တူးဖော်ခြင်း အဆင့် (၂)
Vol. 76 Ch. 1058
“မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲရဲ့ တူးဖော်ခြင်း အဆင့် အဆုံးသတ်ပါပြီ... သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ နန်းတော်တွေထဲကနေ ထွက်လာနိုင်ကြပါပြီ”
ထာဝရ နတ်ဘုရား၏ ကြေညာသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း သိရှိလိုက်ကြ၏။ သူတို့က လုပ်လက်စ အလုပ်များကို ချက်ချင်းပင် လက်စသတ်မှာ ကောင်းကင် နန်းတော်များထဲမှ အလျှိုလျှို ထွက်ပေါ်လာကြလေသည်။
ပထမဆုံး ထွက်ပေါ်လာသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်ကတော့ ပထမ တစ်ကြိမ်တုန်းကလို မူယုယပင် ဖြစ်လေသည်။
လီချင်းလီ၏ အော်ရာမှာ လွန်ခဲ့သည့် ဆယ့်ရှစ်လတုန်းကနှင့် မတူပဲ လုံးဝ ကွဲပြား သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ တည်ရှိမှု တစ်ခုလုံးက ကြောက်မက်ဖွယ် ကောင်းလှကာ ခြေတစ်လှမ်းချင်းစီတိုင်း၌ ဆေဘာ သဏ္ဌာန် ခြေရာများ ကျန်ရစ်ခဲ့၏။ ထို့အပြင်... ဆေဘာတစ်စင်းမှာ အသက်ဝင်နေသည့် အလား ရက်စက် ကြမ်းကြုတ်သည့် အော်ရာများကို ထုတ်လွှတ်ရင်း သူမ၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေခဲ့သည်။ မိန်းကလေးမှာ လက်နက် ဝိညာဉ် ပေါင်းစပ်ခြင်း နည်းလမ်း တစ်မျိုးမျိုးကို ကျင့်ကြံထားဟန် ရကာ ကျင့်ကြံခြင်း ဝိညာဉ်နှင့် ဆေဘာတို့ အကြား၌ ထူးခြားသည့် ချိတ်ဆက်မှု တစ်ခုကို ဖန်တီးထားနိုင်ခဲ့ဟန် ရသည်။
ထိုကဲ့သို့သော ကျင့်စဉ်မျိုးမှာ ကျင့်ကြံရ အလွန် ခက်ခဲလှသလို အလွန်လည်း အန္တရာယ် များလှသည်။ အကယ်၍ ဆေဘာသာ ထိခိုက်သွားမည် ဆိုပါက သူမ၏ ကျင့်ကြံခြင်း ဝိညာဉ်လည်း တူညီစွာ ထိခိုက်သွားလိမ့်မည် ဖြစ်သည်။ အလားတူပင် သူမ၏ ကျင့်ကြံခြင်း ဝိညာဉ် ထိခိုက်ပါက ဆေဘာအပေါ်တွင် တူညီသော သက်ရောက်မှုများ ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုနှစ်ခုက မြဲမြံစွာ ချည်နှောင်ထားသည်ဟု ဆိုနိုင်ပေသည်။
“သူက ကောင်းကင် အုပ်စိုးသူ အဆင့်ကို ရောက်နေပြီ...”
ပရိသတ်များမှာ အံ့သြ ထိတ်လန့်စွာ ရေရွတ်လိုက်မိကြ၏။ လူငယ် ကျင့်ကြံသူလေးများ ဆိုလျှင် လီချင်းလီ၏ နာမည်ကို သံပြိုင် ရေရွတ်ကာ အားပေး နေခဲ့ကြပြီ ဖြစ်လေသည်။ မိန်းကလေးမှာ ထိပ်တန်း အလှပိုင်ရှင် တစ်ယောက် မဟုတ်သည့်တိုင်အောင် ထက်ရှမှုနှင့် ရဲရင့် တည်ကြည်သည့် ပုံစံတို့က အလွန်အမင်း ဆွဲဆောင်မှု ရှိလှသည်။ လာမည့် ရွေးချယ်ခံ အဆင့်တွင် တုလင်ကို ယှဉ်နိုင်သည့် အလားအလာများ မိန်းကလေးထံတွင် ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့နောက် ဟွမ်ရီကောင်း ထွက်ပေါ်လာခဲ့၏။ အားလုံး၏ နှလုံးသားများက စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များနှင့် အတူ ရိုင်းစိုင်းစွာ တုန်ခါ သွားခဲ့လေသည်။ ထိုမဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင်က သူ့ ရွေးချယ်ခံကို ဘယ်အဆင့်ထိ တွန်းပို့နိုင်မည်နည်း။ လူငယ်ပါရမီရှင်လေးကလည်း လွန်ခဲ့သည့် ဆယ့်ရှစ်လ အတွင်း မည်မျှ တူးဖော်နိုင်ခဲ့သနည်း။
ဟွမ်ရီကောင်းတို့ ဆရာတပည့်မှာ စိတ်လှုပ်ရှားနေသည့် လူများ၏ တုန့်ပြန်မှုများကို ကြည့်ကာ ကျေနပ် ဂုဏ်ယူ လိုက်မိကြ၏။ နောက်ဆုံးတစ်ကြိမ်တုန်းက စန်းလော့ယန်နှင့် တုကုပေ့ရွှမ်းတို့မှာ အံ့မခန်း ကျင့်ကြံခြင်း အခြေခံများကို ထုတ်ဖော်ကာ အားလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ဖူးသည်။ ဟွမ်ရီကောင်း ပျိုးထောင်ပေးထားသည့် ရွေးချယ်ခံ သူရဲကောင်း၏ အောင်မြင်မှုများမှာလည်း မသေးငယ်လှသည့်တိုင် စန်းလော့ယန်တို့နှင့် ယှဉ်သော အခါ၌ တိမ်ဖုံးသလို မှေးမှိန်သွားခဲ့ရသည်။
ယခုတွင်တော့ အားလုံး၏ အကြည့်များက သူတို့ အပေါ် ကျရောက်နေခဲ့ပြီ ဖြစ်သည်။ ဟွမ်ရီကောင်းက ကျေနပ်စွာ ပြုံးလိုက်ရင်း လက်တစ်ဖက် မြှောက်ကာ အချက်ပြလိုက်၏။ ချောမောသည့် လူငယ်လေးကလည်း အလိုက်တသိပင် ရင်ကိုကော့ရင်း ရှေ့သို့ တက်လာကာ သူ၏ အော်ရာကို တစ်လောကလုံး မြင်သာအောင် ထုတ်ဖော် ပြသလိုက်တော့သည်။
ဟူး... ဟူး...
မူယုယ၏ လှပသော မျက်ဝန်းကလေးများမှာ ဟွမ်ရီကောင်းနှင့် ရွေးချယ်ခံ သူရဲကောင်း လူငယ်လေးကို စိတ်ဝင်တစား စိုက်ကြည့် နေခဲ့၏။
“တတိယ အဆင့်...”
သူမ စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။ ခြားနားမှုက အဆင့်ငယ် နှစ်ဆင့်သာ ဖြစ်သည့်တိုင်အောင်... ကြယ်တာရာ အမြုတေအလွှာ၏ အဆင့်များမှာ ချီပျစ်ခဲခြင်း အလွှာနှင့် ယှဉ်ပါက တက်လှမ်းရန် အလွန် ခက်ခဲလွန်းလှသည်။ ထို့အပြင်... အော်ရာအရ လူငယ်မှာ အံ့မခန်း ဝိညာဉ် အင်အားကို ပိုင်ဆိုင်ထားကြောင်း ရှင်းလင်းလှပေသည်။
မူယုယ စိတ်ထဲမှ ပြုံးလိုက်မိ၏။ ကျင့်ကြံခြင်း အဆင့်တစ်ဆင့် ကွာခြားနေသေးဆဲ ဖြစ်သည့်တိုင်အောင်... ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းကို အနိုင်ယူရန် လီကျန်းလီ အပေါ် သူမ ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။
မကြာခင်မှာပင်... အခြားလူများမှာလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။ အားလုံးက ကြယ်တာရာ အမြုတေ အဆင့်များသို့ တက်လှမ်းခဲ့ကြပြီး ဖစ်ကာ သူ့နည်းသူ့ဟန်နှင့် ချွန်ထွက်နေကြပေသည်။ ရွေးချယ်ခံ သူရဲကောင်းလေးမှာ တူးဖော်ခြင်း အဆင့်၌ များစွာသော ကံကောင်းခြင်းများ ရရှိခဲ့ကြောင်း ထင်ရှားပေသည်။ ထို့အပြင်... သူတို့၏ အနာဂတ်က ဖြောင့်ဖြူးနေတော့မှာ ကျိန်းသေပေသည်။
သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ သူတို့ ငါးနှစ်တိုင်တိုင် အချိန်ကုန်၊ လူကုန်၊ ငွေကုန်ခံကာ ပြုစု ပျိုးထောင် ပေးခဲ့ရသူများကို သည်အတိုင်း စွန့်ပစ်ကြလိမ့်မည် မဟုတ်ပါချေ။ ရွေးချယ်ခံ သူရဲကောင်းလေးများမှာ တစ်နေ့ တစ်ချိန်တွင် ထင်ရှား ကျော်ကြားသည့် အဂ္ဂိရတ် သူရဲကောင်းများ အဖြစ် ထာဝရ ပြောင်းလဲ သွားကြပေလိမ့်မည်။
ယခုတစ်ကြိမ် နောက်ဆုံး ထွက်ပေါ်လာသူကတော့ သံးလွှာ အဂ္ဂိရတ် အာဏာရှင် တစ်ဖြစ်လည်း၊ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ တစ်ဦးတည်းသော မြေကြီး ရှန့်ထို အဆင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်သည့် စန်းလော့ယန်ပင် ဖြစ်လေသည်။
သူက တုကုပေ့ရွှမ်းနှင့် ထျန်းကျူးရှင်းတို့ကို ခြံရံကာ ယုံကြည်ချက် ရှိစွာ ထွက်ပေါ်လာခဲ့၏။ တုကုပေ့ရွှမ်းကို လှမ်းကြည့်ရင်း ဟွမ်ရီကောင်း၏ မျက်လုံးများက ထူးဆန်းသော အလင်းတစ်ခုဖြင့် တောက်ပသွားခဲ့သည်။ လူငယ်လေးမှာ ကြယ်တာရာ အမြုတေ ဒုတိယ အဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ ဝိညာဉ် ပုံရိပ်ယောင် စွမ်းအင်မှ ဖန်တီးသည့် ဝိညာဉ် အလင်း ကင်းမဲ့နေခြင်းက ဝိညာဉ် ဆင်းတု အဆင့်ကို မရောက်သေးကြောင်း သိသာလှသည်။
မူယုယ၏ အမူအရာက အနည်းငယ် မှုန်ကုပ်သွား၏။ ထိုအရာက သူကြောက်သည့် လက္ခဏာပင် ဖြစ်သည်။ တုလင်၏ အံ့မခန်း အောင်မြင်မှုများက လူတိုင်း အတွက် ကျင့်ကြံခြင်း အခြေခံကို အသည်းအသန် မြှင့်တင်စေဖို့ မလုံလောက်သည်လား။ ယခု သူမ၏ လီချင်းလီမှာ အဆင့်တူ တုကုပေ့ရွှမ်း၏ အောင်မြင်မှုများကို ကျော်ဖြတ်ဖို့ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။
တုကုပေ့ရွှမ်းကတော့ ရင်ကိုကော့ကာ တည်ငြိမ်စွာပင် ရပ်နေခဲ့၏။ ဝိညာဉ် ဆင်းတု အဆင့်ကို မတက်လှမ်းနိုင်သည့် အတွက် အကဲဖြတ် ဒိုင်လူကြီးများက သူ့နားလည်နိုင်စွမ်း အပေါ် သံသယ ဝင်လိမ့်မည် ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ တုကုပေ့ရွှမ်း စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။ လွန်ခဲ့သည့် ဆယ့်ရှစ်လ အတွင်း သူ အခြေခံ မြှင့်တင်ခြင်း ဆေးလုံးများစွာကို သန့်စင်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ၌ ပျမ်းမျှ ကောင်းကင် အုပ်စိုးသူများမှာ သူ့ရှေ့တွင် ပုရွက်ဆိတ်များ သဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ရွေးချယ်ခံ အဆင့်မှာ ဘယ်သူက အမြန်ဆုံး ကျင့်ကြံနိုင်သည်ကို စစ်ဆေးမည် မဟုတ်ချေ။ သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့်တွင် ဘယ်လောက်အထိ ပေါက်မြောက်မှုများ ရရှိမည်ကိုသာ စစ်ဆေးလိမ့်မည် ဖြစ်သည်။
တုကုပေ့ရွှမ်းက လော့နင်နှင့် တုလင်တို့ ရှိနေသည့် နေရာကို လှမ်းကြည့်လိုက်၏။ ဝေ့ဝူယင်ကို မတွေ့မြင်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသလို သူ ခံစားလိုက်ရသည်။
လွန်ခဲ့သည့် ဆယ့်ရှစ်လ အတွင်း စန်းလော့ယန်က ဝေ့ဝူယင်မှာ အဂ္ဂိရတ် နယ်ပယ်တွင် ဘယ်လောက် ထိတ်လန့်စရာ ကောင်းကြောင်း ပြောပြခဲ့သည်။ သူကိုယ်တိုင် ပင်လျှင် လျှို့ဝှက်အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို သုံးမှသာ ဝေ့ဝူယင်ကို ယှဉ်နိုင်လိမ့်မည်ဟု ဆိုသည်။
သို့သော်လည်း... ဤသည်က စန်းလော့ယန် အတွက် မြေကြီး ရှန့်ထိုအဆင့် ကျင့်ကြံခြင်း အခြေခံနှင့် အသားကျရန် အချိန်ယူနေရချိန် ဖြစ်သည်။ ထိုအချိန်ကို ကျော်ဖြတ်ပြီးပါက သူ၏ အဂ္ဂိရတ် လမ်းစဉ်က နောက်တစ်ဆင့်ကို ခုန်တက်သွားလိမ့်မည်ဟု ဆိုသည်။ ဝေ့ဝူယင်၏ အဂ္ဂိရတ် ပါရမီနှင့် လော့နင်၏ အဂ္ဂိရတ် ဝိညာဉ်တို့ ပေါင်းစပ်လျှင်ပင် သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။
ထိုအရာက အပျင်းပြေ စကားဝိုင်း တစ်ခုသာ ဖြစ်သည့်တိုင်... စန်းလော့ယန်မှာ အနှေးနှင့် အမြန် အဂ္ဂိရတ် ရှန့်ထို တစ်ပါး ဖြစ်လာတော့မည် ဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
တုကုပေ့ရွှမ်းမှာ ထိုအကြောင်းအရာများကို ကြားပြီးနောက် သုံးရက်၊ သုံးညတိုင်တိုင် စိတ်တည်ငြိမ်အောင် မနည်း ကြိုးစားခဲ့ရသည်။ စန်းလော့ယန်က သူ့ကို အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် အဖြစ် လက်ခံခဲ့ပြီး ဖြစ်သည်။ ညီလာခံ၌ သူတို့ နှစ်ယောက်၏ တွေ့ဆုံမှုကို ကံကြမ္မာ အဖြစ် သတ်မှတ်ခဲ့သည်။ လွန်ခဲ့သည့် ငါးနှစ်ကျော်က မည်သူမှ မသိခဲ့သည့် မထင်မရှား လူငယ်လေး တစ်ယောက်က ယခုအခါ အဂ္ဂိရတ် ရှန့်ထို တစ်ပါး၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်လာတော့မည် ဖြစ်သည်။ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းဖို့ အိပ်မက် ခရီးရှည်ကြီးကို သူ စတင်ခွင့် ရပေတော့မည်။
အောက်ရှိ ကျောက်ဖြာတစ်ခုထက်တွင်တော့ လင်းမင်၏ မျက်လုံးများမှာ ရွေးချယ်ခံ သူရဲကောင်းများကို ကြည့်ရင်း တဖျပ်ဖျပ် တောက်ပနေခဲ့သည်။ လူငယ်လေးများ၏ တိုးတက်နှုန်းကို ကြည့်ကာ သူ အနည်းငယ်ပင် အံ့အားသင့် နေခဲ့မိ၏။ အထူးသဖြင့် သူတို့၏ အလွန်အမင်း အားကောင်းလှသော အော်ရာများပင်။
ကောင်းကင်က လုံးဝ မမျှတသလို သူ ခံစားလိုက်ရ၏။ သူ့ဘဝ တစ်လျှောက်လုံး၌ ကျင့်ကြံခြင်း အဆင့် တစ်ခုချင်းစီ အတွက် အသည်းအသန် တိုက်ခိုက်ခဲ့ရသည်။ ရင်းမြစ်များ အတွက် သွေးချောင်းကို လက်ပစ်ကူး ခဲ့ရသည်။ သေခြင်းနှင့် ရှင်ခြင်းကို ဖြတ်ကျော်ခဲ့ရသည်။ ကပ်ဘေး၊ အန္တရာယ် အသွယ်သွယ်ကို ကြံကြံခံကာ ခွန်အားကို ရှာဖွေခဲ့ရသည်။
သို့သော်လည်း... လူငယ်လေးများကတော့ ငါးနှစ်မျှ အတွင်းမှာပင် ယန်ဖွဲ့စည်းခြင်း အဆင့်မှ ကြယ်တာရာ အမြုတေ အဆင့်များကို ချောချောမွေ့မွေ့ပင် တက်လှမ်းသွားခဲ့ရသည်။ ဘယ်လောက်တောင် ကံကောင်းလိုက်သနည်း။
လင်းမင်၏ အတွေးများကို ဖောက်ထွင်းမြင်နိုင်သည့် အလား အသံပိုင်ရှင်က ရှင်းပြလိုက်၏။
“အဂ္ဂိရတ် သူရဲကောင်း တစ်ယောက်ရဲ့ အလားအလာကို ဘယ်တော့မှ အထင်မသေးသင့်ဘူး... သူတို့ရဲ့ ကံကြမ္မာက နေ့ချင်းညချင်း ပြောင်းလဲနိုင်စွမ်းတယ်... ထာဝရ အစည်းအရုံးရဲ့ ထာဝရ သူရဲကောင်းတွေ ဖြစ်လာဖို့ သူ ဘယ်လောက် အချိန်ယူခဲ့တယ် ထင်လဲ... ငါးနှစ်တည်းပဲ... ငါးနှစ်တည်းနဲ့ သူက အခြေခံ လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းပေးပြီး မြေကြီး ရှန့်ထို ဖြစ်လာဖို့ လွယ်ကူတဲ့ လမ်းစဉ် တစ်ခုပေါ် တင်ပေးခဲ့တာ”
“သူ... သူဆိုတာ ထာဝရ ဧကရာဇ်လား...”
လင်းမင်မှာ အံ့သြသွားခဲ့၏။ ထိုလူကြီးမှာ အနာဂတ် မြေကြီး ရှန့်ထိုများကို ဖန်တီးဖို့ ငါးနှစ်သာ အချိန်ယူခဲ့သည်လား။
လင်းမင် တွေးတောနေစဉ်မှာပင်... တူးဖော်ခြင်း အဆင့် ပြီးဆုံးကြောင်းနှင့် ရွေးချယ်ခြင်း အဆင့် စတင်ကြောင်း ထာဝရ နတ်ဘုရား၏ ကြေညာသံ ထွက်ပေါ်လာခဲ့လေ၏။
ဝမ်... ဝမ်... ဝမ်...
ထိုကြေညာသံနှင့် အတူ ဝင်္ကပါ လည်ပတ်သံများ မြည်ဟီးလာကာ အဓိက ခန်းမ၏ အစိတ်အပိုင်းများစွာမှာ စတင်ကာ ရွေ့လျား လာကြ၏။ ၎င်းတို့က အထပ်ထပ် အဆင့်ဆင့် ဘုံပြသာဒ်များ ပါသည့် ကြီးမားလွန်းလှသော အဝန်းအဝိုင်းကြီး အဖြစ် နေရာယူ သွားခဲ့ကြသည်။ ထို့နောက်... ၎င်းတို့၏ အလယ်တည့်တည့်မှ လေးထောင့် သဏ္ဌာန် စင်မြင့်တစ်ခုကြီး တဖြည်းဖြည်း မြင့်တက် ဖြစ်ပေါ်လာခဲ့သည်။
တစ်ခဏ အတွင်းမှာပင် အဓိက ခန်းမကြီးမှာ လူသန်းပေါင်းများစွာ အတွက် ပွဲကြည့်စင်များ ပါဝင်သော တိုက်ခိုက်ရေး ကွင်းပြင်ကျယ်ကြီး တစ်ခု သဖွယ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
***