ကမ္မတန်ဖိုး ဖြတ်တောက်မှု
Vol. 76 Ch. 1060
ဂျိန်း... ဒလိန်း...
မိုးကြိုးထစ်ခြုန်းသံများက နေရာအနှံ့ မြည်ဟီးလာခဲ့လေသည်။ ပွဲကြည့်စင်ကြီး တစ်ခုလုံးက ငလျင်လှုပ်သလို တဖျပ်ဖျပ် တုန်ရီနေသည်။ အမည်မသိ ဖိအားတစ်ခုမှာ ကောင်းကင်မှ နေ၍ အရှိန်အဟုန်နှင့် ကျဆင်း လာခဲ့၏။
“အား... အမလေး...”
ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများမှာ နာကျင်စွာ အော်ဟစ် လိုက်ကြရကာ များစွာမှာ မျက်လုံး၊ နှာခေါင်း စသည့် ဒွါရပေါက်များမှ သွေးများပင် စီးကျလာခဲ့၏။ ကျင့်ကြံခြင်း အဆင့်မြင့်သည့် ကျင့်ကြံသူများပင်လျှင် ကမ္ဘာပျက် ငလျင် တစ်ခုနှင့် ကြုံတွေ့နေရသလို ခန္ဓာကိုယ်များ ယိမ်းယိုင် နေကြသည်။
ခရက်... ခရက်...
ရွေးချယ်ခံ သူရဲကောင်းများ ရှိနေသည့် စင်မြင့်ကြီးမှာ စတင်ကာ အက်ကွဲလာခဲ့၏။ ထို့နောက် အဆင့်မြင့် ကြယ်တာရာ သတ္တုများနှင့် ဖန်တီးထားသည့် အဓိက ခန်းမကြီး၏ နံရံများ...
“ဘာတွေဖြစ်နေတာလဲ...”
လင်းမင်၏ နှလုံးသားက မထိန်းချုပ်နိုင်စွာ တုန်ရီလာ၏။ သူက ချက်ချင်းပင် လော့နယ်မြေကို ဖြန့်ကျက် လိုက်သည်။ ၎င်းက အတုအယောင် လောကနယ်မြေ မဟုတ်သည့် အစစ်အမှန် လောကနယ်မြေ တစ်ခုပင် ဖြစ်သည်။ သူကား လောကသခင် အဆင့်ကို ခြေချနိုင်ခဲ့ပြီး ဖြစ်သည်။
အခြားလူများမှာလည်း တူညီသည့် လှုပ်ရှားမှုများကို ပြုလုပ်လာကြ၏။ ပိုင်လင်က နေရာ အနှံ့ပြန့်ကျဲနေသည့် အာဏာရှင် အဖွဲ့သားများကို ကာကွယ်ရန် အတွက် နိဗာန မီးတောက်များကို ပွဲကြည့်စင် တစ်ခုလုံးအား ခြုံငုံကာ ဖြန့်ကျက် လိုက်၏။ သူမ၏ ကာကွယ်ပေးမှု အောက်၌ ဒွါရပေါက်များမှ သွေးလျှံကာ သေအံမူးမူး ဖြစ်ကြသူများ သက်သာရာ ရသွားကြလေသည်။
ထန်မျိုးနွယ် ဘိုးဘေးမှာ နိဗာန မီးတောက်များထံမှ ကြွယ်ဝသည့် မီးအရင်းအမြစ်များကို ခံစားလိုက်မိ၏။ သူမ၏ ခန္ဓာကိုယ်က လောဘများနှင့် ပြည့်လျှံလာကာ ၎င်းတို့ကို စုပ်ယူချင်လာခဲ့သည်။ သို့သော်လည်း... နိဗာန မီးတောက်များမှာ ပိုင်လင်၏ ဆန္ဒနှင့် ချိတ်ဆက်နေလေရာ စုပ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် အန္တရာယ် မီးတောက်များ အဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း သူမသိပေသည်။
ခရက်... ခရက်...
ထိုအခိုက်တွင်ပင် အဓိက ခန်းမ၏ နံရံများမှာ ပိုမို ကြီးမားသည့် အက်ကွဲကြောင်းကြီးများနှင့် ပြည့်နှက် လာခဲ့၏။ ၎င်းတို့က မကြာခင် အပိုင်းပိုင်း အစစ အဖြစ် ပျက်စီး ပြိုလဲသွားတော့မည့်ဟန် ရလေသည်။
“လျှို့ဝှက် နယ်မြေက ပြိုကျတော့မယ်”
မာ့ကျန်းက အော်ဟစ်လိုက်ရင်း သူ၏ လျှို့ဝှက် ဝိညာဉ် ဖြစ်သည့် ဆက်စပ်မှု အာကာသ ဝိညာဉ်ထံမှ စွမ်းအင်များကို နံရံများဆီ အရှိန်အဟုန်နှင့် သွန်းလောင်းလိုက်သည်။ အခြေအနေကို ပြန်လည် ထိန်းသိမ်းနိုင်ဖို့ သူက အကောင်းဆုံး ကြိုးစားလိုက်ခြင်းပင် ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း...
ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ၏။ မြေကြီး ရှန့်ထိုများမှာလည်း အလျှိုလျှိုပင် လှုပ်ရှား နေကြပြီ ဖြစ်လေသည်။ သူတို့က အတူတကွ စုပေါင်းကာ ထိခိုက် ပျက်စီးမှုများကို လျှော့ချဖို့ အစွမ်းကုန် ကြိုးစား နေကြ၏။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။
ဟန်ယုဟိုင်၏ မျက်ဝန်းများမှာ မတူကွဲပြားသည့် အရောင်ကိုးမျိုးဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ သူက အရှိန်အဟုန် ပြင်းစွာဖြင့် လျှို့ဝှက် နယ်မြေထဲမှ ပျံထွက်ကာ ထာဝရ နယ်မြေ၏ အမှောင် ဟင်းလင်းပြင် အတွင်း ရောက်ရှိလာခဲ့သည်။
ဧကရီ ရှောင်ချန်း၊ ပုပ်ရဟန်း မင်းကြီး ဟုန်ယန်နှင့် မာ့ကျန်းတို့ အပါအဝင် မြေကြီး ရှန့်ထို ဒါဇင် အနည်းငယ်မှာလည်း သူနှင့် အတူ ပါလာခဲ့သည်။
“ဒါက...”
ထို့နောက် ရုတ်တရက် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူတို့ အားလုံး၏ မျက်လုံးများမှာ ဝိုင်းစက် ပြူးကျယ်သွားခဲ့ကြတော့သည်။
...
လွန်ခဲ့သည့် လနှစ်ဆယ်နှင့် ရက်အနည်းငယ် ခန့်က...
...
ကမ္မတန်ဖိုး... ၄၄၈၃၄.၂ > ၄၁၅၅၅.၃
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၁၁ နှစ်
...
ငွေရောင်အလင်းများ ဝန်းရံသွားသော အခိုက်တွင်ပင် ဝေ့ဝူယင်မှာ ညာဘက် လက်မောင်းဆီမှ နာကျင်မှုကို ခံစားလိုက်ရ၏။ တစ်ပြိုင်နက်တည်း ဆိုသလိုပင် ခရာတိုထံမှ ဟိန်းဟောက်သံနှင့် မထီမဲ့ပြင် ရယ်သံများ ထွက်ပေါ်လာခဲ့သည်။ ထိုသိကြယ်တာရာ ဝိညာဉ်မှာ လခြမ်း ကျောက်စိမ်းသော့ထံမှ အာကာသ စွမ်းအင်များကို ရှင်းလင်းကာ လျူစုယင်၏ ကြိုးပမ်းမှုများကို ဖျက်ဆီး ပစ်တော့မည် ဖြစ်သည်။
သို့သော်လည်း ရင်းနှီးပြီးသား ဖြစ်သည့် နာကျင်မှုကို ခံစားလိုက်ရသော အခိုက်၌ ဝေ့ဝူယင်က ခရာတိုကို တားဆီးလိုက်သည်။ ထိုအခိုက်တွင်ပင် လောကကြီးမှာ တုန်ခါသွား၏။
ကမ္မဖြတ်တောက်မှု...
အလွန်ကြီးမားလှသော ကမ္မ ဖြတ်တောက်မှု...
ခရက်...
အချိန် ရပ်တန့်သွားသော အခိုက်၌ ကောင်းကင်တာအိုကို ကိုယ်စားပြုသည့် ရွှေရောင် အခိုးအငွေ့တန်းများက သူ့ခန္ဓာကိုယ်ကို ဝန်းရံနေကြောင်း ဝေ့ဝူယင် သတိထားလိုက်မိသည်။ ၎င်းတို့က လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်းများနှင့် အတူ သူ့ အကျိုးအမြတ် အတွက် အစီအစဉ်များ ချမှတ်နေပုံ ရလေသည်။
ကမ္မဖြတ်တောက်မှု မခံခဲ့ရသည်မှာ ဘယ်လောက်တောင် ကြာညောင်းခဲ့ပြီ ဖြစ်ကြောင်း ဝေ့ဝူယင် တွေးလိုက်မိသည်။ သူ သတိထားမိသည့် နောက်ဆုံး အကြိမ်က စစ်မြေပြင်ကို မဝင်ရောက်ခင်က ဖြစ်သည်။ နောက်တစ်ကြိမ်တော့ သူ့အတွက် မဟုတ်ချေ။ ဗာကီရီ အဖွဲ့ဝင် တစ်ယောက် အတွက် ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း သူ တွေးလိုက်မိသည်။
ညီလာခံကို ရောက်ရှိပြီး နောက်တွင်တော့ သူမက ရွှေရောင် မျက်လုံး၊ ခရမ်းရောင် အသားအရေနှင့် နတ်ဆိုးမလေးပင် ဖြစ်ကြောင်း ဝေ့ဝူယင် သေချာ သွားခဲ့သည်။ သူမက အဆုံးမဲ့ သိုင်းဂိုဏ်းကြီး၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်လေသည့် အပြင် ကျင့်ကြံခြင်း အခြေခံ အရာတွင်လည်း များစွာ တိုးတက် လာခဲ့လေရာ ကံကြမ္မာကောင်းများနှင့် ကြုံတွေ့ခဲ့ရဟန် ရသည်။
အပြစ်သား သွေးမျိုးဆက်၏ သက်ဝင်လှုပ်ရှားလာမှုမှ တစ်ဆင့် ဝေ့ဝူယင်မှာ ကောင်းကင်တာအို ဦးတည်နေသည့် ကံကြမ္မာကို တွေ့မြင်လိုက်ရ၏။
အာကာသ ဝေဟင်ဂိုဏ်း...
ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက ဝိညာဉ်အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပသွားခဲ့၏။ အမှန်တရား မျက်လုံး... လောက၏ မမြင်နိုင်သည့် စီးဆင်းမှု အမှန်တရားများမှာ သူ့ရှေ့တွင် စတင်ကာ ပေါ်လွင် လာခဲ့လေသည်။
...
အချိန် အေးခဲမှု ပြီးဆုံး သွားပြီးနောက် ဝေ့ဝူယင်က ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်၏။ ထိုအခါ ငွေရောင် အလင်းများမှာ သူ၏ ခန္ဓာကိုယ်ကို ခွဲထုတ်ကာ သီးခြား နေရာတစ်ထံ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်းတွေ့မြင်လိုက်ရသည်။
ဝူယုကတော့ တည်ငြိမ်စွာပင် ငွေရောင် အလင်းတန်းများကို လေ့လာနေကာ အန္တရာယ် ကင်းစွာ ဖောက်ထွက်နိုင်မည့် အားနည်းချက်ကို ရှာဖွေ နေခဲ့၏။ ထိုအကြောင်းအရာများကို ဖော်ပြရသည်မှာ ကြာမြင့်သည့်တိုင် တကယ်တမ်းတွင် စက္ကန့်ဝက်မျှ အချိန်အတွင်း ဆက်တိုက် ဖြစ်ပျက် နေခဲ့ခြင်း ဖြစ်သည်။
“ဒီနေရာပဲ...”
ချက်ချင်း ဆိုသလိုပင် ဝူယု၏ နှုတ်ခမ်းထက်၌ အပြုံး တစ်ခု ဖြစ်ပေါ်လာကာ လက်ကို မြှောက်၍ တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။ အချိန်ကိုက်ပင် အလွန် အားကောင်းသည့် လက်တစ်ဖက်က သူ့ခန္ဓာကိုယ်ကို လာရောက် ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရ၏။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် ဝူယုမှာ အရုပ်တစ်ရုပ်လိုမျိုး ဆွဲထုတ်ခံလိုက်ရကာ ငွေရောင် အလင်း နံရံများ အတွင်း ပျောက်ကွယ် သွားတော့သည်။
နဂါးခေါင်းဆောင်း၏ နောက်မှ ကျန့်ကျန့်၏ မျက်လုံးများမှာ ဖျပ်ဖျပ် တောက်ပသွားခဲ့၏။ သူသည်လည်းပဲ အလွန် သန်မာသည့် လက်တစ်ဖက်ကို ခံစား၍ ရပေသည်။ သူက နည်းနည်းလေးမျှ မလောပဲ ဝေ့ဝူယင်ကို လှမ်းကြည့်ကာ စိတ်ဖြင့် ဆက်သွယ်လိုက်၏
“ပညာရှင် တစ်ယောက်က မင်းရဲ့ အဂ္ဂိရတ် သူရဲကောင်းနဲ့ ငါ့ကို သီးခြား ဟင်းလင်းပြင် တစ်ခုဆီ ပို့တော့မယ့် ပုံပဲ... အမိန့်ပေးချင်တာ ရှိလား”
ကျန့်ကျန့်၏ လေသံက အဆုံးမဲ့ တည်ငြိမ်မှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ သူက အတွေ့အကြုံရင့် စစ်ဗိုလ်ချုပ် တစ်ယောက် ဖြစ်သည့် အပြင် အသိပညာ ဗဟုသုတ အရာတွင်လည်း ဝူယုထက် များစွာ ကြွယ်ဝသူ ဖြစ်သည်။
အကယ်၍ သူသာ ဆန္ဒရှိပါက ငွေရောင် အလင်းတန်းများ၏ ပို့ဆောင်မှုကို မျက်တောင် တစ်ခပ်စာ အတွင်း တားနိုင်ပေသည်။ ထိုကဲ့သို့ ပြုလုပ်ရန် သူ့ခွန်အား အပုံတစ်ထောင်ပုံ တစ်ပုံပင် မလိုအပ်ချေ။
“အေးဆေးနေပြီး ကျုပ် ဆက်သွယ်လာတာကို စောင့်နေပါ”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် တုန့်ပြန်လိုက်သည်။ ကျန့်ကျန့်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ခုခံမှုကို လျှော့ချလိုက်၏။ မကြာခင်မှာပင် သူသည်လည်း လက်ကြီး၏ ဆွဲခေါ်မှု အောက်၌ ပျောက်ကွယ် သွားခဲ့တော့သည်။
***