← Chapters

ဝိညာဉ်အလင်း

Vol. 76 Ch. 1064

ဝိညာဉ်အလင်း

Vol. 76 Ch. 1064

“လက်ထောက် ဂိုဏ်းချုပ်… ဒါက အဆုံးမဲ့ မြို့တော် ဆိုတာလား…”

ဝေ့ဝူယင်က အေးတိအေးစက် အခြေအနေကို ဖြိုခွဲဖို့ စကားစလိုက်၏။

လျူစုယင်က မျက်လုံးများကို ဖွင့်ကြည့် လိုက်သည်။ ထို့နောက် သူမက ခပ်တိုးတိုးပင် ပြန်ဖြေလိုက်၏။

“ဟုတ်တယ်…”

“အဲ့ဒါဆိုရင် ကြယ်ပုံစံ သူငယ်အိမ်နဲ့ ကျင့်ကြံသူတွေ ကရော ဘယ်သူတွေလဲဗျ”

ဝေ့ဝူယင် မသိချင်ယောင် ဆောင်ကာ ထပ်မေးလိုက်၏။

"ကောင်းကင်မျိုးနွယ်တွေ…”

လျူစုယင်က တုံးတိပင် ပြန်ဖြေ လိုက်သည်။

“ကောင်းကင်မျိုးနွယ်…”

ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်လိုက်၏။

“ဒါဆို သူတို့မှာ ဘာလို့ အမြီးပါတာလဲ… သူတို့က ရှို့ရန်တွေလား”

ကောင်းကင်မျိုးနွယ်များတွင် အယ်ဗန်များ ကဲ့သို့ ပိန်လှီသည့် ခန္ဓာကိုယ်များ အပြင် မြေခွေးများ၊ ရှဉ့်များ ကဲ့သို့ အမြီးများ ရှိကြပေသည်။ ၎င်းတို့က အသက်နှင့် ကျားမ အမျိုးအစား အလိုက် အရောင်နှင့် အရွယ်အစား အမျိုးမျိုး ကွဲပြားကြသည်။

“ရှို့ရန် မဟုတ်ဘူး… ကောင်းကင် မျိုးနွယ်တွေ ပါဆို”

လျူစုယင်က စိတ်သိပ်မရှည်တော့သည့် လေသံဖြင့် ပြန်ဖြေလိုက်၏။ အကယ်၍ ဝေ့ဝူယင် နေရာတွင် အခြား တစ်ယောက်ယောက် ဆိုပါက သူမ၏ ဒေါသဖြင့် ထရိုက်ကောင်း ရိုက်နေလောက်ပြီ ဖြစ်သည်။

"ဒါဆို အမြီးကရော…”

ဝေ့ဝူယင်က ထပ်မေးလိုက်ပြန်၏။ မိန်းကလေးအား ထိုကဲ့သို့ စရသည်ကို သူ စိတ်ထဲမှ ပျော်ရွှင်နေမိသည်။

“အယ်ဗန်တွေကို နင်တို့ရဲ့ ဘာလို့ နားရွက်က ချွန်နေတာလဲ လို့ သွားမေးပါလား…”

လျူစုယင်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏။

“မျိုးနွယ် လက္ခဏာတွေကို ငါက ဘယ်လိုလုပ် သိမှာလဲ”

မိန်းကလေး ပိုမို၍ ဒေါသထွက်လာကြောင်း သတိထားမိလိုက်ရာ ဝေ့ဝူယင်က ခေါင်းစဉ်ကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်၏။

“ဒီခရီးက ဘယ်လောက် ကြာမှာလဲ…”

လက်ရှိအချိန်အထိ ဆိုပါက သူတို့ ကောင်းကင် သင်္ဘောပေါ် ရောက်ရှိသည်မှာ သုံးနာရီခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အကယ်၍ အရသာ ရှိသည့် စားစရာများကြောင့်သာ မဟုတ်ပါက သူ ပျင်းနေလောက်ပြီ ဖြစ်သည်။ ထို့အပြင် အီလေးဆွဲကာ ခရီးသွားလာခြင်းက သူ၏ အစစ်အမှန် နဂါး သွေးမျိုးဆက် ဗီဇနှင့်လည်း ဆန့်ကျင်နေသည်။

“သုံးဆယ့်နှစ်ရက်…”

လျူစုယင်၏ အဖြေက ဝေ့ဝူယင် အတွက် သောက်လက်စ ရေကို ထွေးထုတ်လုနီးပါး အတွက်ပင် ဖြစ်သွားစေခဲ့သည်။

အဆုံးမဲ့ မြို့တော်…

၎င်းက ဘယ်‌လောက်တောင် ကျယ်လို့နည်း။

“ဘာလို့လဲ…”

ဝေ့ဝူယင်က မေးလိုက်၏။ လျူစုယင်က ထိုမေးခွန်းကို သဘောမပေါက်ဟန်ဖြင့် ပြူးကြည့်နေတာ မြင်ရတော့ ဝေ့ဝူယင်က နောက်တစ်ကြိမ် ရှင်းလင်းအောင် ထပ်မေးလိုက်သည်။

“ဘာလို့ ဟင်းလင်းပြင် ဂိတ်တံခါးတွေ မသုံးတာလဲ မေးတာ…”

မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ဆိုလျှင် ကောင်းကင် သင်္ဘောများမှာ ခရီးတိုများ အတွက်သာ ဖြစ်သည်။

“ဟင်းလင်းပြင် ဂိတ်တံခါးတွေကို အလွှာကြားက လောကမှာ သုံးမရဘူး… အာကာသ ရွှေ့ပြောင်းခြင်းလည်း မရဘူး”

လျူစုယင်က လိုရင်းတိုရှင်းပင် ရှင်းပြလိုက်သည်။

“ဘာလို့လဲ…”

ဝေ့ဝူယင် ပိုမို၍ စိတ်ဝင်စား လာခဲ့၏။ လျူစုယင်နှင့် တွေ့ဆုံပြီး ကတည်းက အလွှာကြားက လောက ဆိုသည့် အသုံးအနှုန်းကို မကြာခဏ ဆိုသလို ကြားခဲ့ရသည်။ ၎င်းက မည်ကဲ့သို့သော အရာနည်း။ ၎င်းထံတွင် အာကာသ စွမ်းအင်များကို တားဆီးနိုင်သည့် စွမ်းအင် ရှိသလော။

“အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကြောင့်…”

လျူစုယင်က ပြန်ဖြေလိုက်၏။ ထိုအရာက သူမ ဖြေနိုင်သမျှ အကုန်လည်း ဖြစ်ပုံ ပေါ်သည်။

ဝေ့ဝူယင် သူမကို ထပ်မမေးတော့ပဲ မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်၏။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၊ အဆုံးမဲ့ မြိုတော်… ထိုနာမည် နှစ်ခု အကြားတွင် အဆုံးမဲ့ ဆိုသည့် ဘုံစကားလုံး တစ်ခု ပါဝင်နေခြင်းက တိုက်ဆိုင်မှု သက်သက်တော့ မဖြစ်နိုင်ပါချေ။

“ဟင်းလင်းပြင် ဂိတ်တံခါးရော အာကာသ ရွှေ့ပြောင်းခြင်းရော မသုံးနိုင်ဘူးပေါ့…”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သို့သော်လည်း သူ နားမလည်သည့် အရာ တစ်ခု ရှိနေသေးဆဲ ဖြစ်သည်။

“ဒါနဲ့ ကျုပ်တို့ ဒီနေရာကို ရောက်ဖို့ ဝင်္ကပါ နှစ်ခု ဖြတ်သန်း လာရတယ် မလား… တကယ်လို့ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံက အဲဒီလိုမျိုးတွေ ခွင့်မပြုဘူး ဆိုရင် ဂိတ်တံခါး ရှေ့ကို ကျုပ်တို့ ဘယ်လို ရောက်သွားတာလဲ… ကျုပ်တို့ ပထမ ရောက်တဲ့ နေရာလည်း အလွှာကြားက လောကပဲ ဟုတ်တယ် မလား”

လျူစုယင်က ဝေ့ဝူယင်၏ မေးခွန်းကို အံ့အားသင့်ခြင်း မရှိပဲ ပြန်ဖြေ လိုက်သည်။

“ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး သုံးလို့ရတဲ့ အထူး ဝင်္ကပါတွေ ရှိတယ်… ဒါပေမဲ့ ကုန်ကျစရိတ်က အရမ်းကို များတယ်… နောက်ပြီး သူတို့ကို ဆက်သွယ်ဖို့ ဟင်းလင်းပြင် စွမ်းအင်ကို လောင်စာ အနေနဲ့ လိုတယ်… ဟင်းလင်းပြင် စွမ်းအင်က ကျင့်ကြံရ ခက်ခဲတဲ့ အပြင် သိုလှောင်ရတာလည်း ခက်ခဲတယ်… အဲဒီ ဝင်္ကပါတွေကို တစ်ဝက်တစ်ပျက် ဟင်းလင်းပြင် ဝင်္ကပါလို့ ခေါ်တယ်”

“ဟင်းလင်းပြင် စွမ်းအင်…”

ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပ သွား၏။ သူက လျူစုယင်ကို ကြည့်ရင်း မေးလိုက်လေသည်။

“ဟင်းလင်းပြင် စွမ်းအင်တွေကို ဘယ်လို ဖန်တီးတာလဲ”

သူ့ထံတွင် ဟင်းလင်းပြင် စွမ်းအင်များကို ဖန်တီးသည့် နည်းလမ်း တစ်ခု ရှိပြီး ဖြစ်သည်။ သို့သော်လည်း… အခြား နည်းလမ်းတစ်ခု ရှိဦးမလား သူ သိချင်သည်။

“စတေးတဲ့ နည်းလမ်းနဲ့…”

လျူစုယင်က တိုတိုတောင်းတောင်းပက် ဖြေလိုက်သည်။

“...”

ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။ လျူစုယင် အတိအကျ မပြောခဲ့သည့်တိုင် ၎င်းမှာ အသက် အင်အားကို အသုံးပြုကာ အာကာသ ရုပ်ဝတ္ထုများကို မွမ်းမံခြင်း ဖြစ်ကြောင်း သူ နားလည် သဘောပေါက် လိုက်သည်။ ထိုနည်းဖြင့် ရုပ်ဝတ္ထုများမှာ ဓာတ်သတ္တိကြွလာမည် ဖြစ်ကာ ဟင်းလင်းပြင် စွမ်းအင် အဖြစ် အသွင်ပြောင်း သွားပေလိမ့်မည်။

“ဟင်းလင်းပြင် စွမ်းအင် ဖန်တီးလို့ ရအောင် အာကာသ စွမ်းအင်ကို အဆင့်မြင့်တဲ့ ပမာဏ တစ်ခု အထိ ခင်ဗျား ပျစ်ခဲနိုင်လား”

ဝေ့ဝူယင် မေးလိုက်၏။ လျူစုယင်က ဝေ့ဝူယင်ကို ထူးဆန်းသည့်ဟန်နှင့် ကြည့်ကာ ခေါင်းခါ ပြလိုက်သည်။

“ဟင့်အင်း…”

“...”

ဝေ့ဝူယင်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ နောက်ဆုံး မေးခွန်းက သူ သိချင်သည့် မေးခွန်း အများအပြား ဖြေကြား သွားခဲ့ပေသည်။

ဝေ့ဝူယင် ပြတင်းပေါက် အပြင်ဘက်ကို ပြန်လည် ငေးကြည့်လိုက်၏။

သုံးဆယ့် နှစ်ရက်…

၎င်းက အနှစ် ငါးဆယ်‌ကျော်သာ အသက် ရှင်သန်ခဲ့ဖူးသေးည့် လူတစ်ယောက် အတွက် ရှည်လျားသော ကာလ တစ်ခု ဖြစ်သည်။

“ဝေဟင်သုံးပါး စမ်းသပ်မှု ဆိုတာကရော ဘယ်လိုလဲ… ဒါနဲ့ရော ဆိုင်လား”

ဝေ့ဝူယင် လက်စွပ်ကို ထိရင်း စာအုပ် တစ်အုပ်ကို ထုတ်ယူ လိုက်၏။ ၎င်းက သုံးမျက်နှာစာသာ ထူကာ အဖုံးတွင်တော့ ယခုလို ဖော်ပြချက် တစ်ခု ပါရှိ၏။

“အကြောက်တရား ကင်းမဲ့သူတို့ အတွက်… ကြယ်တာရာ ကောင်းကင်ကနေ လွတ်မြောက်ဖို့ ဆန္ဒရှိသူတို့ အတွက်… လွတ်လပ်ခြင်း အတွက် သေရဲသူတို့ အတွက်… ရဲစွမ်း သတ္တိ၊ ဝန်ခံရဲခြင်းနဲ့ စွန့်လွှတ်ခြင်းတို့ မရှိဘူး ဆိုရင် မင်းက ရွေးချယ်ခံ မမည်ဘူး…”

သို့သော်လည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင်သို့ ရောက်ရှိပြီးနောက် သေမျိုးတို့၏ ဘာသာစကား အရေးအသားတွင် အသေးစား ကွာခြားချက်များ ရှိနေကြောင်း ဝေ့ဝူယင် သိရှိလာရသည်။ အထက်ပါ ဖော်ပြချက်၏ အမှန်တကယ် အဓိပ္ပာယ်မှာ…

“လက်မလျှော့လိုသူများ အတွက်… အဆုံးမဲ့ ကြယ်ပင်လယ်ကို ဖြတ်သန်း ခရီးသွားချင်သူများ အတွက်… ဝေဟင်ရဲ့ နောက်ကို လိုက်ဖို့ ဆန္ဒရှိသူများ အတွက်… ကံကြမ္မာ၊ စွန့်လွှတ်မှုနဲ့ ထွက်ခွာမှုတို့ မရှိရင် မင်းက ရေစက်ကြိုး မပါဘူး”

ဟူ၍ပင်။ နောက်ရှိ စာမျက်နှာ သုံးခုတွင်တော့ ခေါင်းစဉ်များမှ တစ်ပါး ဘာမှ မပါရှ်ိချေ။ ပထမတုန်းက ဝေ့ဝူယင် ထိုခေါင်းစဉ် သုံးခုကို ဆန္ဒ၊ အာကာသနှင့် လက်နက် အဖြစ် ဖတ်ရှု ခဲ့၏။ သို့သော်လည်း ၎င်းတို့က ဝိညာဉ်၊ အဆုံးမဲ့နှင့် ခွန်အားတို့ ဟူ၍ ဖြစ်သည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် လွန်ခဲ့သည့် နှစ်သောင်း ဂဏန်းခန့်တုန်းက မြေကြီး ရှန့်ထိုများ ပေါ်လာပြီးနောက် သေမျိုးတို့၏ အရေးအသားတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းက လျှို့ဝှက် လမ်းစဉ်ကို နားလည်ခြင်းနှင့် အတူ လျှို့ဝှက် ဘာသာစကား၏ အရိပ်အယောင်များ စွက်ဖက်လာမှုကြောင့်လည်း ဖြစ်ပေသည်။ ဥပမာ အားဖြင့် “ဝိညာဉ်” ဆိုသည့် သင်္ကေတတွင် ဝိညာဉ် အမျိုးအစား သင်္ကေတ၏ လက်ရာများ ပါဝင်လာသလို “အဆုံးမဲ့” ဆိုသည့် သင်္ကေတတွင်လည်း အာကာသ အမျိုးအစား လျှို့ဝှက် သင်္ကေတ၏ ခြေရာများ ပါဝင်လာသည်။ အဇူရာ မူလ ကြယ်စင်စုတွင်တော့ ထိုကဲ့သို့ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်မှာ ကြာညောင်းခဲ့လေပြီ။

လျူစုယင်က ပျင်းရိပျင်းတွဲဟန်ဖြင့် အဖြေပေးလိုက်၏။

“လခြမ်း ကျောက်စိမ်းသော့တိုင်းကို အလွှာ သုံးလွှာ ပါတဲ့ အာကာသ လက်စွပ်နဲ့ အတူ လွှတ်လိုက်တာ… စာအုပ်က အဲဒီအထဲက တစ်ခုပဲ”

“ကျုပ် အဲဒါကို သိထားပါတယ်… ဒါပေမဲ့ စာအုပ်က ဖတ်မရဘူး”

ဝေ့ဝူယင်က ပြောလိုက်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့်ပင် ထိုစာအုပ်၏ လျှို့ဝှက်ချက်များကို သူ ရှာမတွေ့သေးချေ။

လျူစုယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ တဒင်္ဂ အတွင်းမှာပင် စာအုပ်က သူမထံ ပျံဝဲ ရောက်ရှိ သွားသည်။ လျူစုယင်က တစ်ချက်မျှသာ ငုံ့ကြည့် လိုက်၏။

“ကြည့်ရတာ နင် အမှန်အတိုင်း ပြောခဲ့တာပဲ… နင်သတ်လိုက်တဲ့လူက မူလ ရေစက်ကြိုးပါတဲ့ ကျင့်ကြံကို သတ်ထားတဲ့ တစ်ယောက်ပဲ… ‌စာအုပ်က ဝိညာဉ် ချည်နှောင်ခြင်း လုပ်ထားတာ… ဝိညာဉ် အော်ရာ ရှိတဲ့ လူပဲ ဖတ်နိုင်တယ်”

ထို့နောက် သူမက စာအုပ်ကို ဝေ့ဝူယင်ထဲ ပြန်ပေး လိုက်၏။

“ဝိညာဉ် ချည်နှောင်ခြင်း…”

ဝေ့ဝူယင် စာအုပ်ကို လက်ခံရင်း ငုံ့ကြည့် လိုက်သည်။ သူ့ မျက်လုံးများက ထူးဆန်းသည့် အလင်းတန်းများနှင့် ပြည့်နှက် သွားခဲ့၏။ အဖြူရောင် ဒြပ်စင် အလင်း တစ်ခုက ဖျပ်ခနဲ လင်းလက် သွားခဲ့လေသည်။

လျူစုယင်က ထိုအချင်းအရာကို သတိထားမိဟန် မရပဲ ဆက်ပြောလိုက်၏။

“နင် ကိုယ်ပိုင် စာအုပ်တစ်အုပ်…”

သို့သော်လည်း သူမ၏ စကား မဆုံးခင်မှာပင် ဝေ့ဝူယင်က ရယ်မောလိုက်၏။

“သိပ်လည်း မခက်ပါလား…”

သူ့ လက်ထဲရှိ စာအုပ်တွင်တော့ စာလုံးများမှာ အပြည့်အဝ ပေါ်လွင် နေခဲ့ပြီ ဖြစ်သည်။ စာမျက်နှာ သုံးခု စလုံးတွင် ဗလာ ဖြစ်နေသည့် နေရာ မရှိတော့ပါချေ။

လျူစုယင်မှာ ထိုအရာကို မမြင်နိုင်သည့်တိုင် မျက်လုံးများ ပြူးကျယ် သွားခဲ့၏။

“ဝိညာဉ်အလင်းလား…”

ဝေ့ဝူယင်က သူမ၏ တုန့်ပြန်မှုများကို လျစ်လျူကာ သူ့ကို ဆယ်စုနှစ် သုံးခုလုံး မချင့်မရဲ ဖြစ်စေခဲ့သည့် စာအုပ်ကိုသာ စိတ်ဝင်တစား ဖတ်လိုက်တော့သည်။

လျူစုယင်မှာ မကြာခင်မှာပင် ပြန်လည် တည်ငြိမ် သွား၏။ သို့သော်လည်း သူမ၏ မျက်လုံးများက ဝေ့ဝူယင်၏ ချောမောသော ပုံရိပ်ကို စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။ သူမ၏ စိတ်ထဲတွင်တော့ စကားလုံး တစ်ခုက ထပ်တလဲလဲ မြည်ဟီး နေ၏။ ၎င်းကား

“ဝိညာဉ် အလင်း…”

ဟူ၍ပင်။

***

All Chapters