ခိုင်ဧကရာဇ်၏ ဓား၊ ချင်မူ၏ အပြော
Vol. 78 Ch. 1009
မာန်ဟုန်မြစ်သည် ကောင်းကင်နတ်မြစ် ဖြစ်၏။ မြစ်ရေက ကောင်းကင်ဘုံများဆီမှ အစဉ်မပြတ် စီးကျလာပြီးနောက် ကမ္ဘာဦးဘုံအတွင်းရှိ ပင်လယ်ထဲသို့ စီးဝင်သွားသည်။
မာန်ဟုန်မြစ်က ကြီးမားကျယ်ပြောသည့်အလျောက် အကျယ်သည် ပင်လယ်တစ်စင်းစာမျှ ရှိပေသည်။ မြစ်ရေအားလုံး ဖယ်ရှားလိုက်လျှင် မြစ်ထဲတွင် ရေနေမျိုးနွယ်တို့၏ ကောင်းကင်ဘုံများစွာ ကိန်းဝပ်နေကြောင်း မြင်တွေ့ရလိမ့်မည်။
ဤအခိုက်အတန့်တွင် မြစ်ဘေးနှစ်ဖက်ရှိ တောင်တန်းများမှာ ဧရာမလှိုင်းလုံးကြီးများသဖွယ် တုန်ခါနေ၏။ ဤတောင်ကြီးများမှာ မြင့်မာထည်ဝါလှချေရာ … ၎င်းတို့အောက်တွင် မည်မျှကြောက်စရာကောင်းသော ဧရာမသတ္တဝါကြီးများ ရှိနေကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ယွင်ချွီးရှို့ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမက ချင်မူ့အနောက်တွင် တိတ်တိတ်ကလေး ပုန်း၍ ခပ်တိုးတိုး ရေရွတ်နေ၏။ “အမိကမ္ဘာမြေ… သူ မဟုတ်နိုင်ပါဘူး… သူ သေသွားပြီမဟုတ်ဘူးလား”
ရှုကျွင်းလည်း မြစ်ဘေးနှစ်ဖက်ရှိ တောင်တန်းများ၏ အတက်အကျကို ကြည့်ရင်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
“နတ်ဘုရင်၊ စိတ်မပူပါနဲ့…ကျွန်မ ရှိနေသရွေ့၊ အမိကမ္ဘာမြေ ကျွန်မတို့ကို မမြင်နိုင်ပါဘူး” နတ်ဘုရင်လန်ဝူ၏အသံက ပျံ့လွင့်လာသည်။
ရှုကျွင်း အနည်းငယ် စိတ်အေးသွား၏။
ကောင်းကင်နဂါးကိုးကောင်မှာလည်း ကြောက်လန့်တုန်ရီနေကြသည်။
မာန်ဟုန်မြစ်ရေသည် အမှန်တကယ် ရေစီးကြမ်းသော်လည်း ယခုတွင် ဖြတ်တောက်ခံလိုက်သကဲ့သို့ ဖြစ်လာ၏။ သိသိသာသာပင် ကုန်းဘက်မှ ဧရာမသတ္တဝါကြီးတစ်ကောင်က မြစ်ထဲသို့ ဝင်ရောက်လာလိမ့်မည်။ ၎င်း၏ခန္ဓာကိုယ်က ကြီးမားလွန်းသောကြောင့် ရေစီးရပ်သွားခြင်းပင်။
ဘုန်း
ပြင်းထန်အားကောင်းသော လှိူင်းကြီးတစ်လုံး လိမ့်ဆင်းလာပြီး မြစ်အလယ်မှ ကျောက်ခေါင်းတလားတစ်လုံး ဖြည်းဖြည်းချင်း မြောက်တက်လာကာ ကောင်းကင်နဂါးရထားလှည်း၏ လမ်းကို ပိတ်လိုက်၏။
ချင်မူ ကျောက်စိမ်းပုလင်းကို သိမ်းကာ ကမ္ဘာဦးသစ်ပင်အူတိုင် ထုတ်လိုက်သည်။ သူက ၎င်းကို တောင်ဝှေးသဖွယ် အသုံးချပြီး ရထားလှည်းအနားမှ လမ်းလျှောက်ထွက်လာရင်း ဧရာမကျောက်အခေါင်းဆီ မော့ကြည့်လိုက်၏။ အခေါင်း၏အောက်တွင် အမြစ်ကြီးများက ရေဘဝဲလက်တံကြီးများသဖွယ် ရေပြင်ထက်တွင် လူးလွန့်လှုပ်ရှားနေကြသည်။
“ကောင်းကင်နတ်အရှင်မူ၊ ငါတို့ရဲ့ ဆယ်နှစ်စာချုပ်မှာ ငါးနှစ်ကျန်သေးတယ်”
ခေါင်းတလားအတွင်းမှ ဟိန်းဟောက်သံ ထွက်လာပြီး ကြောက်မက်ဖွယ်ရာ အလောင်းအရှိန်အဝါတစ်ခု မျောလွင့်လာသည်။ ၎င်းသည် မြောက်ပိုင်းချုံဧကရာဇ်၏ အလောင်း ဖြစ်လိမ့်မည်။ “မင်း အမိကမ္ဘာမြေကို အသက်သွင်းဖို့ ပြန်လာတာလား”
မြစ်ရေပြင်ထက်တွင် ငါးအလောင်းများ ပေါလောပေါ်လာ၏။ အချိန်တချို့ကြာသော် ၎င်းတို့ကား အလောင်းအငွေ့အသက်ဖြင့် ကူးစက်ခံလိုက်ရသကဲ့သို့ ပြန်လည်လှုပ်ရှားလာကြသည်။
ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “ငါးနှစ် ကျန်သေးတာပဲ.. ချုံဧကရာဇ် တွေးပူနေစရာမလိုပါဘူး”
“ဒါဖြင့် ဘာကြောင့် အမိကမ္ဘာမြေကို နှိုးလိုက်တာလဲ” ကျောက်အခေါင်းထဲရှိ အလောင်းက ဒေါသထွက်နေသည်။
“ကျွန်တော် ဒုက္ခရောက်နေလို့ အမိကမ္ဘာမြေရဲ့ အကူအညီ လိုအပ်နေတယ်”
ချင်မူက အလေးအနက်အမူအရာဖြင့် ပြောသည်။ “ကမ္ဘာဦးဘုံမှာ မြှုပ်နှံထားတဲ့ ကောင်းကင်နတ်အရှင်တစ်ယောက် ရှိတာ အမိကမ္ဘာမြေ သိလား”
ကျောက်အခေါင်း တိတ်ဆိတ်သွားသည်။ ရေအောက်မှ အမိကမ္ဘာမြေ၏အသံသည် ဖြေးညှင်းစွာ ပျံ့လွင့်လာ၏။ “ကမ္ဘာဦးဘုံမှ မြှုပ်ထားတဲ့ ကောင်းကင်နတ်အရှင်ဟုတ်လား…. နင် ပြောတာ လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက ကောင်းကင်နတ်အရှင်တောင်ကြားမှာ မြှုပ်ထားတဲ့ ကောင်းကင်နတ်အရှင်လား”
ချင်မူ ပြုံး၍ ပြောလိုက်သည်။ “သူ ဖြစ်လိမ့်မယ်…. အမိကမ္ဘာမြေ၊ အဲဒီလူက မဟာဧကရာဇ်ပဲ… သူ ကျွန်တော့်ကို လာသတ်မှာမလို့ အမိကမ္ဘာမြေ သူ့ကို တားပေးလို့ရမလား”
“သူက မဟာဧကရာဇ်လား…. အသက်ရှင်နေသေးတာလား”
အမိကမ္ဘာမြေက အေးစက်စက် နှာခေါင်းရှုံ့၍ ဒေါသတကြီး ပြောသည်။ “နင် သိတဲ့အတိုင်း ငါက သေနေပြီလေ… ငါလို လူသေတစ်ယောက်ကို မဟာဧကရာဇ်ကို တားခိုင်းနေတော မလွန်လွန်ဘူးလား… မဟာဧကရာဇ်ရဲ့ စွမ်းအားကို ငါ့ထက် ဘယ်သူမှ ပိုနားမလည်နုိင်ဘူး”
ချင်မူလည်း စိတ်ရှည်လက်ရှည် ရှင်းပြ၏။ “မဟာဧကရာဇ်လည်း သေနေပါပြီ… အမိကမ္ဘာမြေ စိတ်ပူစရာမလိုပါဘူး… သူ့ရဲ့ နှစ်ပေါင်းလေးသောင် ရုပ်ခန္ဓာရဲ့ စွမ်းအားက သိပ်အင်အားမကြီးလောက်ဘူး”
“ငါ့လက်ရှိအခြေအနေထက်တော့ အင်အားကြီးသေးတယ်ဟဲ့”
ချင်မူ ကျောက်ခေါင်းတလားကို ကြည့်ကာ ရယ်လိုက်သည်။ “ကျွန်တော်လည်း ကူညီပေးမှာပါ… ဒါဆို မဟာဧကရာဇ်ကို ရင်ဆိုင်ဖို့ လုံလောက်တယ်မလား”
ကျောက်ခေါင်းတလားသည် တုန်ခါသွား၏။ မြောက်ပိုင်းချုံဧကရာဇ်မှာ မဟာဧကရာဇ်ကို အလွန်ကြောက်လန့်နေကြောင်း ထင်ရှားသည်။ သို့မဟုတ် ကောင်းကင်နတ်အရှင်အား ကြောက်လန့်နေခြင်းလည်း ဖြစ်မည်။
“မဟာဧကရာဇ်ရဲ့ အစွမ်းအစတွေက ပြိုင်ဖက်ကင်းတယ်… သူ့ကို သတ်ဖို့ ကြိုးစားရင်း ရှေးဟောင်းနတ်ဘုရားတွေ ဘယ်လောက်တောင် သေခဲ့ရလဲ နင် သိလား”
အမိကမ္ဘာမြေ၏ ဒေါသထွက်နေသောအသံက ရေအောက်မှ ထွက်လာသည်။ “နင် ကမ္ဘာဦးဘုံထဲမှာ ငြိမ်ငြိမ်လေးပဲ သိုင်းကျင့်ပြီး ကိုယ့်ဘာသာကိုယ် နေလို့ မရဘူးလား… မဟာဧကရာဇ်ကို ရန်စမယ့်အစား ငြိမ်ငြိမ်နေပါလား… သူ့ကို ရန်စလို့ကတော့ နင် သေမှာ သေချာတယ်.. ခဏလေး ငါ သူ့ကို မြင်နေရပြီ… သူ့အခေါင်းက ဒီကို ကြောက်စရာအရှိန်ကြီးနဲ့ လာနေတာ…. အရိုးစုတွေက အဲဒီအခေါင်းကို ထမ်းထားကြတယ်”
ချင်မူ ရင်တုန်သွားသည်။ မာန်ဟုန်မြစ်ရေသည် မှန်ကြီးတစ်ချပ်ပမာ ငြိမ်သက်သွားပြီး အရိုးစုများ သယ်ထားလာသော ကြေးအခေါင်းကြီးတစ်ခေါင်းအား ပြသ၏။ ၎င်းက ကြောက်မက်ဖွယ်ရာအမြန်နှုန်းဖြင့် ပျံသန်းလာနေရာ ကောင်းကင်နဂါးရတနာ ရထားလှည်းထက်ပင် မြန်ချေသည်။
“သူ့ကို တားရင် ငါ တကယ် သေသွားနိုင်တယ်”
အမိကမ္ဘာမြေက ပြောသည်။ “အရင်တုန်းက မဟာဧကရာဇ်ကို သုတ်သင်ဖို့အတွက် စစ်ပွဲဆယ်ပွဲထက် မနည်းဘူး ဖြစ်ခဲ့ရတယ်… ဒါပေမဲ့ နောက်ဆုံးစစ်ပွဲနဲ့တောင် သူ့ကို အမြစ်မဖြုတ်နိုင်ခဲ့ဘူး… မဟာဧကရာဇ်မှာ ငါ အသက်မရှင်တော့အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ တစ်ပုံကြီးရှိသလို၊ ငါ့အနေနဲ့လည်း သူ့ကို ထိပ်တိုက် မရင်ဆိုင်နိုင်ဘူး… နင် ငါ့ကို အသက်မသွင်းပေးသရွေ့ပေါ့….”
ချင်မူက မှင်သေသေ တုံ့ပြန်လိုက်၏။ “ကျွန်တော်လည်း သေနေတော့ ခင်ဗျားကို အသက်ပြန်မသွင်းပေးနိုင်ဘူး”
မာန်ဟုန်မြစ်တစ်စင်းလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသဖြင့် မြစ်ရေများ ကောင်းကင်ထက်သို့ မြောက်တက်ကုန်သည်။ သိသိသာသာပင် အမိကမ္ဘာမြေ ဒေါသူပုန်ထနေချေပြီ။
ချင်မူ မတုန်လှုပ်သွားဘဲ ပြောလိုက်၏။ “သူလည်း သေနေပြီ…. ကျွန်တော် သူ့ကို ဒီနေရာမှာ တားဖို့ အမိကမ္ဘာမြေရဲ့ အကူအညီကို လိုတယ်… အရှေ့အရပ်ဆီ သူ ခြေတစ်လှမ်းတောင် ချလို့ မဖြစ်ဘူး… အမိကမ္ဘာမြေ လုပ်ပေးနိုင်လား”
“နင် ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့”
အမိကမ္ဘာမြေမှာ ပို၍ပို၍ ဒေါသထွက်လာသဖြင့် အခေါင်းထဲမှာ အော်ဟစ်သံကြီးများ ဆူညံနေသည်။ ထို့နောက် အခေါင်းပွင့်သွားပြီး အပုပ်နံ့ တထောင်းထောင်း ထလာ၏။
“ငါ့ကလေး၊ အမေ့နောက်လိုက်ခဲ့… မဟာဧကရာဇ်ကို သတ်ကြမယ်”
အမိကမ္ဘာမြေသည် မာန်သွင်းဟိန်းဟောက်ပြီးနောက် အခေါင်းကို ပြန်ပိတ်ကာ လေပေါ် ပျံတက်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် အမိကမ္ဘာမြေ၏ အမြစ်များသည် မြေကြီးအောက်ထဲ ထိုးဖောက်ဝင်ရောက်သွားသဖြင့် မြေပြင်နှင့် မြစ်ပြင်အား အဆက်မပြတ် တုန်ခါလှုပ်ယမ်းနေစေ၏။
ချင်မူက ရထားလှည်းဆီ လှည့်ပြန်လာသည်။ ယွင်ချွီးရှို့မှာ ကြောက်လန့်တုန်ရီနေပြီး သူ့အင်္ကျီလက်အိုးကို ဆွဲကာ ပြောသည်။ “အချစ်လေး၊ ဒီနေရာကနေ ဘယ်တော့မှ ထွက်သွားမှာလဲဟင်”
နတ်ဘုရင်ရှုကျွင်းလည်း ရင်တထိတ်ထိတ် ဖြစ်နေသည်။ အမိကမ္ဘာမြေနှင့် မဟာဧကရာဇ်နှစ်ယောက်လုံး သူ့ကို မြင်ဖူးသည့်အတွက် သူ၏သရုပ်မှန် အလွယ်တကူ ပေါ်သွားနိုင်သည်မဟုတ်လော။
နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်က အမိကမ္ဘာမြေ သူတို့ကို မမြင်အောင် ကာကွယ်ပေးနိုင်သော်လည်း မဟာဧကရာဇ် မသိအောင်တော့ မလုပ်နိုင်ပေ။
“နည်းနည်းလောက် ထပ်စောင့်လိုက်”
ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားရှိ နတ်မျက်လုံး ပွင့်လာပြီး သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် အသံနှိမ့်ကာ ပြော၏။ “မဟာဧကရာဇ် အသက်ရှင်နေသေးသရွေ့ ငါ စိတ်အေးအေး မထားနိုင်ဘူး… သူ့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ဘယ်တော့မှ ခေါ်မသွားဘူး”
သူက မျက်မှောင်ကြုတ်ကာ ပြောသည်။ “ထူးဆန်းတာက ကောင်းကင်နတ်အရှင်ရှောင် မဟာဧကရာဇ်ကို တားဖို့ မလှုပ်ရှားသေးတာပဲ… သဘောတရားအရဆို သူ လှုပ်ရှားသင့်နေပြီ… သူ ငြိမ်နေလို့ မဟုတ်ရင် ငါ အမိကမ္ဘာမြေကို ဆင့်ခေါ်ခဲ့မှာ မဟုတ်ဘူး…”
သူသည် နတ်မျက်လုံးဖြင့် အဝေးသို ကြည့်နေ၏။ ချုံဧကရာဇ်၏ ကျောက်ခေါင်းတလားက မာန်ဟုန်မြစ်အတိုင်း ပျံသန်းလာနေသည်။ သူတို့မြစ်အထက်ပိုင်းမှ လာနေစဉ် သူတို့လမ်းတစ်လျှောက်တွင် လှိုင်းလုံးကြီးများ တဝုန်းဝုန်း ရိုက်ခတ်လျက် ရှိချေသည်။
နောက်ဆုံးတော့ စုတ်ပြတ်နေသော အဝတ်အစားများနှင့် အရိုးစုများ သယ်ထမ်းလာနေသော ကြေးခေါင်းတလားကြီးကို ချင်မူ လှမ်းမြင်လိုက်ရသည်။
ကျောက်အခေါင်းနှင့် ကြေးအခေါင်းအကြား မိုင်တစ်ထောင် ကွာနေသေး၏။ ဤအခိုက်အတန့်တွင် ချင်မူမှာ သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်လိုက်ရ၍ မှင်သက်သွားသည်။
“ခိုင်ဧကရာဇ်”
ထိုသက်လတ်ပိုင်းလူသည် ခါးတွင် ဓားတစ်လက် ချိတ်ထားပြီး ခရီးလျှောက်သွားနေသော သာမန်ခရီးသွားတစ်ယောက်နှင့် တူ၏။ သူ့ကြည့်ရဿည်မှာ အထီးကျန်နေပုံရသည်။
ခိုင်ဧကရာဇ်ချင်ယဲ့၏ ခြေလှမ်းများ မမြန်သော်လည်း အရိုးစုများ သယ်လာနေသည့် ကြေးအခေါင်းထက် မြန်နေသေးသည်။ မကြာခင် သူကား ကြေးအခေါင်းအနား ရောက်သွားချေပြီ။
ကြေးအခေါင်းနှင့် အရိုးစုများ ဆတ်ခနဲ တုန်ခါသွားပြီး အခေါင်းအဖုံးသည် ဝုန်းခနဲ မြောက်တက်သွား၏။ အခေါင်းထဲမှ လူရိပ်တစ်ခု ပျံထွက်လာသည်။ သူ့အဝတ်အစားများမှာ အချိန်ကြောင့် မှေးမှိန်စုတ်ပြဲနေသော်လည်း ခမ်းနားထည်ဝါနေသေးသည်။ အဝတ်စသည် လေတွင် တဖတ်ဖတ် လှုပ်ခတ်လျက် ကောင်းကင်တစ်ပြင်လုံးအား လွှမ်းခြုံသွားတော့သည်။
လူရိပ်သည် အခေါင်းထဲမှ ထွက်လာသော်လည်း သူ့အရွယ်အစားက အခေါင်းထက် အဆများစွာ ကြီးမားသည်။ သူ၏ဝတ်ရုံစအောက်တွင် ကြေးအခေါင်းမှာ သူ့အရွယ်အစား၏ အပုံတစ်ထောင်ပုံ တစ်ပုံသာ ရှိလေသည်။
သူ၏မောက်မာဝင့်ကြွားမှုက အတိုင်းသား ပေါ်လွင်နေပြီး သူ့အနောက်တွင် ကောင်းကင်နန်းဆောင်များစွာ ထပ်လျက် ဖွဲ့တည်လာ၏။
ဤသည်ကား ကောင်းကင်နတ်အရှင်တစ်ယောက်၏ အလောင်းဖြစ်သည်။ အလောင်းသည် ကောင်းကင်နတ်အရှင်တောင်ကြား၌ နှစ်ပေါင်းလေးသောင်းကျော် နေထိုင်ရင်း မြေကမ္ဘာချီနှင့် ယင်အငွေ့အသက်များကို စုပ်ယူနေခဲ့သဖြင့် အလောင်းမိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲနေခဲ့ချေပြီ။
သူ့မျက်လုံးများသည် လပြည့်ဝန်းပမာ တောက်ပနေပြီး တည်ငြိမ်သွေးအေးသော အငွေ့အသက်ရှိနေသည်။ သူ၏အကြည့်တစ်ချက်နှင့် မည်သည့်အရာကိုမဆို အေးခဲသွားစေနိုင်သည့်အလား ထင်ရ၏။
“ချင်ယဲ့၊ ငါတို့ ပြန်တွေ့ပြီပဲ”
ထိုကောင်းကင်နတ်အရှင်အလောင်း အော်ဟစ်လိုက်သည့်အခါ ကြောက်မက်ဖွယ်ရာအသိစိတ်အလျဉ်က သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ “ခိုင်ဧကရာဇ်ခေတ်တုန်းက မင်းက ကောင်းကင်နတ်အရှင်တောင်ကြားထဲ ဝင်ပြီး ငါ့ရတနာကို ယူဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်.. မင်း ငါ့လက်ထဲ ရောက်ဖို့ နည်းနည်းပဲလိုတော့တဲ့ အကြိမ်တွေ အများကြီးပဲ… အခုတော့ မင်း ပြန်ပေါ်လာပြီပေါ့”
ခိုင်ဧကရာဇ်က ဓားဆွဲထုတ်လိုက်သည်။
ချင်မူ ကြည့်နေစဉ် ရွှင်ပျော်ပျော်ဓားသည် ရွေ့လျားနေသော ဓားရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ကောင်းကင်ဘုံ ၃၄ အား ဖွဲ့တည်လိုက်၏။
“မတွေ့ရတာ ကြာပြီ”
ခိုင်ဧကရာဇ်ချင်ယဲ့က ရွှင်ပျော်ပျော်ဓားကို ဓားအိမ်ထဲသို့ ချွင်ခနဲ ထည့်လိုက်သည်။ ထို့နောက် ဤသက်လတ်ပိုင်းလူကား ချမ်းနေသကဲ့သို့ လက်ပိုက်လျက် ရှေ့ဆက်လျှောက်သွားသည်။
သူ့ခေါင်းပေါ်တွင် ထိုကောင်းကင်နတ်အရှင်၏ အလောင်းမှာ ဖြည်းဖြည်းချင်း ပွင့်ထွက်သွားပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွား၏။ ထိုအလောင်းကြီးကား ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
အဝေးတွင် တဝုန်းဝုန်း စီးဆင်းနေသော မာန်ဟုန်မြစ်ကား ရုတ်တရက် ရပ်တန့်သွား၏။ ကျောက်ခေါင်းတလားလည်း အလားတူပင်။
ချင်ယဲ့က ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် အဝေးရှိ ကျောက်ခေါင်းတလားဆီ ကြည့်သည်။ ထို့နောက် ခေါင်းယမ်းကာ ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဘယ်လောက်ကောင်းကောင်းတိုးတက်လာတဲ့အကြောင်း ကြွားခဲ့တယ်…. အဲဒါဆိုရင် ဘာဖြစ်လို့ ကမ္ဘာဦးဘုံမှာ မကောင်းဆိုးဝါးတွေ၊ မိစ္ဆာတွေအများကြီး ရှိသေးလား”
သူ့မှာ ခေါင်းမယမ်းမိဘဲ မနေပေ။
ကျောက်ခေါင်းတလားက ရုတ်တရက် မြေပြင်ပေါ် ဘုန်းခနဲ ပြုတ်ကျလာသည်။ မရေမတွက်နိုင်သော ရေဘဝဲလက်တံသဖွယ် အမြစ်များ မြေကြီးထဲမှ ထွက်လာပြီး ကျောက်ခေါင်းတလားကို ရစ်ပတ်ကာ မြေကြီးထဲ ပြန်လည်နစ်မြုပ်သွား၏။
ချင်ယဲ့က ခါးမှ ဓားကို ယူလိုက်သည်။ သူသည် ဓားကို ဓားအိမ်နှင့်အတူ မြေကြီးထဲသို့ ပေတစ်ဝက် နစ်ဝင်သွား၏။
မြေကြီးအောက်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်သွားသော ဓားချီကြောင့် မြေကြီးအောက်မှ တုန်ခါလှိုင်းများ ပြင်းပြင်းထန်ထန် လိမ့်ထွက်လာပြီး တောင်စောင်းနံရံတို့အထက်တွင် အက်ကွဲကြောင်းများ ထလာသည်။
ပျက်စီးသွားသည့် အက်ကွဲကြောင်းများထဲမှ သွေးသံရဲရဲ အမြစ်ကြီးများ ထိုးထွက်လာပြီး သွေးတို့ကား တောင်ကြားတစ်လျှောက် မြစ်သဖွယ် စီးဆင်းနေရာ ကြောက်မက်ဖွယ်ရာကောင်းနေတော့သည်။
“ကပ်သီလေး လွတ်သွားတာပဲ”
သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်၍ လက်ပြန်ပိုက်ရင်း အရှေ့အရပ်သို့ ထွက်ခွာသွားသည်။ ရွှင်ပျော်ပျော်ဓားက မြောက်တက်လာကာ သူ့ခါးတွင် ပြန်ချိတ်သွား၏။
အဝေးရှိ မာန်ဟုန်မြစ်ထဲတွင် ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ပိတ်လိုက်သည်။ ရုတ်တရက် မာန်ဟုန်မြစ်ရေများ လေထဲတွင် ပြည့်နှက်သွားပြီး မရေမတွက်နိုင်သော အမြစ်ကြီးများသည် ကောင်းကင်နဂါး ရတနာရထားလှည်းကို ရစ်ပတ်ထွေးယှက်သွား၏။ လတ်လတ်ဆတ်ဆတ် သွေးတို့က ဤအမြစ်များဆီမှ စီးကျနေဆဲ ဖြစ်သဖြင့် ရေပြင်မှာ နီစွေးလာတော့သည်။
အမိကမ္ဘာမြေ၏အသံက ရေအောက်မှ ထွက်လာသည်။ သူမမှာ အမျက်တစ်ချောင်းချောင်း ထွက်နေ၏။ “ကောင်းကင်နတ်အရှင်မူ”
ချင်မူ ရထားလှည်းပေါ်မှ အလျင်အမြန် ထရပ်ပြီး အော်လိုက်သည်။ “ကျွန်တော် လုပ်တာမဟုတ်ဘူးနော်”
“ချီးပဲ”
အမိကမ္ဘာမြေမှာ ရန်လိုဒေါသအပြည့်ဖြင့် လှမ်းအော်သည်။ “နင် လုပ်တာ မဟုတ်ဘူးလား… နင် လိမ်နေတာ သုံးနှစ်ကလေး ထင်နေလား… မဟာဧကရာဇ်ကို ရင်ဆိုင်နိုင်အောင် ကူညီပေးဖို့ နင် တောင်းဆိုခဲ့တာကို ငါ အမှုမဲ့အမှတ်မဲ့ ဖြစ်သွားတယ်… လတ်စသတ်တော့ နင်က ချင်ယဲ့နဲ့ ပေါင်းပြီး ငါ့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာကိုး… သူက နင့်အဘိုးလေ… နင်တို့နှစ်ယောက်ပေါင်းကို ငါ့ကို လုပ်ကြံတယ်… ဒီနေ့ ငါ မင်းကို သတ်မယ်”
ချင်မူ ကပျာကယာ ပြောလိုက်သည်။ “အဲဒါ ကျွန်တော် လုပ်တာ မဟုတ်ရပါဘူးဗျာ… ကောင်းကင်နတ်အရှင်ချင်သာ ဒီမှာရှိနေရင် ကျွန်တော် ခင်ဗျားဆီက အကူအညီတောင်းပါ့မလား…. မိုးကောင်းကင်နဲ့ တိုင်တည်ရဲပါတယ်… ကျွန်တော် ဘယ်လောက်ရိုးသားပြီး ဘယ်လောက်မလိမ်တတ်မှန်း ခင်ဗျားလည်း သိတာပဲလေ… ကျွန်တော့်မှာ ရွေးချယ်စရာမရှိလို့မဟုတ်ရင် ခင်ဗျားကို အကူအညီမတောင်းပါဘူးဗျာ”
အမိကမ္ဘာမြေက နှာခေါင်းရှုံ့သည်။ ဤကလေးကို သူမ အလွန်ဖယ်ရှားပစ်ချင်သော်လည်း ဝိညာဉ်ပြန်တည်ဆောက်ရန် သူ့ကို လိုအပ်သေးသည်။ သို့သော် သူမမှာ စောစောက ဒဏ်ရာရထားသောကြောင့် မပျော်ပေ။
ချင်မူက ရယ်မောလျက် ပြောသည်။ “အမိကမ္ဘာမြေ၊ ကျွန်တော်က မဟာဧကရာဇ်ကို တိုက်ခိုက်ပေးဖို့ ခင်ဗျားဆီက အကူအညီတောင်းခဲ့ပေမယ့် ခင်ဗျားက အဲဒီလိုမလုပ်ခဲ့ဘူး… အဲဒီအစား ကျွန်တော့်အပေါ်ပဲ ဒေါသပုံချနေတယ်… အဲဒါ ဘာသဘောတုန်း… ခင်ဗျားမပြန်ခင်၊ ကျွန်တော့်အတွက် ခင်ဗျားလုပ်ပေးစရာ တစ်ခုရှိတယ်”
သူက ရထားလှည်းထဲမှ ယွင်ချွီးရှို့ကို ဆွဲ၍ အပေါ်မြှောက်ကာ ပြောလိုက်သည်။ “အမိကမ္ဘာမြေ၊ သူ့ကို မှတ်မိလား”
“ကျွယ်ဝူချိန်”
လှိုင်းလုံးကြီးများ တဝုန်းဝုန်း ရိုက်ခတ်သွားပြီး ဧရာမပန်းကြီးတစ်ပွင့်သည် ရထားလှည်းကို အုပ်မိုးလျက် ရေထဲမှ မြောက်တက်လာ၏။ ပန်းပွင့်က ဖြည်းဖြည်းချင်း ပွင့်လာကာ အလယ်ရှိ မျက်လုံးတစ်လုံးကို ဖော်ပြလိုက်သည်။ မျက်လုံးကြီးက ယွင်ချွီးရှို့ကို စိုက်ကြည့်ရင်း အေးစက်စက် ရယ်လိုက်လေသည်။ “ကောင်းကင်နတ်ဧကရီ၊ မတွေ့ရတာ ကြာပြီ”
ယွင်ချွီးရှို့ မျက်နှာတစ်ပြင်လုံး ဖြူဆုပ်သွားသည်။ သူမက ခြေထောက်နှစ်ဖက်ကို ယက်ကန်ယက်ကန်ဖြင့် ပြေးရန် ကြိုးစားသော်လည်း ချင်မူ့လက်ထဲမှ မလွတ်သဖြင့် သူ့ကို ဒေါသတကြီး လှည့်ကြည့်ပြီးနောက် ချိုသာသော အပြုံးလေးဖြင့် တစ်ဖက်ပြန်လှည့်သွား၏။ “အမိကမ္ဘာမြေ၊ ရှင် အခုလို အခြေအနေ ဖြစ်နေတာ မြင်ရတာ ကျွန်မစိတ်မကောင်းပါဘူး… လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းတုန်းက ရှင်က အမိကမ္ဘာမြေကို အုပ်ချုပ်ပြီး ကောင်းကင်နတ်ဘုံကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့တယ်… အခုတော့ သနားစရာ လမ်းဘေးခွေးလေးထက် မပိုတော့ဘူးနော်… ကောင်းကင်နတ်အရှင်ချင်တောင် ရှင့်ကို အလွယ်တကူ အနိုင်ယူနိုင်နေပြီ”
ချင်မူက ရယ်လိုက်သည်။ “အမိကမ္ဘာမြေက အမှန်တကယ် ဉာဏ်ပညာကြီးမားပေမယ့် ခန့်မှန်းတာ လွဲသွားတယ်… ကျွယ်ဝူချိန်က ကောင်းကင်နတ်ဧကရီမဟုတ်ဘူး… အရှင်မယွမ်မုပဲ”
မြစ်ရေမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ သိသိသာသာပင် အမိကမ္ဘာမြေမှာ ကြားရသည့် စကားကြောင့် အံ့အားသင့်သွားလိမ့်မည်။
တစ်လျှောက်လုံး ကျွယ်ဝူချိန်က ကောင်းကင်နတ်ဧကရီ ဖြစ်သည်ဟု သူမ တွေးထားမိခဲ့၏။ အရှင်မယွမ်မု ဖြစ်နေမည် မထင်ထားခဲ့ပေ။
“ခင်ဗျား မဟာဧကရာဇ်ကို မရှင်းပေးခဲ့ဘူးဆိုတော့ သူ့ကို ရှင်းပေးလို့ရမလား”
ချင်မူက ပြုံးလျက် ပြောနေသည်။ “မဟာဧကရာဇ်က သိပ်အင်အားကြီးမားပေမယ့် ကျွယ်ဝူချိန်က ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်လေးတစ်ယောက်ပဲလေ… သူ့ကို ကိုင်တွယ်ရမခက်ပါဘူး ဟုတ်တယ်မလား”
အမြစ်တစ်ချောင်းသည် ပျံသန်းလာပြီး ယွင်ချွီးရှို့ကို ဖမ်းဆုပ်လိုက်၏။ အမိကမ္ဘာမြေ၏ ရယ်သံက ပန်းပွင့်၏အလယ်မှ ပျံ့လွင့်လာသည်။ “ယွမ်မုကို ကိုင်တွယ်ပေးဖို့ ဝမ်းသာတာထက်ကို ပိုတာပေါ့… ငါတို့ရန်ကြွေးဟောင်းတွေကို ….”
ထိုပန်းပွင့်ကြီးသည် မာန်ဟုန်မြစ်အတွင်းသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားပြီးနောက် အမိကမ္ဘာမြေ၏အသံက ရေအောက်ထဲမှ ပျံ့လွင့်လာသည်။ “ချေဖို့ အချိန်ကျပြီ”
ယွင်ချွီးရှို့မှာ မာန်ဟုန်မြစ်ထဲသို့ ဆွဲချခံနေရသဖြင့် အသည်းအသန် ရုန်းကန်နေသည်။ သူမက ဒေါသတကြီး လှမ်းအော်၏။ “ချင်မူ၊ ငါ နင့်ကို အလွှတ်မပေးဘူး”
ချင်မူ စိတ်သက်သာရာရသွားပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘နောက်ဆုံးတော့ ဒီဒုက္ခအိုးကို ရှင်းထုတ်နိုင်ပြီ… သူ မရှိဘူးဆိုတော့ ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဝိညာဉ်ကို ပြန်စုစည်းပေးရမယ်”