← Chapters

တူးဖော်ခြင်း အဆင့်

Vol. 76 Ch. 1057

တူးဖော်ခြင်း အဆင့်

Vol. 76 Ch. 1057

“...”

ထိပ်သီး ကျင့်ကြံသူ နှစ်ယောက်၏ ပါဝင်လာမှုက များစွာသော လူများ၏ အမြင်များကို ပြောင်းလဲ သွားစေခဲ့လေသည်။

မှန်၏။ ထာဝရ အစည်းအရုံး၏ အထူး ဧည့်ခံမှုများ ပြီးဆုံး သွားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့မှာ ကျင့်ကြံမှု အတွက် အဂ္ဂိရတ် ထုတ်ကုန်များကိုသာ အသုံးပြု နေရသည်။

သို့သော်... ထိုအဂ္ဂိရတ် ထုတ်ကုန်များမှာလည်း ဘယ်လောက် ကြာကြာတောင်ခံနိုင်မည်နည်း။ သူတို့ထဲမှ အများအပြားမှာ ဘာတိုးတက်မှုမှ မရရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

“အပြင်ထွက်ချင်တဲ့လူတွေကို ထွက်ခွင့် ပေးလိုက်ရင် ပြီးတာပဲလေ... သူတို့ဘာသာ ဆုံးဖြတ်ကြပေါ့... နောက်ပြီး သူတို့ကို အဓိက ခန်းမထဲ ခေါ်သွင်းရတာက ဝေ့ဝူယင်ကြောင့်ပဲ... သူက ဒီမှာ ရှိတော့တာမှ မဟုတ်တာ”

စိမ်းလန်းခြင်း နတ်ဘုံ ကြယ်တာရာ နယ်မြေမှ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦးက သင့်တော်သည့် ဖြေရှင်းချက်ကို ထောက်ပြလိုက်၏။

“မလိုဘူး...”

ဟွမ်ရီကောင်းက ပြုံးရင်း ဆိုလိုက်သည်။ ဝေ့ဝူယင် ထွက်ခွာသွားပြီးနောက်တွင် လူအိုကြီးမှာ သူ၏ မူလ ပုံစံ ဖြစ်သည့် သူတော်စင် တစ်ပါး၏ တည်ငြိမ်မှုနှင့် အသိပညာ ဗဟုသုတ ကြွယ်ဝမှု အသွင် သဏ္ဌာန်တို့ကို ပြန်လည် ရရှိပြီး ဖြစ်သည်။

“ဒီမှာ ရှိတဲ့ လူအားလုံး အတွက် လိုအပ်တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကို ငါတို့ ထောက်ပံ့ပေးလို့ ရတာပဲ... ဒါဆို ဘယ်သူ့အတွက်မှ အရှုံးမရှိတော့ဘူးပေါ့”

“...”

ဟွမ်ရီကောင်း၏ စကားလုံးများက လူတိုင်းကို ဆွံ့အ သွားစေခဲ့၏။ ထိုအကြံကို မကြိုက်သူ အဘယ်မှာ ရှိလိမ့်မ့ည်နည်း။

အခြားသေမျိုး အဂ္ဂိရတ် အာဏာရှင် ဆယ့်ခြောက်ယောက်ကလည်း ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏ ချမ်းသာ ကြွယ်ဝမှုဖြင့် အဓိက ခန်းမ အတွင်းရှိ လူတိုင်း အတွက် အဂ္ဂိရတ် ထုတ်ကုန်များကို ထောက်ပံ့ပေးလို့ ရပေသည်။ သူတို့ဆီမှာ ပါလာသည့် အဂ္ဂိရတ် ထုတ်ကုန် မလုံလောက် တော့လျှင်ပင် ထာဝရ အစည်းအရုံးထံတွင် အလုံအလောက် ဝယ်ယူ၍ ရပေလိမ့်မည်။

ထို့အပြင်... ၎င်းက လူသန်းဂဏန်းလေးသာ ဖြစ်သည်။ မျှဝေခံလိုက်မည် ဆိုပါက သူတို့ ဘယ်လောက်မှ ကုန်လိမ့်မည် မဟုတ်ပါချေ။

ဆွေးနွေးမှု အချို့ ပြီးနောက်တွင်... အားလုံး မျှော်လင့်ထားသည့် အတိုင်း ဒုတိယမြောက် ဖွံ့ဖြိုးခြင်း အဆင့် ထပ်ပေါင်းထည့်ခြင်းဖြင့်သာ အဆုံးသတ် သွားခဲ့သည်။ ထိုအဆင့်၌ ပါဝင်မည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ အဓိက ခန်းမ အတွင်းရှိ ကျင့်ကြံသူများကို သူတို့၏ အသက်နှင့် ကျင့်ကြံခြင်း အခြေခံ အလိုက် အဂ္ဂိရတ် ထုတ်ကုန်များ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

သို့သော်လည်း... ထောက်ပံ့ခံများထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့်များတော့ ပါဝင်လိမ့်မည် မဟုတ်ပါချေ။ သူတို့၏ သက်တမ်းက အနှစ်သောင်းချီ ရှိလေရာ ဆယ်စုနှစ် တစ်ခုက ဘာမှ မပြောပလောက်ပါချေ။ ထို့အပြင်... သူတို့ကိုပါ ထောက်ပံ့ရမည် ဆိုပါက ကုန်ကျစရိတ်က အလွန် ကြီးမားလိမ့်မည် ဖြစ်သည်။

ထပ်ပေါင်း ဆွေးနွေးမှုများ အပြီး၌ ဒုတိယမြောက် ဖွံ့ဖြိုးခြင်း အဆင့်ကို ဆယ့်ရှစ်လ အထိ တိုးမြှင့်ဖို့ သဘောတူညီမှု ရရှိခဲ့သည်။ အပြီးသတ် ဆုံးဖြတ်ချက်ကို ကြားပြီးနောက်တွင် လော့နင်မှာ သက်ပြင်း တစ်ချက် ချရုံသာ တတ်နိုင်ခဲ့သည်။ သူမမှာ တရားဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် မဟုတ်လေရာ ထိုဆုံးဖြတ်ချက်တွင် ပါဝင်ခွင့် မရှိခဲ့ပါချေ။ သူမ လုပ်နိုင်သမျှက သည်အတိုင်း နားထောင်လိုက်ရုံသာ ဖြစ်ပေသည်။

တုလင်ကတော့ ထိုကြေညာချက်နှင့် ပတ်သက်၍ ဘယ်လိုမှ မခံစားရပါချေ။ သူက သားများနှင့်သာ ကျင့်ကြံ နေခဲ့ကာ ကျင့်ကြံခြင်း အတွေ့အကြုံများကို မျှဝေပေးနေခဲ့သည်။ ယခင်က ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သူ အမြဲတမ်း သိမ်ငယ်ခဲ့ရသော်လည်း... ယခုတွင်တော့ ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ သားများကို လမ်းညွှန်ပေးနိုင်ပြီ ဖြစ်သည်။

သေမျိုး အဂ္ဂိရတ် အာဏာရှင်များက မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲကြီး၏ ထပ်ပေါင်း အဆင့်ကို တူးဖော်ခြင်း အဆင့်ဟု နာမည်ပေးခဲ့ကြသည်။ ၎င်းက စတင်ပြီ ဖြစ်လေသည်။

....

တူးဖော်ခြင်း အဆင့် ဖန်တီးလိုက်ခြင်းမှာ ညီလာခံကို တက်ရောက်လာသည့် လူများ အတွက် များစွာ အကျိုးဖြစ်ထွန်း စေခဲ့လေသည်။ လျှို့ဝှက် အာဏာရှင် အဆင့်အောက် ကျင့်ကြံသူတိုင်းမှာ သူတို့၏ ကျင့်ကြံခြင်း အဆင့်နှင့် သင့်တော်သည့် အဂ္ဂိရတ် ထုတ်ကုန် ထောက်ပံ့မှုများကို ရရှိမည် ဖြစ်သည်။

ကျင့်ကြံခြင်း လောက၌... အဂ္ဂိရတ် ထုတ်ကုန်များနှင့် ပတ်သက်၍ ပိုင်းခြားထားသည့် စံနှုန်းတစ်ခု ရှိပြီး ဖြစ်ပေသည်။ ချီပျစ်ခဲခြင်းအလွှာတွင် ချီဖန်တီးခြင်း အဆင့်၊ နူးညံ့စွာ စီးဆင်းခြင်း အဆင့်နှင့် ဒြပ်စင် မွေးဖွားခြင်း အဆင့်တို့မှာ အဆင့်လေး အဂ္ဂိရတ် ထုတ်ကုန်များနှင့် သင့်တော်သည်။ ယင်ဖွဲ့စည်းခြင်း အဆင့်၊ ယန်ဖွံ့ဖြိုးခြင်း အဆင့်နှင့် မှားသော အမှန် အဆင့် ကျင့်ကြံသူများကတော့ အဆင့်ငါး အဂ္ဂိရတ် ထုတ်ကုန်များနှင့် သင့်တော်သည်။ ဝိညာဉ် ဆက်သွယ်ခြင်း အဆင့်၊ မြင့်မြတ်သောချီ အဆင့်နှင့် ချီအမတေ အဆင့်တို့ကတော့ အဆင့်ခြောက် ထုတ်ကုန်များနှင့် သင့်တော်သည်။

ကြယ်တာရာ အမြုတေ အဆင့်တွင်လည်း အလားတူပင် တားမြစ်ချက်များ ရှိပေသည်။ လောကပင်လယ် အဆင့်၊ ကောင်းကင် အုပ်စိုးသူ အဆင့်နှင့် ဝိညာဉ် ဆင်းတု အဆင့်တို့မှာ အဆင့်ခုနစ် အဂ္ဂိရတ် ထုတ်ကုန်များနှင့် သင့်တော်သည်။ အာကာသ ပဲ့တင်သံ အဆင့်၊ အလင်းပြန်ခြင်း အဆင့်နှင့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တို့ကတော့ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များနှင့် သင့်တော်သည်။ လောကသခင် အဆင့်၊ လောကီမျက်လုံး အဆင့်နှင့် ကြယ်အမြုတေ အဆင့်တို့ကတော့ ပုံမှန်အားဖြင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ဖော်စပ်သော အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များနှင့် သင့်တော်၏။

သို့သော်လည်း... လောကသခင်၊ အချိန်သခင်နှင့် ကြယ်တာရာ သခင် အများစုမှာ သူတို့ ဘဝတစ်လျှောက်လုံး အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကို တစ်ခါမှ မစားသုံးဖူးကြချေ။ ၎င်းတို့က အလွန်ပင် ရှားပါးကာ တန်ဖိုးကြီးလွန်းလှပေသည်။ ဥပမာအားဖြင့်... ယီမင်မှာ ငွေအဆင့်ဂိုဏ်း တစ်ခု၏ ဂိုဏ်းချုပ် ဖြစ်သည့်တိုင် သူ့ ဘဝတစ်လျှောက်လုံး အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကိုမှ မစားဖူးပါချေ။

ထို့အပြင်... မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ကျင့်ကြံခြင်း လောက၌ ဆိုရိုးတစ်ခု ရှိ၏။ ၎င်းကား ‘အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များ မစားဖူးပါက အာဏာရှင် အဆင့်ကို ခြေချရန် မဖြစ်နိုင်’ ဟူ၍ပင်။

ထိုဆိုရိုးစကားက မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များမှာ သေမျိုး အကန့်အသတ်ကို ကျော်ဖြတ်ရာ၌ အလွန် အရေးပါသည်ကတော့ အမှန်တရား ဖြစ်သည်။

ယခု၌... သူတို့အားလုံးမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်များထံမှ ကျင့်ကြံခြင်း အဆင့်များနှင့် သင့်တော်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို လက်ခံ ရရှိတော့မည် ဖြစ်သည်။ ညီလာခံကို တက်ရောက်လာမိခဲ့ခြင်းက သူတို့ အတွက်တော့ ဘုရားပေးသည့် ဆုလာဒ်ပင် ဖြစ်လေသည်။

တူးဖော်ခြင်း အဆင့်မှာ ဆယ့်ရှစ်လတိုင်တိုင် ကြာမြင့်လိမ့်မည် ဖြစ်ကာ လုပ်ငန်းစဉ်နှင့် စည်းကမ်းချက်များကတော့ ဖွံ့ဖြိုးခြင်း အဆင့်အတိုင်း သွားမည် ဖြစ်သည်။ ထိုလများ အတွင်း၌ လော့နင်နှင့် တုလင်တို့မှာ အတူတကွ ရှိနေခဲ့ကြ၏။

တူးဖော်ခြင်း အဆင့်နှင့် ပတ်သက်၍ ဝေ့ဝူယင်က မည်သည့် လမ်းညွှန်ချက်မှ မပေးခဲ့လေရာ လော့နင်မှာ အရာအားလုံးကို ကိုယ်တိုင် ကိုင်တွယ်ရတော့မည် ဖြစ်ကြောင်း သိရှိပြီး ဖြစ်သည်။ တုလင်မှာ အာကာသ ပဲ့တင်သံ အဆင့် ဖြစ်လေရာ သူ့အတွက် လိုအပ်သည့် လောကအလင်း ဆေးရည်လို အဂ္ဂိရတ် ထုတ်ကုန်မျိုးကို သူမ ဖော်စပ် ပေးနိုင်ပေသည်။ တစ်ခုတည်းသော စိုးရိမ်စရာက သူမထံတွင် လောကဥဿုံ မှော်ဆေးအိုး မရှိတော့ခြင်းပင် ဖြစ်သည်။ ထိုမှော်ဆေးအိုးနှင့်သာ ဆိုပါက သူမ လုံးဝ ကျရှုံးလိမ့်မည် မဟုတ်ချေ။

အချိန်ကာလ ယန္တရားမှာ လျှင်မြန်စွာပင် ကျော်ဖြတ် နေခဲ့၏။ ရက်ပေါင်းများစွာ နဖူးကချွေး ခြေမ ကျအောင် ကြိုးစားပြီးနောက် လော့နင်မှာ ကံကောင်းထောက်မစွာပင် လောကအလင်း ဆေးရည် တစ်ပုလင်းကို သူမ ဖော်စပ် အောင်မြင်ခဲ့ပေသည်။

သို့သော်လည်း ထိုဆေးလုံးကို ဝမ်းသာအားရနှင့် ပေးလိုက်သော အခိုက်၌ တုလင်၏ မျှော်လင့်တကြီး မေးခွန်းက သူမကို ဒေါသ အလုံးလိုက် ထွက်သွားစေခဲ့သည်။

“အဲဒါက အထွတ်အထိပ် အရည်အသွေးလား...”

၎င်းက အဂ္ဂိရတ် ပညာရှင်တိုင်း အမုန်းတီးဆုံး မေးခွန်းပင် ဖြစ်ပေလိမ့်မည်။ လော့နင် ဘဝ၌ အဂ္ဂိရတ် ထုတ်ကုန်များကို မ‌ရေမတွက်နိုင်အောင် ဖော်စပ်ခဲ့ဖူးပေသည်။ ထိုအထဲမှ အများစုမှာ အဆင့်နိမ့် အရည်အသွေးများသာ ဖြစ်ကာ အနည်းစုသာ အဆင့်မြင့် အရည်အသွေးကို ရောက်ရှိခဲ့သည်။ အထွတ်အထိပ် အဆင့် အရည်အသွေး ဟူ၍ လက်ချိုးရေတွက်၍ ရပေသည်။

သို့သော်လည်း... အာရုဏ်ဦး ဧကရာဇ် လွှဲပြောင်းပေးခဲ့သည့် ဉာဏ်အလင်းများ ကျေးဇူးဖြင့် သူမ ဘဝတွင် ပထမဆုံး အကြိမ် အောင်မြင်ခဲ့သည့် လောကအလင်း ဆေးရည်က အဆင့်မြင့် အရည်အသွေးတွင် ရှိပေသည်။ သို့သော်လည်း... တုလင်က ခေါင်းခါ၏။

“သခင်က အထွတ်အထိပ် အရည်အသွေးထက် နိမ့်တဲ့ ထုတ်ကုန်တွေကို မစားဖို့ ပြောထားတယ်ဗျ... ခန္ဓာကိုယ် မသန့်စင်တာတွေ ဖြစ်တတ်တယ် တဲ့”

လော့နင်မှာ ထိုဖက်တီးကို စိတ်ရှိလက်ရှိ ရိုက်နှက် ပစ်ချင်သော်လည်း နောက်ဆုံးတွင်တော့ စိတ်ကို လျှော့ကို အထွတ်အထိပ် အရည်အသွေး ရှိသည့် လောကအလင်း ဆေးရည်ကို ဖော်စပ်ဖို့ ကြိုးစားရတော့သည်။

မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲကြီး၏ တူးဖော်ခြင်း အဆင့်မှာ အရှိန်အဟုန်နှင့် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အချိန် ခုနစ်လ ကုန်ဆုံးသွား၏။ ထိုအတောအတွင်း၌ လော့နင်၏ အဂ္ဂိရတ် ထုတ်ကုန် အောင်မြင်မှုနှင့် သန့်စင်မှုနှုန်းတို့က သိသိသာသာ တိုးမြင့်လာခဲ့သည်။ သို့သော်လည်း... အထွတ်အထိပ် အဆင့်ကိုတော့ ရောက်ရှိခြင်း မရှိသေးပါချေ။

နောက်ဆုံး၌ လော့နင်မှာ ဆေးဖော်စပ်မှုများကို ရပ်တန့်လိုက်ကာ ဆေးညွှန်းကို ခွဲခြမ်း စိတ်ဖြာရန်နှင့် အောင်မြင်မှု၊ ကျရှုံးမှုများကို ပြန်လည် သုံးသပ်ရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုလုပ်ငန်းစဉ်၌ ဝေ့ဝူယင် ပေးအပ်ခဲ့သည့် အဂ္ဂိရတ် ဉာဏ်အလင်းများမှာ များစွာ အထောက်အကူ ဖြစ်ခဲ့ပေသည်။ ဤသို့နှင့် သုံးလ တိတိ ဆင်ခြင် သုံးသပ်ပြီးနောက် လော့နင်မှာ နောက်တစ်ကြိမ် ပြန်လည် ကြိုးစားခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သူမ အောင်မြင်သွားခဲ့ပေသည်။ တုလင်မှာ ဆေးရည်ကို အခက်အခဲ မရှိပင် သောက်သုံးနိုင်ခဲ့သည်။

လက်ကျန်လများ အတွင်း၌... လော့နင်မှာ တုလင် အတွက် အထွတ်အထိပ် အရည်အသွေး ရှိသည့် နောက်ထပ် အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် အချို့ကို ထပ်မံ ဖော်စပ်ပေးနိုင်ခဲ့ပေသည်။ အထွတ်အထိပ် အရည်အသွေး ထုတ်ကုန်များကို တစ်ကြိမ် ဖော်စပ် အောင်မြင်တိုင်း၌ လော့နင်မှာ ပိုမို၍ ယုံကြည်ချက် ရှိလာကာ လမ်းစဉ်တစ်ခု ရှိလာသလို ခံစားလာရသည်။ ထိုကဲ့သို့ လုပ်ရသည်ကိုပင် သူမ အလွန် ပျော်ရွှင် နေခဲ့ပြီ ဖြစ်သည်။

ဆယ့်ရှစ်လ...

ဆယ့်ရှစ်လ ဆိုသည့် အချိန်က တဒင်္ဂ အတွင်း ကုန်ဆုံးသွားခဲ့ကာ တူးဖော်ခြင်း အဆင့်မှာလည်း အဆုံးသတ် ခဲ့ပြီ ဖြစ်သည်။ အချိန် ရေတွက်မှုများ ကုန်ဆုံးသွားသည့် နောက်တွင် ထာဝရ နတ်ဘုရား၏ ခမ်းနား ထည်ဝါလှသော အသံက အဓိက ခန်းမ တစ်ခုလုံးကို လွှမ်းခြုံကာ ထွက်ပေါ်လာခဲ့လေတော့သည်။

“မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲရဲ့ တူးဖော်ခြင်း အဆင့် အဆုံးသတ်ပါပြီ... သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ နန်းတော်တွေထဲကနေ ထွက်လာနိုင်ကြပါပြီ”

***

All Chapters