← Chapters

ကောင်းကင်မျိုးနွယ်

Vol. 76 Ch. 1062

ကောင်းကင်မျိုးနွယ်

Vol. 76 Ch. 1062

“အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရဲ့ ရည်ရွယ်ချက်က ဘာလဲဗျ...”

ဝေ့ဝူယင်က လျူစုယင်ကို အမှီလိုက်ရင်း မေးလိုက်၏။ မိန်းကလေးကလည်း လျှို့ဝှက်ထားခြင်း မရှိပါပဲ ရှင်းပြလိုက်သည်။

“အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ဆိုတာက အလွှာတွေကြားက လောကရဲ့ အခြေခံ အုတ်မြစ်ပေါ့လေ... တစ်နည်း ပြောရမယ် ဆိုရင် အလွှာပဲပေါ့”

သို့သော်လည်း... သူမ၏ အဖြေက ဝေ့ဝူယင်၏ သိလိုစိတ် အာသိသကို နည်းနည်းလေးမှ ပြေလျော့သွားအောင် လုပ်နိုင်စွမ်း မရှိပါချေ။ အထူးသဖြင့် မိန်းကလေး၏ စကားထဲမှ အလွှာ၊ လောက စသည့် အဓိက အသုံးအနှုန်းများကို ဝေ့ဝူယင် သိပ်နားမလည်ချေ။

“အလွှာဆိုတာက ဘာလဲ...”

ဝေ့ဝူယင် ထပ်မေးလိုက်၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ လျူစုယင်မှာ မဖြေပါချေ။ သူမက တိတ်ဆိတ် နေခဲ့သည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ပထမ မေးခွန်းအား ဖြေပြီးလျှင် ပြီးချင်း ဝိညာဉ်အာရုံ ဆက်သွယ်မှုနှင့် ဆင်တူသည့် စွမ်းအင် လှုပ်ရှားမှု အချို့ကို ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ မိန်းကလေးထံတွင် သူ အာရုံခံခဲ့မိသည်။ သူမက တစ်ယောက်ယောက်နှင့် ဆက်သွယ်နေသည်လား။ ဝေ့ဝူယင် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ သို့သော်လည်း မျက်စိတစ်ဆုံး မြင်နိုင်သမျှက အဆုံးမဲ့ ပြန့်ပြူးလှသော ကြမ်းပြင်တွင် မီးခိုးရောင် ကောင်းကင်သာ ဖြစ်သည်။

“ကျုပ် ဝိညာဉ်အာရုံကို ဆန့်ထုတ်ကြည့်လို့ ရတယ်မလား...”

ဝေ့ဝူယင် မေးလိုက်၏။ မရေမတွက်နိုင်သည့် ဂိုဏ်းများတွင် အရေးကြီး နေရာများကို ကာကွယ်ထားသည့် ဝင်္ကပါများ၊ အစီအရင်များ ရှိတတ်ကြပေသည်။ လောကဂိုဏ်းကြီး တစ်ခုဆိုလျှင် ပို၍ပင် တင်းကြပ်နိုင်သေးသည်။ သို့ဖြစ်လေရာ... ဝိညာဉ်အာရုံကို မမေးမြန်း၊ မစူးစမ်းပဲ ဆန့်ထုတ်လိုက်ပါက ဘေးထွက် ဆိုးကျိုး တစ်ခုခု ဖြစ်ပေါ်လာမည်ကို ဝေ့ဝူယင် စိုးရိမ် နေခဲ့ခြင်း ဖြစ်သည်။

"ရတယ်...”

လျူစုယင်က ပြောလိုက်၏။ ဝေ့ဝူယင်မှာ စိတ်သက်သာရာ ရသွားကာ ဝိညာဉ်အာရုံကို စတင် ဖြန့်ကျက်လိုက်သည်။

တစ်ဆယ် ကီလိုမီတာ...

ဘာမျှ မရှိချေ။

သူ တစ်ရာ ကီလိုမီတာ အထိ ထပ်မံ တိုးမြှင့်လိုက်၏။

နောက်တစ်ဖန် ဘာကိုမှ မတွေ့ရပြန်ချေ။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ သူ လျူစုယင်ကို အနည်းငယ် စောင်းကြည့် လိုက်သော်လည်း မိန်းကလေးက အနည်းငယ်မှ အရေးမလုပ်သည်ကို တွေ့လိုက်ရသည်။ အဆုံးသတ်၌ ဝေ့ဝူယင် ဝိညာဉ်အာရုံကို အကန့်အသတ်ထိ မြှင့်တင်ဖို့ ဆုံးဖြတ် လိုက်လေ၏။ ထိုဟင်းလင်းပြင်က ဘယ်လောက် ကျယ်ကြောင်း သူ တွေ့မြင်ချင်နေပြီ ဖြစ်သည်။

နှစ်ရာ ကီလိုမီတာ...

သုံးရာ ကီလိုမီတာ...

ဝေ့ဝူယင် လောကပင်လယ် အဆင့်ကို ရောက်ရှိခဲ့စဉ်က သူ၏ ဝိညာဉ်အာရုံမှာ ၃.၆ မဂ္ဂမီတာ (ကီလိုမီတာ ၃၆၀၀) အထိ ရောက်ရှိခဲ့သည်။ ယခု သူက လောကသခင် တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဟူး... ဟူး...

ကြောက်မက်ဖွယ် ဝိညာဉ်အာရုံလှိုင်းမှာ လောကြီးကို ဖြတ်သန်း သွားခဲ့၏။ လျူစုယင်၏ မတုန်မလှုပ် အမူအရာက ကွဲကြေသွားကာ ခြေလှမ်းများမှာ ရပ်တန့် သွားခဲ့သည်။ သူမ ချက်ချင်းပင် ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်၏။

၇၀၀ ဂျီဂါမီတာ...

လျူစုယင်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုနှင့် အတူ ပြူးကျယ်ထွက်လာခဲ့၏။ ထိုအကွာအဝေးက ကြယ်တာရာ နယ်မြေ အသေး တစ်ခုကိုပင် လွှမ်းခြုံပစ်ရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာလည်း အလားတူပင် အံ့သြ တုန်လှုပ် နေခဲ့လေ၏။ သူ ဂျီဂါမီတာ ၇၀၀ (ကီလိုမီတာ သန်း ၇၀၀) ကို ဖြန့်ကျက်ခဲ့ပြီး ဖြစ်သည့်တိုင် ထိုဧရိယာ အတွင်း၌ ဘာဆို ဘာမှ ရှိမနေခဲ့ပါချေ။ ထို့အပြင်... ၎င်းက အကန့်အသတ်လည်း ရှိဟန် မတူချေ။

ထိုလောကက မည်မျှ အထိ ကျယ်ပြန့်သနည်း။ အလွှာကြားက လောက ဆိုသည်က အဘယ်နည်း။ ပို၍ အရေးကြီးသည့် အရာက... သူတို့ ဘယ်နေရာသို့ သွားနေသနည်း။

ဝေ့ဝူယင် ဝိညာဉ်အာရုံလှိုင်းများကို ပြန်လည် ရုတ်သိမ်းလိုက်ရင်း လျူစုယင်အား မေးလိုက်၏။

“ကျုပ်တို့က အခု ဘယ်ကို သွားနေတာလဲ...”

ဝေ့ဝူယင်မှာ ဝူယုနှင့် ကျန့်ကျန့်တို့ မည်သည့် နေရာ၌ ရှိနေသည်ကို မေးဖို့ စိတ်ကူးထဲတွင်ပင် မရှိချေ။ သူတို့ နှစ်ယောက်စလုံး အတွက် သူ မစိုးရိမ်ချေ။ သူတို့ထံတွင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက် နည်းလမ်းများ ရှိပြီး ဖြစ်သည်။

“...”

လျူစုယင်က ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။ လူငယ်၏ ရုပ်ရည် သွင်ပြင်ကို သူမ ပထမဆုံး အကြိမ် အဖြစ် သတိထားမိသွားကာ ခံစားချက်လှိုင်း အချို့ ဖြတ်ပြေး သွားခဲ့သည်။ အချိန် အတန်ကြာပြီးနောက်မှ သူမက တည်ငြိမ်မှုကို ပြန်လည် အဖြေပေးလိုက်လေသည်။

“ဒီနေရာပဲ...”

သူမက မြေပြင်ကို ညွှန်ပြလိုက်၏။ မိန်းကလေး၏ သွယ်လျသည့် လက်ညိုးကလေး ညွှန်ပြသည့် နေရာကို ဝေ့ဝူယင် လိုက်လံ ကြည့်လိုက်သည်။ ထိုအခါ ကြမ်းပြင်ထက်၌ ဂိတ်တံခါး တစ်ခု သဖွယ် ထွင်းထု ထားသည့် ထူးဆန်းသော သင်္ကေတ အချို့ကို တွေ့မြင်လိုက်ရသည်။ ဝေ့ဝူယင် အနည်းငယ် အံ့သြသွားခဲ့၏။ ယခင်က သူ ထိုအရာကို အာရုံ မခံမိခဲ့ချေ။ ၎င်းက အမြဲတမ်း ရှိနေသလော။

လျူစုယင်က လခြမ်း ကျောက်စိမ်းသော့ကို ထိလိုက်၏။ လှပသော ငွေရောင် အလင်းတန်းများက နောက်တစ်ကြိမ် လင်းလက်လာကာ ဝင်္ကပါထံ စီးမျော သွားခဲ့သည်။ အလင်းတန်းများ အထဲသို့ ဝင်သွားသည်နှင့် အမျှ ဝင်္ကပါမှာ စတင် တောက်ပလာကာ သင်္ကေတများမှာ သက်ဝင် လှုပ်ရှားလာခဲ့၏။

၎င်းတို့က အပြင်သို့ ခုန်ပေါက် ထွက်ပေါ်လာကာ တခဏ အတွင်းမှာပင် ဝေ့ဝူယင်နှင့် လျူစုယင်တို့ကို ဝန်းရံသွားခဲ့သည်။ ထိုဖြစ်စဉ် အပေါ် မှတ်ချက် မချနိုင်သေးခင်မှာပင် အာကာသ ရွှေ့ပြောင်းမှု တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ထို့နောက်... သူတို့ နှစ်ယောက်စလုံး လုံးဝ ခြားနားသည့် နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။

‌ဝေ့ဝူယင် ပထမဆုံး သတိထားမိသည့် အရာက ဆူညံသံများ ဖြစ်သည်။ အဆင့်မြင့် ကျင့်ကြံသူများ၏ လှုပ်ရှား သွားလာသံများ၊ ကောင်းကင် သင်္ဘောပျံသန်းသံများ...

ထိုအခိုက်၌ သူတို့ နှစ်ယောက်မှာ အကြမ်းဖျဉ်း ပေတစ်ရာခန့် မြင့်မားလှသည့် ငွေရောင် ဂိတ်တံခါးကြီး၏ အပြင်ဘက်နား၌ ရပ်နေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် စူးစမ်းလိုစိတ်နှင့် အတူ ဂိတ်အတွင်းပိုင်းကို လှမ်းကြည့်လိုက်၏။ ထိုအခါ သူ မြင်တွေ့လိုက်ရသော အရာကား...

အလွန်ကြီးမားလှသော ရဲတိုက်ကြီး တစ်ခု....

၎င်းက မိုးထိအောင် မြင့်မား လှသည့် ဧရာမ မျှော်စင်ကြီး နှစ်ခုဖြင့် ဖွဲ့စည်းထား၏။ ထိုအဆောက်အဦးကြီး၏ ပတ်လည်တွင်တော့ အရွယ်အစား အမျိုးမျိုးနှင့် လက်ရာမြောက်စွာ ဆောက်လုပ်ထားသော နန်ဘုံနတ်နန်း ကဲ့သို့ အဆောက်အအုံများ ရှိနေခဲ့သည်။

တစ်ချိန်တည်း၌... အဆုံးမဲ့ များပြားလှသည့် ကောင်းကင် သင်္ဘောများမှာ စနစ်ကျသည့် ပတ်လမ်းများဖြင့် ကောင်းကင်တွင် ပျံသန်း နေကြသည်။

“ဒါက...”

ဝေ့ဝူယင်က အံ့သြ မှင်သက်စွာဖြင့် မေးလိုက်၏။

“အာကာသ ဝေဟင်ဂိုဏ်း...”

လျူစုယင်က ကြေညာလိုက်လေသည်။

ဝှစ်...

ရုတ်တရက် ပုံရိပ် တစ်ခုမှာ ဂိတ်တံခါး၏ အပြင်ဘက်တွင် ဖွဲ့စည်းလာခဲ့၏။ သူက ချောမောသည့် လူငယ် တစ်ယောက် ဖြစ်ကာ မီးခိုးရောင် ဖျော့ဖျော့ သံချပ်ကာကို ဝတ်ဆင်ထားသည်။ လူငယ်က နှစ်ဖက်ကို ယှက်ကာ လျူစုယင်ကို ဦးညွှတ်နှုတ်ဆက်လိုက်၏။

“လက်ထောက် ဂိုဏ်းချုပ်...”

ဝေ့ဝူယင်မှာ လူငယ်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သူ၏ ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ် ဖြစ်ကာ အပြာရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထား၏။ သို့သော်လည်း ထိုအပြာရောင် သူငယ်အိမ်များက စက်ဝိုင်းပုံ မဟုတ်ချေ။ ထောင့်ငါးထောင့်နှင့် ကြယ်တစ်ခု သဏ္ဌာန် ရှိနေပေသည်။

ကောင်းကင်မျိုးနွယ်...

ဝေ့ဝူယင် စိတ်ရှုပ်ထွေး သွားမိ၏။ ကောင်ကင် မျိုးနွယ်က အာကာသ ခရီးသွားဂိုဏ်း အတွင်း ရောက်ရှိနေသည်လား။ မည်ကဲ့သို့နည်း။

ကောင်းကင်မျိုးနွယ်မှာ သူ စစ်မြေပြင်တွင် ဆုံတွေ့ခဲ့ရသည့် တိုက်တန်မျိုးနွယ်၏ ရန်သူ မျိုးနွယ်များထဲမှ တစ်ဖွဲ့ ဖြစ်သည်။ ကျင်းကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင်... တိုက်တန်၊ လူသားနှင့် ကောင်းကင် မျိုးနွယ်တို့မှာ အဇူရာ မူလ ကြယ်စင်စု၏ ဦးဆောင် မျိုးနွယ်များ ဖြစ်ကြသည်။ သူတို့ မျိုးနွယ် တစ်ခုချင်းစီမှာ အလွန် အားကောင်းကာ ကျယ်ပြန့်သည့် ဧရိယာများကို ပိုင်ဆိုင် ထားကြပေသည်။

ထိုမျိုးနွယ်စုကြီး သုံးခု အပြင် အဇူရာ မူလ ကြယ်စင်စု၌ သူတို့ ရောနှောထားသည့် မျိုးနွယ်ခွဲများလည်း ရှိပေသေးသည်။ ၎င်းတို့က နဂါးငွေ့တန်း ကြယ်ကွင်းပြင်တွင် ဆိုလျှင် ရှို့ရန်များနှင့် ဆင်တူသည်ဟု ဆိုရပေလိမ့်မည်။

ကောင်းကင်မျိုးနွယ်ဝင် တစ်ယောက်ကို ရုတ်တရက် တွေ့မြင်လိုက်ခြင်းကြောင့် ဝေ့ဝူယင် အံ့သြသွားခဲ့သည်မှာ အထူးအဆန်း မဟုတ်ပါချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် တိုက်တန်မျိုးဆက် အကြွင်းအကျန်များ၊ အယ်ဗန်မျိုးနွယ်ဝင်များ ရှိသည့်တိုင် အဓိက မျိုးနွယ်က လူသား တစ်မျိုးတည်းသာ ဖြစ်သည်။

မဟာစက်ဝန်း ရှန့်ထို ညီလာခံသို့ တက်‌ရောက်လာသည့် မြေကြီး ရှန့်ထို ၁၈၈ ယောက်၊ သေမျိုး အဂ္ဂိရတ် အာဏာရှင် ၂၄၄ ယောက်တွင် လူသား မဟုတ်သည့် မျိုးနွယ်ဝင် တစ်ယောက်မှ မပါချေ။ သူတို့ထံတွင် အခြား သွေးများ ရောနှောကောင်း ရောနှောနိုင်သည့်တိုင် အားလုံးက လူသားများသာ ဖြစ်သည်။

ဝေ့ဝူယင် ကောင်းကင်မျိုးနွယ်ဝင်ကို နောက်တစ်ကြိမ် အကဲခတ်လိုက်၏။ လူငယ်၏ ကျင့်ကြံခြင်း အခြေခံက အတော်လေး မြင့်မားကြောင်း သူ သတိထားလိုက်မိသည်။ သူက အနည်းဆုံး လျှို့ဝှက် အာဏာရှင် ဒုတိယ အဆင့်တွင် ရှိနေပေသည်။ ထို့အပြင်... သူက အသက် သိပ်မကြီးသေးချေ။ အသက်အော်ရာ အရဆိုလျှင် အကြမ်းဖျဉ်း ရှစ်ရာခန့်သာ ရှိပေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ထိုအရာက ကျင့်ကြံသူ အများစု လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းလေ့ ရှိသည့် ပျမ်းမျှ သက်တမ်း ဖြစ်လေရာ ဝေ့ဝူယင် သိပ်မအံ့သြမိပါချေ။

“...”

လျူစုယင်က ကောင်းကင်မျိုးနွယ်ကို အသိအမှတ် ပြုဟန်နှင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ကောင်းကင် မျိုးနွယ်၏ မျက်လုံးများက မိန်းကလေးထံမှ ဝေ့ဝူယင်ထံသို့ ရွေ့လျား သွားကာ စစ်ဆေးလိုက်သည်။ မကြာခင်မှာပင် သူ့ မျက်ဝန်းများမှာ ထိတ်လန့် တုန်လှုပ်မှုများဖြည့် ပြည့်နှက် လာခဲ့၏။ ၎င်းက စာပေများထဲတွင် ကျောင်းတော်သားများ ရည်ညွှန်း ဖော်ပြလေ့ ရှိသည့် နတ်ဒေဝါများ၏ ရုပ်ရည် သွင်ပြင်မျိုးလော။ သူ့ဘဝ တစ်လျှောက်လုံး ထိုမျှ ချောမောသည့် ယောက်ျားမျိုးကို တစ်ခါမှ မမြင်ဖူးချေ။

“သူက ဝေ့ဝူယင်တဲ့... ရေစက်ကြိုးပါတဲ့လူ တစ်ယောက်ပေါ့”

လျူစုယင်က မိတ်ဆက် ပေးလိုက်လေ၏။

***

All Chapters