတို့လည်း တွေးမိပေသည်။

“ကျိန်းသေ ကောက်ချက်ချလို့ မရဘူး...”

ဝိညာဉ် ရှန့်ထို ဧကရာဇ်က ဆိုလိုက်၏။ သူ၏ မျက်လုံးများက အမှောင် ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့်ရင်း လေးနက်မှုများနှင့် ပြည့်နှက်နေသည်။

“ဘာလို့ မရရမှာလဲ... သူ့လည်ပင်းက လခြမ်း ကျောက်စိမ်းသော့ကို ငါတို့လည်း မြင်တာပဲ”

အဆုံးမဲ့ သိုင်းဧကရာဇ်က ဆိုလိုက်၏။ လခြမ်း ကျောက်စိမ်းသော့မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ဟင်းလင်းပြင် ဝေဟင်ဂိုဏ်းသားများသာ အသုံးပြုသည့် သင်္ကေတ တစ်ခု ဖြစ်သည်။ အရာရာက လယ်ပြင် ဆင်သွားသလို ရှင်းလင်း နေခဲ့ချေပြီ ဖြစ်သည်။

“...”

ဝိညာဉ် ရှန့်ထို ဧကရာဇ်က ထပ်မံ ငြင်းဆိုခြင်း မပြုတော့ချေ။ သို့သော်လည်း... နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထိုနှင့် သူ ပြောခဲ့သည့် စကားလုံးများ အရ... ထိုအရာက မဖြစ်နိုင်ကြောင်း သူ သိရှိပြီး ဖြစ်ပေသည်။

...

ဝှစ်..

ဝေ့ဝူယင်နှင့် ဝူယုတို့မှာ အဓိက ခန်းမ တည်ရှိရာ လျှို့ဝှက် နယ်မြေထဲမှ ထွက်ခွာကာ ထာဝရ နယ်မြေ၏ အမှောင် ဟင်းလင်းပြင် အတွင်း ရောက်ရှိလာခဲ့သည်။ သူတို့၏ နောက်တွင်တော့ ထာဝရ ကောင်းကင်ဂြိုဟ်ကြီးက ခန့်ညား ထည်ဝါစွာ တည်ရှိနေပေသည်။ ဝေ့ဝူယင်က ချက်ချင်း ထွက်ခွာသွားခြင်း မပြုသေးပဲ မျက်မှောင်ကြုတ်ကာ စဉ်းစားနေခဲ့သည်။

ဝူယုက စိတ်ရှည်စွာပင် စောင့်ဆိုင်း နေခဲ့၏။ ဝေ့ဝူယင် မည်သည့် နေရာကို သွားရန် ဆုံးဖြတ်နေခြင်း ဖြစ်မည် ဟု သူ တွေးလိုက်မိသည်။ လူငယ်၏ ဟင်းလင်းပြင် ပေါ်တယ်ဖြင့် ဆိုပါက... မည်သည့် အရပ်ဒေသကို မဆို အားထုတ်မှု မလိုပဲ သူတို့ သွားနိုင်ပေသည်။

ဤတစ်ကြိမ်တွင်တော့ ဝူယု၏ တွက်ကိန်းက လွဲမှားသွားသည်ဟု ဆိုရပေလိမ့်မည်။ ဝေ့ဝူယင်မှာ ထိုအကြောင်းအရာကို တွေးတောနေခြင်း မဟုတ်ပါချေ။ အာကာသ အလွှာများ အတွင်း ပုန်းအောင်းနေသည့် တစ်စုံတစ်ရာက သူ့ကို တစ်ချိန်လုံး စောင့်ကြည့်ကာ နောက်ယောင်ခံနေသလို ခံစားရသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း... ထိုအရာက ဟင်းလင်းပြင် ပေါ်တယ် ဖန်တီးနိုင်သည့် စွမ်းရည် သို့မဟုတ် အစစ်အမှန် နဂါး သွေးမျိုးဆက်နှင့် ဆက်စပ် နေတာ ဖြစ်ကြောင်း ဖြစ်နိုင်ပေသည်။ သို့တည်းမဟုတ်... ပိုင်လင်ကြောင့်လည်း ဖြစ်နိုင်ပေသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... အစစ်အမှန် နဂါး သွေးမျိုးဆက်မှ တစ်ဆင့် ထိုတည်ရှိမှုက အလွန် ကြောက်စရာ ကောင်းကြောင်း ဝေ့ဝူယင် ခံစားနေရသည်။ ဝူယုပင်လျှင် ၎င်းကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

လွန်ခဲ့သည့် နှစ်အနည်းငယ် တုန်းက နတ္ထိ ဟင်းလင်းပြင် တစ်နေရာတွင် ထိုကဲ့သို့ အန္တရာယ် အငွေ့အသက်မျိုး သူ ခံစားခဲ့ရသည်။ မာ့ကျန်း၏ အဆိုအရဆိုလျှင် ထိုသတ္တဝါကြီးမှာ နှစ်ပေါင်း သုံးသောင်းကျော် ကြာအောင် ကြယ်ကွင်းပြင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်ဟု ဆိုသည်။

“...”

ကြယ်တာရာ ဝိညာဉ်များမှာ တိတ်ဆိတ်စွာပင် ဝေ့ဝူယင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေကြ၏။ သူတို့ထံမှ အော်ရာများက အကြောက်အလန့် ကင်းမဲ့လှသည်။ အကယ်၍ ဝေ့ဝူယင်က ထိုတည်ရှိမှုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်မည် ဆိုလျှင် သူတို့ တုန့်ဆိုင်းခြင်း မရှိပဲ ဝှက်ဖဲများကို ထုတ်ဖော်ကာ သူ့ကို ပံ့ပိုးမည် ဖြစ်သည်။

ဝေ့ဝူယင်က တည်ငြိမ်စွာ ရပ်နေသည့် ဝူယုကို လှမ်းကြည့်လိုက်၏။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံထားသည့် မြေကြီးရှန့်ထို တစ်ယောက်က ထိုကဲ့သို့ တိတ်တဆိတ် အမိန့်နာခံနေသည်ကို မြင်ရသည်မှာ ထူးဆန်းလှသည်။ သို့သော်လည်း... ဝူယုမှာ နှိမ့်ချတတ်သူ တစ်ယောက် မဟုတ်ကြောင်း ညီလာခံတွင် သူ ထင်ထင်ရှားရှား မြင်ခဲ့ရပြီး ဖြစ်ပေသည်။

ထိုမဟာ ဧကရာဇ်မှာ အင်ပါယာ ကလန်ကိုပင် တစ်ချက် မစဉ်းစားပဲ တိုက်ခိုက်ဝံ့သူ ဖြစ်သည်။ အကယ်၍ သူ၏ တားဆီးမှုကြောင့်သာ မဟုတ်ပါက... ဝူယုမှာ ဟွမ်ရီကောင်းကို သတ်ဖြတ်ကာ ရယ်မော လှောင်ပြောင်၍ ညီလာခံမှ ထွက်ခွာ သွားလောက်ပြီ ဖြစ်သည်။ နောက်တစ်ချိန်တွင် သူက အဆုံးမဲ့ ကောင်းကင်ကို ပြန်လာကာ အင်ပါယာ မျိုးနွယ်ကို သွေးချောင်း စီးစေလျှက် အစားထိုး နေရာယူပေလိမ့်မည်။

“ဝူယု... ခင်ဗျား သေရမှာ ကြောက်လား...”

ဝေ့ဝူယင်က မေးလိုက်၏။

“သေရမှာလား...”

ဝူယုက ကောင်းကင်မှ လာသည့် ဧကရာဇ် တစ်ယောက်၏ လေသံဖြင့် ရေရွတ်ရင်း ရယ်မောလိုက်၏။ သီးသန့် အဖြေစကား မလိုပါချေ။ မောက်မာ ဝံ့ကြွားနေသည့် သူ့ မျက်လုံးများက အရာရာကို အဖြေထုတ်ခဲ့ပြီး ဖြစ်သည်။ သေခြင်းတရား... ထိုစကားလုံးနှင့် ပတ်သက်၍ ဘယ်အရာက ကြောက်စရာ ကောင်းသနည်း။ သူက ရှုံးနိမ့်ခြင်းကို သေရမှာထက် ပို ကြောက်ပေသည်

“ကောင်းတယ်... “

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ သူ နှလုံးသားထဲမှ ဆုံးဖြတ်ချက် တစ်ရပ် ချလိုက်ပြီ ဖြစ်သည်။ သူနှင့် ပိုင်လင်တို့ အပေါ် ဘာမှန်း မသိရသည့် ခြိမ်းခြောက်မှု တစ်ရပ် တည်ရှိနေသည့် အဖြစ်မျိုးကို သူ ခွင့်မပြုနိုင်ပါချေ။

"ကျုပ်တို့ အဲဒါကို ရှာကြမယ်...”

ဝေ့ဝူယင်က ကြေညာလိုက်၏။ ၎င်းက သူ့ကို ရှာမတွေ့ခင် သူက အရင် သွားရှာမည် ဖြစ်သည်။ ဝူယုမှာ ဝေ့ဝူယင် ဆိုလိုသည့် အရာကို နားမလည်ပါချေ။ သို့သော်လည်း... သူတို့ထံတွင် အန္တရာယ် တစ်ခုခု ရှိနေပြီ ဖြစ်ကြောင်း ခံစားလိုက်မိပြီး ဖြစ်သည်။

ထိုအခိုက်တွင်ပင် အဝေးမှ လျှို့ဝှက် အလင်းတန်း တစ်ခု အလွန် လျှင်မြန်သော အရှိန်ဖြင့် ပျံသန်းလာသည်ကို လှမ်းကာ တွေ့လိုက်ရ၏။ နဂါးခေါင်းဆောင်းနှင့် ရင်းနှီးပြီးသား ပုံရိပ်တစ်ခုပင်။

“ကျန့်ကျန့်...”

ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွား၏။ တပ်ရင်း ကွန်မန်ဒါ၏ ရောက်ရှိလာမှုက အချိန်ကိုက်လှပေသည်။ နောက်ထပ် စက္ကန့်ဝက်မျှ အတွင်းမှာပင် ကျန့်ကျန့်မှာ အနားသို့ ရောက်ရှိလာကာ အမိန့်နာခံတတ်သည့် စစ်သား တစ်ယောက် အသွင်ဖြင့် ရပ်လိုက်၏။

ဝူယုက ကျန့်ကျန့်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်၏။ ထူးဆန်းသည့် ထိုပုဂ္ဂိုလ်နှင့်သာ သူ့အရည်အသွေးများကို စစ်ဆေး ရပါက ဘယ်လောက် ကောင်းလိုက်မည်လဲ တွေးလိုက်မိသည်။

ကျန့်ကျန့် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်က အမှောင် ဟင်းလင်းပြင် တစ်နေရာကို စိုက်ကြည့် လိုက်၏။ သူ၏ မျက်လုံးများက ပိုမို၍ ကျဉ်းမြောင်းလာကာ ညာဘက်ဆီ အနည်းငယ် ရွေ့လျား သွားသည်။ သူက တစ်ယောက်ယောက်ကို လိုက်ကြည့်နေသည်မှာ ရှင်းလင်းလှသည်။

“အဲဒီမှာ ပုန်းနေတဲ့လူ တစ်ယောက် ရှိတယ်...”

ဝေ့ဝူယင်က ဝူယုက ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ရင်း ပြောလိုက်၏။ အာရုဏ်ဦး စစ်သည်မှာ အံ့သြ သွားကာ ဝိညာဉ်အာရုံကို ဆန့်ထုတ်၍ ဝေ့ဝူယင် ကြည့်နေသည့် နေရာကို စစ်ဆေးလိုက်သည်။ သို့သော်လည်း... အပျက်အစီး မန်နာနှင့် ပုံမှန် ဟင်းလင်းပြင်လှိုင်းများမှ အပ သူ ဘာကိုမှ မတွေ့ရပါချေ။ သို့သော်လည်း.. ဝူယုက ဝေ့ဝူယင် အပေါ် သံသယ မရှိချေ။ သူ၏ လျှို့ဝှက် အော်ရာက တောက်ပလာကာ အချိန်မရွေး တုန့်ပြန်ရန် အဆင်သင့် ပြင်ထားလိုက်၏။

ကျန့်ကျန့်ကတော့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူက ထိုအရပ်မျက်နှာကို တစ်ချက်ပင် လှည့်မကြည့်ပါချေ။

“နင် ငါ့ကို အာရုံခံနိုင်တာလား...”

ရုတ်တရက် အသံ တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက အလွန် ဝေးကွာလှသည့် နေရာ တစ်ခုမှ လှမ်းပြောနေသလို ထင်ရသည့်တိုင် တစ်ချိန်တည်း၌ အလွန် နီးကပ်လှပေသည်။ ၎င်း၏ အရပ်မျက်နှာကို ခန့်မှန်းရန် အတွက်ဆိုလျှင် ဝေလာဝေးပင်။

ဝူယု၏ လျှို့ဝှက် အော်ရာက ပိုမို၍ ကြမ်းတမ်း၏။ သတ်ဖြတ် လုပ်ကြံသူ တစ်ယောက်လေလော။

ဖောက်...

ရုတ်တရက် အသံ တစ်ခုကို ဝေ့ဝူယင် ကြားလိုက်ရ၏။ ဝေ့ဝူယင် ထိုအသံကို ရင်းနှီးပြီး ဖြစ်သည်။ ၎င်းက ဟင်းလင်းပြင်နှင့် အပြန်အလှန် ဆက်သွယ်သည့် အသံမျိုးပင်။ သို့သော်လည်း... သေချာ အာရုံစိုက်ကာ နားထောင် မနေပါက ၎င်းကို မည်သူမှ ကြားနိုင်လိမ့်မည် မဟုတ်ပါချေ။

ထို့နောက်... ပုံရိပ် တစ်ခုက အမှောင် ဟင်းလင်းပြင် အတွင်း ဝေဝါးစွာ ပေါ်လာကာ တဖြည်းဖြည်းနှင့် ကြည်လင် ရှင်းလင်း လာခဲ့သည်။ ထိုပုဂ္ဂိုလ်က ငွေရောင် ဝတ်စုံကို ဆင်မြန်းထားသည့် လူသား တစ်ယောက်ပင် ဖြစ်သည်။ အထူးသဖြင့်... အသက်ရှူ မှားလောက်သည့် ကိုယ်လုံးနှင့် မို့မောက် ထွားကြိုင်းလှသည့် ရင်သားစိုင်များက သူမမှာ အမျိုးသမီး တစ်ယောက် ဖြစ်ကြောင်းဖော်ပြနေသည်။ သူမက မျက်နှာကိုတော့ ဇာပုဝါ တစ်ခုဖြင့် ဖုံးကွယ် ထားခဲ့၏။ ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများ ပင်လျှင် ထိုဇာပုဝါကို ထွင်းဖောက်ကာ မြင်နိုင်စွမ်း မရှိပါချေ။

“...”

ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားကာ လည်ပင်း၌ ဆွဲထားသည့် လခြမ်း သဏ္ဌာန် လော့ကတ်သီးလေးကို အလိုအလျောက် ပွတ်သပ်လိုက်မိ၏။ အဘယ်ကြောင့်နည်း။ အမျိုးသမီးထံတွင်လည်း အလားတူ လော့ကတ်သီး တစ်ခု ရှိနေသောကြောင့်ပင်။

ငွေရောင် ဝတ်စုံနှင့် အမျိုးသမီးကလည်း သူ့လောကတ်သီးကို ပွတ်သပ်လိုက်၏။ ၎င်းထံမှ လှပသည့် ငွေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ တဖျပ်ဖျပ် လင်းလက်လာသည်။ ထိုရတနာမှာ ဝေ့ဝူယင်၏ လခြမ်းလေးထက် ပိုမို အရည်အသွေး မြင့်မားကြောင်း ရှင်းလင်းလှပေသည်။

“ခင်ဗျား ဘယ်သူလဲ...”

***

All Chapters