အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ
Vol. 76 Ch. 1061
ဝေ့ဝူယင်မှာ ငွေရောင် အလင်းများ၏ ပို့ဆောင်မှု အောက်၌ သုံးမိနစ်ခန့် ကြာအောင် ဆက်လက် ခရီးသွား နေခဲ့ရ၏။ ၎င်းက သူ့ ဟင်းလင်းပြင် ပေါ်တယ်များနှင့် မတူချေ။ အဇူရာ မူလ ကြယ်စင်စု၏ စစ်မြေပြင်ထံ ခေါ်ဆောင်သွားသည့် အာကာသ ခရီးသွားခြင်း ပုံစံမျိုး ဖြစ်သည်။
‘ကမ္မတန်ဖိုး သုံးထောင်ကျော်... ဒီလောက် များတဲ့ ကမ္မ ဖြတ်တောက်မှုမျိုး ငါ့ဘဝ တစ်လျှောက်လုံး ဒီတစ်ခါပဲ ကြုံဖူးတယ်”
ထိုအခိုက်၌ ဝေ့ဝူယင် စိတ်မလှုပ်ရှား ဆိုလျှင် လိမ်ရာကျလိမ့်မည် ဖြစ်သည်။ ၎င်းက သူ ကြုံတွေ့ဖူးသမျှ အကြီးကျယ်ဆုံးသော ကမ္မ ဖြတ်တောက်မှုကြီး ဖြစ်ပေသည်။
“ဒီလိုကြီး သွားရတာ မကြိုက်ဘူး”
ခရာတိုက ဟိန်းဟောက်ရင်း ပြောလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ရွေ့လျားသွားသည်။ ခရာတိုမှာ မိမိ ဆန္ဒ မပါပဲ အတင်းအကြပ် ပို့ဆောင်ခံရမှုမျိုးကို မကြိုက်ချေ။ ၎င်းက သူ၏ မာနနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်စေသည်။ ၎င်းက အဇူရာ မူလ စစ်မြေပြင်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် မတူချေ။ စစ်မြေပြင်ထံကို သူတို့ ကိုယ်တိုင်သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ဤတစ်ကြိမ်က လျှူစုယင်မှာ သူတို့ကို အတင်အကြပ် ခေါ်ဆောင် လာခဲ့ခြင်းပင် ဖြစ်သည်။ ကမ္မတန်ဖိုး ဖြတ်ဖြတ်၊ မဖြတ်ဖြတ် ဖိအားပေးခံရခြင်းက ဟင်းလင်းပြင် နဂါးတစ်ကောင် အတွက် မုန်းတီးစရာ ကောင်းလွန်းသည်။
" တလွဲ မတွေးနဲ့... ဒါက ငါတို့ရဲ့ ရွေးချယ်မှုလေ... ဒီနေရာကနေ ထွက်ချင်ရင် ငါတို့ဆီမှာ နည်းလမ်းပေါင်း သောင်းနဲ့ချီ ရှိပြီးသား... ငါတို့ ကိုယ်တိုင် သွားဖို့ ရွေးချယ်ခဲ့တာ”
ဧဒင်က ခရာတိုကို ဖျောင့်ဖျဖို့ ကြိုးစားလိုက်၏။
“အကုန်လုံး ယူကြမယ်... အကုန်ကြမယ်”
အိုရီကတော့ ထုံးစံအတိုင်း အားတက်သရော အော်ဟစ်လိုက်၏။ ခရာတိုက ဟိန်းသံ ခပ်ဖျော့ဖျော့ ပေးကာ အိုရီကို ထောက်ခံလိုက်သည်။ အကုန်လုံး ယူရမှသာ သူ့စိတ်ထဲမှ မကျေနပ်ချက်များက ပြေလျော့သွားလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် အသာအယာ ပြုံးလိုက်မိ၏။ သူ့ကြယ်တာရာ ဝိညာဉ်များမှာ သူ မည်ကဲ့သို့ ကောင်းချီးခံ ဖြစ်ကြောင်း သိရှိကြပေသည်။ အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက် အနေဖြင့် ကမ္မတန်ဖိုး ၃၀၀၀ မှာ အခြေခံမျှသာ ဖြစ်သည်။ အလားအလာက အကန့်အသတ် မရှိသည် အထိ မြင့်တက်သွားနိုင်စွမ်း ရှိပေသည်။
ကမ္မတန်ဖိုး ၉၁၇.၆ ဖြင့် သူ ဆက်စပ်မှု စစ်မြေပြင်တွင် ရှိသမျှ အရာအားလုံးကို ရရှိခဲ့သည်။ ကမ္မတန်ဖိုး ၂၁၀.၁ ဖြင့် အထွတ်အထိပ် အဆင့် လျှို့ဝှက် တာရာ မိုင်းတွင်း တစ်ခုကို ရရှိခဲ့သည်။
ယခုတစ်ဖန် ကမ္မတန်ဖိုး ၃၀၀၀ ကျော်...
၎င်းက စိတ်ကူးဖြင့်ပင် ရူးသွပ်ဖွယ် ကောင်းလွန်းလှသည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ စိတ်ထဲမှ အစီအစဉ်များ ဆွဲလိုက်မိ၏။ ကမ္မဖြတ်တောက်မှုတိုင်း၌ အံ့မခန်း ကံကောင်းမှုများကို ရရှိခဲ့သည် ဆိုသော်လည်း နှစ်ကြိမ်စလုံး ကျင့်ကြံခြင်း အဆင့်ထက် ပိုမိုသည့် အန္တရာယ် များစွာကို ရင်ဆိုင်ခဲ့ရသည်။
ကမ္မတန်ဖိုး ၂၁၀.၁ မှာတုန်းက သူ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်နှင့် ရင်ဆိုင်ခဲ့ရသည်။ ကမ္မတန်ဖိုး ၉၁၇.၆ မှာတုန်းကလည်း လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုက ကမ္မတန်ဖိုး ၃၀၀၀ ဖြစ်သည်။
“...”
ဝေ့ဝူယင် ဖြစ်နိုင်ချေများကို တွက်ချက် နေစဉ်မှာပင် ငွေရောင် အလင်းတန်းများမှာ တဖြည်းဖြည်း ပြန်လည် ပြေလျော့ သွားခဲ့၏။ အာကာသ ပို့ဆောင်မှုက အဆုံးသတ်သို့ ရောက်ရှိသွားခဲ့သည့်ဟန် ရလေသည်။ ဝေ့ဝူယင် ဆက်စပ်မှု စစ်အလံကို ကိုင်ရင်း ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ် ကြည့်လိုက်၏။
သူ မြင်တွေ့နိုင်သမျှက အဆုံးမဲ့ ကျယ်ပြန့်သည့် မီးခိုးရောင် ကောင်းကင်နှင့် လှပသော ငွေရောင် တိမ်တိုက်များ ဖြစ်ပေသည်။ ၎င်းတို့က အရပ် ရှစ်မျက်နှာသို့ တသမတ်တည်း ပြန့်ကျဲနေကာ အဆုံး၊ အစ မရှိသည့်ဟန် ရသည်။ ပုံမှန်အားဖြင့် စက်ဝိုင်းပုံ ဂြိုဟ်တစ်ခုတွင် ဆိုလျှင် အောက်သို့ စိုက်ဝင်သွားသည့် မိုးကုပ်စက်ဝိုင်း ရှိသော်လည်း ဤနေရာတွင်တော့ မရှိချေ။ ၎င်းက ကုန်းမြေတိုက်ကြီး တစ်ခုနှင့်ပင် ပိုမို၍ တူနေသေး၏။
ဝေ့ဝူယင် အပေါ်တည့်တည့်ကို မော့ကြည့်လိုက်၏။ ထိုအခါ ကောင်းကင်ထက်၌ နေကြယ် တစ်စင်း ရှိနေကြောင်း တွေ့လိုက်သည်။ ၎င်းက မီးခိုးရင့်ရောင် ရှိသော်လည်း နူးညံ့သည့် အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ထိုနေကြယ်၏ ပတ်လည်တွင်တော့ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် သုံးကွင်းမှာ ဝန်းပတ်လျှက် တည်ရှိ၏။ ၎င်းတို့က ထူးဆန်းသော ပတ်လမ်းများနှင့် အတူ အလွန် လျှင်မြန်စွာပင် လှည့်ပတ် နေကြသည်။
ဝေ့ဝူယင်မှာ ဘေးနားမှ တည်ရှိမှု တစ်ခုကို ခံစားလိုက်ရ၏။ သူ လှည့်ကြည့်လိုက်တော့ လျူစုယင်ကို တွေ့လိုက်ရသည်။ ဧဒင်ထံမှ တစ်ဆင့် သူမ၏ စိတ်ခံစားချက် အတက်အကျလှိုင်း တစ်ချို့ကို ဝေ့ဝူယင် ဖမ်းယူ ရရှိလိုက်၏။ မိန်းကလေးမှာ ဝေ့ဝူယင်ကို ယခုလို ခေါ်ဆောင်လာနိုင်သည့် အတွက် ဂုဏ်ယူကာ ကျေနပ် နှစ်သိမ့်နေဟန် ရလေသည်။
“ဒါက ဘယ်နေရာလဲ..”
ဝေ့ဝူယင်က မြေပြင်ကို ကြည့်ရင်း မေးလိုက်၏။ မြေမျက်နှာပြင်က အညစ်အကြေး ကင်းစင်ကာ ဖုန်နှုန့် သဲများကိုပင် မတွေ့ရချေ။ ၎င်းက ကျောက်စိမ်း ကဲ့သို့ ချောမွေ့ နေ၏။ တစ်ချက် ထိကြည့်ရုံဖြင့်ပင် ၎င်းမှာ အရည်အသွေး အမြင့်မားဆုံးသော ကြယ်တာရာ အဆင့် သံမဏိထက် ပိုမို မာကြောကြောင်း ဝေ့ဝူယင် မှတ်ချက် ချလိုက်မိသည်။
“အလွှာကြားက လောက... အကာကသ ဝေဟင်ဂိုဏ်းရဲ့မြေ... ကြိုဆိုပါတယ်... ကောင်လေး”
လျူစုယင်က ထူးမခြားနား အမူအရာဖြင့် အဖြေပေးလိုက်လေ၏။
“အလွှာကြားက လောက...”
ဝေ့ဝူယင်က လိုက်လံ ရွေတ်လိုက်သည်။
“အဲဒါက ဒီနေရာရဲ့ နာမည်လား... တည်ရှိနေတဲ့ နေရာကို ပြောတာလား”
"နှစ်ခုစလုံးပဲ...”
လျူစုယင်က ပြောရင်း စတင် လမ်းလျှောက်လိုက်၏။ သူမက ဝေ့ဝူယင် ဘာလုပ်ရမည်၊ ဘယ်ကို သွားရမည်ကို လမ်းညွှန်ခြင်း မရှိပါချေ။ သို့သော်လည်း... ဝေ့ဝူယင် ထံတွင် ရွေးချယ်စရာ ဘယ်လောက် များလို့နည်း။
ဝေ့ဝူယင် မချိပြုံးပြုံးရင်း လျူစူယင်၏ နောက်မှ လိုက်လာခဲ့သည်။ ထိုအတွက်လည်း သူ ဒေါသမထွက်ပါချေ။ ထို့အစား... ပျော်စရာ ကောင်းသလိုပင် ခံစားလိုက်ရ၏။
ဖောက်... ဖောက်... ဖောက်...
ကြမ်းပြင်ပေါ် ခြေချလိုက်တိုင်း ရေပေါ် ခဲလုံးကျသလို အသံကလေးများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့က ညင်သာကာ ကိုယ်ပိုင် စည်းချက်နှင့် ဂီတသံစဉ် တစ်ခုအလား ထင်ရ၏။ ဝေ့ဝူယင် အောက်ကို ငုံ့ကြည့်လိုက်တော့ ခြေတစ်လှမ်းချင်းစီတိုင်းတွင် လှိုင်းဂယက်လေးများ ထသွားသည်ကို တွေ့မြင်လိုက်ရသည်။
ဝေ့ဝူယင် စိတ်ဝင်စားသွားကာ ထိုလှိုင်းများကို သေချာစွာ လေ့လာလိုက်၏။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လှိုင်းကလေး သုံးခု ပေါ်လာသည်။ သို့သော်လည်း ၎င်းတို့က ဘယ်တော့မှ ဘေးဘက် နေရာမျိုးသို့ ဖြန့်ကျက်သွားခြင်း မရှိပါချေ။ ဝေ့ဝူယင် အံ့သြသွားကာ ခြေထောက်ကို အားနည်းနည်းစိုက်၍ နင်းလိုက်၏။ ထိုအခါ လှိုင်းတစ်ခု ပိုမို၍ တိုးလာကာ လေးခု အထိ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းပင်... ၎င်းမှာ ဝေ့ဝူယင် အတွက် ကိုယ်တိုင် ဖန်တီးထားသည့် ဂိမ်းတစ်ခု သဖွယ် ဖြစ်သွားခဲ့၏။ သူက ခြေလှမ်းတိုင်း၌ ခွန်အားကို ပိုမို စိုက်ထုတ်လာခဲ့သည်။ မည်မျှ လှိုင်းများများကို သူ ဖန်တီးနိုင်မည်နည်း။
ရုပ်ခန္ဓာ ခွန်အား၏ ဆယ်ပုံတစ်ပုံခန့်ကို ရောက်သော အခိုက်၌ လှိုင်းကလေးများက ဒါဇင် ဂဏန်း အထိ ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။ သို့သော်လည်း... ၎င်းတို့က သတ်မှတ်ထားသည့် ဧရိယာထဲမှ တစ်ပါး အပြင်ကို ဖြန့်ကျက် ပြေးလွှားသွားခြင်း မရှိပါချေ။ လျှင်မြန်စွာ ပေါ်ကာ လျှင်မြန်စွာ ပျောက်ကွယ် သွားကြ၏။
ဝေ့ဝူယင်မှာ ကလေး တစ်ယောက်လိုမျိုး ခံစားလာရ၏။ သူက ခြေတစ်လှမ်းချင်းစီကို ပိုမို အားစိုက်၍ နင်းချေကာ ရှေ့သို့ ဆက်လိုက်သည်။ ထိုကဲ့သို့ လွတ်လပ်သည့် ပျော်ရွှင်မှုမျိုး မခံစားခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ဘုတ်...
မကြာခင်မှာပင် ဝေ့ဝူယင်မှာ အရှိန်လွန်ကာ အရှေ့ရှိ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးကို ဝင်တိုက်မိသွား၏။ သူက ချက်ချင်းပင် ခန္ဓာကိုယ် ဟန်ချက်ကို ပြန်ထိန်းကာ နောက်သို့ ဆုတ်လိုက်သည်။
ဝေ့ဝူယင် ခေါင်းမော့ကြည့်လိုက်မိသော အခိုက်၌ သူ့ကို စိုက်ကြည့် နေသည့် လျူစုယင်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်ဝန်းများထဲ၌ ထူးဆန်းသည့် အလင်း တစ်ခု ဖြစ်တည်နေခဲ့၏။
“ဘာကြည့်တာလဲ... အဲဒီလို ကစားတာ မမြင်ဖူးဘူးလား”
ဝေ့ဝူယင် ခပ်တည်တည်ဖြင့် ပြန်မေးလိုက်၏။ လျူစုယင်မှာ အတန်ကြာ ငြိမ်သက်နေပြီး နောက်မှ ခေါင်းခါလိုက်သည်။
“အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံထဲ နစ်ဝင် မသွားအောင် သတိထား... မဟုတ်ရင် အဲဒီနေရာမှာ ထာဝရ ပိတ်မိနေလိမ့်မယ်”
သတိပေးပြီးနောက် လျူစုယင်က နောက်သို့ ပြန်လှည့်လိုက်၏။ ထို့နောက် သူမက ပထမ လမ်းကြောင်း အတိုင်း ဆက်လက် လမ်းလျှောက် သွားခဲ့လေသည်။
“...”
ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွားခဲ့၏။ သူက အောက်သို့ ငုံကြည့်ကာ ကြမ်းပြင်ကို နောက်တစ်ကြိမ် လေ့လာလိုက်သည်။ ထိုအခါ စောစောက သူနင်းလိုက်သည့် နေရာတွင် အက်ကွဲကြောင်း အချို့ ရှိနေသည်ကို တွေ့လိုက်ရ၏။ သို့သော်လည်း... ၎င်းတို့က လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားနေခဲ့လေသည်။
ဝေ့ဝူယင် ပိုမို၍ စိတ်ဝင်စား သွားခဲ့၏။ ထိုကြမ်းပြင်အောက်တွင် ကမ္ဘာတစ်ခု ရှိနေသည်လော။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ... ထိုအရာကရော အဘယ်နည်း။
“ဟမ့်... ငါတို့က ဆန္ဒရှိတဲ့ နေရာကို ဝင်နိုင်သလို ထွက်လည်း ထွက်နိုင်တယ်... ဝင်ကြည့်ရအောင်လေ... နော်”
ခရာတိုက ဝေ့ဝူယင်ကို ကပ်တိုး ပြောရင်း ဖျောင့်ဖျဖို့ ကြိုးစားလိုက်၏။ လူငယ်ကတော့ ခရာတို၏ စကားကို အဆုံးတိုင် လျစ်လျူထားကာ အဆုံးမဲ့ ဟင်းလင်းပြင်ကြေးမုံ ဆိုသည့် အရာကို အသေအချာ စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ၎င်းကို ထိကြည့်လိုက်တော့ တစ်စုံတစ်ရာနှင့် တူညီနေသလို ခံစားချက်မျိုး ရရှိလိုက်၏။ သို့သော်လည်း... သူ သေသေချာချာ မမှတ်မိချေ။
"ကြယ်တာရာ အသိုက်လား...”
ဧဒင်က သတိပေးလိုက်၏။
“ဟုတ်တယ်...”
ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားသည်။ သူ၏ အသိစိတ် ပင်လယ် အတွင်းရှိ အတွေးနှင့် မှတ်ဉာဏ် အားလုံးမှာ ဧဒင်နှင့် တိုက်ရိုက် ချိတ်ဆက် နေပေသည်။ ထို့ကြောင့်ပင် ဧဒင်မှာ သူ့ တဒင်္ဂ အတွေးတိုင်းကို အခြား ကြယ်တာရာ ဝိညာဉ်များထက် ဦးစွာ သိပေသည်။
ထိုအဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်မှာ သူ့ဘဝ တစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် တစ်ခုချင်းစီကို စိတ်စွမ်းအင် ကုန်ကျမှု မရှိပဲ ပြန်ဖော်ပေးနိုင်သည့် ယန္တရား တစ်ခု သဖွယ်လည်း ဖြစ်သည်။
"ဆင်တယ်... ဒါပေမဲ့ မတူဘူး”
ဧဒင်က မှတ်ချက် ချလိုက်၏။ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိသည်။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ရည်ရွယ်ချက်က အဘယ်နည်း။ ကြယ်တာရာ အသိုက်ထဲရှိ တစ်ခုကရော အဘယ်နည်း။
***