← Chapters

"ကျင်းမြောင်းသည့်လမ်း"

Vol. 38 Ch. 605

"ကျင်းမြောင်းသည့်လမ်း"

Vol. 38 Ch. 605

"တကယ်ပျောက်သွားပြီဟ...ဒါပေမယ့် ငါက အဲ့ဟာရဲ့ အာကာသကိုသြဒီနိတ်တွေကို သိသလိုခံစားနေရတယ်။ ကောင်းကင်မြို့တော်နဲ့ ငါ့ကြားမှာ ထူးခြားတဲ့အဆက်သွယ်တစ်ခုရှိနေတုန်းပဲ။ ငါထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘူး။ ငါက အဲ့မြို့တော်ဘယ်နားရှိနေလဲဆိုတာကို အာရုံခံလို့ရနေတယ်။ ငါက ဒီလျို့၀ှက်တဲ့ ကျောက်ပုလ္လင်ကို သုံးပြီးတော့ ကောင်းကင်မြို့တော်ကို ကြိုက်တဲ့အချိန်မှာ အချိန်နဲ့အာကာသကို ဖြတ်ကျော်ပြီးတော့ သွားလို့ရနေတာပဲ...."

ဖှေးစဥ်းစားကြည့်လိုက်မိပြီး တံတွေးပင်မျိုချလိုက်မိသည်။

နောက်အခိုက်တန့်တွင် သူ၏နှလုံးခုန်သံများမြန်ဆန်လာသည်၊ သူ၏အာခေါင်များခြောက်သွေ့လာ၏။ သူ၏ခန္ဓာကိုယ်သည်လည်း စတင်၍ တုန်ခါလာတော့သည်။

ဤအရာများအားလုံးမည်သည့်အဓိပ္ပါယ်ကို ဆောင်နေသည်ကို သူသိရှိသွားသည့်အတွက်ကြောင့်ပင်။

ယခုအချိန်တွင် ကောင်းကင်မြို့တော်ကြီးကို သူပိုင်သွားပြီဖြစ်သောကြောင့်ပင်။ သူ့ထံတွင်ကျောက်ပုလ္လင်ရှိနေသ၍ သူသည် ကောင်းကင်မြို့တော်ထဲသို့ အချိန်မရွေး၀င်ရောက်နိုင်မည်ဖြစ်သည်။ အမှန်ပင် ကျောက်ပုလ္လင်ကိုအသုံးပြု၍ အချိန်နှင့်အာကာသကိုဖြတ်ကျော်နိုင်ရန်အတွက် သူ့ထံတွင်လုံလောက်သည့် စွမ်းအားရှိရဦးမည်လည်းဖြစ်သည်။ ထို့ကြောင့် သူ၏ စွမ်းအားများကို တိုးမြှင့်ရ်တော့လိုအပ်နေသေးသည်။ ဖှေးသည် ခရီးထွက်ရန်အတွက် လိုအပ်သည့်စွမ်းအင်ပမာနကိုပင် အာရုံခံမိနေပြီးဖြစ်၏။

ဖှေးထိုကဲ့သို့စဥ်းစားနေရင်းဖြင့် အိမ်မက်မက်နေကြောင်းအတည်ပြုရန်အတွက် သူ့ပေါင်သူပါ ဆွဲဆိတ်ကြည့်လိုက်မိသည်။

"ငါက ဘယ်လိုဖြစ်ပြီးတော့ ဒီလိုကြီးမားတဲ့ ဆုလာဘတ်ကို ရလိုက်တာပါလိမ့်။ ငါဒီလိုကံကောင်းအောင်ဘာတွေများလုပ်လိုက်မိသေးလဲ..."

ဘုရင်သည် ဒေါ်လာငါးသန်းထီပေါက်လိုက်သည့် လူဆင်းရဲတစ်ယောက်ကဲ့သို့ပင် ခံစားလိုက်ရ၏။ သူသည် တုန်ခါနေကာ အော်ဟစ်ကြုံး၀ါးလိုစိတ်များပင်ပေါက်နေ၏။ သို့သော် တစ်ခြားတစ်ဖက်သို့ ကြည့်လိုက်ရင်းဖြင့် သူ၏မျက်နှာအမူယာသည်လည်း ပြောင်းလဲသွား၏။

မြင့်မားသည့်စွမ်းအားအရှိန်၀ါများထွက်ပေါ်လာသည့်အတွက်ပင်။

"တစ်ယောက်ယောက်လာနေတာပဲ..." ဖှေးသည် အရှိန်၀ါကို အာရုံခံလိုက်မိပြီးဖြစ်၏။ ထိုအရှိန်၀ါအား သူရင်းရင်းနီးနီးသိပြီး မည်သူဖြစ်သည်ကိုလည်း ကောင်းစွာသိနေ၏။ သို့သော် ယခုအချိန်တွင် သူ့အတွက် ပုန်းအောင်းရန်နောက်ကျသွားပြီဖြစ်သည်။ ကျောက်ပုလ္လင်အား တစ်ခြားလူများမမြင်နိုင်ရန်အတွက် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ရန်သာအချိန်ရလိုက်၏။

"၀ှစ်..."

စူးရှသည့်အသံတစ်ခုထွက်ပေါ်လာ၏။ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သူ၏မျက်စိရှေ့တွင် တစ်စုံတစ်ယောက်ပေါ်လာ၏။

ထိုလူသည် အရပ်သုံးမီတာခန့်မြင့်မားသည့် အိုက်ဟိုဗင်အင်ပါယာအရှင်သခင် ခရွန်ကန့်ပင်။

"ဟမ် မင်းပါလား။ င့ါကို ပြောစမ်း မင်းက ဘာလို့ ဒီမှာ ရှိနေရတာလဲ..." ခရွန်ကန့်သည် ချမ်းဘော့ဒ်ဘုရင်အား ဤနေရာတွင်ရှိနေရန်အတွက် မျှော်လင့်ထားခြင်းမရှိသည့်အတွက်ပင်။ သူသည် အတွင်းအားစွမ်းအင်ကိုပင် ချွေတာခြင်းမရှိပဲ ကောင်းကင်မြို့တော်အား တွေ့ရှိသည့်ပထမဆုံးလူမှာ သူဖြစ်လိုသည့်အတွက်ကြောင့် အမြန်ဆုံးလာခဲ့ခြင်းဖြစ်ပြီး သူ၏ ကိုယ်ရံတော်ပင်အနောက် ၀ေးလှံသည့်နေရာတွင် အမှီလိုက်နိုင်ခြင်းမရှိပဲ ကျန်ရစ်ခဲ့၏။ သို့သော် တစ်စုံတစ်ယောက်မှာ သူ့ထက်အရင်ရောက်နေနှင့်ပြီး ထိုလူသည် သူသတ်ချင်နေသည့်လူပင်။

မျက်နှာပေါ်တွင် သံသယရှိနေသည့်အမူယာဖြင့် ခရွန်ကန့်သည့် သူ၏အတွင်းအားစွမ်းအင်များကို ဖြန့်ကျက်ကြည့်လိုက်သည်။ စုံစမ်းပြီးသည့်အချိန်တွင် သူသည် နာမည်ကြီးကောင်းကင်နန်းတော်ကြီးကို တွေ့ရခြင်းမရှိပေ။ ဤကမ္ဘာငယ်၏ ပြင်းထန်သောတုန်ခါမှုများသည် ဤနေရာဖြစ်ပေါ်လာသည်ကို သူသေချာသိသော်လည်း ခြေရာလက်ရာများ၊ သဲလွန်စများကိုရှာတွေ့ခြင်းမရှိပေ။ ထိုအချက်သည် သူ့အား မကောင်းသည့်ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိ၏။

ခရွန်ကန့်၏ မေးခွန်းကို ကြားသည့်အချိန်တွင် ဖှေးသည်တည်ငြိမ်စွာပင်ပြန်ဖြေလိုက်သည်။ "ကျွန်တော်ဘာလို့ ဒီနေရာမှာ ရှိနေရလဲဆိုတာ ခင်ဗျားနဲ့မဆိုင်ပါဘူး..."

ခရွန်ကန့်၏မျက်နှာပေါ်မှ အမူယာသည်ပြောင်းလဲသွားပြီး တွေးလိုက်မိသည်။ "ငါအတော်လေးနောက်ကျသွားပြီလား။ ကောင်းကင်နန်းတော်က ပေါ်လာပြီးတော့ ဒီကလေးက အကုန်များရသွားတာလား..."

သူသည် ဖှေးအား အာရုံစိုက်လိုက်သည်။

ချမ်းဘော့ဒ်ဘုရင်သည် သူ့အား ကြောက်လန့်ခြင်းမရှိပဲ ထူးဆန်းစွာပင် တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည့်အတွက် ခရွန်ကန့်သည် သူ၏အတွေးမှန်ကန်သည်ဟု ပို၍ပင်ထင်မြင်မိလာတော့၏။ သူရှေ့သို့ ခြေလှမ်းလိုက်ကာ စွမ်းအားမြင့်အရှိန်၀ါတို့ကို ထုတ်လွှင့်ကာ ဖှေးအားပစ်မှတ်ထားလိုက်တော့သည်။ ထို့နောက်တွင် ဖှေးထွက်ပြေးသွားသည့်တိုင်အောင် အနောက်မှခြေရာခံနိုင်ရန်အတွက် ဖှေး၏ ခန္ဓာကိုယ်ပေါ်တွင် ၀ိဉာဥ်အချုပ်နှောင်အမှတ်သားတစ်ခုကို ချန်ထားလိုက်၏။ ထို့နောက်တွင် သူနှာခေါင်းရှုံ့ကာပြောလိုက်သည်။ "မင်းရဲ့ ပစ္စည်းသိမ်းမှော်လက်စွပ်ကို င့ါကို ပေးလိုက်ပါ။ အဲ့လိုဆိုရင် ငါမင်းကို သက်တောင့်သက်သာ သေခွင့်ပေးလိုက်မယ်..."

နေမထွက်ခင်အချိန်ဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည့်အတွက် လုယက်မှုပြုလုပ်ရန်အတွက် အချိန်ကောင်းတစ်ခုပင်။ ခရွန်ကန့်သည် မကောင်းသည့် အင်ပါယာအရှင်သခင်တစ်ယောက်ဖြစ်သည့်အတွက် ဖှေးအား လုယူသတ်ဖြတ်၍ ဖှေးကောင်းကင်နန်းတော်မှရရှိထားသည့်အကျိုးမြတ်များကို သိမ်းပိုက်ရန်အတွက် ကြံစည်လိုက်ခြင်းပင်။

သူသည် ဖှေးအားမည်သည့်နည်းလမ်းနှင့်မှ လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

ဖှေးသည်လည်း များစွာကြောက်လန့်နေခြင်းမရှိပေ။

သူသည် ဤအရာကို ကြိုတင်ကာတွက်ဆပြီးဖြစ်သည်။ သူသည် ဤကမ္ဘာငယ်ထဲသို့ ရောက်ရှိခဲ့စဥ်ကတည်းက အလွန်ဂရုစိုက်နေခဲ့ပြီး ခရွန်ကန့်အား ရှောင်ရန်အတွက် အတတ်နိုင်ဆုံးကြိုးစားနေခဲ့သည်။ သို့သော် ခရွန်ကန့်သည် ဤနေရာသို့ ရုတ်တရက်ရောက်ရှိလာသည့်အတွက် ဖှေးအတွက် ရှောင်ရန်အချိန်မရှိလိုက်တော့ပေ။

သူ၏ အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၂လူရိုင်းဇာတ်ကောင်၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ရင်းဖြင့် ခရွန်ကန့်ထံမှရောက်ရှိလာနိုင်သည့် တိုက်ခိုက်မှုများအတွက် အသင့်ပြင်ထားလိုက်သည်။ သူသည် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များကိုလည်းတွက်ဆနေပြီးဖြစ်သည်။ သူသည် လက်ရှိတွင် ခရွန်ကန့်အား အနိုင်ယူနိုင်ဦးမည်မဟုတ်ပေ။ ထို့ကြောင့် လက်ရှိအခြေအနေတွင် သူ့အတွက်အကောင်းဆုံးရွေးချယ်မှုမှာ လွတ်မြောက်ရန်သာဖြစ်၏။

ယခင်ကဆိုပါက ဖှေးအတွက် လွတ်မြောက်ရန်မှာမဖြစ်နိုင်ပဲဖြစ်နေမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဖှေးထံတွင် ကျောက်ပုလ္လင်ရှိနေပြီဖြစ်သောကြောင့် သူ၏ရန်သူထက်များစွာပို၍ လျှင်မြန်အောင်ပျံသန်းနိုင်၏။ သူအလိုရှိပါက ကျောက်ပုလ္လင်အား ယခုချက်ချင်းပင်ဆင့်ခေါ်၍ ထွက်ပြေးနိုင်၏။ ထို့အပြင် ခရွန်ကန့်၏ ၀ိဉာဥ်အမှတ်သားကိုလည်း လျို့၀ှက်စွာဖြင့်ရှင်းလင်းလိုက်ပြီးဖြစ်၏။ ၀ိဉာဥ်စွမ်းအားသည် ဖှေး၏အားသာချက်ပင်။ ခရွန်ကန့်သည် ဖှေးထက်များစွာပို၍ များစွာမြင့်မားသော်လည်း ၀ိဉာဥ်စွမ်းအားသည် တစ်ခြားကိစ္စတစ်ခုပင်။

"ဘာလဲကောင်လေး မင်းက ဒီအချိန်မှာတောင် ခေါင်းမာနေချင်သေးတာလဲ။ မင်းက မချိမဆန့်သေချင်နေပြီထင်တယ်..." ခရွန်ကန့်သည် ဖှေးထံသို့ လမ်းလျှောက်သွားရင်းဖြင့် နှာခေါင်းရှုံ့လိုက်သည်။ "ငါ့ကို လွန်ခဲ့တဲ့ နှစ်၃၀လုံးမှာ စိုက်ကြည့်ရဲခဲ့တဲ့လူမှန်သမျှအကုန်သေကုန်ပြီ။ မင်းက ဓာတ်ဂိတ်တံခါးပေါ်မှာတောင် င့ါကို သတ်မယ်ပြောရဲသေးတာပဲ။ ဟီးဟီး အဲ့မာမင်းတို့ မသတ်နိုင်ခဲ့ဖူးဆိုပေမယ့် ငါမင်းကို အသက်ရှင်ခွင့်ပေးထားတာအတော်ကြာနေပါပြီ။ ဒီမှာ မင်းကို ဘယ်သူမှ ကူညီမှာမဟုတ်တော့ဘူး။ မင်းရဲ့စွမ်းအင်စီးကြောင်းတွေကို ဖျက်ဆီးပစ်မယ်။ မင်းရဲ့အရိုးတွေကိုလည်း တစ်ချောင်းခြင်းချိုးပြီးတော့ မင်းကို ဆယ်ရက်ဆယ်ညနှိပ်စက်ပြမယ်။ မင်းရဲ့အသားတွေကို မင်းကို ပြန်ကျွေးပြီးတော့ မင်းမွေးလာတာကိုတောင်နှောင်တရအောင်လုပ်ပြမယ်..."

မျက်နှာပေါ်တွင် ရက်စက်သည့်ပြုံးတစ်ခုဖြင့် ခေါင်းပြောင်ပေါ်တွင် ကင်းခြေမျှားကဲ့သို့သောအမာရွတ်ကြီးတစ်ခုရှိနေသည့် လူသန်ကြီးသည် ပို၍ပင် အကျည်းထန်နေ၏။

"တကယ်လားဗျ။ မွေးလာတာကို နောင်တရမှာက ကျွန်တော်မဟုတ်ပဲ ခင်ဗျားဖြစ်နေမှာက အတော်လေးဆိုးတာပဲ..." ဖှေးသည်တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။ သူသည် ရန်သူ၏ခြေလှမ်းများကို တွက်ချက်ကာ ကျောက်ပုလ္လင်ကို ဆင့်ခေါ်ရန်အတွက် အကောင်းဆုံးအခွင့်ရေးကို စောင့်ဆိုင်းနေ၏။

"ဟားဟား မင်းကိုယ်မင်းဘာထင်နေတာလဲ။ သေစမ်းကွာ..." ခရွန်ကန့်သည့် ရက်စက်ကြမ်းကြုတ်စွာဖြင့် ရယ်မောလိုက်ပြီး သူ၏ သတ္တုဂုဏ်သတ္တိအတွင်းအားစွမ်းအင်များထွက်ပေါ်လာတော့၏။ သူတိုက်ခိုက်တော့မည့်အချိန်တွင် နားစူးရှသည့် အသံတစ်ခုထွက်ပေါ်လာပြီဂ သူတို့၏ ဘေးတွင် လူတစ်ယောက်ရောက်ရှိလာတော့၏။ ထိုလူသည် အမဲရောင်ချပ်၀တ်နှင့် အမဲရောင်ကြောက်မျက်နှာဖုံးတို့ကို ၀တ်ဆင်ထားသည့် ဟေဇယ်-ဘန့်ခ်ပင်။

ဟေဇယ်-ဘန့်ခ်ကို မြင်သည့်အချိန်တွင် ဖှေးစိတ်သက်သာသွား၏။

ဒဏ်ရာများပျောက်ကင်းသွားသည့်အချိန်တွင် ဟေဇယ်-ဘန့်ခ်၏ စွမ်းအားများသည် အမြင့်ဆုံးလပြည့်အဆင့်သို့ပင် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူသည် နေအဆင့်သို့ ပြန်လည်ရောက်ရှိရန်အတွက် ခြေတစ်လှမ်းခန့်သာလိုတော့၏။ သူသည် ခရွန်ကန့်ထက်စွမ်းအားမြင့်မားသည့် လူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ဖှေးအတွက် အန္တရာယ်မရှိတော့ဟုဆိုနိုင်၏။

ဖှေးသည် လျို့၀ှက်သည့် ကျောက်တုံးပုလ္လင်အား ဆင့်ခေါ်မည့်အစီစဥ်ကို ရပ်တန့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင်ရက်စက်သည့်အပြုံးတစ်ခုပေါ်လာပြီး အနာဂတ်တွင်ဖြစ်လာနိုင်သည့် ပြသနာများကို ကြိုတင်ကာကွယ်ရန်အတွက် ဟေဇယ်-ဘန့်ခ်နှင့်ပူးပေါင်းကာ ခရွန်ကန့်အား သတ်ဖြတ်ရန်ကိုပင် စဥ်းစားနေပြီဖြစ်သည်။

ဟေဇယ်-ဘန့်ခ်ရောက်ရှိလာသည့်အတွက်ကြောင့် ခရွန်ကန့်သည်လည်း အံ့သြသွား၏။ အဆင့်မြင့်လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့်အတွက် သူသည်အန္တရာယ်ကို အာရုံခံလိုက်မိသည်။ ဤလျို့၀ှက်သည့် သိုင်းဆရာရုတ်တရက်ရောက်ရှိလာခြင်းသည် ခရွန်ကန့်အား ဖိအားများစွာပေးနေလျှက်ရှိပြီး ထိုသိုင်းဆရာသည် သူ့အား ရန်လိုခြင်းအား ပြသနေသည့်အတွက်ကြောင့် ချမ်းဘော့ဒ်ဘုရင်ဘက်မှဖြစ်ပုံရ၏။

အခြေအနေသည် လျှင်မြန်စွာပင်ပြောင်းလဲသွား၏။

ယခုအချိန်တွင် ဖှေးသည် အသာစီးရနေ၏။ သူတစ်စုံတစ်ခုပြောရန်အတွက် ပြင်လိုက်သည့်အချိန်တွင် သူ၏မျက်နှာအမူယာပြောင်းလဲသွားပြီး ပါးစပ်ပိတ်နေလိုက်၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် စွမ်းအားမြင့်အရှိန်၀ါများစွာသည်လည်း ချည်းကပ်လာကြ၏။ ဖှေးသည် သူ၏ခေါင်းကို ညင်သာစွာခါရမ်းကာ ဟေဇယ်-ဘန့်ခ်အားအချက်ပြလိုက်သည်။

"၀ှစ်"

"၀ှစ် ၀ှစ် ၀ှစ်..."

စွမ်းအားမြင့်စွမ်းအင်မီးတောက်များနှင့်အတူ လူသုံးယောက်ထက်မံ၍ ရောက်ရှိလာ၏။

စွမ်းအင်မီးတောက်များ ပျောက်ကွယ်သွားပြီး ထိုလူများမည်သူဖြစ်သည်ကို မြင်လိုက်ရသည်။ ထိုလူများသည် လျို့၀ှက်သည့် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာ၊ အပြာရောင်ဆံပင်နှင့်လူနှင့် သူ၏ကိုယ်ရံတော်နှစ်ယောက်၊ ဂျက်အင်ပါယာမှ တော်၀င်သိုင်းဆရာ၊ မိုဒေါ့တ်နှင့် ဖာရင်တန်တို့ပင်။

မည်သူမှ စကားမပြောနိုင်သေးခင်မှာပင် စွမ်းအင်မီးတောက်တစ်ချို့တောက်ပလာပြီးနောက်ထပ်လူများရောက်ရှိလာကြသည်။ ထိုလူများသည် ပို၍နှေးကွေးသော်လည်း မိနစ်၀က်ခန့်ကြာပြီးသည့်အချိန်တွင် ရောက်ရှိလာကြခြင်းပင်။ မဟာဘုရားကျောင်းမှလူများ၊ စိန်ဂျာမိန်းအင်ပါယာမင်းသား ဂါရာနိုနှင့် သူ၏ အစေခံမလေးလေးယောက်တို့ပင်။

နောက်မှရောက်ရှိလာသည့်လူများသည် စောစောရောက်လာသည့်လူများလောက်စွမ်းအားမြင့်မားခြင်းမရှိပေ။ သူတို့၏မျက်နှာများသည် နီရဲကာအသက်ရှူသံများပြင်းထန်နေ၏။ လာခဲ့ရသည့်အတွက်ကြောင့် သူတို့၏ စွမ်းအင်များစွာကုန်ဆုံးခဲ့သည့်အတွက်ပင်။

"မင်းတို့သုံးကောင်ထဲက ဘယ်ကောင်ပြောနိုင်လဲ။ ခုနက အာကာသတုန်ခါသွားတာက ကောင်းကင်မြို့တော်ပေါ်လာလို့လား..." အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် ဖှေး၊ ဟေဇယ်-ဘန့်ခ်နှင့် ခရွန်ကန့်တို့ကို လက်ညိုးထိုးကာမေးလိုက်သည်။ ဤလူသုံးယောက်သည် သူ့ထက်အရင်ရောက်နေကြသည့်အတွက် ဖြစ်ခဲ့သည်များကို သူတို့ထဲမှ တစ်ယောက်သိလိမ့်မည်ဟု ယူဆသည့်အတွက်ပင်။ သို့သော်လည်း ဤမှော်ဆရာ၏အသံနေအသံထားမှာ ရိုင်းပြသည့်အတွက်ကြောင့် သူသည် တစ်ခြားလူများကို ဂရုစိုက်တတ်သည့်လူတစ်ယောက်မဟုတ်သည်ကို ဖော်ပြနေ၏။

All Chapters