အခန်း (၆၀၄)
Vol. 38 Ch. 604
ဖှေးသည် ထိန်းချုပ်ထားခြင်းမရှိပဲ ကျယ်လောင်စွာပင်ရယ်မောလိုက်သည်။ သူ၏ ရယ်သံသည် တောင်ထဲတွင်ဟိန်းသွား၏။
ဖှေး၏ အစိုးရိမ်ရဆုံးပြသနာအား ဖြေရှင်းပြီးသွားပြီဖြစ်သည်။
ဖှေးသည် မျက်နှာပေါ်တွင် ထုတ်ဖော်ပြသခြင်းမရှိခဲ့သော်လည်း သူသည် ဖိအားများစွာကို သည်းခံခဲ့ရသည်။ စိတ်ထဲတွင် သူ၏ ဘ၀တွင်အရေးကြီးဆုံးဖြစ်သည့် မိန်းကလေးနှစ်ဦး၏အကြောင်းကိုသာ တစ်ချိန်လုံးတွေးနေခဲ့မိသည်။ အကယ်၍ သူမတို့ကို မကယ်တင်နိုင်ပါက ဖှေးသည် အသက်ရှင်နိုင်တော့မည်မဟုတ်ပဲ သူ၏ ဘ၀သည်လည်း မှေးမှိန်သွားမည်ဖြစ်သောကြောင့်ပင်။
“ငါဆက်မစောင့်နိုင်တော့ဘူး။ အခုပဲပြန်မှဖြစ်တော့မယ်။ အန်ဂျယ်လာနဲ့ အယ်လီနာတို့ကို အမြန်ဆုံးသတိရအောင်လုပ်ရမယ်...”
ဖှေးကမ္ဘာကျောက်တုံးအား ယူပြီးသည့်နောက် ဤနေရာတွင် ဆက်နေလိုခြင်းမရှိတော့ပေ။ သူသည် တယ်လီပေါ့တ် ပေါ်တယ်တစ်ခုကိုအသုံးပြု၍ သူ၏ကောင်မလေးများကို ကယ်တင်ရန်အတွက် အလံနှစ်စုံမြို့တော်သို့ ပြန်ရန်ပြင်လိုက်သည်။
သူပြန်တော့မည့်အချိန်တွင် ကြီးမားသည့် အရိုးစုကြီးအကြောင်းကို တွေးလိုက်မိသည်။ ထိုအရိုးစုကြီးသည် နတ်ဆိုးအကြွင်းကျန်များနှင့် နှိုင်းယှဥ်ကြည့်လျှင်ပင် အလွန်တန်ဖိုးမြင့်မားသည့်အတွက် အရိုးစုများကို အသက်သွင်းကာ လိုသလိုစေခိုင်းနိုင်သည့် ဟေဇယ်-ဘန့်ခ်၏လက်ထဲတွင် များစွာအသုံး၀င်လာနိုင်သည့်အတွက်ပင်။
နတ်စင်အောက်သို့ရောက်သည့်အချိန်တွင် ဖှေး ကျက်သေသေသွား၏။
လျို့၀ှက်ဆန်းကျယ်သည့်အရိုးစုကြီးသည် ပျောက်ကွယ်သွားသည့်အတွက်ပင်။
ထိုအရိုးစုကြီးရှိခဲ့သည့်နေရာတွင် ဖှေးဘာကိုမှတွေ့ရခြင်းမရှိတော့ပေ။ မြေပြင်ပေါ်တွင်သာ ကုတ်ခြစ်ရာများမရှိပါက နေရာမှားနေသည်ဟုပင် ဖှေးယူဆမိမည်ဖြစ်သည်။ လေးမီတာခန့်ရှည်လျားသည့်အရိုးစုကြီးသည် မြင်ကွင်းမှပျောက်ကွယ်သွားရန်မှာ လွယ်ကူခြင်းမရှိသောကြောင့်ပင်။ သို့သော် ထိုနေရာတွင် ဘာကိုမှ တွေ့ရခြင်းမရှိတော့ပေ။
ဖှေးတုန်လှုပ်သွားကာ ချွေးများပင် ပြန်လာတော့သည်။
“မကောင်းဆိုး၀ါးလား။ မဟုတ်မှလွဲရော အဲ့အရိုးစုကြီးက သူ့ပါသူ ထပြန်သွားတာလား...” ဖှေးတွေးလိုက်မိသည်။ “မဖြစ်နိုင်ပါဘူး ငါကမကောင်းဆိုး၀ါးစွမ်းအင်ကို ကောင်းကောင်းအာရုံခံနိုင်ပါတယ်။ အဲ့တာတောင် ငါက ဘာကိုမှ အာရုံမခံခဲ့မိဘူး သေစမ်း ဘာတွေဖြစ်ကုန်တာလဲ...”
“ဒါမမဟုတ်ရင် နတ်စင်လည်နေတုန်းက ဖြစ်လာတဲ့လေစီးကြောင်းတွေကြောင့်များလွှင့်သွားပြီး ထောင့်တစ်နေရာရဦကိုရောက်သွားတာလား...အေးဟုတ်တယ် ငါစိုးရိမ်မနေသင့်ဘူး ပတ်ပတ်လည်ကို ရှာကြည့်ဦးမှ...”
ဖှေးသည် ကိုယ့်ကိုယ်ကိုယ်အားပေးကာ နေရာတစ်ခုလုံးတွင်ရှာကြည့်လိုက်သည်။ ကံမကောင်းစွာပင် သူဘာကို ရှာတွေ့ခြင်းမရှိပေ။
“ဒါမှမဟုတ် ဒီနေရာမှာ ပေါ်လာခဲ့တဲ့ အမဲရောင်အက်ကွဲကြောင်းတွေကများ အဲ့တာကို ၀ါးမျိုသွားတာများလား။ အဲ့အက်ကွဲကြောင်းတွေက နတ္တိနေရာနဲ့ ဆက်စက်နေတော့လေ...” နောက်ဆုံးတွင် ဖှေးလုပ်နိုင်သည့်အရာမှာ မိမိကိုယ်မိမိအားပေးရန်သာဖြစ်၏။ သို့သော် သူသည် အနည်းငယ်စိတ်မသက်မသာဖြစ်နေဆဲပင်။
နတ်စင်နှင့် ကျောက်တိုက်လုံးတို၏ အစွမ်းကိုမျက်မြင်သိပြီးသည့်အချိန်တွင် ဖှေးသည် ထိုအရိုးစုလူသန်ကြီးအသက်ရှင်စဥ်က မည်မျှစွမ်းအားကြီးမည်ကို ပို၍သဘောပေါက်လာ၏။ လေမုန်တိုင်းများနှင့် အမဲရောင်အက်ကွဲကြောင်းများကပင် နံရံများပေါ်တွင်အရာများချန်ထားခဲ့နိုင်ခြင်းမရှိပေ။ သို့သော်လည်း ထိုလူသန်ကြီးသည်ကြမ်းပြင်ပေါ်တွင် လွယ်လွယ်ကူကူဖြင့် ကုတ်ခြစ်ရာများကို ချန်ထားခဲ့နိုင်သည့်အတွက်ကြောင့်ပင်။ နှိုင်းယှဥ်ကြည့်ပါက ထိုအရိုးစုကြီးသည်အသက်ရှင်ခဲ့စဥ်က နေအဆင့်ထက်ပင် ကျော်လွန်သည့်အဆင့်တွင်ရှိခဲ့သည့်ပုံပင်။ သူသည် နတ်ဘုရားအစစ်မှန်တစ်ပါးပင်ဖြစ်ပေလိမ့်မယ်...”
နတ်ဘုရားများသာလျှင် ဤကဲ့သို့ ရူးလောက်သည်အထိမာကြောသည့်ကျောက်သားပေါ်တွင် အရာများထင်ချန်ထားနိုင်ခဲ့မည်ဖြစ်သောကြောင့်ပင်။
“ဒါပေမယ့် ဒီအရိုးစုက တကယ်ပဲ နတ်ဘုရားတစ်ပါးဆိုရင် ဒီလို လွယ်လွယ်ကူကူနဲ့ သေသွားခဲ့မှာမဟုတ်ဘူး။ ငါကအရိုးစုကနေ ကျောက်တိုင်ကို ဆွဲနုတ်ခဲ့တာပဲ...မဟုတ်မှလွှဲရော ငါက မတော်တဆများကြောက်စရာကောင်းတဲ့လူတစ်ယောက်ကို ပြန်ပြီးအသက်သွင်းပေးလိုက်မိပြီလား။ ငါအရင်ဘ၀တုန်းက သရဲကားတွေကြည့်ပါများလို့ ဒီလိုတွေးမိနေတာဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ...”
ဖှေးသည် ခနတာခန့်တွေးပြီးသည့်နောက်တွင် ဖြေရှင်းချက်တစ်စုံတစ်ရာကိုစဥ်းစားနိုင်ခြင်းမရှိသည့်အတွက် မေ့လိုက်ရုံသာတက်နိုင်၏။ ဘေးပတ်ပတ်လည်အား လိုက်လံကာ ရှာဖွေကြည့်လိုက်ပြီး သူဘာမှ လျစ်လျူမရှုခဲ့ကြောင်းအတည်ပြုပြီးသည့်နောက်တွင် ပြန်ရန်အတွက် ပြင်ဆင်တော့သည်။
ကျောက်ပုလ္လင်ထံသို့ ပြန်သွားလိုက်ပြီး လက်တန်းများပေါ်တွင်ရှိသည့် မှော်အစီရင်များထဲသို့ မှော်စွမ်းအင်တစ်ချို့စီး၀င်စေလိုက်သည်။ သူထင်ထားသလိုပင် ငွေရောင်မီးတောက်များထွက်ပေါ်လာပြီး သူ၏မျက်လုံးရှေ့တွင်ရှိနေသည့်မြင်ကွင်းများပျောက်ကွယ်သွားတော့၏။ မကြာမှီတွင် ကောင်းကင်မြို့တော်၏ တောင်ထိပ်တွင်ရှိသည့် နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိလာတော့၏။
နန်းတော်ဆောင်သည် လူသူခြောက်ကပ်နေဆဲပင်။ သို့သော်လည်း ပြောင်းလဲမှုတစ်ချို့ဖြစ်ပေါ်ခဲ့သည့်ပုံပင်။
ရေကန်ထဲတွင်ရှိသည့် ကြာပန်းကဲ့သို့သောအပင်များသည် ပို၍ပင်လန်းဆန်းနေသည့်ပုံရှိပြီး အရိုးများ၊ အဖူးများသည်နန်းတော်ဆောင်ကိုလင်းထိန်စေနိုင်သည့် ရွှေရောင်အလင်းရောင်များကို ထုတ်လွှတ်ပေးနေလျှက်ရှိကြသည်။ နန်းတော်ဆောင်သည် ထိုပို၍တောက်ပလာသည့်အလင်းတန်းများကြောင့် ပို၍ပင် မြင့်မြတ်သည့်ပုံပေါက်နေတော့၏။
ဤအပင်၏ အဖူးကိုးဖူးမှ တစ်ဖူးသည်လည်း ပွင့်ခါနီးဖြစ်နေသည်ကိုလည်း ဖှေးသတိထားမိလိုက်၏။ ထိုအဖူးမှ အလွန်ပင် ထူးခြားသည့်ရနှံ့တစ်ခုကို ထုတ်လွှတ်လျှက်ရှိကာ ရှူရိုက်မိသည့် လူတိုင်းကို လန်းဆန်းသွားစေ၏။
တောင်ထဲမှ ထွက်လာပြီးသည့်တိုင်အောင် ကျောက်ပုလ္လင်သည် မြေပေါ်သို့ ပြန်လည်ဆင်းသက်ခြင်းမရှိသေးပေ။ ထိုအစား လေထဲတွင်သာ ၀ဲပျံလျှက်ရှိနေပြီး ဖှေး၏ ဆန္ဒအတိုင်း ရွေ့လျားမည်ဖြစ်သည်။
“ဟမ် ဒါကစိတ်၀င်စားစရာပဲ ငါက ဘလက်ကီအပြင်နောက်ထပ်စီးတော်ယဥ်တစ်ခု ထပ်ရပြန်ပြီထင်တယ်...” ဤပုလ္လင်သည် သူ့အား ကာကွယ်ပေးရန်အတွက် ငွေရောင်အလင်းတန်းများကိုလည်း ထုတ်လွှင့်ပေးခဲ့သည့်အတွက် ထူးဆန်းသည်ဟု ဖှေးခံစားနေရသည်။ ဤပုလ္လင်သည်လည်း အစစ်မှန်ပင်ရတနာတစ်ပါးဖြစ်သည်ကို ဖှေးသိရှိလာ၏။
“ငါသာကို သိမ်းထားရင်ကောင်းမယ်။ ဒီပုလ္လင်သာင့ါမှာရှိနေတယ်ဆိုရင် ဒီတောင်ထဲမှာရှိနေတဲ့ နေရာကို စိတ်တိုင်းကျ၀င်နိုင်လိမ့်မယ်။ ဒဏာရီလာဂိတ်တံခါးကလည်း ထူးခြားတဲ့ပစ္စည်းတစ်ခုပဲ ဒါပေမယ့် ကြီးလွန်းတော့ခါကျငါယူသွားနိုင်မှာမဟုတ်ဘူး။” ဖှေးလျှောက်တွေးနေ၏။ ကျောက်ပုလ္လင်အား သူ၏ ထားသိုရာအကန့်ထဲသို့ မထည့်ရသေးခင်မှာပင် ကျောက်ပုလ္လင်ကိုယ်တိုင်အနည်းငယ်တုန်ခါလာပြီး အဖြူရောင်မီးတောက်များအဖြစ်သို့ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့၀င်ရောက်သွားတော့သည်။
“ဟမ် ဒါက င့ါစိတ်နဲ့ ထိန်းချုပ်လို့ရတာပဲ...”
ဖှေးအံ့သြသွား၏။ သူသည် လျို့၀ှက်သည့် ကျောက်ပုလ္လင်ကို သူ၏ခန္ဓာကိုယ်အပြင်ဘက်သို့ ဆင့်ခေါ်လိုသည့်အကြောင်းကို တွေးလိုက်မိသည်။ ဆင့်ခေါ်ရန်မှာလည်း အလွန်ပင် လွယ်ကူချောမွေ့နေ၏။ သူ၏ခြေလက်များကို ထိန်းချုပ်နေရသလိုပင်။ ဘာတွေဖြစ်ကုန်သည်အား ဘုရင်ကိုယ်တိုင်ပင်မသိတော့ပေ။
ယနေ့တွင်ထူးဆန်းအရာများစွာဖြစ်ခဲ့သည့်အတွက်ကြောင့် ဖှေးပင် အနည်းငယ်အသားကျနေပြီဖြစ်သည်။ ကိုယ်၀န်ရှိနေသကဲ့သို့ပင် ယခုအချိန်တွင် ဖှေး၏ ခန္ဓာကိုယ်ထဲ၌ ၃၀မီတာခန့်မြင့်မားသည့် ကျောက်တိုက်ကြီးရှိနေပြီးဖြစ်၏။ ထို့ကြောင့် ဖှေးအတွက် ဖှေးအတွက် နောက်ထပ်ပစ္စည်းတစ်ခုအား ခန္ဓာကိုယ်ထဲတွင် ထည့်ထားရန်မှာလည်း သိပ်ပြီးမထူးဆန်းတော့ပေ။ ထို့အပြင် သူသည် ဤကျောက်ပုလ္လင်အားစိတ်ဖြင့် လိုသလိုဆင့်ခေါ်နိုင်၏။ ဖှေး၏ ခန္ဓာကိုယ်ထဲတွင် ခွင့်ပြုချက်မရှိပဲ ၀င်ရောက်နေထိုင်ကာ အကူညီပေးလိုခြင်းမရှိသည့် ကျောက်တိုင်ထက်တော့ ပို၍သာသည်ဟုပြောနိုင်၏။
ကျောက်ပုလ္လင်အား ထိန်းချုပ်ရသည်နှင့် အသားကျလာသည့်အချိန်တွင် ဖှေးသည် ပုလ္လင်ပေါ်တွင်ထိုင်ကာ နန်းတော်ထဲမှ ချက်ချင်းထွက်ခွာလာခဲ့တော့သည်။ သူ၏ အမြန်နှုန်းသည် ကျောက်ပုလ္လင်ပေါ်တွင် လွန်စွာမြင့်မားလှသည့်အတွက် အင်ပါယာအရှင်သခင် ခရွန်ကန့်နှင့် ဆံပင်အပြာရောင်နှင့်လူတို့ပင် သူ့အား အမှီလိုက်နိုင်တော့မည်မဟုတ်ပေ။
ဖှေးနန်းတော်ဆောင်အတွင်းမှ ထွက်ခွာလာခဲ့ပြီး ကောင်းကင်မြို့တော်ကြီးအား အပေါ်စီးမှ ငုံ့ကြည့်လိုက်မိသည်။
ညအချိန်ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် ကောင်းကင်ကြီးသည်လည်း ပို၍ပို၍တောက်ပလာ၏။ ကောင်းကင်မြို့တော်ကြီးသည်လည်း ငွေရောင်အလင်းတန်းတစ်ခုတောက်ပနေလျှက်ရှိကာ မြင့်မြတ်ခမ်းနားသည့်အရှိန်၀ါတို့ကို ပြသနေလျှက်ရှိသည်။
မကြာမှီတွင် ဖှေး၏မျက်နှာသည်လည်း အရောင်ပြောင်းလဲသွားတော့၏။
တစ်နည်းတစ်ဖုံဖြင့် ဤမြို့ကြီးသည်သူ့အား ယခင်ကနှင့်မတူညီသည့် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိသည့်အတွက်ပင်။ ပို၍ ရင်းနှီးလာသလိုခံစားလိုက်ရပြီး သူအသက်ရှူသည့်အချိန်တိုင်းတွင် မြို့ကြီးပါလိုက်၍ အသက်ရှူနေသကဲ့သို့ ခံစားနေရ၏။ သူ၏ ၀ိဉာဥ်စွမ်းအားကို ထုတ်ကြည့်လိုက်သည့်အချိန်တွင် ၀ိဉာဥ်စွမ်းအားများသည် ကောင်းကင်မြို့တော်ကြီးတစ်ခုလုံးကိုပင်လွှမ်းခြုံသွားသလို ခံစားလိုက်ရ၏။
“ဟမ် ဘယ်လိုဖြစ်ပြီးတော့ အခုချိန်ရောက်မှ င့ါရဲ့၀ိဉာဥ်စွမ်းအားတွေက ပိုပြီးအစွမ်းထက်လာရတာလဲ...” ဖှေးသည် ယုံနိုင်ခြင်းမရှိတော့သည်အထိပင် အံ့သြသွား၏။ ယခင်က သူနှင့်ပတ်ပတ်လည် အချင်း၀က်၇၀၀မီတာကိုသာ ကြည့်နိုင်သည့် သူ၏ ၀ိဉာဥ်စွမ်းအားများသည် ယခုအချိန်တွင် အချင်းစုစုပေါင်း ၁၀မီတာကျော်ခန့်ရှိသည့် မြို့ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည့်အတွက်ပင်။
ငါးဆခန့်မြင့်မားလာခြင်းပင်။
ဖှေးအနည်းငယ်တုန်လှုပ်သွား၏။ သူဤကောင်းကင်ဘုံကဲ့သို့သော ကောင်းကင်နန်းတော်ကြီးကို တွေ့ပြီးကတည်းက ကြုံတွေ့ခဲ့ရသည့်အရာများသည် သာမန်အချက်လက်များဖြင့်ရှင်းပြရန်မဖြစ်နိုင်သည့်အတွက်ပင်။ သူသည် မည်မျှပင်ကြိုးစားတွေးစေကာမူ ဖြစ်နိုင်သည့်အကြောင်းပြချက်များကို စဥ်းစားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူသည် စဥ်စားနေခြင်းကိုပင် ရပ်တန့်လိုက်ရ၏။
သူသည် အလံနှစ်စုံမြို့တော်သို့ ပြန်ရန်ကိုသာ စိတ်အားထက်သန်နေသည့်အတွက် သူသည် ကျောက်ပုလ္လင်ပေါ်သို့ ထိုင်ကာ ချက်ချင်းပင် ကောင်းကင်မြို့တော်ထဲမှ ပျံသန်းထွက်ခွာလာတော့သည်။
ထွက်ခွာနေရင်းဖြင့် အနောက်သို့ လှည့်ကာ ကြည့်လိုက်သည့်အချိန်တွင် ကောင်းကင်မြို့တော်ကြီးသည် ခမ်းနားကာ အသက်ရှူမှားလောက်သည်အထိပင် လှပနေ၏။
“ဒီကောင်းကင်မြို့တော်က နတ်ဘုရားတွေရဲ့ မြို့တော်ပဲ။ အေဇာရုတိုက်ပေါ်မှာ ဘယ်သူမှ ဒီလိုမြို့တော်မျိုးကိုပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ဟီးဟီး ဒီမြို့တော်ကြီးကိုသာ ငါထိန်းချုပ်နိုင်ရင်အတော်ကောင်းတာပဲ။အခုချိန်မှာတော့ ၀ှက်ထားပြီးတော့ ငါစွမ်းအားကြီးလာတဲ့အချိန်ကျရင်ချမ်းဘော့ဒ်မြို့သူမြို့သားတွေကို ဒီကောင်းကင်မြို့တော်ထဲမှာ ပြောင်းနေခိုင်းလိုက်မယ်။ ငါ့ရဲ့ သစ္စာရှိမြို့သူမြို့သားတွေသာ ဒီမြို့တော်ထဲမှာ နေနနိုင်ပြီဆိုရင် ချမ်းဘော့ဒ်က တိုက်တစ်ခုလုံးနဲ့ သီးသန့်ဖြစ်သွားပြီးတော့ ပြိုင်ဘက်ကင်းတဲ့အင်ပါယာတစ်ခုဖြစ်လာလိမ့်မယ်....”
ဖှေး စိတ်ကူးယဥ်ကြည့်နေ၏။
သို့သော် သူထိုအကြောင်းကို တွေးကြည့်လိုက်သည့်အချိန်တွင် မှော်ဆန်သည့်အရာတစ်ခုဖြစ်ပျက်သွား၏။
ရုတ်တရက်ပင် မြို့တော်ပတ်ပတ်လည်တွင် ထိုးဖောက်မြင်နိုင်ရသည့် ပူဖောင်းကဲ့သို့သော် အစက်ပျောက်များပေါ်လာကာ စွမ်းအင်အကာရံတစ်ခုအနေဖြင့် မြို့တော်တစ်ခုလုံးသို့ လွှမ်းခြုံသွား၏။ အလင်းတန်းတစ်ချို့တောက်ပလာပြီးသည့်အချိန်တွင် ထိုမြို့တော်ကြီးသည် ဖှေး၏မျက်လုံးရှေ့မှ ပျောက်ကွယ်သွားတော့၏။
ကိုယ်ယောင်ပျောက်သွားခြင်းမဟုတ်ပဲ အမှန်တကယ်ပင် ပျောက်ကွယ်သွားခြင်းပင်။
ကောင်းကင်မြို့တော်ကြီးသည် ဤကမ္ဘာငယ်ထဲမှ ပျောက်ကွယ်သွားပြီဖြစ်ပြီး အဆုံးမဲ့စကြ၀ဌာထဲသို့ရောက်ရှိသွားပြီဖြစ်၏။ အာကာသ ကိုသြဒီနိတ်များမရှိပါက မည်မျှပင်စွမ်းအားကြီးမားသည့်လူရှာဖွေစေကာမူ ရှာတွေ့တော့မည်မဟုတ်ပေ။