“အခြေအနေ”
Vol. 38 Ch. 593
အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်၏ခွန်းအား၊ ဓားမုန်တိုင်းသိုင်းကွက်၊ ဘူးလ်-ခရေးတို့စ်၏ ကလေးငယ်များဓားနှစ်လက်တွင်ပါ၀င်သည့် မှော်အစွမ်းများတို့ပေါင်းစပ်ထားခြင်းကြောင့် ပြိုင်ဘက်ကင်းလုနီးနီးပင်။ သိုင်းကွက်ကိုပင် ကျော်လွန်ကာ လောကနိယာမတစ်ခုကဲ့သို့ပင်ဖြစ်နေ၏။
သူတို့၏ခေါင်းပေါ်တွင် ဓားသွားစွမ်းအင်များရှိနေသည့်လူလေးယောက်ထဲတွင် ဖာရင်တန်သည် ဖိအားအများဆုံးကိုရင်ဆိုင်နေရ၏။ နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်သည် စွမ်းအားမြင့်မားသော်လည်း ထိုလက်နက်ပေါ်သို့ ကျရောက်လာခဲ့သည့်စွမ်းအင်မှန်သမျှသည် သူ၏ခန္ဓာကိုယ်အတွင်းသို့လည်းစီး၀င်သွား၏။ ထို့ကြောင့် သူသည် ဓားမုန်တိုင်းသိုင်းကွက်၏ စွမ်းအားများကို တိုက်ရိုက်ခံဲစားခဲ့ရသလိုဖြစ်သည့်အတွက်ကြောင့် သွေးများသည် သူ၏နှခေါင်း၊ ပါးစပ်တို့မှ စီးကျန်နေ၏။ ကန္တာရအမျက်ဒေါသသည်လည်းယခုအချိန်တွင် သာမန်သဲမှုန်တစ်ခုကဲ့သို့ပင် ဖာရင်တန်၏လက်ဖ၀ါးထဲသို့ ပြန်လည်ရောက်ရှိနေသည်။
နှင်းတောင်သိုင်းဆရာသည် ဖာရင်တန်အား ကန္တာရအမျက်ဒေါသကို ထိန်းချုပ်ရန်အတွက် အသုံးချခဲသည့်အတွက်သိပ်ပြီးကြီးကြီးမားမားဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။ သို့သော် သူ၏အတွင်းအားများသည်လည်း ထိုနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်၏ စုပ်ယူခြင်းကိုခံလိုက်ရ၏။ သူ၏ခြေထောက်များသည် အားနည်းယိုင်နဲ့နေပြီး လက်ရှိအချိန်တွင် တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။ ထိုငွေရောင်စွမ်းအင်ဓားသွားသာ အောက်သို့ ကျဆင်းလာပါက သူသေချာပေါက်ပင် သေဆုံးသွားမည်ဖြစ်သည်။
မိုဒေါ့တ်နှင့် တိုနီတို့သည် တိုက်ပွဲထဲတွင်ပါ၀င်ခဲ့ခြင်းမရှိသော်လည်း သူတို့၏မျက်နှာများသည် ဖြူဖက်ဖြူယော်ဖြစ်နေကြ၏။ ခေါင်းပေါ်တွင်ရှိနေသည့် ဓားသွားစွမ်းအင်များမှရရှိနေသည့် အေးစက်သည့်အရှိန်၀ါများကြောင့် သူတို့၏ခန္ဓာကိုယ်များထုံကျင်နေသည်။
“ငါ...ရှုံးသွားတာပဲ...” သူသည်ခေါင်းပေါ်မှ အေးစက်သည့်စွမ်းအင်ကို အာရုံခံလိုက်မိအပြီးတွင် ခါးသက်သက်အပြုံးတစ်ခုသည် ဖာရင်တန်၏မျက်နှာပေါ်တွင်ပေါ်လာကာ သူပြောလိုက်သည်။ “ငါ ထပ်ပြီး ရှုံးသွားတာပဲ...”
“မင်းသာကျင့်ကြံခြင်းကိုပဲ ပိုဂရုစိုက်ခဲ့ပြီးတော့ အခုချိန်မှာ လအဆင့်သိုင်းဆရာတစ်ယောက်ဆိုရင်အခြေအနေက တူမှာမဟုတ်ဘူး။ မင်းက ကန္တာရအမျက်ဒေါသကို ပိုပြီးတော့ ထိရောက်မှုရှိရှိအသုံးပြုနိုင်မှာမို့လို့ပဲ...” ဖှေးပြောလိုက်သည်။
သူနှင့် ဖာရင်တန်တို့သည် မတူညီသည့်အုပ်စုများမှဖြစ်သော်လည်း သူသည် ထိုလူငယ်အားနှစ်သက်သည့်အတွက်ပင်။ သူတို့သည် ထိုလူငယ်၏စိတ်ထဲတွင် ဂုဏ်ယူစရာ စိတ်နေစိတ်ထားများ အကျင့်စရိုက်များကို မြင်တွေ့နေရသည့်အတွက်ပင်။
“၀ှစ်”
ဖာရင်တန်၏ခေါင်းပေါ်တွင်ရှိနေသည့် ငွေရောင်ဓားသွားမှာ ပျောက်ကွယ်သွား၏။ သူပြောစရာစကားမရှိပဲဖြစ်နေသည်။
ဤသည်မှာ သူ့အားတစ်စုံတစ်ယောက်မှ ကျင့်ကြံခြင်းတွင်အားနည်းနေသည်ဟု ပထမဆုံးပြောဖူးခြင်းမဟုတ်ပေ။ ဆက်တိုက်ရှုံးနိမ့်မှုများကြောင့် သူရွေးချယ်ခဲ့သည့်လမ်းကြောင်းကို ပြန်လည်ကာ သုံးသပ်မိ၏။
ဖှေးသည် စကားမပြောတော့ပဲ ကျန်ရှိနေသည့်လူသုံးယောက်ကိုကြည့်လိုက်သည်။
ခနတိတ်ဆိတ်သွားပြီးသည့်နောက်တွင်...
“ငါ့ကိုသတ်လိုက်စမ်းပါ...” ဖှေး၏အကြည့်များကိုမြင်လိုက်ရသုည့်အတွက်ကြောင့် နှင်းတောင်သိုင်းဆရာသည် ရင်ကော့ကာပြောလိုက်၏။ ဖှေး၏ စွမ်းအားများမြင့်တက်လာခြင်းသည် သူ့အားအကူညီကင်းမဲ့သလိုခံစားမိစေ၏။
သူတို့ထက်ပို၍အသက်ကြီးကာ အတွေ့ကြုံမြင့်မားသည့်ရန်သူများကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည့်အတွက်ကြောင့် ပါရမီရှင်များကို ပါရမီရှင်များဟုခေါ်ကြခြင်းပင်။ နှင်းတောင်သိုင်းဆရာသည် ဖှေးထက်အချိန်ပေါင်းများစွာပို၍ ကျင့်ကြံခဲ့သော်လည်း လက်ရှိတွင်ဘာမှမလုပ်နိုင်တော့ပေ။
“ကောင်းတယ်...” ဖှေးနှာခေါင်းရှုံ့လိုက်ကာ သက်ညှာပေးခြင်းမရှိပေ။
ဤလူကြောင့် အန်ဂျယ်လာနှင့် အယ်လီနာတို့ သတိလစ်မေ့မျောသွားခြင်းဖြစ်သောကြောင့် ဖှေးဤလူအား သတ်ချင်နေသည်မှာကြာပြီဖြစ်သောကြောင့်ပင်။ သူသည် ယနေ့တွင်အခွ့င်ရေးရနေပြီဖြစ်သောကြောင့် ထိုအခွင့်ရေးကို အဆုံးရှုံးခံလိမ့်မည်မဟုတ်ပေ။
“နေပါဦး”
“မလုပ်နဲ့”
ဖာရင်တန်နှင့် မိုဒေါ့တ်တို့နှစ်ယောက်လုံးအော်ဟစ်လိုက်ကြပြီးနှင်းတောင်းသိုင်းဆရာထံသို့ ပြေးသွားလိုက်ကြသည်။ သူတို့သည် ထိုလူအတွက်ကာကွယ်ပေးလိုသည့်အတွက်ပင်။ ထိုကဲ့သို့ပြုလုပ်နေရင်းဖြင့် သူတို့ဖှေးကိုအသနားခံလိုက်ကြသည်။ သူတို့နှစ်ယောက်လုံးသည် ဂျက်အင်ပါယာမှဖြစ်ပြီးနှင်းတောင်သိုင်းဆရာ၏လက်အောက်တွင် ပညာသင်ကြားလာခဲ့သည်မှာ ဆယ်နှစ်ခန့်ပင်ကြာပြီဖြစ်သည်။ ထို့ကြောင့် သူတို့ဆရာအား နက်ရှိုင်းစွာသံယောဇဥ်တွယ်နေသည့်အတွက်ကြောင့် သူတို့မျက်စိရှေ့တွင်သေဆုံးတော့မည်ကို ဒီတိုင်းကြည့်မနေနိုင်ကြပေ။
တစ်ဖက်တွင် နှင်းတောင်သိုင်းဆရာ၏အလေးပေးခြင်းကိုခံရသည့် တိုနီသည် အလွန်ကြောက်လန့်နေသည့်အတွက်ကြောင့် ဘာမှမပြော ဘာမှမလုပ်ပေ။ သူ့အားဖှေးကြည့်နေသည်ကို တွေ့သည့်အတွက်ကြောင့် သူသည်ဒူးထောက်ကာ အသနားခံလိုက်သည်။ “ကျွန်တော့ကိုမသတ်ပါနဲ့ ကျေးဇူးပြုပြီးတော့ ကျွန်တော့ကိုမသတ်ပါနဲ့ တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် သူ့ကိုပဲသတ်ပါ...” တိုနီသည် အော်ဟစ်ပြီး နှင်းတောင်သိုင်းဆရာအား လက်ညိုးထိုးပြကာပြောလိုက်၏။ “မင်းကို တိုက်ခိုက်ဖို့သူအမိန့်ပေးခဲ့လို့ပါ သူ့အမှားပါ...”
“မင်း...တိုနီ မင်းဘာလို့ အဲ့လိုပြောနိုင်ရတာလဲ။ မင်းလုပ်နေတဲ့ဟာက အဆင့်မရှိဘူးကွ...”
“စီနီယာအကိုတိုနီ အကိုပြောနေတဲ့ဟာကို အကိုသိရှိလား။ ငါတို့ဆရာက မင်းကိုအချစ်ဆုံးပဲဆိုတာကို မဟာနှင်းတောင်မှာရှိတဲ့လူတိုင်းသိတယ်။ သူက မင်းကိုလအဆင့်ရောက်စေချင်လို့ မဟာနှင်းတောင်ရဲ့ ရတနာတွေအများကြီးကိုလည်း အသုံးပြုခဲ့တာလေ။ မင်းဘယ်လိုဖြစ်ပြီးတော့ ကိုယ့်ဆရာကိုယ်အဲ့လိုပြောရက်ရတာလဲ....”
မိုဒေါ့တ်နှင့် ဖာရင်တန်တို့သည် တိုနီအား အော်ဟစ်လိုက်ကြ၏။ သူတို့သည် အလွန်ဒေါသဖြစ်သည့်အတွက်ကြောင့် တိုနီကိုပင်အရှင်လတ်လတ်စားလိုနေသည့်အတိုင်းပင်။ နှင်းတောင်သိုင်းဆရာ၏ မေတ္တာစေတနာတို့သည် အကျိုးမပေးသည့်အတွက်ကြောင့် သူတို့၏ဆရာအတွက်စိတ်မကောင်းဖြစ်နေကြ၏။ သည်းမခံနိုင်လောက်အောင်ပင်။
သူတို့ထင်ထားသလိုပင် နှင်းတောင်သိုင်းဆရာသည်လည်း သူ၏နားများကိုပင်ယုံကြည်နိုင်ခြင်းမရှိပေ။ တိုက်ပွဲကြောင့်ဒဏ်ရာရရှိနေသည့် သူ၏ခန္ဓာကိုယ်ပင် ပို၍နာကျင်လာသလိုခံစားလိုက်ရ၏။
ခနကြာပြီးသည့်နောက်တွင် သူ၏မျက်လုံးများကို မှိတ်ကာသက်ပြင်းချလိုက်သည်။ မျှော်လင့်မထားစွာပင် သူသည် ဒေါသဖြစ်ခြင်းမရှိပေ။ ၀မ်းနမ်းကာ စိတ်ပျက်မိသွား၏။ သူသည် စက္ကန့်အနည်းငယ်အတွင်းမှာပင် ပို၍အိုမင်းလာသကဲ့သို့ပင်။
“မဖြစ်နိုင်ဘူး ရွေ့ကြ မင်းတို့ကောင်တွေမှာ င့ါကို တားဆီးဖို့အခွင့်ရေးမရှိဘူး။ ဖာရင်တန် မင်းကိုလည်း ငါမသတ်ဘူးမထင်နဲ့...” ဖှေးသည်လည်း အခြေအနေကို ဂရုစိုက်ခြင်းမရှိပေ။ အေးစက်သည့်အမူယာတစ်ခုဖြင့် သူ၏လက်ကို ၀ှေံရမ်းလိုက်သည်။ ငွေရောင်ဓားသွားသည် အနည်းငယ်တုန်ခါသွား၏။ ကြီးမားသည့် စွမ်းအင်တစ်ခုထွက်ပေါ်လာပြီး ဖာရင်တန်နှင့်မိုဒေါ့တ်တို့ကို အ၀ေးသို့ တွန်းထုတ်ကာ ငွေရောင်ဓားသွားသည်လည်းနှင်းတောင်သိုင်းဆရာအားခုတ်ပိုင်းရန်အတွက် ဆင်းသက်လာတော့သည်။
ဘုရင်သည် ဆုံးဖြတ်ချက်ချပြီဖြစ်သည်။
နှင်းတောင်သိုင်းဆရာသည် ဖှေး၏ဓားသွားစွမ်းအင်အောက်တွင် သေဆုံးဆော့မည့်အချိန်၌ တစ်စုံတစ်ခုဖြစ်ပျက်သွား၏။
လိမ္မော်ရောင်ဓားသွားစွမ်းအင်တစ်ခုသည် ဤနေရာသို့ နတ်စင်ပေါ်မှ ပျံသန်းလာပြီး ဖှေး၏ ငွေရောင်ဓားသွားစွမ်းအင်အား၀င်တိုက်လိုက်သည်။ မီးပွားစများထွက်ပေါ်လာပြီးသည့်နောက်တွင် ဓားသွားစွမ်းအင်နှစ်ခုသည် လေပေါ်တွင်ပေါက်ကွဲကာပျောက်ကွယ်သွားတော့၏။
“ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒား ကျေးဇူးပြုပြီးနေပါဦး။ နှင်းတောင်သိုင်းဆရာက င့ါပေါ်မှာ ကျေးဇူးတစ်ခုရှိတယ်။ ငါ့မျက်စိရှေ့မှာ သူသေမှာကို ငါဒီတိုင်းကြည့်နေနိုင်မှာမဟုတ်ဘူး။ မင်းသူ့ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်ဆိုရင်ရော...” အရပ်ပုသော်လည်း နန်းဆန်သည့် နတ်စင်ပေါ်တွင်ရှိနေပြီးသော ဂျက်အင်ပါယာမှ ကျင့်ကြံသူတစ်ယောက်မှ ပြောလိုက်သည်။
လူတိုင်းအံ့သြကုန်၏။ စွမ်းအားမြင့်မားကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ဂျက်အင်ပါယာမှ သိုင်းဆရာသည် ရုတ်တရက်၀င်ရောက်ကာ နှင်းတောင်သိုင်းဆရာအား ကယ်တင်လိမ့်မည်ဟု သူတို့ထင်မထားခဲ့သည့်အတွက်ပင်။
ဖှေးအနည်းငယ်မျက်မှောင်ကြုံ့လိုက်သည်။
သို့သော် ဘုရင်သည် ဤကဲ့သို့ဖြစ်လာနိုင်သည်ကို ကြိုတင်ကာ မှန်းဆခဲ့ပြီးဖြစ်၏။
ဖာရင်တန်သည် ဂျက်အင်ပါယာတော်၀င်မိသားစုမှဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ဖြစ်သည့် ကန္တာရအမျက်ဒေါသကို ရုတ်တရက်ပိုင်ဆိုင်လာခဲ့သည့်အတွက်ကြောင့် ဂျက်အင်ပါယာမှ အဆင့်မြင့်ကျင့်ကြံသူများဤနေရာတွင်ရှိနေသည်မှာ ထင်ရှားလှသည်။ နတ်စင်ပေါ်တွင်ရပ်နေသည့်လူသည်လည်း ဂျက်အင်ပါယာမှလူဖြစ်ကြောင်း ထင်ရှားသဖြင့် သူသည်တစ်ချိန်ချိန်တွင် ၀င်ရောက်စွက်ဖက်လာနိုင်သည်ကို ဖှေးသိပြီးဖြစ်သည်။
“၀ှစ်...”
ဂျက်အင်ပါယာမှသိုင်းဆရာသည် သူ၏လက်ကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် လိမ္မော်ရောင်အလင်းတန်းတစ်ခုတောက်ပလာ၏။ ဖာရင်တန်၏လက်ထဲတွင်ငြိမ်သက်နေခဲ့သည့် ကန္တာရ၏အမျက်ဒေါသလက်နက်သည် ရုတ်တရက်အရောင်များတောက်ပလာပြီး ပြန်လည်ရှင်သန်လာသကဲ့သို့ ထိုသိုင်းဆရာ၏ လက်ထဲသို့ ပျံသန်းသွားတော့သည်။
ထိုလူ၏လက်ထဲတွင် ဤနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်၏ စွမ်းအားအစစ်မှန်န်သည် ပေါ်လွင်လာပြီး ထိုလက်နက်သည်လည်း မိဘနှင့် ပြန်လည်ဆုံတွေ့ရသည့် ကလေးတစ်ယောက်ကဲ့သို့သော ခံစားချက်ကို ပေးနေလျှက်ရှိသည်။ ဂျက်အင်ပါယာမှသိုင်းဆရာသည် လက်နက်အား ထုတ်သုံးခြင်းမရှိသေးသော်လည်း ထွက်ပေါ်လာနေသည့်ဖိအားများမှာမူ အသက်ရှူမှားလောက်ဖွယ်ပင်ဖြစ်နေပြီးဖြစ်၏။
ဖှေးခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ “ကောင်းပြီလေ...”
ဤဂျက်အင်ပါယာမှသိုင်းဆရာသည် နှင်းတောင်သိုင်းဆရာထက်များစွာပို၍စွမ်းအားမြင့်မားလှပြီးဖှေးသူ့အား အနိုင်ယူနိုင်မည်မဟုတ်ပေ။ ထို့အပြင် ဤလူသည် ကန္တာရအမျက်ဒေါသ၏ မူလပိုင်ရှင်ဖြစ်ပုံရပြီး ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်၏၊ ထိုကဲ့သို့လူနှင့် ရန်သူဖြစ်ခြင်းသည် ကောင်းမွန်သည့်အကြံတစ်ခုဖြစ်လိမ့်မည်မဟုတ်ပေ။
ထို့အပြင် ဤလူသည် ကျေးဇူးအကြောင်းကို လိမ်ပြောနေခြင်းမဟုတ်သည်မှာလည်းထင်ရှားလှသည်။ သူသည် ဖှေးအားဖိအားပေးနေခြင်းမဟုတ်ပေ။ သူ၏အမူယာနှင့် အသံနေအသံထားတို့အရ အလွန်ပင်ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားပြောနေခြင်းပင်။ သူသည် ထိုကျေးဇူးရှိနေသည့်အတွက်ကြောင့်သာ ယခုအချိန်တွင်နှင်းတောင်သိုင်းဆရာအား ၀င်ရောက်ကယ်တင်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်ကယ်တင်တော့မည်မဟုတ်ကြောင်းကိုလည်း ဖှေးသိလိုက်၏။
“ကျေးဇူး...” ဂျက်အင်ပါယာမှသိုင်းဆရာသည် ဖှေးအားကျေးဇူးတင်သည့်အနေဖြင့် ပြုံးပြလိုက်ပြီး ကန္တာရအမျက်ဒေါသကို ပြန်လည်ရုတ်သိမ်းလိုက်၏။
“ရပါတယ်...”
“ချွင် ချွင် ချွင်..”
ဖှေးထိုကဲ့သို့ပြောပြီးလျှင်ပြီးခြင်းပင် သတ္တခြင်းပွတ်တိုက်သည့်အသံများထွက်ပေါ်လာပြီး ဖှေး၏ကြောပေါ်တွင်ရှိနေသည့် အတောင်ပံနှစ်စုံကိုခေါက်သိမ်းလိုက်၏။ ဓားသွားစွမ်းအင်များအားလုံးသည် ကြီးမားသည့်ဓားတစ်ခုအဖြစ်စုပေါင်းသွားကာ ပျေက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင် ဖှေးသည်နတ်စင်ပေါ်တွင်ဆင်းသက်လိုက်ပြီးနောက်ဆုံးကျန်ရှိနေသည့် ဂိတ်တံခါးအား သိမ်းယူလိုက်သည်။
ဖှေး၏ အပြုမူကို မည်သူမှကန့်ကွက်ရဲခြင်းမရှိပေ။
နတ်စင်အောက်တွင်ရှိနေသည့် မည်သူ့ကိုမဆို ဘုရင်မှ အနိုင်ယူနိုင်ကြောင်းကို ပြီးခဲ့သည့်တိုက်ပွဲမှ ဖော်ပြနေသည့်အတွက်ပင်။
အရာအားလုံး အနည်ထိုင်သွား၏။
နတ်စင်ပေါ်သို့ တက်ခွင့်မရသည့်လူများသည် စိတ်ပျက်လက်ပျက်ဖြစ်ကာ ၀မ်းနည်းနေကြ၏။
သူတို့သည် ဓာတ်ဂိတ်တံခါးများကို ပိုင်ဆိုင်ခွင့်ရခဲ့ကြသည့် သိုင်းဆရာများကို မနာလိုသည့်အကြည့်များဖြင့်ကြည့်နေကြသည်။ ထိုသိုင်းဆရာများသည် လယ်ဗယ်၃၆ဒေသသို့၀င်ရောက်နိုင်ရန်အတွက် ခြေလှမ်းတစ်လှမ်းခန့်သာလိုတော့သည့်အတွက်ပင်။ ထိုနေရာသို့ရောက်ရှိနိုင်သည့်လူတိုင်းသည် မြန်ဆန်စွာအဆင့်တက်နိုင်သည့်အခွင့်ရေးကိုရရှိမည်ဖြစ်သည်။ ထို့အပြင် လက်စွဲတော်လက်နက်အုပ်ဂူမှလည်း ထူးခြားသည့် လက်စွဲတော်လက်နက်များကိုရရှိနိုင်ဦးမည်ဖြစ်၏။ သူတို့သည် ဤနေရာအထိအသက်နှင့်ရင်းကာ ရောက်ရှိလာခဲ့သော်လည်း လယ်ဗယ်၃၆ဒေသသို့၀င်ရောက်ခွင့်မရလိုက်သည်မှာ အလွန်ပင်၀မ်းနည်းစရာကောင်းလှသည်။
“ဂိတ်တံခါးရှစ်ခုလုံးပိုင်ရှင်ရှိသွားပြီ။ အဲ့လိုဆိုတော့ ငါတို့နတ်စင်ကို အသက်သွင်းလိုက်ကြရအောင်...အချိန်မရှိဘူး...”ဟေဇယ်-ဘန့်ခ်သည် နတ်စင်ပေါ်တွင်ရှီနေသည့် သိုင်းဆရာများအားလုံးကိုကြည့်ကာပြောလိုက်သည်။ ဖှေးသည်ဒဏာရီလာနတ်စင်အား အမြန်ဆုံးရှာဖွေရမည်ကို သိသည့်အတွက်ကြောင့် သူသည် ဦးဆောင်ကာပြောလိုက်ခြင်းပင်။
“ကောင်းပြီ...”
“လုပ်လိုက်ကြရအောင်...”
နတ်စင်ပေါ်တွင်ရှိနေသည့်သိုင်းဆရာများသည်လည်းခေါင်းငြိမ့်ကာ သဘောတူလိုက်ကြသည်။ သူတို့အားလုံးသည် အတွင်းအားများကိုအသုံးပြုကာ ဓာတ်ဂိတ်တံခါးများကိုဖွင့်ရန်အတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
“ဟီးဟီး နေပါဦး ဒီဇီးနစ်သားက မသွားရသင့်ဘူး...” တစ်စုံတစ်ယောက်မှ နှာခေါင်းရှုံ့ကာ၀င်ပြောလိုက်၏။ ထိုလူသည် အိုက်ဟိုဗင်အင်ပါယာအရှင်သခင်လူထွားကြီးနှင့်အတူပါလာသည့် နတ်ဆိုးကဲ့သို့သောအဖိုးကြီးများနှစ်ယောက်ထဲမှတစ်ယောက်ပင်။ သူသည် ဖှေးအားလက်ညိုးထိုးကာ ပြောနေခြင်းပင်။ သူပြောလိုက်၏။ “ဒီနေရာမှာ ဓာတ်ဂိတ်တံခါး ရှစ်ခုရှိတယ်။ ဒါပေမယ့် ဇီးနစ်သားနှစ်ယောက်က နှစ်ခုတောင်အပိုင်သိမ်းထားတယ် အဲ့တာမတရားဘူးလေ...”