မဟာဧကရာဇ်၏ အသိစိတ်အလျဉ်
Vol. 78 Ch. 1012
‘အခုအချိန်မှ ကြိုးကြိုးစားစား အားမထုတ်ရင် အသက်ကြီးလာမှ ငိုပြနေလို့ အလကားပဲ... ခင်ဗျားတို့ ဘယ်အချိန်ကျမှ ဧကရာဇ်ပလ္လင်အဆင့် ဓားမသိုင်းကို ဖွင့်လှစ်နိုင်မှာလဲ’
ချင်မူ ရထားလှည်းအပြင် ထွက်လိုက်သည်။ ရွာလူကြီးနှင့် သားသတ်သမားကဲ့သို့ သိုင်းပညာရှင်များနှင့် ကျင့်ကြံထားသည့်အတွက် သူ့တွင် ကောင်းကင်နန်းဆောင် ၁၅ ဆောင် ရှိသည်။ သူတို့အကြားတွင် ရှစ်ဆောင်သည် မပြည့်စုံသော တစ်ပိုင်းတစ်စ နန်းဆောင်များ ဖြစ်ကြ၏။ ပန်းချီလမ်းစဉ်၏ ကောင်းကင်နန်းဆောင်၊ ဓားမလမ်းစဉ်၏ ကောင်းကင်နန်းဆောင်၊ ဆေးပညာလမ်းစဉ်၏ ကောင်းကင်နန်းဆောင်၊ ပန်းပဲလမ်းစဉ်၏ ကောင်းကင်နန်းဆောင်၊ ဗုဒ္ဓလမ်းစဉ်၊ သူခိုးလမ်းစဉ်၊ ဝင်္ကပါလမ်းစဉ် စသဖြင့် နာမည်အလိုက် တည်ရှိကြသည်။
ချင်မူက ဖန်ဆင်းရှင်တို့၏ ဉာဏ်ပညာကို အမွေဆက်ခံပြီး ကောင်းကင်နတ်သိုင်းမှတစ်ဆင့် လမ်းစဉ်သို့ ဝင်ရောက်ခဲ့သော်လည်း သူ၏ကောင်းကင်နတ်သိုင်းနန်းဆောင်မှာ မပြည့်စုံသေးပေ။
ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားကိုးယောက် သင်ကြားပေးခဲ့သော ပညာရပ်များအနက် အပြည့်စုံရှိသည့် တစ်ခုတည်းသော ကောင်းကင်နန်းဆောင်မှာ ဓားလမ်းစဉ်နန်းဆောင်သာ ရှိသည်။ သို့သော် ယင်းက ရွာလူကြီး၏ ကျေးဇူးကြောင့်မဟုတ်ဘဲ ဓားလမ်းစဉ်၌ ချင်မူ၏ တွေးခေါ်နိုင်စွမ်းနှင့် ပေါက်မြောက်မှုကြောင့် ဖြစ်၏။
သူက သားသတ်သမားလို လူမျိုးနှင့် ငယ်ငယ်ကတည်းက ကျင့်ကြံခဲ့ရာ သားသတ်သမားနှင့် အဘိုးကြီးမာသည် သူ့အပေါ် လွှမ်းမိုးမှုရှိ၏။ သူ၏လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ပင် သူတို့နှင့် မကင်းပေ။
သားသတ်သမားနှင့် အဘိုးကြီးမာ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များကို ဖန်တီးနိုင်သည့်အခါမှ သူလည်း သူတို့ဆီမှ အသိပညာများကို သင်ယူပြီး မပြည့်စုံသော ကောင်းကင်နန်းဆောင်ရှစ်ဆောင်ကို ပြည့်စုံစေနိုင်မည်။
မဟုတ်လျှင် ချင်မူ့အတွက် နတ်ဘုရားဖြစ်လာရန် ခက်ခဲလိမ့်မည်။
ဤတစ်ကြိမ်တွင် ချင်မူသည် ကောင်းကင်နတ်ဘုံထဲရှိ အာဏာလုပွဲကို ရှောင်ရှားရန်နှင့် သားသတ်သမား၊ အဘွားစစ်နှင့် မျက်ကန်းတို့ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များအား စောစောစီးစီး တွေးခေါ်နိုင်အောင် ကြီးကြပ်ပေးရန် အောက်ဆင်းလာခြင်း ဖြစ်၏။
မာန်ဟုန်မြစ်တက္ကသိုလ်သည် မာန်ဟုတ်မြစ်ဂိုဏ်းအဖြစ် နာမည်ပြောင်းသွားသော်လည်း ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။ ကျောင်းသားများမှာ ကောင်းကင်ဓားမသုံးယောက်အကြား တိုက်ပွဲကို မြင်ရဖို့ အလွန်စိတ်လှုပ်ရှားနေကြသည်။
ကောင်းကင်ဓားမ သားသတ်သမား၊ မိစ္ဆာဓားမ ကျဲ့ဟွလီ၊ မည်သည့်နေရာကမှန်းမသိ ထွက်လာသော လက်တစ်ဖက်ပြတ် ကောင်းကင်ဓားမ။
သူတို့၏ တိုက်ပွဲကား စိတ်ဝင်စားစရာအတိ ဖြစ်သည်။ သားသတ်သမား၏ ကောင်းကင်ဓားမသည် အနုပညာဆန်ပြီး လွတ်လပ်၏။ ကျဲ့ဟွလီ၏ မိစ္ဆာဓားမက ခန့်မှန်း၍မရနိုင်အောင် ဆန်းကြယ်သည်။ လက်တစ်ဖက်ပြတ်လူ၏ ကောင်းကင်ဓားမကမူ တိကျပြီး ရဲရင့်သည်။
ချင်မူ မာန်ဟုန်မြစ်တက္ကသိုလ်အထဲ မဝင်ခင်ပင် သူတို့၏တိုက်ပွဲအား မြင်လိုက်ရသည်။ ဓားမရောင်များက တင့်တယ်ခံ့ညားစွာ တောက်ပနေပြီး ကောင်းကင်ကို ခုတ်ပိုင်းနေကြသဖြင့် အနက်ရောင်အစင်းများ ပေါ်ထွက်လာ၏။
မိစ္ဆာဓားမ၏ ကျဲ့ဟွလီ၏ အစွမ်းအစက အတော်လေး မြင့်တက်လာခဲ့သည်။ သူ၏သိုင်းအခြေခံသည် ခိုင်မာသလို၊ ဓားမလမ်းစဉ်တွင် ထူးချွန်စွာ ပေါက်မြောက်ထား၏။ သူက ဓားမဖြင့် လမ်းစဉ်သို့ ဝင်ရောက်ကာ သူ့အတွက် ပိုမိုသင့်တော်သော နည်းလမ်းအသစ်များကို ရှာဖွေနေခဲ့လေသည်။
ကျဲ့ဟွလီက လော့ဝူရွှမ်နှင့် မိစ္ဆာမျိုးနွယ်၏ အရေးပါသော ပုဂ္ဂိုလ် ဖုရွေ့လော်၏ တပည့် ဖြစ်သည့်အလျော် သူ့တွင် နတ်သဘာဝနှင့် မိစ္ဆာသဘာဝနှစ်မျိုးလုံး ကိန်းဝပ်နေသည်။ သို့သော် သူသည် ချင်မူနှင့် သားသတ်သမား၏ကောင်းကင်ဓားမအား မမြင်တွေ့ခင်အထိ ဓားမလမ်းစဉ်သို့ မဝင်ရောက်နိုင်ခဲ့ပေ။ တွေ့ပြီးနောက်မှ ဉာဏ်အလင်းပေါက်သွားကာ စိတ်နံရံအတားအဆီးကို ချိုးဖျက်၍ ဓားမဖြင့် လမ်းစဉ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ဓားမသိုင်းတွင် လော့ဝူရွှမ်၏ တိကျလေးနက်မှု ပါရှိသော်လည်း ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မိစ္ဆာသဘာဝနှင့် သားသတ်သမား၏ ခံ့ညားထည်ဝါမှုလည်း ကိန်းဝပ်နေသည်။ အမှန်ပင် အထင်ကြီးစရာကောင်း၏။
သို့သော် အတွေ့အကြုံနည်းပါးမှုကြောင့် ပထမဆုံး နောက်ဆုတ်လိုက်ရသူမှာ သူ ဖြစ်သည်။
ကောင်းကင်ထဲတွင် ကောင်းကင်ဓားမ သားသတ်သမားနှင့် လော့ဝူရွှမ်သာ တိုက်ခိုက်နေဆဲ ဖြစ်၏။
ချင်မူ မော့ကြည့်လိုက်သည့်အခါ လော့ဝူရွှမ် ဓားမလမ်းစဉ်၏ ဆယ့်လေးခုမြောက် ကောင်းကင်ဘုံအား ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရသည်။ သူ၏ဓားမသိုင်းကွက်များသည် ပိုမိုခမ်းနားလာသလို၊ ဓားမကောင်းကင်ဘုံတို့၏ အင်အားကလည်း အံ့အားသင့်ဖွယ်ကောင်းလာသည်။
သို့တိုင်အောင် သားသတ်သမားက ဟန့်တားပိတ်ဆို့လိုက်၏။ သူက ဓားမတစ်ချက်၊ လှိုင်းတစ်ချက်ဖြင့် ဓားမသိုင်းကွက်တစ်သောင်းကို ဖြိုခွဲပစ်လိုက်သည်။ သူ့ဓားသည် အခြေခံဓားချက်များကိုသာ ကစားနေသယောင် ထင်ရပေသည်
ရုတ်တရက် လော့ဝူရွှမ်၏ ဓားမအရှိန်အဝါ အားကောင်းလာကာ ဓားမလမ်းစဉ်၏ ဆယ့်ငါးခုမြောက် ကောင်းကင်ဘုံ ပေါ်လွင်လာသည်။
ချင်မူမှာ သိသိသာသာ အံ့အားသင့်သွားသည်။ ‘လော့ဝူရွှမ်ကို ကမ္ဘာဦးဘုံဆီ မောင်းထုတ်လိုက်တုန်းက ဆယ့်လေးခုမြောက် ကောင်းကင်ဘုံအထိပဲ သူ ထုတ်ဖော်နိုင်သေးတယ်... ဒီလောက်မြန်မြန်နဲ့ ဆယ့်ငါးခုမြောက် ကောင်းကင်ဘုံကို တွေးခေါ်နိုင်သွားတာလား’
ကောင်းကင်ဓားမနှစ်ဖက် လေထဲ၌ ထိတိုက်သွား၏။ ကောင်းကင်ဓားမ သားသတ်သမားမှာ ချက်ချင်း နိမ့်ကျသွားသလို ခံစားလိုက်ရသည်။ သို့တိုင်အောင် သူသည် ပိုမိုရဲရင့်လာပြီး တဟားဟား ရယ်လိုက်၏။ “မင်းရဲ့ ဓားမက တိကျလွန်းတယ်... မင်းက ရဲရင့်လာပေမယ့် အနုပညာရှင်တစ်ယောက်နဲ့ တူနေတုန်းပဲ”
သူ၏ဓားမရောင်က ဖွင့်လိုက်ပွင့်လိုက်ဖြင့် ပေါ်ထွက်လာသည်။ ၎င်းက လော့ဝူရွှမ်၏ ဓားမလမ်းစဉ် ကောင်းကင်ဘုံများကို လှုပ်ခတ်ကာ နှစ်ပိုင်းခုတ်ပစ်လိုက်၏။
လော့ဝူရွှမ်က အေးစက်စက် ရယ်သည်။ “ကောင်းကင်ဓားမ၊ မင်းရဲ့ ဓားမက တင်စီးလွန်းတယ်.... မင်းက ဘယ်လိုချုပ်တည်းထားရမလဲ မသိဘူး... ဓားမကို သုံးဖို့ပဲ သိတာ ... မင်းသာ ချုပ်တည်းထားတတ်ရင် ငါ့ထက်တောင် သာပြီး ကောင်းကင်အောက်မှာ နံပါတ်တစ် ကောင်းကင်ဓားမ ဖြစ်လာလိမ့်မယ်”
ကောင်းကင်ဓားမများ ဝင်တိုက်သွားသည်နှင့် ဓားမရောင်တို့သည် အားလုံးအပေါ် ဖြာကျလာ၏။
နှစ်ယောက်လုံး ဒဏ်ရာရသွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလာကြသည်။
ချင်မူ အထင်ကြီးသွားပြီး သူတို့ဆီ လျှောက်သွားသည်။ ထိုအချိန်တွင် သားသတ်သမားက ကျယ်လောင်စွာ ရွတ်ဆိုလိုက်၏။ “ခမ်းနားတဲ့ လက်နက်နဲ့ ဝင့်ဝင့်ကြွားကြွား တိုက်ပွဲဝင်.... တိုက်ပွဲပြီးလို့ ကျန်သမျှဟာ ဖြာကျနေသော လရောင်ပင်....”
ချင်မူလည်း ကျယ်လောင်စွာ လိုက်ရွတ်လိုက်သည်။ “မြို့ထဲက ဗုံတွေ ပဲ့တင်ထပ်ဆဲ ပဲ့တင်ထပ်မြဲ၊ ဓားမထက်က သွေးစက်တွေ စိုစွတ်နေဆဲ၊ စိုစွတ်နေမြဲ”
သားသတ်သမားမှာ အံ့အားသင့်သွားပြီး တဟားဟား ရယ်မောလျက် မာန်ဟုန်မြစ်တက္ကသိုလ်ထဲမှ ပြေးထွက်လာသည်။ “မူအာ ပြန်လာပြီ”
နှစ်ယောက်သား ဆုံသည်နှင့် ချင်မူက သားသတ်သမားကို ပြေးဖက်ရန် ပြင်လိုက်သော်လည်း သားသတ်သမားက ဓားဖြင့် လှမ်းခုတ်သည်။ “ငါ တိုက်ခိုက်ပြီနော် မူအာ”
ချင်မူ လန့်ဖြတ်သွားပြီး အထိတ်တလန့် ရှောင်လိုက်သည်။ သူက ဓားစက်လုံးဖြင့် ကောင်းကင်ဓားမနှစ်ဖက် ဖန်တီးလိုက်သည့်အခါ သူတို့၏ဓားမရောင်များ ကြက်ခြေခတ် ထိတိုက်သွား၏။ တခဏကြာသော် သားသတ်သမား၏ ဓားသွားက ချင်မူ့လည်ပင်းအပေါ် ရောက်နေချေပြီ။ သူက ဒေါကြီးမောကြီး ပြောသည်။ “မင်းက ငါ့ကို အရှက်ခွဲနေတာပဲကွ... အခုထိ လမ်းစဉ်ထဲ မဝင်ရသေးဘူး... ကျဲကလေးထက်တောင် ဆိုးသေး”
ချင်မူ ရှက်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဘိုးဘိုးသားသတ်သမား၊ ကျွန်တော် မဝင်နိုင်တာ မဟုတ်ပါဘူး... ဓားလမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းလမ်းစဉ်ထဲ အားပို့ထည့်မိသလိုသာ ဖြစ်သွားတာ...”
သားသတ်သမားက ထွီခနဲ တံတွေးထွေးပြီး ချင်မူ့ရထားလှည်းထဲသို့ ကြည့်သည်။ သူ အကြီးအကျယ် အံ့အားသင့်သွားတော့သည်။ “အဘွားကြီးစစ်ထက်တောင် လှတဲ့လူ ရှိသေးတယ်လား.... ဒါ မင့်မိန်းမလား ဟေ့ကောင်”
ချင်မူ ပို၍ပင် ရှက်သွားတော့သည်။ “အခုထိတော့ မဟုတ်ဘူး... ဟာ ယောင်ကုန်ပြီ... ဒါ နတ်ဘုရင်လန်ဝူ၊ ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်... သူက ကောင်းကင်နတ်အရှင်တွေနဲ့တောင် ယှဉ်နိုင်တယ်”
နတ်ဘုရင်လန်ဝူက နှုတ်ဆက်သည်။
သားသတ်သမားသည် ရုတ်တရက်ကြီး တောင့်သွားကာ အလေးအနက် ပြန်နှုတ်ဆက်၏။ “မူအာ၊ မပြန်နဲ့ဦး... မင်း ဓားမလမ်းစဉ်ကို လျစ်လျူရှုထားတဲ့အတွက် ငါ မင်းကို သင်ပေးစရာတွေ ရှိတယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။
လော့ဝူရွှမ်လည်း ဓားမနှင့်အတူ ရောက်လာသည်။ ချင်မူက ပြုံး၍ ပြောလိုက်၏။ “ကောင်းကင်ဓားမလော့၊ တိုးတက်လာတာ မြန်တယ်နော်”
လော့ဝူရွှမ်က ဓားမကို ပွဝ်သပ်ရင်း အေးစက်စက် ပြန်တုံ့ပြန်သည်။ “မင်းက ငါ့ကို ကမ္ဘာဦးသစ်ပင် ကောင်းကင်နန်းဆောင်ဆီ ကန်ထုတ်ပြီး ချောက်ချခဲ့မှတော့ ငါ့သရုပ်မှန် မပေါ်အောင် အဲဒီက လူတွေကို သတ်ခဲ့ရတယ်လေ... ကောင်းကင်နတ်အရှင်ရှောင်ရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေ ငါ့နောက်ကို နှစ်နှစ်လုံးလုံး တကောက်ကောက် လိုက်နေခဲ့ရလို အတော်ကို ဒုက္ခခံခဲ့ရတယ်”
ချင်မူ ပြုံးလိုက်သည်။ “အဲဒါကြောင့်သာ မဟုတ်ရင် ခင်ဗျား ဆယ့်ငါးခုမြောက် ကောင်းကင်ဘုံကို ဘယ်ဖွင့်နိုင်ပါ့မလဲဗျာ... အလျင်စလို မလုပ်ပါနဲ့ ဓားမကြီး ချထားပါဦး... ကျဲ့ဟွလီ၊ မင့်ဆရာကို ဖျောင်းဖျပေးဦးလေကွာ”
ကျဲ့ဟွလီက လမ်းလျှောက်လာနေရင်း ခေါင်းခါပြသည်။ “သူက ငါ့ဆရာမဟုတ်တော့ဘူး... ငါ့ တာအိုမိတ်ဆွေပဲ... ငါ သူ့ကို ဖျောင်းဖျပေးလို့မရဘူး... ကောင်းကင်နတ်အရှင်မူ၊ မင့်ရဲ့ ဘွဲ့က အင်မတန် ဝန်များတယ်နော်.... မင်းရဲ့ ဓားမသိုင်းကွက်တွေ ဘယ်လောက်တိုးတက်လာသလဲ”
ချင်မူ နှာခေါင်းရှုံ့နေစဉ် လော့ဝူရွှမ်သည် နတ်ဘုရင်လန်ဝူကို မြင်သွား၏။ သူက ကြောက်လန့်သွားပြီး ကပျာကယာ မေးတော့သည်။ “ယွင်ချွီးရှို့လား အရှင်မယွမ်မုလား”
ချင်မူက သူ့ကို အလျင်အမြန် တားကာ ရှင်းပြသည်။ “ဒါက မူလပိုင်ရှင်ပါ”
လော့ဝူရွှမ်မှာ မယုံသလို ပြောသည်။ “ဒီလိုအမျိုးသမီးတွေ ဒီကမ္ဘာပေါ်မှာ ရှိသေးတယ်လား”
ချင်မူသည် မာန်ဟုန်မြစ်တက္ကသိုလ်တွင် တည်းပြီး ကောင်းကင်ဓားမသုံးယောက်နှင့် တိုက်ခိုက်ရ၏။ သူ့မှာ မျက်ခွက်တစ်ခွက်လုံး ဝက်ခေါင်းလိုဖူးယောက်ကာ နှာရိုးလည်း ကျိုးသည့်တိုင်အောင် ရိုက်နှက်ခံရလေသည်။ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများက ပျောက်သည်ဟူ၍ မရှိတော့ရာ နတ်ဘုရာလန်ဝူမှာ အံ့အားသင့်နေတော့သည်။
ချင်မူ၏ အစွမ်းအစအရ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများကို သုံးလိုက်လျှင် လော့ဝူရွှမ်ပင် ချိုးဖျက်နိုင်မည်မဟုတ်ပေ။ သို့တိုင်တောင် သူက ဓားမသိုင်းကွက်များဖြင့်သာ ကောင်းကင်ဓားမသုံးယောက်ကို တိုက်ခိုက်နေရာ မရှုမလှ ရှုံးနိမ့်နေလေသည်။
ငါးရက်ကြာသော် သားသတ်သမား စိတ်မရှည်တော့ပေ။ “မင်းရဲ့ အခြေခံက ကောင်းတယ်... သင်ယူတာလည်း မြန်တယ်... ဒါပေမဲ့ မင်း လမ်းစဉ်အဆင့် ဘယ်လိုမှ မတက်နိုင်ဘူး... တခြားလမ်းစဉ်တွေကို အရေးစိုက်လွန်းတာကြောင့် ပါမယ်.. သွားတော့ ပြန်တော့”
ချင်မူလည်း ထွက်လာပြီး ရထားလှည်းထဲ ဝင်လိုက်သည်။
“ကောင်းကင်နတ်အရှင်မူ၊ အားတဲ့အခါ ငါနဲ့ ဓားမသိုင်းချင်း လာပြိုင်လှည့်” ကျဲ့ဟွလီက သူ့ကို လက်ပြနှုတ်ဆက်သည်။
ချင်မူမှာ သိသိသာသာ မကျေမနပ် ဖြစ်သွားပြီး နှာခေါင်းရှုံ့လိုက်၏။
ရထားလှည်းသည် ရက်အနည်းငယ် ဆက်သွားပြီးနောက် နတ်သက်ကြွေတောင်ကြောအနား ရောက်လာ၏။ တောင်ကြောသည် ညီညာပြန့်ပြူးနေချေပြီ။ ချင်မူက ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့အကြောင်း မေးကြည့်ရန် မြစ်သင်္ချိုင်းတက္ကသိုလ်သို့ သွားနေသည်။ သို့သော် နတ်သက်ကြွေတောင်ကြာထဲတွင် ကောက်ရိုးတဲတစ်လုံး မြင်လိုက်ရပြီး လူငယ်တစ်ယောက် လမ်းလျှောက်ထွက်လာသည်။
၎င်းက ကောင်းကင်နတ်အရှင်ယွီ ဖြစ်ချေသည်။
ချင်မူမှာ မှင်သက်သွားပြီး တုထျန်းမိစ္ဆာဘုရင်ကို ရပ်ခိုင်းလိုက်၏။
ကောင်းကင်နတ်အရှင်ယွီလည်း သူ့ကို မြင်လျှင် မှင်သက်သွားသည်။ “ဟာ ဂိုဏ်းသခင်ချင်၊ မတွေ့ရတာ ကြာပြီ”
သူ ရပ်လိုက်သည်နှင့် တဲထဲမှ သေတ္တာတစ်လုံး ထွက်လာသည်။ သေတ္တာသည် ချင်မူ့ကို မြင်သည်နှင့် ကရောသောပါး ပြေးချလာပြီး ချင်မူ့ခြေထောက်ကို တိုးဝှေ့ကာ ဂျီကျနေ၏။ ထို့နောက် နဂါးချီလင်ဘေးသို့ ပြေးသွားကာ ပြောစရာစကားများစွာ ရှိနေသည့်အလား အဖုံးဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေသည်။
နဂါးချီလင်က သေတ္တာပေါ် တက်ထိုင်လိုက်ပြီး သေတ္တာကြီးက သူ့ကို သယ်လျက် လျှောက်ပြေးနေတော့သည်။
ချင်မူ ရထားလှည်းအပြင် ထွက်ပြီး ကျန်ရှိသူများကို လှည်းအတွင်း၌ နေရန် မျာကာ ကောင်းကင်နတ်အရှင်ယွီဆီ တစ်ယောက်တည်း လျှောက်သွား၏။ သူက ပြောသည်။ “ရှင်းအန်း၊ ဒီရုပ်ခန္ဓာရဲ့ လျှို့ဝှက်ချက်တွေကို ခင်ဗျား လေ့လာပြီးသွားပြီလား”
ရှင်းအန်းက ရထားလှည်းကို ကြည့်ပြီးနောက် အကြည့်လွှဲကာ တဲထဲသို့ သူ့အား ဖိတ်ခေါ်သည်။ “ပြီးတော့မယ်.... ဒီရုပ်ခန္ဓာမှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နန်းဆောင်အမျိုးမျိုး ဖွဲ့တည်ပေးနိုင်တဲ့ အသေးစိတ်သင်္ကေတအမှတ်အသားတွေ ကိန်းဝပ်နေတယ်.... သိပ်အထင်ကြီးစရာကောင်းတယ်... ကြည့်ကြည့်လိုက် ဂိုဏ်းသခင်ချင်”
သူ၏ တဲလေးသည် သေးငယ်သယောင် ထင်ရသော်လည်း အထဲနေရာက အလွန်ကျယ်၏။ အထဲတွင် မရေမတွက်နိုင်သော စာအုပ်စင်များ ပြည့်နေသည်။ ချင်မူ စာအုပ်တစ်အုပ် ဖွင့်လိုက်သည့်အခါ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများ မှတ်တမ်းတင်ထားကြောင်း မြင်လိုက်ရသည်။
ချင်မူ စာအုပ်ကို ပြန်ပိတ်၍ ပြောလိုက်သည်။ “ရှင်းအန်း၊ ခင်ဗျားရဲ့ ပါရမီက ထူးချွန်ပေမယ့် အသုံးချတဲ့ နေရာ မှားနေတယ်”
ရှင်းအန်သည် မျက်ခုံးပင့်ကာ ဂုဏ်ယူအထင်သေးနေသံဖြင့် ပြော၏။ “လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးထဲမှာ ကောင်းမှုအများကြီး မလုပ်ခဲ့သလို၊ လူတွေလည်း မကယ်ပေးခဲ့ပေမယ့်.... ဒီရုပ်ခန္ဓာရဲ့ ဆန်းကြယ်နက်နဲမှုတွေကို ဖော်ထုတ်ပြီးသွားရင် ကမ္ဘာကြီးကို ကယ်တင်နိုင်လိမ့်မယ်.... လူတွေ ငါ့ကို သတိထားမိလာကြလိမ့်မယ်... ဂိုဏ်းသခင်ချင်၊ မင်းက ငါ့ကို မနာလိုဖြစ်နေရုံသက်သက်ပဲ”
ချင်မူ ခေါင်းယမ်းရင်း မှန်တစ်ချပ် ထုတ်လိုက်သည်။ “ဒီမှန်ထဲက ကျောက်စိမ်းစာလိပ်က ခင်ဗျားရဲ့ ဒီခန္ဓာထဲက မဟာတာအိုသင်္ကေတအမှတ်အသားအားလုံးကို မှတ်တမ်းတင်ထားတယ်... ကျွန်တော် ခင်ဗျားကို ဒီဟာ ပေးလိုက်ပါ့မယ်”
ရှင်းအန်းမှာ မှန်ကို ယူ၍ အထဲရှိ ကျောက်စိမ်းစာလိပ်များအား ဖတ်ရှုရင်း အကြီးအကျယ် တုန်လှုပ်သွားသည်။ ဤကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲရှိ မဟာတာအိုသင်္ကေတအမှတ်အသားများအား မှန်ထဲ၌ အမှန်တကယ် တွေ့ရပေသည်။ ချင်မူက ထိုက်ဝေသင်္ချာကျမ်းဖြင့် ပြန်လည်တွက်ချက်ထားသောကြောင့် ပို၍လည်း တိကျနေသည်။
သူ့မှာ စိတ်ပျက်သွားသဖြင့် မာန်ပင် မတင်းနိုင်တော့ပေ။
“ခင်ဗျားက တစ်ယောက်တည်း နေတာ များလွန်းတယ်... အပြင်လောကနဲ့လည်း အဆက်အသွယ်လုပ်တာ ရှားတယ်”
ချင်မူက သူ့ကို သနားသလို ကြည့်ကာ ပြောသည်။ “ဒီကျောက်စိမ်းစာလိပ်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူတွေဆီ ပေးထားပြီးပြီ... အကုန်လုံးတော့ မပါပေမယ့် အတော်များများ ပါတယ်... ခင်ဗျား လူတွေနဲ့သာ ထိတွေ့ဆက်ဆံခဲ့ရင် အချိန်ငါးနှစ် အလကားကုန်သွားမှာ မဟုတ်ဘူး”
ရှင်းအန်းသည် နှာခေါင်းရှုံ့၍ မှန်ကို ယူကာ ခပ်ပြတ်ပြတ် မေးလေသည်။ “ကောင်းကင်သံသရာ ရှေးဟောင်းနတ်ဘုရားတွေကို ဖုံးကွယ်ဖို့ မင်းရဲ့ ခန္ဓာကိုယ်ကို တာအိုအခြေခံအဖြစ်ရော သုံးတတ်ပြီလား”
ချင်မူ့အရှိန်အဝါ တုန်ခါသွားပြီး ကောင်းကင်အလင်းရောင်သည် သူ့ခန္ဓာကိုယ်အား ရစ်သိုင်းသွား၏။ ရှေးဟောင်းနတ်ဘုရားနှစ်ထောင်ကျော် သူ့ကိုယ်ပေါ်တွင် ပေါ်လာသည်။ “ခင်ဗျား ပြောတာ ဒါလား”
ရှင်းအန်းမှာ ကြက်သေသေသွားကာ စကားမပြောနိုင်တော့ပေ။
ချင်မူက ရှေးဟောင်းနတ်ဘုရားတို့၏ ပုံရိပ်အသွင်များအား ဖယ်ရှားကာ သူ့ကို ချီးကျူးသည်။ “ခင်ဗျားက ကိုယ့်ဘာသာကိုယ် လေ့လာရင်း ရုပ်ခန္ဓာထဲက ကောင်းကင်သံသရာရဲ့ ရှေးဟောင်းနတ်ဘုရားတွေကို ဖုံးကွယ်ထားတတ်သွားတာမလား... ခင်ဗျားက အရင်မျိုးဆက်ရဲ့ ပါရမီရှင်ဆိုတဲ့အတိုင်း အင်မတန် ပါရမီရှိပါပေတယ်..... တာအိုသခင်လင်းရွှမ်နဲ့ သွားတွေ့သင့်တယ်... ထိုက်ဝေသင်္ချာမှာ သူက ကျွန်တော့်ထက်တော် သာတဲ့အပြင် ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုတွေကို သုတေသန လုပ်နေတာ ကြာလှပြီ... သူ့ဉာဏ်နဲ့ ခင်ဗျားဉာဏ်ကိုသာ ပူးပေါင်းလိုက်ရင် ပိုခရီးပေါက်မှာပဲ”
ရှင်းအန်းသည် တိတ်ဆိတ်ပြီး လက်တစ်ချက်ဝှေ့ယမ်းလျက် ကောက်ရိုးတဲကို သိမ်းကာ နေရာရွှေ့ရန် ပြင်နေ၏။
ချင်မူက သူ့ကို လှမ်းတားသဖြင့် ရှင်းအန်း ဇဝေဇဝါ ဖြစ်သွားသည်။
ချင်မူက ပြုံးလိုက်သည်။ “ခင်ဗျားက ဒီခန္ဓာကိုယ်ကို ယူထားတာဆိုတော့ ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ အသိစိတ်အလျဉ် ဒီထဲမှာ ရှိနေသေးလား”
ရှင်းအန်းက ခေါင်းညိတ်ပြ၏။ “ငါ မဖယ်ရှားပစ်နိုင်တော့ ချိတ်ပိတ်ထားတယ်”
“ကျွန်တော့်ကို ပေးပါလား” ချင်မူ့မျက်ဝန်းများ လင်းလက်နေ၏။
ရှင်းအန်းက ကျောက်ိစမ်းပုလင်းတစ်ပုလင်း ထုတ်ကာ သူ့ဆီ ပြေးသည်။ ထို့နောက် သူ၏သေတ္တာကြီးကို လှမ်းခေါ်ကာ ထွက်သွားလေသည်။
ချင်မူလည်း သူ ထွက်သွားသည်ကို ကြည့်နေပြီးနောက် ရထားလှည်းဆီ ပြန်လာ၏။ သူက ပုလင်းကို ကစားရင်း အတွေးထဲ နစ်မျောနေလေသည်။
ရှုကျွင်းက ပုလင်းကို ကြည့်ကာ စပ်စုသည်။ “အထဲမှာ ဘာရှိလဲ အထွတ်အမြတ်ကလေးငယ်”
“ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ အသိစိတ်အလျဉ်”
ရထားလှည်းသည် ရှေ့ဆက်သွားပြီး ချင်မူလည်း အပြင်ရှိ နတ်သက်ကြွေတောင်ကြာအား ငေးကြည့်နေမိသည်။ သူ့မျက်ဝန်းများမှာ မှုန်ရီဝါးနေသည်။ “လွန်ခဲ့တဲ့ ငါးနှစ်က ကောင်းကင်နတ်အရှင်ယွီကို လက်နက်အဖြစ် ဖန်တီးခဲ့တဲ့အချိန်မှာ ကောင်းကင်နတ်အရှင်တစ်ယောက်က ကောင်းကင်နတ်အရှင်လင် တကယ် သေသွားလား မြင်ရဖို့ ဆင်းလာခဲ့တယ်... ဒါကြောင့် အဲဒီနေရာကို ကောင်းကင်နတ်ဧကရာဇ်ရဲ့ တပည့်၊ ယန်ချီလင်း... ရှင်းအန်းနဲ့ ကျန်တဲ့သူတွေနဲ့အတူ ဝင်ခဲ့ကြတယ်... တကယ်တော့ ကောင်းကင်နတ်အရှင်လင်ရဲ့ ကံကြမ္မာကို ကောင်းကင်နတ်ဧကရာဇ် နဲ့ မဟာဧကရာဇ်ပဲ စိတ်ဝင်စားတာ... ကောင်းကင်နတ်ဧကရာဇ်က ယန်ချီလင်းကို လွှတ်ခဲ့ပြီးသားဆိုတော့ ဒီအသိစိတ်အလျဉ်က မဟာဧကရာဇ်ပဲ ဖြစ်လိမ့်မယ်”
သူက ကျောက်စိမ်းပုလင်းကို ကြည့်ရင်း ပြော၏။ “ကောင်းကင်နတ်ဧကရာဇ်က သူ့ရုပ်ခန္ဓာကိုပဲ ဂရုစိုက်ပေမယ့် မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်လင် တကယ် သေမသေပဲ အာရုံစိုက်တယ်...အဲဒီတုန်းက နတ်သက်ကြွေတောင်ကြာမှာ အားလုး လာဆုံကြလို့ တိုက်ဆိုင်လိုက်တာလို့တောင် ကျွန်တော် တွေးမိသေးတယ်... အခု စဉ်းစားကြည့်တော့မှ ကျွန်တော်တစ်ယောက်ပဲ နတ်သက်ကြွေတောင်ကြောကို ဖွင့်ပြီး ဝင်နိုင်မှန်း ကောင်းကင်နတ်ဧကရာဇ်ရော၊ မဟာဧကရာဇ်ရော သိထားလို့ ကျွန်တော်နဲ့အတူ ရောက်လာခဲ့ကြတာပဲ... ဒီအသိစိတ်အလျဉ် တစ်နေ့ ကျွန်တော့်လက်ထဲ ရောက်လာမှာ မဟာဧကရာဇ် မခန့်မှန်းနိုင်ခဲ့တာ တစ်ခုပဲ”
“ဒါဆို ဒီပုလင်းထဲမှာ မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ် ရှိတယ်လို့ နင် ပြောနေတာလား” နတ်ဘုရင်လန်ဝူ၏ မျက်ဝန်းများ ရွှန်းလက်သွား၏။