အခန်း (၆၀၀)
Vol. 38 Ch. 600
သူ၏လက်များနှင့် ကျောက်ပုလ္လင်တို့သည်တစ်သားတည်းဖြစ်သွားသလိုဖှေးခံစားလိုက်ရသည်။ အပြာရင့်ရောင်အလင်းရောင်ပို၍ပို၍ ပြင်းထန်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအင်များသည်လည်း ရေလှိုင်းများကဲ့သို့ပင် စုပ်ယူခြင်းခံလာရတော့၏။ မကြာမှီတွင် အပြာရောင်အလင်းသည် အလွန်ပင်တောက်ပလာပြီး ဖှေးကိုပင်လွှမ်းခြုံသွားတော့၏။
နောက်အခိုက်တန့်တွင် မြေပြင်ကွဲအက်သွားသလို ဖှေးခံစားလိုက်ရပြီး ကျောက်ပုလ္လင်သည်လည်း အောက်သို့ ပြုတ်ကျသွားတော့၏။
“ဖုန်း...”
စက္ကန့်အနည်းငယ်ခန့်ကြာသည့်အချိန်တွင် ပုလ္လင်၏ အောက်သို့ ဆင်းသက်နေခြင်းမှာ ရပ်တန့်သွား၏။ မကြာမှီတွင် အပြာရောင်အလင်းတန်းများပျောက်ကွယ်သွားပြီး ဖှေးသည်အရာရာကို ပြန်လည်ကာ မြင်နိုင်လာပြီဖြစ်၏။
“ဒါက...” သူ၏အရှေ့တွင် ကြီးကျယ်ခမ်းနားသည့်အဆောက်ဦးတစ်ခုကို ဖှေးမြင်တွေ့လိုက်ရပြီး သူအလွန်မင်းပျော်ရွှင်သွား၏။
“ဒဏာရီလာနတ်စင်ပဲ ဟားဟား။ ဒါက တကယ်ပဲ ဒဏာရီလာနတ်စင်ပဲ ဟားဟားဟား နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီပေါ့။ ရက်များစွာရှာတာတောင်မတွေ့ခဲ့တာက အခုတော့ င့ါရှေ့မှာပေါ်လာခဲ့ပြီပဲ...” ဖှေးရယ်မောလိုက်သည်။
သူသည် ဒဏာရီလာနတ်စင်အား ကောင်းကင်မြို့တော်ထဲတွင်ရှာတွေ့ခဲ့ခြင်းမရှိသည့်အတွက်ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာရန်ပင်တွေးနေပြီဖြစ်သော်လည်း ဆန်းကျယ်စွာပင် ရှာတွေ့သွားခဲ့၏။
“ဒီလိုဆို တောင်ထဲနဲ့ မြို့တော်ရဲ့အောက်ခြေက အခေါင်းပေါက်ဖြစ်နေပြီးတော့ ဒဏာရီလာနတ်စင်က အထဲမှာရှိတာပဲ။ ဒါကြောင့်ပဲ မီတာ၁၀၀၀အမြင့်ရှိတဲ့ နတ်စင်က ဒီတောင်ထဲမှာ ရှိနေတာပဲ။ တကယ်လို့ ငါသာ ဒီကျောက်ပုလ္လင်ပေါ်မှာရှိတဲ့ တယ်လီပေါ့တ်မှော်အစီရင်ကို ရှာမတွေ့ခဲ့ဘူးဆိုရင် ငါက ဒီနတ်စင်ကို ရှာတွေ့မှာမဟုတ်တော့ဘူး...ကံကောင်းပေလို့ပဲ...”
မှော်အစီရင်အား အသက်သွင်းလိုက်ပြီးနောက်ပိုင်းတွင် တောင်၏အတွင်းပိုင်းသို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်းဖှေးသိလိုက်၏။ တောင်၏အတွင်းပိုင်း ၆၀ရာခိုင်နှုန်းခန့်သည် အခေါင်းပေါက်ဖြစ်နေ၏။ ဤတောင်အားတည်ဆောက်ထားသည့် အဖြူရောင်ကျောက်တုံးများသည် ငွေရောင်အလင်းတန်းများကို ထုတ်လွှတ်လျှက်ရှိသည့်အတွက်ကြောင့် ဤနေရာထဲတွင် ကောင်းမွန်စွာမြင်နိုင်၏။
ယခုအချိန်တွင် ဘုရင်၏လက်များသည် လွတ်လပ်စွာရွေ့လျားနိုင်ပြီဖြစ်၏။ သို့သော် သူသည် ကျောက်တုံးပုလ္လင်ပေါ်တွင်ထိုင်နေဆဲပင်။ ထို ကျောက်ပုလ္လင်သည် လေပေါ်တွင် ၀ဲပျံနေပြီးဖှေးသည် ထိုပုလ္လင်အား ထိန်းချုပ်နိုင်သလိုခံစားနေရ၏။ သူသည် ထိုင်ခုံအား ဘေးဘယ်ညာအပေါ်အောက်ရွေ့လျားရန်အတွက် စိတ်ဖြင့်သာထိန်းချုပ်နိုင်နေ၏။
သူ၏အရှေ့တွင်ရှိနေသည်မှာ ခမ်းနားသည့် ဒဏာရီလာနတ်စင်ကြီးပင်ဖြစ်ပြီး သာမန်လူသားများသည် ထိုနတ်စင်အားတည်ဆောက်နိုင်လိမ့်မည်မဟုတ်ပေ။ ဤကဲ့သို့သောအဆောက်ဦးအား တည်ဆောက်နိုင်သည့် နည်းပညာများသည်ဤကမ္ဘာပေါ်တွင်ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည်သာ ဤနတ်စင်အား အောက်မှမော့ကြည့်ပါက ထိုနတ်စင်ကြီးသည် ကောင်းကင်နှင့်ထိစပ်နေသည့် ထောက်တိုင်ကြီးတစ်ခုဖြစ်လိမ့်မည်ဟုပင် ထင်မိလိမ့်မည်ဖြစ်သည်။ နတ်စင်၏ ဘေးပတ်ပတ်လည်တွင် မီတာ၁၀၀ခန့်မြင့်မားသည့် ကြေးစစ်သည်ရုပ်တု ၁၈ရုပ်ခန့်ရှိနေ၏။ နတ်ဆိုးဘုရင်၏ အသိပညာစာအုပ်ထဲမှ ဖှေးမြင်တွေ့ခဲ့သည့် ပုံရိပ်ကဲ့သို့ပင် ထိုစစ်သည်များသည် လူပုမျိုးနွယ်များပင်။ အဆပေါင်းများစွာကြီးမားထားသည့် လူပုမျိုးနွယ်ဘုရင် ၁၈ယောက်ကဲ့သို့ပင်။
ဖှေးသည် ကျောက်ထိုင်ခုံအား အောက်သို့ဆင်းသက်လိုက်ပြီး ဤနတ်စင်အား အောက်ခြေမှစ၍ လေ့လာကြည့်တော့သည်။ နတ်စင်တွင် အထပ်ပေါင်းကိုးထပ်ခန့်ရှိပြီး အထပ်တစ်ခုခြင်းစီတိုင်းသည် စက်၀ိုင်းပုံဖြစ်နေပြီးတစ်ခုပေါ်တစ်ခုဆင့်နေ၏။ အပေါ်ထပ်တွင် အောက်ထပ်ထက်အချင်း၂ပုံ၃ပုံခန့်သေးငယ်ပြီး အပေါ်ဆုံးအထပ်သည် အချင်း၁၀မီတာခန့်သာရှိသည့် စက်၀ိုင်းပြားတစ်ခုသာဖြစ်၏။
နတ်စင်၏ အရပ်မျက်နှာလေးဘက်တွင် ကျောက်သားဖြင့်ပြုလုပ်ထားသည့် လှေကားထစ်များရှိနေသည်။ ထိုလှကားထစ်များအားလုံးသည် လေးမီတာခန့်ကျယ်၀န်းပြီး အောက်ဆုံးထပ်မှ ကိုးထပ်မြောက်သို့ ဆက်သွယ်ပေးနေလျှက်ရှိသည်။ တစ်ထပ်ခြင်းစီတိုင်းတွင် လှေကားထစ်ပေါင်း ၉၉ထစ်ခန့်ရှိနေ၏။ ဤအဆောက်ဦးအား ဖန်တီးခဲ့သည့်လူသည် ကိုးဂဏန်းအားနှစ်သက်သည့်ပုံပင်။
ဖှေး နတ်စင်နှင့်နီးကပ်လာသည့်အချိန်တွင် အပေါ်တွင် ဆံချည်မျှင်ကဲ့သို့ပင် ပါးလွှာသည့်မှော်ထွင်းစာအသေးလေးများကို တွေ့လိုက်ရ၏၊
ဖှေးသည် အနီးကပ်မကြည့်ရှုရဲပေ။ မှော်အစီရင်များသည် ရှုပ်ထွေးပြီး မှော်စွမ်းအင်နှင့် ၀ိဉာဥ်စွမ်းအင်လုံလုံလောက်လောက်မရှိသည့်လူများအချိန်ကြာမြင့်စွာကြည့်ရှုပါက သူတို့၏ အသက်၀ိဉာဥ်များ စုပ်ယူခံရနိုင်သည့်အတွက်ကြောင့်ပင်။ ဖှေးပင် အချိန်ခနခန့်သာ ကြည့်လိုက်သော်လည်း ခေါင်းမူးမိုက်သွား၏။
ဖှေးသည် ဆက်လက်လေ့လာနေခြင်းမရှိတော့ပဲ သူ၏ ကျောက်ပုလ္လင်အား ထိန်းချုပ်ကာ နတ်စင်ပေါ်ရှိအမြင့်ဆုံးအထပ်သို့ ပျံသန်းလာခဲ့သည်။ ထို့နောက်တွင် ကျောက်ပုလ္လင်ပေါ်မှ ခုန်ဆင်းကာ နတ်စင်၏ ကိုးထပ်မြောက်သို့ ရောက်ရှိလာခဲ့တော့သည်။ ထို့နောက်တွင် ကမ္ဘာကျောက်တုံးအား သန့်စင်နိုင်သည့်နေရာအား စတင်ကာရှာဖွေတော့သည်။
မကြာမှီတွင် ဘုရင်၏မျက်လုံးများသည် နေရာတစ်ခုပေါ်သို့ ကျရောက်သွား၏။
နတ်စင်၏ အလည်တွင် တစ်ပိုင်းပြတ်နေသည့် ကျောက်တိုင်တစ်ခုရှိနေ၏။ တစ်ပိုင်းပြတ်နေသည့် ကျောက်တိုင်ပေါ်တွင် ထူထပ်သည့်အမဲရောင်စာအုပ်တစ်ခုလည်းရှိနေ၏။ စာအုပ်အဖုံးမှာ သံမဏိဖြင့်ပြုလုပ်ထားပြီး သတ္တုပေါ်တွင် ပန်းပွင့်များထွင်းကာ အလှဆင်ထားသည်။ သို့သော် ထိုစာအုပ်သည် ဖှေးအားထူးဆန်းသည့် ရင်းနှီးသလိုခံစားချက်တစ်ခုကို ပေးအပ်နေလျှက်ရှိ၏။
“ဒီစာအုပ်က နတ်ဆိုးဘုရင်၏ အသိပညာစာအုပ်နဲ့ တူနေတာပဲ...” ဖှေး ရင်းနီးသလိုခံစားနေရခြင်း၏အကြောင်းရင်းကို နားလည်သွား၏။ အသွင်ပြင်နှင့် အရှိန်၀ါနှစ်ခုလုံးတို့သည် ဖှေးလျို့၀ှက်သည့် ကျောက်တုံးအခန်းထဲမှရရှိခဲ့သည့် နတ်ဆိုးဘုရင်၏အသိပညာစာအုပ်နှင့် ဆင်တူနေသည့်အတွက်ပင်။ အ၀ေးမှကြည့်ပါက တူညီသည့်စာအုပ်တစ်ခုကဲ့သို့ပင်။
ဖှေးအနားသို့ကပ်သွားပြီး စာအုပ်ကို လှမ်းကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် မှော်ထောင်ချောက်များရှိနေမည်ကိုစိုးရိမ်သည့်အတွက်ကြောင့် ဒိုင်ယာဘလိုကမ္ဘာမှ သံမဏိလက်အိပ်များကိုလည်းဆင့်ခေါ်၀တ်ဆင်လိုက်၏။ လုံခြုံစွာကိုင်လိုက်ပြီးနိုင်သည့်အချိန်မှသာလျှင် ဖှေးသက်ပြင်းချနိုင်လိုက်တော့သည်။
အန္တရာယ်ရှိသည့်တစ်စုံတစ်ရာဖြစ်ပေါ်လာခြင်းမရှိပေ။
“နတ်ဆိုးဘုရင်၏ဓား ဆိုပါလား...”
ဖှေးစာအုပ်နာမည်ကို ဖတ်ကြည့်လိုက်ပြီး ဤစာအုပ်သည် နတ်ဆိုးဘုရင်၏အသိပညာစာအုပ်နှင့်ဆင်တူနေရသည့်အကြောင်းကို နားလည်လိုက်၏။ ထိုစာအုပ်များသည် စီးရီးတစ်ခုတည်းမှဖြစ်သည့်အတွက်ပင်။
နတ်ဆိုးဘုရင်၏ အသိပညာစာအုပ်များထဲတွင် စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်၏ သွေးဖြင့်ရေးထိုးထားသည့် စာကြောင်းတစ်ခုကို ဖှေးသတိရလိုက်မိသည်။ အရှင်နတ်ဆိုးဘုရင်ကြီးသည် နတ်ဆိုးဘုရင်၏အသိပညာ၊ နတ်ဆိုးဘုရင်၏အပြစ်ပေးခြင်း၊ နတ်ဆိုးဘုရင်၏ဓား၊နတ်ဆိုးဘုရင်၏ မှတ်ဉာဏ်များ၊ နတ်ဆိုးဘုရင်၏ ဆုတောင်းချင်းများ၊ နတ်ဆိုးဘုရင်၏ တွက်ချက်မှုများအပါ၀င် ဆုလာဘ်များစွာကို ချန်ထားခဲ့သည့်ဆိုသည်ကိုပင်။ နတ်ဆိုးဘုရင်၏ ဓားသည် နတ်ဘုရားအဆင့်လက်နက်တစ်ခုဖြစ်လိမ့်မည်ဟု ဖှေးထင်ခဲ့မိသော်လည်း ယခုအချိန်တွင် စာအုပ်တစ်အုပ်ဖြစ်နေ၏။
“ဒီစာအုပ်ထဲမှာ ဘာတွေရေးထားတာလဲ။ အဲ့တာကို ဘာလို့များနတ်ဆိုးဘုရင်၏ ဓားလို့ ခေါ်ရတာလဲ...”
ဖှေးသည် စာအုပ်အား လှန်ကြည့်လိုက်ရာ ပထမစာမျက်နှာတွင်ရေးထားသည့် စာကြောင်းတစ်ခုကို မြင်လိုက်မိသည်။ “ငါတို့ဘုရင်မဟုတ်တဲ့လူတိုင်းကို ငါတို့ တိုက်ခိုက်မယ်...”
ဖှေးထိုစာကြောင်းကို သူ၏စိတ်ထဲတွင် အကြိမ်ပေါင်းများစွာရွတ်ဖတ်လိုက်မိပြီး ထိုစာကြောင်းသည် အထာကျသည်ဟုခံစားလိုက်မိသည်။ ရိုရှင်းသော်လည်း နှိုင်းယှဥ်၍မရနိုင်သည့် သစ္စာတရားနှင့် သံမဏိစိတ်ဓာတ်တို့ကို ဖော်ပြနေ၏။
“ဒီစာကြောင်းကို ချမ်းဘော့ဒ်စစ်သည်တွေရဲ့ လက်ဆွဲတော်ဆောင်ပုဒ်လုပ်လိုက်ရင်ကောင်းမယ်...” သူတွေးလိုက်မိသည်။
သူနောက်ထပ်စာရွက်အနည်းငယ်ကို လှန်ကြည့်လိုက်သည့်အချိန်တွင် ဖှေး၏မျက်နှာပေါ်တွင်ရှိနေသည့်အမူယာသည် အံ့သြခြင်းမှ ပျော်ရွှင်ခြင်းသို့ပြောင်းလဲသွားတော့၏။
နတ်ဆိုးဘုရင်၏ဓားစာအုပ်ထဲတွင်ရေးထိုးထားသည့် ဘာသာစကားသည် ဒိုင်ယာဘလိုကမ္ဘာမှ စကားလုံးများနှင့်အပြင်ကမ္ဘာမှ စကားလုံးများကို ရောထွေးကာအသုံးပြုထားခြင်းပင်။ အာကာရာနှင့် ကိန်းတို့သည်လည်း ဤဘာသာစကားကို အချိန်အတော်ကြာလေ့လာထားသည့်အတွက်ကြောင့် ဖှေးသည်လည်းသူတို့နှစ်ယောက်အတင်းကြပ်သင်ပေးထားသည့်အတွက်ကြောင့် အနည်းငယ်တက်မြောက်နေ၏။ ဖှေးသည် အနည်းငယ်နှေးကွေးကာ အထစ်ထစ်အငေ့ါငေါ့ဖြစ်နေသော်လည်း စာအုပ်အား အဓိပ္ပါယ်ပေါ်လွင်အောင် ဖတ်နိုင်နေဆဲပင်။
အံ့သြဖွယ်ကောင်းစွာပင် ဤစာအုပ်ထဲတွင် ဖှေးတစ်ခါမှမကြားခဲ့ဖူးသည့် ကျင့်ကြံခြင်းလမ်းစဥ်များ၊ သိုင်းကွက်များပါ၀င်နေ၏။ ထို့အပြင် မှော်ပညာမန္တန်များ၊ စီရင်နည်းများ၊ ခန္ဓာကိုယ်ကြံ့ခိုင်အောင် တည်ဆောက်နည်းများ၊ လက်ဆွဲတော်လက်နက်များ တည်ဆောက်ပုံတည်ဆောက်နည်းများ၊ နတ်ဘုရားအဆင့်လက်နက်များ၊ နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်များ ပါ၀င်သည်။ ကျင့်ကြံခြင်းတို့နှင့်ပတ်သက်သည့် စွယ်စုံကျမ်းကြီးတစ်ခုပင်။
ဖှေးသည် ပထမစာမျက်နှာအနည်းငယ်တွင်ပါ၀င်သည့် စာတစ်ချို့ကိုဖတ်လိုက်မိရုံဖြင့်ပင်အမြင့်ဆုံးအနေထားထိရောက်အောင် တုန်လှုပ်သွားမိသည်။
စာအုပ်ထဲတွင် နည်းပညာဆိုင်ရာအသုံးနှုံးများစွာပါ၀င်ပြီး ရှုပ်ထွေးသည့်ဘာသာစကားအပြင် သရုပ်ပြပုံများဖြင့်လည်း ပြည့်နှက်နေ၏။
ဖှေးစာကြောင်းအနည်းငယ်ကို ဖတ်ကြည့်ရုံဖြင့်ပင် ခေါင်းကိုက်လာသဖြင့် ဖတ်ရှုနေခြင်းအား ရပ်တန့်လိုက်ရသည်။
“ဒါက နတ်ဆိုးဘုရင်၏အသိပညာစာအုပ်ထက်မနိမ့်ကျတဲ့ နတ်ဘုရားအဆင့်စာအုပ်ပဲ။ အေဇာရုတိုက်က လူတွေသာ ဒီစာအုပ်အကြောင်းကို သိမယ်ဆိုရင် ရူးကုန်ကြလိမ့်မယ်။ လယ်ဗယ်၉အင်ပါယာကြီးတွေ၊ နေအဆင့်သခင်တွေတောင်တစ်ယောာက်နဲ့တစ်ယောက်တိုက်ခိုက်ကုန်ကြလိမ့်မယ်...”
အနည်းငယ်ဖတ်ရှုကြည့်ပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်၏ဓား တန်ဖိုးကို ဖှေးကောင်းစွာသဘောပေါက်သွား၏။
“ဒါပေမယ့် ဒီစာအုပ်က ဘာကာကွယ်မှုမရှိပဲ ဒီနေရာမှာတင်ရှိနေတာပဲ။ နောက်ပြီး ငါကောင်းကင်မြို့တော်ထဲရောက်လာကတည်းက ဘာအန္တရာယ်နဲ့မှမတွေ့သေးဘူး။ ဒါဆိုရင် ဒီစာအုပ်ကို ရှာတွေ့ဖို့ဆိုတာ မခက်ခဲဘူးဆိုတဲ့သဘောပေါ့။ ဒါဆိုဘာလို့ ဒီနေရာမှာတင်ရှိနေသေးတာပဲ။ ဒဏာရီလာဂိတ်တံခါးက အကြိမ်၂၀လောာက်ပွင့်ပြီးသွားပြီး ဒီကမ္ဘာထဲကိုလည်း သိုင်းဆရာအယောက်၅၀၀လောက်ရောက်လာခဲ့ဖူးမှာပဲ။ ဒီစာအုပ်ကိုရှာတွေ့တာကရော ငါက ပထမဆုံးလား...”
ဖှေးတွေးနေရင်းဖြင့် အိမ်မက်မက်နေသလိုပင် ခံစားနေရ၏။ မည်သည့်အတွက်ကြောင့် အလွန်ကံကောင်းနေရသည်ဆိုသည်ကို သူကိုယ်တိုင်ပင်နားလည်နိုင်ခြင်းမရှိပေ။
သူသည် သတိကြီးကြီးထားကာ ဂရုစိုက်တတ်သည့်လူတစ်ယောက်ဖြစ်သော်လည်း နတ်ဆိုးဘုရင်၏ ဓားစာအုပ်ကို သူ၏ထားသိုရာအကန့်အတွင်းသို့ ထည့်ကာ ပြန်သိမ်းလိုက်သည်။ ဤကဲ့သို့သောအရာသည် အလွန်ပင်ရှားပါးကာ တန်ဖိုးကြီးမားသည့်အတွက် စွန့်ပစ်သည့်လူသည် လူပိန်းတစ်ယောက်သာဖြစ်လိမ့်မည်ဖြစ်သောကြောင့်ပင်။
နတ်ဆိုးဘုရင်၏ ဓားစာအုပ်ကို အပိုင်သိမ်းလိုက်ပြီးသည့်နောက်တွင် ဖှေး၏ အာရုံစိုက်မှုများသည် နတ်ဘုရားအဆင့်စာအုပ်ရှိနေသည့် တစ်ပိုင်းပြတ်နေသောတိုင်ပေါ်သို့ ရောက်ရှိသွား၏။
မျက်နှာပြင်မှာကြမ်းတမ်းနေပြီးတစ်စုံတစ်ယောက်ပိုင်းဖြတ်ထားသည်နှင့်မတူပေ။ တစ်စုံတစ်ယောက်သည်အားဖြင့် ကျိုးပဲ့အောင်လုပ်ခဲ့သလိုပင်။ တိုင်၏အပေါ်ပိုင်းကို မည်သည့်နေရာတွင်မှ တွေ့ရခြင်းမရှိပဲ အောက်ပိုင်းသည်သာ နတ်စင်ပေါ်တွင် ထောင်မက်လျှက်ရှိနေ၏။ သို့သော် ထိုတိုင်ပေါ်တွင် ဘဲဥပုံအချိုင့်တစ်ခုရှိနေသည့်ကို တွေ့လိုက်ရသဖြင့် ဖှေးတစ်စုံတစ်ခုအား စဥ်းစားလိုက်မိပြီး သူ၏ ကမ္ဘာကျောက်တုံးကို ထုတ်ယူကာ ချိုင့်ထဲတွင်ထားကြည့်လိုက်သည်။
ကွက်တိဖြစ်နေရာ ထိုအချိုင့်သည် ကမ္ဘာကျောက်တုံးထားရန်အတွက် ဖြစ်ပေါ်နေသည့်အတိုင်းပင္။ ကမ္ဘာကျောက်တုံး၏ တစ်၀က်ခန့်သည် တိုင်ထဲတွင် မြုပ်နေပြီး ကျန်တစ်၀က်ပေါ်မှာ လေထဲတွင်ရှိနေ၏။
ဖှေးလမ်းပတ်လျှောက်ကာ အသေးစိတ်လေ့လာပြီးသည့်နောက်တွင် ဤတစ်ပိုင်းကျိုးနေသည့်တိုင်ပေါ်တွင်မှော်အစီရင်များရှိနေခြင်းကို မတွေ့ရချေ။ ထို့ကြောင့် ကမ္ဘာကျောက်တုံအား မည်ကဲ့သို့ သန့်စင်ရမည်ကို မသိပဲဖြစ်နေ၏။ ရုတ်တရက် အာကာရာနှင့် ကိန်းတို့မှာကြားလိုက်သည့်အရာတစ်ချို့ကို ဖှေးသတိရလိုက်မိသည်။ ထို့ကြောင့် လေပေါ်တွင်ပျံနေသည့် ကျောက်ပုလ္လင်ထံသို့ ပြန်လာကာ ကျောက်ပုလ္လင်အား ထိန်းချုပ်၍ နတ်စင်၏ အောက်သို့ ဆင်းသက်လာခဲ့တော့သည်။