အနိုင်ရမည့်လူ
Vol. 76 Ch. 1059
ပြင်းထန်သော စိတ်လှုပ်ရှားမှုများနှင့် အတူ လူတိုင်း၏ ခန္ဓာကိုယ် အပူချိန်များမှာ တိုးမြင့် လာခဲ့ကြ၏။ မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲကြီး၏ နောက်ဆုံးအဆင့်ကား စတင်နေပြီ ဖြစ်လေသည်။ ထို့အပြင်... ၎င်းက ခေတ်သစ်၏ စဦး ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။ မရေမတွက်နိုင်သော လူများမှာ ယခုလို ကြီးကျယ်ခမ်းနားလွန်းလှသည့် ပြိုင်ပွဲကြီးကို ကိုယ်တိုင် လာရောက် ကြည့်ရှုမိသည့် အတွက် ဂုဏ်ယူ နေမိကြ၏။
လင်းမင်၊ ရွှယ်ရီဖေး၊ ဝူပိုင်ကျိုး၊ နာ့ရှင်းရီနှင့် စမ်းသပ်မှုကို အောင်မြင်ထားသည့် အခြားလူများနှင့် အတူ ရှိနေခဲ့သည်။ ထူးဆန်းတာ တစ်ခုက ပိုင်လင်မှာ သူတို့နှင့် အတူ ရှိနေခြင်း ဖြစ်သည်။ သူတို့အားလုံးမှာ ပွဲကြည့်စင်၏ ဒုတိယ အမြင့်ဆုံး နေရာတွင် ရှိနေကာ သူတို့ အထက်တွင် ရွှေရောင် တဖိတ်ဖိတ် တောက်ပနေသည့် ပလ္လင်များသာ ကျန်ရစ်ပေတော့သည်။ မြေကြီး ရှန့်ထိုများနှင့် ဖန်တီးခြင်း ပညာရှင်များမှာ သူတို့၏ နေရာများကို ပွဲကြည့်စင်နှင့် တစ်သားတည်း ပေါင်းစပ်ပြီး ဖြစ်ကာ အပေါ်ဆုံး အလွှာ၌ ဘုရင်များ သဖွယ် ထိုင်နေကြပေသည်။
ရွေးချယ်ခြင်း အဆင့် စတင်ကြောင်း ထာဝရ နတ်ဘုရား ကြေညာလိုက်ပြီး ကတည်းက အဓိက ခန်းမကြီး အတွင်း၌ မည်သူ တစ်ဦး တစ်ယောက်မှ ကျင့်ကြံနေကြခြင်း မရှိတော့ချေ။ သူတို့ အားလုံးမှာ အပြည့်အဝ နိုးထနေကြကာ မကြာမီ ရောက်ရှိလာမည့် နောက်ဆုံးသော တိုက်ပွဲ အပေါ် အာရုံစိုက် ထားကြသည်။
ဝူပိုင်ကျိုး၊ ရွှယ်ရီဖေးနှင့် နာ့ရှင်းရီတို့မှာ တုလင်ကို စိတ်ဝင်တစားဖြင့် လှမ်းကြည့် နေခဲ့ကြ၏။ စုမေ့က တုလင်နှင့် ဝေ့ဝူယင် အကြားရှိ သမိုင်းကြောင်းကို လျှို့ဝှက်ထားခြင်း မရှိပါချေ။ အားလုံးကို ပြောပြခဲ့ပြီး ဖြစ်သည်။ ဝေ့ဝူယင်မှာ ဂျိုးငှက်နီ မြို့တော်တွင် နေထိုင်စဉ် ကတည်းက တုလင်နှင့် ဆုံတွေ့ခဲ့သည်ဟု ဆိုသည်။ ထို့နောက် သူတို့ နှစ်ယောက် နေသွေးနီနီဂိုဏ်း အတွင်း ဝင်ရောက်ခဲ့သည်။ ဝေ့ဝူယင် နေသွေးနီနီဂိုဏ်း၏ အဓိက တပည့် ဖြစ်လာတော့ တုလင်က အိမ်တော်ထိန်း အဖြစ် တာဝန်ယူပေးခဲ့သည်။
လင်းမင် မိန်းကလေး သုံးယောက်ကို လှမ်းကြည့်လိုက်မိ၏။ သူမတို့ သုံးယောက်စလုံးမှာ အလှအပ အရာတွင် လင်းရှန်းရှဲ့နှင့် တန်းတူ သို့မဟုတ် သာလွန်သည့် အပိုင်းများပင် ရှိကြေပေသည်။ မည်သို့ပင် ဆိုစေကာမူ... သူကတော့ စီနီယာ အမလင်းကိုသာ ပိုမို နှစ်ခြိုက်ဆဲ ဖြစ်သည်။ သူမက ရုပ်ရည် တစ်ခုတည်းသာ မကပဲ သိမ်မွေ့မှု၊ ဉာဏ်ရည်နှင့် နွေးထွေးမှုတို့ကို အချိုးကျ ပေါင်းစပ်ထားသူ ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင် နံဘေးတွင် အဘယ်ကြောင့် ထိုမျှ ချောမောလှသော မိန်းကလေးမှာ ဝန်းရံနေသည်ကို သူ အံ့သြ နေမိဆဲ ဖြစ်သည်။
လင်းမင် အာရုံကို ပြန်ပြောင်းကာ ရွေးချယ်ခံ သူရဲကောင်း စင်မြင့်ထံ စိုက်ကြည့်လိုက်၏။ တုလင်မှာ သားများနှင့် အတူ ရှိနေကာ အခြား ရွေးချယ်ခံ သူရဲကောင်းလေးများကတော့ လမ်းညွှန်သူများ၏ သြဝါဒ ချွေမှုများကို ခေါင်းတညိတ်ညိတ်ဖြင့် အာရုံစိုက် နားထောင် နေကြသည်။
“ဘယ်သူနိုင်မယ်လို့ ခင်ဗျား ထင်လဲ...”
လင်းမင်က ဒြပ်စင် အမှတ်အသား အတွင်းရှိ အသံပိုင်ရှင်ကို မေးလိုက်၏။ အသံပိုင်ရှင်က မည်သူ ဖြစ်နိုင်ကြောင်း သူ ခန့်မှန်းမိခဲ့ပြီး ဖြစ်လေရာ သူ့အမြင်ကို အလွန် တန်ဖိုးထားပေသည်။
“နိုင်မယ့်သူလား... ဟဟ...”
အသံပိုင်ရှင်က အနည်းငယ် ရယ်မောလိုက်၏။ ထို့နောက် သူက ချွင်းချက် မရှိသည့် လေသံမျိုးဖြင့် အဖြေပေးလိုက်လေသည်။
“တုလင်ပေါ့ကွာ...”
"တုလင်...”
လင်းမင် မျက်မှောင်ကြုတ်လိုက်၏။
“ဒါပေမဲ့ ဝေ့ဝူယင်က ထွက်သွားပြီလေ... တူးဖော်ခြင်း အဆင့်ကို ဝင်ပါခဲ့တာတောင် မဟုတ်ဘူး... ကျန်ခဲ့တဲ့ လော့နင်ကလည်း သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်မှ မဟုတ်တာ”
သို့သော်လည်း... အသံပိုင်ရှင်က သူ့ယုံကြည်မှုကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
“သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေကို နောက်ထပ် ငါးနှစ် အချိန်ပေးလဲ ပြောင်းလဲမှာ မဟုတ်ဘူး... တုလင်ပဲ နိုင်လိမ့်မယ်”
“ဘာလို့လဲ...”
လင်းမင်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ သူသိထားသလောက် ဆိုလျှင် ရွေးချယ်ခံ အဆင့်အတန်းမှာ ကျင့်ကြံခြင်း အခြေခံ အနိမ့်အမြင့် တစ်ခုတည်းကိုသာ တိုင်းတာခြင်း မဟုတ်ချေ။ ခွန်အား၊ နားလည်မှု၊ အမြန်နှုန်း စသည်တို့ကို အချိုးညီညီ တိုင်းတာခြင်းဖြစ်သည်။
သို့သော်လည်း... အသံပိုင်ရှင်က ခေါင်းကို ခါယမ်းရင်း တုန့်ပြန်လိုက်၏။
“တုလင်က ခေတ်သစ်တစ်ခု အတွက် စံပြ ဖြစ်လာမယ့် လူပဲ... သူက ဘာလို့ ရှုံးရမှာလဲ... တုလင် အနိုင်ရလိမ့်မယ် ဆိုတာ ငါတင် မကဘူး... ဘေးနားက ဝိုင်ထည့်ပေးရတဲ့ အစေခံလေးက လွဲရင် အဓိက ခန်းမထဲက မြေကြီး ရှန့်ထို အားလုံး သိတယ်”
“မြေကြီး ရှန့်ထို အားလုံးလား...”
လင်းမင်မှာ ဆွံ့အ သွားခဲ့၏။ သူက ပွဲကြည့်စင်၏ အမြင့်ဆုံး နေရာများ၌ ထိုင်နေကြသည့် မြေကြီး ရှန့်ထိုများကို မော့ကြည့်လိုက်မိသည်။ ဘေးနားက ဝိုင် ထည့်ပေးသည့် အစေခံလေး ဆိုသည့် စကားကိုတော့ သူလည်း သိပ်နားမလည်ပါချေ။
“ဒါဆို သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေရော မသိဘူးလား... သူတို့က အဂ္ဂိရတ် တာအိုမှာ အတွေ့အကြုံ အရှိဆုံး လူတွေပဲလေ... ဘာလို့ ဆက်ပြီး တိုက်ပွဲဝင် နေရသေးတာလဲ”
“ကိုယ်တိုင် ပါဝင်နေတဲ့ လူတွေက အမှန်တရားကို မြင်နိုင်ဖို့ ခက်တယ်... အသက်တစ်ရာ မပြည့်သေးတဲ့ လူငယ်လေး တစ်ယောက်ကို အရှုံးပေးဖို့ဆိုရင် ပိုပြီးတော့တောင် ခက်သေးတယ်... ကျင့်ကြံခြင်း ဆိုတာက အတားအဆီးတွေကို ကျော်လွှားဖို့ပဲ... သူတို့စိတ်ထဲမှာ တုလင်က အဂ္ဂိရတ် တာအို အတွက် ကျော်လွှားဖို့ အတားအဆီး တစ်ခုလို့ မှတ်ယူထားတဲ့ပုံ ပေါ်တယ်...”
အသံပိုင်ရှင်က ရှင်းပြလိုက်၏။ သူ၏ လေသံက သနား စက်ဆုပ်ကာ လှောင်ပြောင်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်။
“...”
လင်းမင်မှာ ပင့်သက်တစ်ချက် ရှိုက်ရင်း အငယ်ဆုံး သားလေးနှင့် ပြုံးရယ်ကာ စကားပြောနေသည့် ဝတုတ်တုတ် လူကြီးကို လှမ်းကြည့်လိုက်မိသည်။ ဤသို့ဆိုလျှင်... သူက ကျိန်းသေ နိုင်တော့မည်လော။
...
သီးသန့် ဟင်းလင်းပြင် အတွင်းတွင်တော့ ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ မျက်ဝန်းများက ပျင်းရိနေဟန် ရလေ၏။
“ရလဒ်က ဒီလောက် ရှင်းလင်းနေပြီပဲဟာ... ဘာလို့ ရှေ့ဆက်ကြမှာလဲ”
အင်ပါယာ အကြံပေး၊ အဆုံးမဲ့ သိုင်းဧကရာဇ်နှင့် ယွီစွန်းလီတို့မှာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြ၏။ ဝိညာဉ်ရှန့်ထို ဧကရာဇ် ပြောသည်မှာ အမှန်ပင် ဖြစ်သည်။
တုလင်မှာ အထွတ်အထိပ် အရည်အသွေး ရှိသည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးတစ်လုံးကို ဖန်တီးထားကြောင်း ရှင်းလင်းလှသည်။ သူ၏ လောကနယ်မြေက အလွန်ပင် ခိုင်မာကာ မယုံကြည်နိုင်လောက်အောင် အင်အားကြီးမား လှသည်။ ထိုလောကနယ်မြေနှင့် အတူ တုလင်မှာ အာကာသ ပဲ့တင်သံ အဆင့် ရွေးချယ်ခံတိုင်းကို အနိုင်ယူနိုင်စွမ်း ရှိပေသည်။
အခြား ရွေးချယ်ခံ သူရဲကောင်း လူငယ်လေးများကတော့ သူတို့နှင့် အဆင့်တူ သို့မဟုတ် အဆင့် နှစ်ဆင့် ပိုမြင့်သည့် ရွေးချယ်ခံများကို အနိုင်ယူဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော်... ဝိညာဉ် ဆင်းတု အဆင့်၌ ရှိသည့် ရွေးချယ်ခံတိုင်းလိုလိုမှာ ထာဝရ နယ်မြေ ဆေးလုံးများကို သောက်သုံး ထားကြသောကြောင့်ပင်။
ထာဝရ နတ်ဘုရားမှာ ငြိမ်သက်စွာပင် အလင်း မျက်နှာပြင်ကို ငေးကြည့် နေခဲ့၏။ သူ၏ အမူအရာနှင့် အတွေးများကို မည်သူမှ ဖောက်ထွင်း မြင်နိုင်စွမ်း မရှိပါချေ။ ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ စကားကို ကြားသည့်တိုင် သူက မလှုပ်မရှား ရှိနေဆဲ ဖြစ်လေသည်။ သို့သော်လည်း... မကြာခင်မှာပင် မဟာ ပုရောဟိတ်က ပထမဆုံး အကြိမ် စကားပြော လာခဲ့၏။
“သူ ပြောတာ မှန်တယ်...”
သူမ၏ စကားလုံးများက အားလုံး၏ အမူအရာများကို ပြောင်းလဲ သွားစေခဲ့၏။ ထာဝရ နတ်ဘုရား ပင်လျှင် သူမ ဘက်ကို လှည့်ကြည့်လိုက်၏။ မဟာ ပုရောဟိတ် ကိုယ်တိုင် ထိုကဲ့သိ့ ပြောလာခဲ့ပြီဖြစ်လေရာ ခြားနားသည့် ရလဒ် တစ်ခု ထွက်ပေါ်လာဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ စွမ်းအားကား အံ့အားသင့်စရာ ကောင်းလွန်းလှပေသည်။
အင်ပါယာ အကြံပေးပင် ဝင်ရောက် ပြောလိုက်၏။
“ဒီပြိုင်ပွဲကို ဆက်လုပ်နေမယ် ဆိုရင် သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေရဲ့ ကျင့်ကြံခြင်း နှလုံးသားက လုံးဝ ပြိုလဲ သွားလိမ့်မယ်... အဲဒီအခါ ဖြစ်လာမယ့် အကျိုးဆက်က ရိုးရိုး အဂ္ဂိရတ် တိုက်ပွဲတွေမှာ ရှုံးတာထက် အများကြီး ပိုလိမ့်မယ်... နောက်ပြီး ဝေ့ဝူယင်ရဲ့ ပုံရိပ်က သူတို့ရဲ့ စိတ်နဲ့ နှလုံးသားထဲမှာ အချိန် အကြာကြီး စွဲထင် သွားလိမ့်မယ်”
အဆင့်တူများ အကြား ပြိုင်ဆိုင်ရင်း ရှုံးနိမ့်သွားပါက ထိုအရာက ပြဿနာ သိပ်မရှိလှချေ။ မူယုယ နိုင်နိုင်၊ စန်းလော့ယန် နိုင်နိုင်၊ ဟွမ်ရီကောင်း နိုင်နိုင်... ပိုမို ကောင်းမွန်သည့် မျိုးစေ့ကြောင့် ဖြစ်ကြောင်း အားလုံး လက်ခံနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ ဆယ့်ရှစ်လ လုံးလုံး ပျောက်နေခဲ့ခြင်း ဖြစ်သည်။ သူက အသက်တစ်ရာပင် ပြည့်သေးသူ မဟုတ်ချေ။ လော့နင်မှာ အဆင့်တက်ရန် ကျရှုံးခဲ့သည့် အဂ္ဂိရတ် အင်ပါယာ တစ်ယောက် ဖြစ်သည်။ သူမတွင် အမွေအနှစ်ပင် မရှိချေ။
အကယ်၍ တုလင်သာ အနိုင်ရရှိသွားပါက ဝေ့ဝူယင်မှာ အဂ္ဂိရတ် လမ်းစဉ်၏ အကြွင်းမဲ့ သင်္ကေတ တစ်ခု ဖြစ်သွားမှာ ကျိန်းသေပေသည်။ သူက ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာပေလိမ့်မည်။ ထာဝရ နတ်ဘုရား အကြောက်ဆုံးကလည်း ထိုအရာပင် ဖြစ်သည်။
အကယ်၍ ဝေ့ဝူယင်ထံတွင်သာ အဂ္ဂိရတ် ဝိညာဉ် ရှိပါက မြေကြီး ရှန့်ထို အားလုံးမှာ သူ့ရှေ့တွင် ဒူးထောက်ကာ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေလောက်ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် အဂ္ဂိရတ် ဝိညာဉ်မှာ ဝေ့ဝူယင်၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်နေခဲ့သည်။ ထိုအရာက ထာဝရ နတ်ဘုရားကို စိတ်သက်သာရာ ရစေခဲ့သည့် အရာလည်း ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ အဂ္ဂိရတ် ပါရမီ တစ်ခုတည်းဖြင့်ပင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို နှစ်တစ်ရာ အတွင်း တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ ဤနှုန်းအတိုင်းသာ ဆက်လက် တိုးတက်သွားပါက သူက အနာဂတ်တွင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာမှာ ကျိန်းသေသည်။
"..."
ထာဝရ နတ်ဘုရား၏ အမူအရာက မှန်ကို စိုက်ကြည့်ရင်း သုန်မှုန်နေ၏။ အမှန်အတိုင်း ဝန်ခံရပါက... ဖွံ့ဖြိုးခြင်း အဆင့် လေးဆယ့် နှစ်လကို သူ ပြီးပြီးရော သတ်မှတ်ခဲ့ခြင်း မဟုတ်ချေ။ အစစ၊ အရာရာ တွက်ချက်ပြီးမှ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း... ထိုအချိန်တိုလေး အတွင်းမှာပင် ဝေ့ဝူယင်မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သန့်စင်နိုင်ခဲ့သည်။ ထို့နည်းတူ... တုလင်မှာလည်း ဝိညာဉ် ဆင်းတု အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။
သူ ဟွမ်ရီကောင်းကို စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ ထိုခွေးမသားကြီး... သူသာ ဝင်မရှုပ်ခဲ့ပါက ဝေ့ဝူယင်မှာ လော့နင်ကို ရရှိခဲ့လိမ့်မည် မဟုတ်ချေ။ ထိုအခါ... လိုအပ်သမျှ ဆေးအားလုံးကို ကိုယ်တိုင် ကိုယ်ကျ ဖော်စပ်ရလိမ့်မည် ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖော်စပ်ရန် သူ့အတွက် အချိန်ရတော့မည် မဟုတ်ချေ။
ထာဝရ နတ်ဘုရား၏ အမူအရာက ပိုမို၍ သုန်မှုန်လာခဲ့၏။ သူ ဘာလုပ်သင့်သနည်း။ ဝေ့ဝူယင်ကို အောင်နိုင်သူ တစ်ယောက် အဖြစ် ကြေညာလိုက်ရတော့မည်လော။ သို့တည်းမဟုတ်... ညီလာခံကို ဖျက်သိမ်းလိုက်သင့်သလော။ မဖြစ်သေးချေ။
ထာဝရ နတ်ဘုရားထံမှ ကြေညာသံကို စောင့်ဆိုင်း နေကြချိန်မှာပင် မည်သူမှ မျှော်လင့် မထားသည့် ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ ၎င်းကား... မဟာစက်ဝန်း ရှန့်ထို ညီလာခံ ကျင်းပရာ လျှို့ဝှက် နယ်မြေ တစ်ခုလုံး အပြင်ဘက်မှ မုန်တိုင်း တစ်ခု တိုက်ခတ် ခံရသလို တုန်ရီလာခဲ့ခြင်းပင်။
***