အခန်း (၅၈၆)
Vol. 37 Ch. 586
“သူတို့ပဲ...”
သိုင်းဆရာနှစ်ယောက် အသတ်ခံရပြီးသည့်အချိန်တွင် သူတို့မျက်နှာအား ဖုံးကွယ်ထားသည့်မြူခိုးများလည်းပျောက်ကွယ်သွားပြီး သူတို့၏ သရုပ်မှန်ကို ဖော်ပြလိုက်၏။
သူတို့၏မျက်နှာကို မြင်လိုက်ရသည့်အချိန်တွင်နှင်းတောင်သိုင်းဆရာသည် ချက်ချင်းပင် ဒေါသဖြစ်သွားတော့၏။ သူတိုအားသိပြီး သူ၏မိတ်ဆွေများဖြစ်သည့်အတွက်ပင်။ သူတို့နှစ်ယောက်သည် နှင်းတောင်သိုင်းဆရာ၏ စုဆောင်းထားသည့် ရတနာပစ္စည်းများထဲမှ တစ်ခုကို ၀ယ်ယူလိုနေကြသော်လည်းနှင်းတောင်သိုင်းဆရာမှ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ပူးပေါင်းကာ နှင်းတောင်သိုင်းဆရာအား သတ်ဖြတ်ရန်အတွက် ကြံစည်ခဲ့ကြခြင်းပင်။
“အဆင်ပြေရဲ့လား ဆရာကြီး...” ဖာရင်တန်၊ မိုဒေါ့တ်နှင့် တိုနီတို့သည် သူတို့၏ဆရာထံသို့လျှင်မြန်စွာပြေးလာကြ၏။ အဖွဲ့ထဲတွင်သူတို့သာ ကျန်တော့ပြီး တစ်ခြားအဖွဲ့သားများသည် သေဆုံးသွားကြပြီဖြစ်၏။
“အဆင်ပြေပါတယ်...” နှင်းတောင်သိုင်းဆရာသည် သူ၏လက်ကို၀ှေ့ရမ်းလိုက်သည်။
သူ၏ ကြယ်ကိုးလုံးအဆင့်တပည့်များ၏အလောင်းများ၊ အသားစများကို ကြည့်ပြီးသည့်အချိန်တွင် မိတ်ဆွေများ၏ သစ္စာဖောက်မှုအား ၀မ်းနည်းကာ ဒေါသဖြစ်နေလျှက်ရှိသည်။ သူသည် ဤနေရာတွင် သင့်လျှော်သည့် မှော်ထောက်ချောက်များကို ရှာကာ လေ့ကျင့်စေရန်အတွက် သူ၏တပည့်များကိုခေါ်ခဲ့ခြင်းပင်။ ကြယ်ကိုးလုံးအဆင့်တပည့်များကို လအဆင့်သို့ရောက်ရှိနိုင်သည့်အခွင့်ရေးတစ်ခုကို ပေးလိုသည့်အတွက်ပင်။
နှင်းတောင်သိုင်းဆရာသည် သူ၏ခေါင်းကို ခါရမ်းကာ ခံစားချက်များကိုပယ်ထုတ်လိုက်သည်။ တစ်စုံတစ်ခုအား စဥ်းစားလိုက်မိပြီးသည့်အနောက်တွင် ဖာရင်တန်အား ကြည့်ကာ ပြောလိုက်၏။ “အဲ့လူက မင်းကိုဒီလောက်ဂရုစိုက်တယ်ဆိုတာကို ငါမသိခဲ့ဘူး။ သူက ဂျက်အင်ပါယာရဲ့ အထွတ်မြတ်လက်နက်ကို မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ထည့်ထားပေးတာပဲ။ ဒီလက်နက်ရဲ့ ကာကွယ်မှုနဲ့ဆိုရင် နတ်ဘုရားထောင်ချောက်ထဲကို မကျမခြင်းမင်းကို ဘယ်အရာကမှ အန္တရာယ်ပေးနိုင်မှာမဟုတ်ဘူး...”
“ကျွန်တော်က ကန္တာရ အမျက်ဒေါသအကြောင်းကို အခုမှသိတာပါဆရာ။ ဆရာ့စီက လျို့၀ှက်ထားခဲ့တာမဟုတ်ပါဘူး...” ဖာရင်တန်သည် လျှင်မြန်စွာပင်ရှင်းပြလိုက်သည်။ သူ၏ ဆရာသံသယ၀င်သွားမည်ကို စိုးရိမ်သည့်အတွက်ပင်။
“ဟမ် ဒါက လိမ်နေတာပဲ။ မင်းမှာ ဒီလိုအထွတ်မြတ်လက်နက်တစ်ခုရှိနေတယ်ဆိုရင် စောစောကတည်းက ဟိုနှစ်ယောက်ကို သတ်ဖို့အတွက် ဘာလို့ ထုတ်မသုံးခဲ့တာလဲ။ မင်းသာစောစောထုတ်သုံးခဲ့မှာဆို ငါတို့ရဲ့ညီအကိုတွေသေမှာမဟုတ်ဘူး။ မင်းက အသက်ငယ်ပေမယ့် စိတ်ထားက အတော်လေး ယုတ်မာအောက်တန်းကျနေပြီပဲ...” တိုနီသည် ဖာရင်တန်အား ရုတ်တရက် လက်ညိုးထိုးကာ စွပ်ဆွဲလိုက်သည်။ သူသည် ဖာရင်တန်ပိုင်ဆိုင်ထားသည့်အရာကို မနာလိုဖြစ်နေခြင်းပင်။
“ပါးစပ်ပိတ်စမ်း...” ဖာရင်တန်ဘာမှမပြန်မပြောနိုင်သေးခင်မှာပင် နှင်းတောင်သိုင်းဆရာမှ တိုနီအား အော်ဟစ်လိုက်သည်။ တိုနီသည်လည်း သူ၏ ဆရာသည် သူ့အား တစ်ခါမှ ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့ဖူးခြင်းမရှိသည့်အတွက်ကြောင့် ထိတ်လန့်သွား၏။ ဆန္ဒမရှိပဲ သူအလျှော့ပေးလိုက်ရ၏။
နှင်းတောင်သိုင်းဆရာသည် တိုနီအား ဆက်လက်ဆူပူခြင်းမရှိပေ။ ထိုအစားသူသည် ဖာရင်တန်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့ ကန္တာရအမျက်ဒေါသက ဂျက်အင်ပါယာရဲ့ မဟာရတနာတစ်ပါးပဲ။ မင်းက မင်းသားတစ်ပါးဆိုတော့ မင်းမှာရှိနေတာက အဓိပ္ပါယ်ရှိပါတယ်။ အဲ့လူက မင်းကို အတော်လေးဂရုစိုက်တာကို တွေ့ရတာကိုပဲ ငါ၀မ်းသာပါတယ်...”
ဖာရင်တန်သည် သူ၏ဆရာ၏ ဂရုစိုက်မှုတို့ကို အာရုံခံလိုက်မိပြီး ပီတိဖြစ်သွား၏။ သူ၏ကျေးဇူးတရားကိုပြသရန်အတွက် ချက်ချင်းပင်ဆရာဖြစ်သူကို ခေါင်းငုံ့ကာ အရိုသေပေးလိုက်သည်။
“ကောင်းပြီ ငါတို့တွေရှေ့ဆက်သွားရအောင်။ အချိန်လည်းအတော်ဖြုန်းမိသွားတယ်။ ငါတို့တွေနောက်ကျနေလိမ့်မယ်...”
ဒဏာရီလာဂိတ်တံခါးပွင့်သည်မှာ တစ်ရက်ခန့်ပင်ကြာပြီဖြစ်သည်။ နှင်းတောင်သိုင်းဆရာသည် ဒဏာရီနန်းတော်၏ အလည်ပိုင်းရှိရာအရပ်မျက်နှာသို့ တွန့်ဆုတ်သည့်အမူယာတစ်ခုဖြင့် ကြည့်လိုက်သည်။ သူသည် ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည့်အတိုင်းပင် သူ၏အမူယာသည် ရဲရင့်သွားပြီး သူ၏တပည့်သုံးယောက်နှင့်အတူ ခရီးဆက်လာခဲ့တော့သည်။
တိုနီသည် သေဆုံးသွားသည့် သိုင်းဆရာနှစ်ယောက်ထံမှ ပစ္စည်းသိမ်းလက်စွပ်များကို တိတ်ဆိတ်စွာချွတ်ယူလိုက်သည်။ ထို့နောက်တွင် သူ၏ ဂျူနီယာညီများ၏အလောင်းများထံမှလည်း တန်ဖိုးရှိသည့်အရာများကို ဖြုတ်ယူကာ အနောက်မှ လိုက်ပါလာခဲ့တော့သည်။
မိနစ်၀က်ခန့်ကြာသည့်အချိန်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွား၏။
ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုသည် အ၀ေးတစ်နေရာမှ ထွက်ပေါ်လာပြီး ဒဏာရီလာနန်းတော်ကြီးတစ်ခုလုံးပျက်ဆီးတော့မည့်အတိုင်းပင်။ နတ်ဘုရားအဆင့်ရှိသည့် စွမ်းအင်များအပြင်သို့လွှင့်ထွက်လာပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် အတော်၀ေးသောနေရာတွင်ရှိနေသည့် နှင်းတောင်သိုင်းဆရာနှင့် သူ၏တပည့်များပင် ထိုစွမ်းအင်မည်မျှပင်စွမ်းအားကြီးကြောင်းကို အာရုံခံမိနေရ၏။
သိုင်းဆရာနှစ်ယောက်ကို သတ်ဖြတ်ခဲ့စဥ်က ကန္တရအမျက်ဒေါသ၏ စွမ်းအားသည် ရူးလောက်ဖွယ်ဖြစ်သော်လည်း ဤစွမ်းအင်နှင့်နှိုင်းယှဥ်ကြည့်ပါက ဘာမှမဟုတ်သေးပေ။
“စွမ်းအားကြီးတဲ့ သိုင်းဆရာတစ်ယောက်များ အစွမ်းပြနေတာလား...”
ဖာရင်တန်၊ မိုဒေါ့တ်နှင့် တိုနီတို့ ကျက်သေသေသွားကြ၏။ ဤအခိုက်တန့်တွင် သူတို့သည် သေးငယ်ကာ စွမ်းအားကင်းမဲ့သလိုပင် ခံစားနေရ၏။
တစ်ဖက်တွင်နှင်းတောင်သိုင်းဆရာ၏မျက်နှာပေါ်တွင်လည်း စိုးရိမ်သည့်အမူယာတစ်ခုရှိနေ၏။
ခနတာရပ်တန့်ပြီးနောက်တွင် သူပြောလိုက်သည်။ “သွားကြစို့....”
ထိုလူအုပ်စုသည် အ၀ေးသို့ပျောက်ကွယ်သွားတော့သည်။
သူတို့ပျောက်ကွယ်သွားပြီးသည့်အချိန်တွင် လေထဲတွင် လှိုင်းဂယက်များထွက်ပေါ်လာပြီးလူနှစ်ယောက်ပေါ်လာ၏။
“အင်ပါယာအရှင် ဒီခံစားချက်အရဆိုရင် အဲ့လူက ဒီကိုရောက်နေတယ်ထင်တယ်...”
“အေးဟုတ်တယ်။ အဲ့လူက အရင်လိုပဲ ဘယ်သူ့မှဂရုမစိုက်တတ်သေးဘူးပဲ။ သေစမ်း သူ့ကို ဘယ်သူမှနှစ်သက်ကြမှာမဟုတ်ဘူး...” အင်ပါယာအရှင်သခင်ဟုခေါ်ခံလိုက်ရသည့်လူမှာ အရပ်ပုသော်လည်း သူ၏ခေါင်းပေါ်တွင် ရွှေရောင်သရဖူတစ်ခုကို ၀တ်ဆင်ထား၏။ သူ၏ ဖြစ်တည်မှုသည် ထိတ်လန့်ဖွယ်ဖြစ်ပြီး သူ၏တောင့်တင်းသည့် ခန္ဓာကိုယ်မှာလည်းစွမ်းအားမြင့်မားသည့်ပုံရှိသည်။ သူသည် ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းချုပ်ထားသည်ဟုသည့် ခံစားချက်ကို လူတိုင်းအားပေးနေလျှက်ရှိသည်။
“ဒါက ပိုပြီးတော့ စိတ်၀င်စားစရာကောင်းလာနေပြီ။ နောက်ဆုံးမှာ ဘယ်သူကအနိုင်ရရှိသူဖြစ်မှာလည်း။ ဒဏာရီတံခါးပိတ်သွားတဲ့အချိန်မှာ ငါတို့နှစ်ယောက်ဒီနေရာမှာ သေနေတာလဲဖြစ်နိုင်တာပဲ...”
“အရှင့်ကို ဘယ်သူမှ အနိုင်ယူနိုင်မှာမဟုတ်ပါဘူး။ နောက်ဆုံးအနိုင်ရရှိသူက ဂျက်အင်ပါယာပဲဖြစ်ရပါလိမ့်မယ်...” သူ၏ဘေးတွင်ရှိနေသည့်လူသည် ပြန်ဖြေလိုက်၏။
အရပ်ပုပုနှင့်အင်ပါယာအရှင်သခင်သည် ရယ်မောလိုက်သည်။ “ဘယ်သူမှအမြဲတမ်းအနိုင်မရနိုင်ဘူး။ ဘယ်သူမှ အမြဲတမ်းအဓိကဇာတ်ကောင်ဖြစ်မနေနိုင်ဘူး။ လာကွာ မိတ်ဆွေဟောင်းတွေနဲ့ သွားတွေ့ရအောင်...”
သူထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် လိမ္မော်ရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး သူတို့နှစ်ယောက်လုံးပျောက်ကွယ်သွားတော့သည်။