အခန်း (၆၀၃)
Vol. 38 Ch. 603
နတ်စင်၏ ကိုးထပ်လုံးသည် အလွန်လျှင်မြန်စွာ လည်ပတ်နေသည့်အတွက် ပုံစံပင်ပြောင်းလဲသွား၏။ ဒဏာရီလာနတ်စင်သည် ငွေရောင်အလင်းတိမ်တိုက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး လူသားမျက်လုံးနှင့်မြင်နိုင်ရန်ပင် ခဲယဥ်သွား၏။ မကြာမှီတွင် ကြီးမားသည့်ထွင်းစာများ၊ ပုံရိပ်များသည် နတ်စင်မှထွက်ပေါ်လာပြီး နတ်စင်အား လျှင်မြန်စွာပင်လှည့်ပတ်နေကြ၏။ လူများ၊ တိရိစ္ဆာန်များ၊ တောင်တန်းများ၊ မြစ်များ၊ ပင်လယ်များ၊ ကြယ်တာယာများ၊ လျှပ်စီးများ၊ လက်နက်များ၊ အဆောက်ဦးများ စသည်တို့၏ ပုံရိပ်များပင်။ နတ်စင်သည် ကမ္ဘာပေါ်တွင်ရှိသည့် အရာမှန်သမျှ၏ ပုံရိပ်များကို ထုတ်လွှင့်နေသည့်အတိုင်းပင်။ ထိုပုံရိပ်များသည် တစ်ခုပေါ်တစ်ခုဆင့်ကာ ပျောက်ကွယ်သွား၏။
ဖှေး ထိုပုံရိပ်များကို အခိုက်တန့်တစ်ခုသာမြင်တွေ့လိုက်ရသည့်အတွက် ဘာကိုဆိုလိုသည်ကို မသိလိုက်ရချေ။
ဤထူးဆန်းသည့်ဖြစ်စဥ်သည် ဆက်လက်ကာဖြစ်ပွားနေလျှက်ရှိသည်။
ကျယ်လောင်သည့်အသံများသည်လည်းထွက်ပေါ်နေလျှက်ပင်ရှိပြီး နတ်စင်၏ တစ်ထပ်နှင့်တစ်ထပ်ပွတ်တိုက်ကာ လည်ပတ်နေသည့်အတွက်ကြောင့် မီးပွားစများပင်ထွက်ပေါ်လာ၏။
မပြောင်းလဲပဲရှိနေသည့်တစ်ခုတည်းသောအရာသည် နတ်စင်၏အပေါ်ဆုံးတွင်ရှိနေသည့် ကြီးမားသည့်ထောက်တိုင်ကြီးပင်။
ဖှေးတိုင်လုံးအား ရွေ့နေခဲ့စဥ်က သူ၏သွေးစက်များစွာသည် နတ်စင်ပေါ်သို့ စွန်းထင်းသွားခဲ့သည်။ ဤအခိုက်တန့်တွင် သွေးစက်များအားလုံးသည်နတ်စင်ပေါ်တွင်ရှိနေသည့် မှော်အစီရင်များထဲသို့ စီး၀င်နေလျှက်ရှိ၏။ မကြာမှီတွင် နတ်စင်ပေါ်တွင်ရှိနေသည့် ဖှေး၏သွေးစက်များကို နတ်စင်မှ စုပ်ယူသွားပြီး ပုံရိပ်များမှော်သင်္ကေတများသည် ကျောက်ပုလ္လင်ပေါ်တွင်ထိုင်နေသည့်ဖှေးအား စတင်၍ တုန့်ပြန်လာတော့သည်။ ဤသည်မှာ အလွန်ထူးဆန်းသည့်ခံစားချက်တစ်ခုပင်။ အချိန်နှင့်အမျှ ဖှေးနှင့် ဒဏာရီလာနတ်စင်တို့သည် ပို၍ပို၍ရင်းနှီးလာသလိုပင်။
နတ်စင်သည် လျှင်မြန်သည်ထက်ပို၍ လျှင်မြန်စွာလည်ပတ်လာပြီး နတ်စင်မှ မြင့်မြတ်သည့်အဖြူရောင်အလင်းတန်းများစွာထွက်ပေါ်လာကာ ၃၀မီတာခန့်မြင့်မားသည့် တိုင်လုံးကြီးနှင့်ပေါင်းစပ်သွား၏။ တိုင်လုံးမှထွက်ပေါ်နေသည့်အဖြူရောင်နှင့်အနီရောင်အလင်းတန်းများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ယှဥ်ပြိုင်ကာ တိုက်ခိုက်နေကြသည့် တပ်ဖွဲ့များကဲ့သို့ပင်။ သူတို့၏ ရန်သူအား နှိမ်နင်းလိုနေကြသည့်အတိုင်းပင်။
ဖှေးတဖြည်းဖြည်းခြင်းဖြင့်နားလည်လာ၏။
ငွေရောင်အလင်းတန်းများသည် အလင်းရောင်နှင့်မြင့်မြတ်သန့်စင်ခြင်းကို ကိုယ်စားပြုသည့်တိုင်လုံးမှ စွမ်းအင်များဖြစ်ပြီး အနီရောင်အလင်းတန်းတို့မှာ ကမ္ဘာကျောက်တုံးအား စွန်းထင်းနေသည့် မကောင်းဆိုး၀ါးစွမ်းအင်များပင်။ ထိုအလင်းတန်းနှစ်ခုသည် ရန်ဘက်များပင်။ သူတို့သည် ကြီးမားသည့် တိုင်လုံးကြီးအားစစ်မြေပြင်အနေဖြင့်အသုံးပြုကာ တိုက်ခိုက်နေကြ၏။ အကယ်၍ အဖြူရောင်ငွေအလင်းတန်းသာအနိုင်ရပါက ကမ္ဘာကျောက်တုံးသန့်စင်သွားပြီဟူသည့်အဓိပ္ပါယ်ပင်။
ထိုအချက်ကို ရိပ်မိလိုက်ပြီးသည့်နောက်တွင် ဖှေးစိုးရိမ်လာ၏။
အကယ်၍ အနီရောင်အလင်းတန်းများသည်လည်းအနိုင်ရရှိသွားပါက ကမ္ဘာကျောက်တုံးသည် ဆက်လက်စွန်းထင်းနေမည်ဖြစ်ပြီး ဖှေးဘ၀၏ အရေးကြီးဆုံးမိန်းကလေးနှစ်ယောက်သည် ပြန်လည်သတိရလာမည်မဟုတ်တော့သောကြောင့်ပင်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။
နတ်စင်သည် ဖှေး၏ စိတ်ကိုသိနေသည့်အတိုင်းပင် အထပ်များသည် ပို၍ပင်မြန်မြန်ဆန်ဆန်လည်ပတ်လာ၏။ မြေဆွဲအားကိုပင် လွန်ဆန်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့မည့်အတိုင်းပင်။ နတ်စင်၏ လည်ပတ်နေသည့်အဆင့်များသည် ကြောက်မက်ဖွယ်လေစီးကြောင်းများကို ဖန်တီးပေးနေလျှက်ရှိသည်။ လေစီးကြောင်းတစ်ခုခြင်းစီတိုင်းသည် စွမ်းအားမြင့်မားသည့်သိုင်းဆရာတစ်ယောက်၏ သိုင်းကွက်တစ်ခုကဲ့သို့ပင်။ အာကာသထဲတွင် အမဲရောင်အက်ကွဲကြောင်းများကိုပင် ဖန်တီးနေလျှက်ရှိ၏။ ကံကောင်းစွာပင် ဤတောင်အားဆောက်လုပ်ထားသည့်အဖြူရောင်ကျောက်တုံးများသည် ရူးလောက်သည်အထိမာကြောသောကြောင့် လေမုန်တိုင်းသည် နံရံများပေါ်တွင် ခြစ်ရာများထင်ကျန်ခဲ့စေနိုင်ခြင်းမရှိပေ။
နတ်စင်၏ လည်ပတ်နှုန်းမြင့်မားလာသည်နှင့်အမျှ နတ်စင်မှထွက်ပေါ်လာနေသည့် ငွေရောင်အလင်းတန်းများသည်လည်း ပို၍ပို၍ပြင်းထန်လာတော့သည်။ စွမ်းအားမြင့်မားသည့် စွမ်းအင်များသည် တောင်တွင်းတစ်ခုလုံးတွင်ပြည့်နှက်သွားပြီး လေထုသည်လည်း ပို၍သိပ်သည်းသာ ထူထပ်လာတော့သည်။ လေထုပင် အစိုင်ခဲအသွင်သို့ပြောင်းလဲသွားတော့မည့်အတိုင်းပင်။ အကယ်၍ ကျောက်တုံးပုလ္လင်မှ ထွက်ပေါ်လာနေသည့် ငွေရောင်အလင်းတန်းများသည်သာ ဖှေးအားကာကွယ်ထားခြင်းမရှိပါက ဖှေးကိုယ်တိုင်ပင် ဖိအားကြောင့် ကြေမွကာ သေဆုံးသွားနိုင်၏။
နတ်စင်သည် ပို၍ရူးသွပ်လာသည်နှင့်အမျှ ကမ္ဘာကျောက်တုံးထဲတွင်ရှိနေသည့်အနီရောင်စွမ်းအင်များသည်လည်း ပို၍ရူးသွပ်လာတော့၏။ မြင့်မြတ်သည့်စွမ်းအင်များသည် အသာစီးရသွားကာ အခြေအနေသည် ဖှေးမျှော်လင့်နေသည့်ဘက်သို့ စတင်ကာ ယိမ်းယိုင်လာတော့သည်။
ထင်ယောင်ထင်မှားဖြစ်နေသည်လား မသေချာပေ။ ဖှေးသည်နတ်စင်ပေါ်တွင်ဖြစ်နေသည့် ပြောင်းလဲမှုများကို အသေးစိတ်အာရုံခံနိုင်နေသည့်အတိုင်းပင်။ သူနှင့်နတ်စင်တို့သည် သွေးခြင်းဆက်နွယ်သွားကာ ဤမီတာ၁၀၀၀ခန့်မြင့်မားသည့်အဆောက်ဦးကို ထိန်းချုပ်လာနိုင်သလို ခံစားလာရ၏။ နတ်စင်သည် သူ၏ စိတ်ကိုသိနိုင်နေပြီး အစွမ်းကုန်ကူညီပေးနေသည့်အတိုင်းပင်။
ကမ္ဘာကျောက်တုံး သန့်စင်ခြင်းသည်အလွန်ရှုပ်ထွေးသည့် ဖြစ်စဥ်တစ်ခုဖြစ်သည့်အတွက်ကြောင့် အလွန်နှေးကွေးနေ၏။ သို့သော် ဤသည်မှာ ဖှေးနတ်စင်အား သိနားလည်လာကာ ထိန်းချုပ်နေသည့် ဖြစ်စဥ်တစ်ခုပင်။ သူသည် ထူးခြားသည့်သွေးခြင်းဆက်နွယ်မှုကို ရရှိပြီးသည့်အချိန်ကတည်းက နတ်စင်တွင် ကိုယ်ပိုင်အသက်၀ိဉာဥ်နှင့် အသိဉာဏ်ရှိပုံရသည်ကို ဖှေးခံစားနေရ၏။ မွေးကာစ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ပင် သူ၏ စိတ်သည်ဟာလာဟင်းလင်းဖြစ်နေပြီး ဖှေးအား မှီခိုနေရ၏။ နတ်စင်သည် ဖှေး၏အမိန့်များကို ၁၀၀ရာခိုင်နှုန်းလိုက်နာလိုစိတ်ရှိနေသည့်အတိုင်းပင်။
အချိန်များသည် ဖြေးညှင်းစွာဖြင့် ကုန်ဆုံးလာနေပြီး အနီရောင်အလင်းရောင်သည် တဖြည်းဖြည်းခြင်းဖြင့် အားနည်းသည်ထက်ပို၍အားနည်လာကာ အဖြူရောင်အလင်းရောင်၏ ၀ါးမျိုစားသောက်ခြင်းကိုခံနေရ၏။
“၀ုန်း...”
လေးနာရီခန့်ကြာပြီးသည့်နောက်တွင် ဖယောင်းတိုင်းတစ်တိုင်ကို မီးမှုတ်လိုက်သကဲ့သို့ ညင်သာသည့်အသံတစ်ခုထွက်ပေါ်လာ၏။ သို့သော် ထိုညင်သာသည့်အသံသည် ဒဏာရီလာနတ်စင်မှ ထွက်ပေါ်လာနေသည့်ဆူညံသံများအားလုံးကို လွှမ်းခြုံသွားပြီး အနီရောင်အလင်းတန်းများသည် နောက်ဆုံးတွင် အဖြူရောင်အလင်းတန်းများ၏ ဖျက်စီးခြင်းကို ခံလိုက်ရ၏။ ကမ္ဘာကျောက်တုံးတွင်စွန်းထင်းနေသည့် မကောင်းသည့်စွမ်းအင်များသည် နောက်ဆုံးတွင် သန့်စင်သွားပြီဖြစ်၏။
အလွန်မြင့်မားသည့် နှုန်းဖြင့် လည်ပတ်နေသည့် နတ်စင်သည်လည်း စတင်နှေးကွေးသွားပြီး ဆူညံသံများသည်လည်း စတင်၍ နှေးကွေးလာတော့သည်။ လေထဲတွင်ရှိနေသည့်အမဲရောင်အက်ကွဲကြောင်းများသည်လည်း ပျောက်ကွယ်သွားပြီး ဖှေးသည်လည်းနောက်ဆုံးတွင် ကျောက်ပုလ္လင်ပေါ်မှ လွတ်လပ်စွာရွေ့လျားနိုင်လာပြီဖြစ်သည်။ သူ့အား ကာကွယ်ပေးနေသည့် ငွေရောင်အလင်းတန်းများလည်း ပျောက်ကွယ်သွား၏။
မုန်တိုင်းတစ်ခုတိုက်ပြီးသည့်အချိန်တွင် သာယာနေသကဲ့သို့ တောင်၏အတွင်းပိုင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။
တောက်ပနေသည့် မှော်သင်္ကေတများနှင့် ပုံရိပ်များသည်လည်း ဒဏာရီလာနတ်စင်၏ သူတို့နှင့်သက်ဆိုင်ရာအထပ်များစီသို့ ပြန်သွားတော့၏။ နတ်စင်ပေါ်တွင်ရှိနေသည့် သွေးကြောများကဲ့သို့သော မှော်အစီရင်များလည်း အရောင်မှေးမှိန်ကာ ပျောက်ကွယ်သွားတော့၏။ မကြာမှီတွင် အလင်းရောင်များအားလုံးပျောက်ကွယ်သွားတော့၏။
အရာအားလုံးသည် ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွားပြီး ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင်။
သို့သော် ဖှေးနှင့် ဒဏာရီလာနတ်စင်တို့တွင်ရှိနေသည့် ထူးခြားသည့်ဆက်နွယ်မှုမှာမူ ပျောက်ကွယ်သွားခြင်းမရှိပေ။ နတ်စင်သည် စွမ်းအားများစွာထုတ်လွှတ်ပြီးသည့်အချိန်တွင် မောပန်းနေသည်ကို ဖှေးခံစားနေရ၏။
ဖှေးသူ၏ ၀ိဉာဥ်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး နတ်စင်နှင့်ဆက်သွယ်ရန်အတွက် ကြိုးစားကြည့်လိုက်သည့်အချိန်တွင် သက်ရောင်မှုသည် သူထင်ထားသည်ထက်ပင်ပို၍ကောင်းမွန်နေ၏။ မိနစ်အနည်းငယ်ခန့်ကြာသည့်အချိန်တွင် နတ်စင်သည်ပြန်လည်တုန့်ပြန်ကာ အိပ်မောကျသကဲ့သို့ အခြေအနေတစ်ခုသို့ ကျရောက်သွားတော့သည်။
“၀ှစ်..”
စူးရှသည့်အသံတစ်ခုထွက်ပေါ်လာပြီး ငွေရောင်အလင်းတန်းတစ်ခုသည် ဒဏာရီလာနတ်စင်မှ ထွက်ပေါ်လာ၏။ ဓားပျံတစ်ချောင်းကဲ့သို့ပင် ထိုအရာသည် နတ်စင်အား အကြိမ်ပေါင်းအနည်းငယ်လှည့်ပတ်ပျံသန်းပြီးသည့်အချိန်မှသာလျှင် ဖှေးထံသို့ ဦးတည်ကာ ပျံသန်းလာ၏။ အမြန်နှုန်းမှာ အလွန်လျှင်မြန်လှသည့်အတွက် ဖှေး၏နဖူးကြားထဲနေရာမှတဆင့် သူ၏ဦးခေါင်းအားထိုးဖောက်သွား၏။
ဖှေး ထိတ်လန့်သွားသည်။
နောက်အခိုက်တန့်တွင် သူ၏ခေါင်းထဲတွင် နာကျင်မှုကိုမခံစားရပဲ သူ၏ခေါင်းသည်လည်း ပေါက်ကွဲသွားခြင်းမရှိပေ။ ငွေရောင်အလင်းတန်းသည် ဖှေးအားအန္တရာယ်ပေးခြင်းမရှိပဲ ဖှေး၏ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သွားခြင်းသာဖြစ်သည်။ ဖှေးထံတွင်လည်း ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားနေရ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် အပိုပစ္စည်းတစ်ခုရောက်ရှိနေသည်ကို ဖှေးခံစားနေရသော်လည်း သူဘာလဲဖော်ထုတ်၍မရနိုင်ပေ။
သူအပေါ်သို့ မော့ကြည့်လိုက်သည့်အချိန်တွင် မီတာ၃၀ခန့်မြင့်မားသည့်အဖြူရောင်တိုင်လုံးကြီး မရှိတော့သည်ကို တွေ့လိုက်ရသည်။ ခနတာ ရပ်တန့်ပြီးသည့်နောက်တွင် သူနားလည်သွား၏။ သူထင်သည်မလွဲပါက သူ၏ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သွားသည့်ငွေရောင်အလင်းတန်းသည် သူပြန်ဆက်ပေးခဲ့သည့် ကြီးမားသည့် တိုင်လုံးကြီးပင်။
“ငါ့ခန္ဓာကိုယ်ထဲမှာ တိုင်လုံကြီးတစ်ခုရှိနေတာလား။ ဟာ ကိုယ်၀န်ဆောင်ထားရသလိုပဲ...” စဥ်စားပြီးနောက်တွင် ဖှေးမသက်မသာခံစားမိသော်လည်း ဘာမှမတတ်နိုင်ပေ။ ထိုတိုင်လုံးကြီးသည် သူ၏ခန္ဓာကိုယ်ထဲသို့၀င်ရောက်ပြီးသည့်အချိန်တွင် သူ၏ ဆင့်ခေါ်မှုကို တုန့်ပြန်ခြင်းလဲမရှိပေ။ လုံး၀ပင်ပျောက်ကွယ်သွားသည့်အတိုင်းပင်။
“ဒီကမ္ဘာပေါ်က သိုင်းဆရာတွေသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ လက်ဆွဲတော်လက်နက်တွေကို သိမ်းထားသလိုထင်တယ်။ င့ါမှာ အတွင်းအားလည်းမရှိတော့ ငါက အဲ့လိုသိုင်းကွက်တွေကို သင်ယူလို့မရဘူး။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါလည်းအဲ့လိုနည်းပညာတွေသုံးပြီးတော့ ဒီတိုင်လုံးကြီးကို ဆင့်ခေါ်လို့ရမယ်ထင်တယ်...”
ဖှေးတွေးနေသည့်အချိန်တွင် သူ၏မျက်လုံးများသည် နတ်စင်ကိုးထပ်မြောက်တွင်ရှိသည့် ကောင်းကင်ပြာရောင်သန်းနေသည့်အရာ၀တ္တုတစ်ခုထံသို့ ကျရောက်သွား၏။
“ဒါက သန့်စင်တဲ့ ကမ္ဘာကျောက်တုံးပဲ...”
ဖှေးသည် ကျောက်တုံးပုလ္လင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ကောက်ယူကြည့်လိုက်သည်။ ကောင်းကင်နှင့် ပင်လယ်ပြင်ကဲ့သို့ပင် ပြာလဲ့နေသည်ကိုတွေ့လိုက်ရသည့်အတွက် အံ့သြသွား၏။ ကမ္ဘာကျောက်တုံးထဲတွင် သန့်စင်ကာလှပသည့်စွမ်းအင်များစွာရှိနေသော်လည်း ယခုအချိန်တွင် ကမ္ဘာကျောက်တုံးသည် လက်သည်းခွံအရွယ်စားခန့်သာရှိတော့၏။ ပုံမှန်အရွယ်စားထက် ဆယ်ဆခန့်သေးငယ်သွားခြင်းပင်။
“ဟားဟား ဒါက သန့်စင်တဲ့ ကမ္ဘာကျောက်တုံးပဲ။ အတော်လေးသေးသွားပေမယ့် အာာကာရာနဲ့ ကိန်းတို့ပြောတဲ့ပုံအရဆိုရင် အန်ဂျယ်လာနဲ့ အယ်လီနာတို့ကို ကယ်တင်ဖို့ လိုတာထက်တောင်ပိုနေသေးတယ်။ ဟားဟား ငါလုပ်နိုင်သွားပြီကွ...”