← Chapters

အဏုစိတ်ဆုံးအရွယ်အစား

Vol. 78 Ch. 1011

အဏုစိတ်ဆုံးအရွယ်အစား

Vol. 78 Ch. 1011

“ရွှင်ပျော်ပျော်ကျေးရွာက ဧည်သည့်တစ်ယောက်လား”

ရွှေအနှင့် မျက်ကန်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ခိုင်ဧကရာဇ် မျှော်လင့်ထားသလို နှစ်ယောက်သား အားတက်သရော ဖြစ်မသွားကြပေ။

ချင်မူသည် ရွှင်ပျော်ပျော်ကျေးရွာကို အမြဲရှာချင်နေခဲ့၏။ သို့သော် သူ့ကြောင့်သာမဟုတ်လျှင် ဒုက္ခိတဘိုးဘွားကျေးရွာရှိ မည်သူမှ ရွှင်ပျော်ပျော်ကျေးရွာကို အရေးစိုက်နေကြမည်မဟုတ်ပေ။

အထူးသဖြင့် ပရမတ္တလှေ တည်ဆောက်ခဲ့သော ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ်မှ တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့သူ ရွှေအပင်။ သူတို့သည် သိကြားဗုဒ္ဓ၊ လီရုံလန်၏ မျိုးဆက်များ ဖြစ်ကြ၏။ ခိုင်ဧကရာဇ်ခေတ်၏ အဆုံးသတ်တွင် ခိုင်ဧကရာဇ်သည် ရွှင်ပျော်ပျော်ကျေးရွာသို့ လူတချို့သာ ခေါ်ပြီး ထွက်သွားခဲ့သောကြောင့် ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ်မှာ သူတို့နှင့် ဆုံစည်းရန် ပရမတ္တလှေနောက်တစ်စင်း တည်ဆောက်ခဲ့ရသည်။ သို့သော် ထိုနေရာသို့ မရောက်ခင် ကောင်းကင်နတ်ဘုံစစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။

ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ်၏ လက်ကျန်မျိုးနွယ်များမှာ ကုဗတုံးအစီအရင်ထဲ၌ ပိတ်မိနေခဲ့ကြပြီး ဆင်းရဲဒုက္ခများ အလူးအလဲ ခံစားရင်း အတော်များများ သေဆုံးကုန်ကြသည်။ ယခုတွင် ရွှေအတစ်ယောက်တည်းသာ ကောင်းကင်စက်မှုနတ်ဘုရားမျိုးနွယ်အဖြစ် ကျန်ရစ်ခဲ့သည်။

အဆုံးသတ်တွင် ရွှေအ၏ မိစ္ဆာများက သူတို့မသေခင် သူ့အား အပြင်ပို့နိုင်ခဲ့ကြ၏။ ရလဒ်အနေဖြင့် သူ့မှာ လူမမည်ကလေးအရွယ်လေးနှင့် မဟာမြို့ပျက်၏ အန္တရာယ်များနှင့် အမှောင်ထုအား ရင်ဆိုင်ခဲ့ရသည်။

ရွှေအသည် ရွှင်ပျော်ပျော်ကျေးရွာကို သဘောမကျဆုံး ဖြစ်၏။ ပရမတ္တလှေက မဟာမြို့ပျက်ထဲတွင် ဟိုးယခင်ကတည်းက တည်ရှိနေခဲ့သော်လည်း ၎င်းကို ပြုပြင်၍ ရွှင်ပျော်ပျော်ကျေးရွာသို့ ပြန်ရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။

“ခင်ဗျားက ရွှင်ပျော်ပျော်ကျေးရွာက လာတာလား... ထူးထူးခြားခြားပါလား... ရွှင်ပျော်ပျော်ကျေးရွာက ဧည့်သည်တစ်ယောက်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးမတိုင်ခင်တုန်းက ရောက်လာခဲ့ဖူးတယ်... နာမည်က ကောင်းကင်ဆရာသခင်ကျစ်ရှီတဲ့... သူက ဝင်္ကပါပညာရှင်....ကျုပ်ဆို သူ့ဆီက အများကြီး သင်ယူခဲ့ရတယ်”

မျက်ကန်းက ဆက်ပြောသည်။ “ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေး ကပ်ဘေးရင်ဆိုင်နေရတဲ့အချိန်မှာ သူက ခိုင်ဧကရာဇ်ရဲ့ အမိန့်ကြောင့် ခိုင်ဧကရာဇ်ခေတ်က နတ်ဘုရားအားလုံးနဲ့အတူ ထွက်သွားခဲ့တယ်လေ... ကျုပ်တို့ချည်းပဲ အန္တရာယ်တွေကို ရင်ဆိုင်ခဲ့ရတယ်... ခင်ဗျား ဒီကို လာတာ ခိုင်ဧကရာဇ်ဆီက အမိန့်တစ်ခုခု ထုတ်ပြန်ဖို့လား”

ခိုင်ဧကရာဇ် ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကောင်းကင်ဆရာသခင်ကျစ်ရှီ ရွှင်ပျော်ပျော်ကျေးရွာကို ပြန်ရောက်လာတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအကြောင်း ကြားလိုက်ရတာနဲ့ အမြင်ကျယ်ချင်လို့ လာခဲ့တာပါ”

ရွှေအက လက်ဟန်ခြေဟန်ဖြင့် မျက်ကန်းကို ပြောနေ၏။

မျက်ကန်းက ပြောသည်။ “အဲဒီလောက် မဆိုးပါဘူး”

ခိုင်ဧကရာဇ် စပ်စုမိသည်။ “တာအိုရောင်ရင်း ရွှေအ ဘာပြောလိုက်တာလဲ”

“သူက ခိုင်ဧကရာဇ်ကို အပြစ်ပြောနေတာလေ... မူအာက ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်နတ်မင်းလေးပါးကို အများကြီး ကူညီပေးခဲ့ရတယ်.... သိကြားဗုဒ္ဓကိုလည်း ကောင်းကင်နတ်ဘုံထဲက ဗုဒ္ဓဘုံ ၂၀ လျှော့ချနိုင်အောင်လည်း လုပ်ပေးခဲ့ရတယ်... မင်တုကောင်းကင်နတ်မင်း တျန်းရှုကိုလည်း ကယ်တင်ပေးခဲ့တဲ့အပြင် ယိုတုနဲ့ ရန်ကြွေးကြေသွားအောင် ဖြန်ဖြေပေးခဲ့တယ်... ဒါ့အပြင် ကောင်းကင်နတ်မင်းတိရီယွဲ့ကိုလည်း အသက်သွင်းပေးခဲ့သေးတယ်တဲ့”

မျက်ကန်းသည် ရွှေအကိုယ်စား ပြောနေ၏။ “မူအာက ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဆရာသခင် သစ်ခုတ်သမားရဲ့ ဒုတိယတပည့်၊ ကောင်းကင်ဆရာသခင် တံငါသည်၊ ကောင်းကင်ဆရာသခင် ကျစ်ရှီတို့လည်း အင်မတန် ရင်းနှီးတယ်... သိုင်းပညာ ကောင်းကင်ဆရာသခင်ကိုတောင် သို့နျိုကမ္ဘာက သိုင်းသမားတွေ ကောင်းကင်တံတားမရှိလို့ နတ်ဘုရားဖြစ်မလာနိုင်တဲ့ ပြဿနာကိုတောင် ကူညီဖြေရှင်းပေးခဲ့သေးတယ်.... ဒါက သူ့ရဲ့ ကောင်းမှုတွေပဲ... ဖုန်းတုဆိုတာကလည်း မူအာ ကောင်းကင်နတ်အရှင်ရုံနဲ့ မြေအောက်ဘုံအရှင်သခင်နဲ့ ရင်းနှီးတာကြောင့်သာ အသက်ချမ်းသာရာရတာ.. ဒါတောင် ခိုင်ဧကရာဇ်က ကျေးဇူးမတင် ဖင်လှန်ပြတယ်တဲ့.... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဆိုက်တဲ့အချိန်ကျမှ နတ်ဘုရားအားလုံးကို ဆုတ်ခွာခိုင်းတယ်တဲ့လေ... အဲဒီသူရဲဘောကြောင် ခိုင်ဧကရာဇ်က ယုန်ထက်တောင် အပြေးမြန်သေးတယ်....”

မျက်ကန်းသည် လက်ဟန်ခြေဟန်ပေါင်းများစွာဖြင့် စိတ်လှုပ်ရှားစွာ ဆက်ပြောနေသော ရွှေအကို ကြည့်လိုက်၏။ သူက အကြံပေးလိုက်သည်။ “ဒီလူက အဝေးက ဧည့်သည်လေကွာ... နားပူအောင် လုပ်မနေနဲ့... ခိုင်ဧကရာဇ်က မူအာရဲ့ ဘိုးဘေးကြီးမဟုတ်လား... ရိုင်းရာကျတယ်ကွ... ဟုတ်သား၊ ခင်ဗျားက ရွှင်ပျော်ပျော်ကျေးရွာက လာတယ်ဆို ခိုင်ဧကရာဇ်နဲ့တော့ အမျိုးမတော်ပါဘူးနော်... ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”

ခိုင်ဧကရာဇ်က သူ၏ရွှင်ပျော်ပျော်ဓားကို ထုတ်၍ သူ၏သရုပ်မှန်အား သက်သေပြန်ရန် တွေးနေစဉ် သူတို့ပြောလိုက်သော စကား ကြားလိုက်ရသည့်အခါ ထိတ်လန့်သွားသည်။ “ကျုပ်က ရွှင်ပျော်ပျော်ကျေးရွာရဲ့ သာမန်နတ်ဘုရားလေး ယဲ့ခိုင်ပါ... ခင်‌ဗျားတို့ အဏုစိတ်သလင်းကျောက် ဖွဲ့စည်းပုံ ဆွေးနွေးနေကြတာ တွေ့လို့ လာာနးထောင်ချင်ခဲ့ပါတယ်... ဒီတာအိုရောင်ရင်း ရွှေအက ဘာလို့ ရွှင်ပျော်ပျော်ကျေးရွာအပေါ် မျက်မုန်းကျိုးနေတလဲ မသိဘူးနော်”

မျက်ကန်းမှာ စိတ်သက်သာရာရသွာပြီး ပြုံးလိုက်၏။ “ချင်မျိုးရိုးမဟုတ်သရွေ့တော့.... ရွှေအ၊ ဆဲမနေတော့နဲ့”

ရွှေအက ဒေါကြီးမောကြီး ရပ်လိုက်ပြီးနောက် အနည်းငယ် ထပ်‌‌ပြောသည်။ “အာဘာ”

“ဟုတ်တယ်ဟုတ်တယ် သူက ငကြောက်” မျက်ကန်းလည်း အားမလိုအားမရစွာဖြင့် ပြောသည်။

ခိုင်ဧကရာဇ်မှ ချောင်းဟန့်ကာ မေးလိုက်၏။ “ခင်ဗျားတို့ ပြောနေတဲ့ မူအာက ကောင်းကင်နတ်အရှင်မူ၊ ချင်မူလား”

အဘိုးအိုနှစ်ယောက်မှာ ချက်ချင်းဆိုသလို တက်ကြွလာသည်။ မျက်ကန်းက မေးလေသည်။ “ခင်ဗျားလည်း မူအာ့ကို သိတယ်လား... ငါတို့ သူ့ကို သင်ပေးထားတာလေ”

ခိုင်ဧကရာဇ်က ပြောသည်။ “ခင်ဗျားတို့နှစ်ယောက် မသိဘူးထင်တယ်.... ကောင်းကင်နတ်အရှင်မူက ရွှင်ပျော်ပျော်‌ကျေးရွာကို ဟိုတလောက ပြန်လာတယ်”

မျက်ကန်းနှင့် ရွှေအ၏ မျက်လုံးများ တောက်ပသွား၏။ မျက်ကန်းက အလျင်စလို မေးသည်။ “မူအာ ခိုင်ဧကရာဇ်နဲ့ တွေ့လိုက်ရလား... သူ့ဆန္ဒက ရွှင်ပျော်ပျော်ကျေးရွာဆီ သွားပြီး သူ့အမျိုးတွေနဲ့ တွေ့ရဖို့ပဲ”

ခိုင်ဧကရာဇ်က ခေါင်းညိတ်သည်။

“သူတို့ တိုက်ခိုက်ခဲ့လား”

မျက်ကန်းက မေးလေသည်။ “ကျုပ် ဆိုလိုတာက မူအာနဲ့ ခိုင်ဧကရာဇ် တိုက်ခိုက်ခဲ့လား”

ခိုင်ဧကရာဇ်မှာ မတတ်နိုင်တော့ဘဲ ဝန်ခံလိုက်ရ၏။ “တိုက်ခိုက်ခဲ့တယ်”

တခဏအတွင်း အဘိုးအိုနှစ်ယောက်လုံးက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ “မူအာက အဲဒီလိုပဲ... ခိုင်ဧကရာဇ်ကို မြင်တာနဲ့ သေချာပေါက် တိုက်ခိုက်လိမ့်မှာ... ယဲ့ခိုင်၊ ခိုင်ဧကရာဇ်ကို မူအာ ရိုက်နှက်နိုင်ခဲ့လား”

ခိုင်ဧကရာဇ်မှာ ရယ်ရမလား၊ ငိုရမလား မသိတော့ဘဲ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ခိုင်ဧကရာဇ်ကို ရိုက်နှက်နိုင်ခဲ့မှန်း ဘယ်လို သိတာလဲ”

ရွှေအက သေတ္တာကို ချပြီး ခါးကြောဆန့်သည်။ မျက်ကန်းက တောင်ဝှေးကို ကိုင်လျက် ပြုံးနေပြီး ရှင်းပြ၏။ “အဆင့်တူမှာ တိုက်ခိုက်ရင် ခိုင်ဧကရာဇ် ချင်မူ့ကို အနိုင်မယူနိုင်လောက်ဘူး.... အဲဒါက သေချာတဲံ ရလဒ်ပဲ... တိုက်ပွဲက ဘယ်လိုလဲ... ရက်စက်လား”

ခိုင်ဧကရာဇ်လည်း ခေါင်းညိတ်လိုက်သည်။ “ရက်စက်တယ်”

“ကောင်းလျက်” ရွှေအ၏အသံအကျယ်ကြီးက ခိုင်ဧကရာဇ်အား ရင်တုန်သွားစေသည်။

မျက်ကန်းမှာ အတိုင်းထက်အလွန် ပျော်ရွှင်နေပြီး ပြုံးကာ ပြော၏။ “မူအာဆိုတဲ့အတိုင်းပဲလေ.... ငါတို့ဆီ သင်ထားတာတွေ အလကားမဖြစ်တော့ဘူး... ရွှင်ပျော်ပျော်ကျေးရွာနဲ့ ခိုင်ဧကရာဇ်တော့ အခုချိန် ငြိမ်ကုပ်နေလိုက်ပြီ... သူ့ကို တကယ့်ကို ရက်ရက်စက်စက် ရိုက်နှက်ဆုံးမသင့်တာ”

ခိုင်ဧကရာဇ်မှာ သူ့အမူအရာသူ ထိန်းမထားနိုင်တော့သဖြင့် သက်ပြင်းချသည်။ “လူကြီးမင်းတို့၊ ကောင်းကင်ရွှေရဲ့ အဏုစိတ်ဖွဲ့စည်းပုံက....”

“ကောင်းကင်ရွှေ, မဟူရာရွှေနဲ့ သတ္ထုအားလုံးမှာ ဖွဲ့စည်းပုံအမျိုးမျိုး ရှိကြတော့ ပျော့ပြောင်းနိုင်စွမ်းနဲ့ မာကြောနိုင်စွမ်းတို့ ကွာခြားသွားတာပဲ”

မျက်ကန်းသည် ရှင်းပြ၏။ “ဒါကြောင့် ကျုပ်တို့က မဟူရာရွှေကို ကောင်းကင်ရွှေအဖြစ် ပြောင်းလဲမလို့ အကြံထုတ်နေကြတာ... ခင်ဗျား ရွှင်‌ပျော်ပျော်ကျေးရွာဆိုတော့ ဒီသုတေသနရဲ့ ရည်ရွယ်ချက်က ဘာလဲသိလား”

ခိုင်ဧကရာဇ်က အူကြောင်ကြောင်ဖြင့် ခေါင်းယမ်းလိုက်သည်။

ရွှေအက စိတ်ပျက်သွားသောအမူအရာဖြင့် လက်ဟန်ခြေဟန်ပြသည်။

မျက်ကန်းက ပြော၏။ “သူ့အမှားမဟုတ်ပါဘူး... သူရဲဘောကြောင်တဲ့ ဘုရင်ရဲ့ အမှား”

ခိုင်ဧကရာဇ် ရှက်သွားမိသည်။ မျက်ကန်းက ဆက်ပြောသည်။ “ကောင်းကင်ရွှေ၊ မဟူရာရွှေနဲ့ သာမန်ရွှေတို့မှာ အနှစ်သာရ တူတဲ့ ဒြပ်ထုတွေ ရှိတာ တွေ့ခဲ့ရတယ်... အဲဒီဒြပ်တွေက အဏုစိတ်ဖွဲ့စည်းထားပုံအလိုက် ဓာတ်သတ္တိတွေနဲ့ စွမ်းရည်တွေ ကွဲပြားသွားတာ.. ဒါကြောင့် ရွှေအရဲ့ ပန်းပဲပညာသုံးပြီး မဟူရာရွှေရဲ့ ဖွဲ့စည်းပုံကို ခွဲထုတ်ပြီး ကောင်းကင်နတ်ရွှေအဖြစ် သွန်းလုပ်ကြည့်မလို.. ဒါပေမဲ့ ရွှေအရဲ့ ကောင်းကင်ကမ္ဘာမီးဖို ပန်းပဲပညာက ဘယ်လောက်ဆန်းကြယ်ဆန်းကြယ် မဟူရာရွှေရဲ့ အဏုစိတ်သလင်းကျောက်ဖွဲ့စည်းပုံတွေကို ပြန်သွန်းလုပ်နိုင်မယ်... သလင်းကျောက်တွေကို အရပ်မျက်နှာတစ်ဖက်တည်း လှည့်နေအောင် ပုံသွင်းပေးနိုင်မယ်လို့ အာမ,မခံနိုင်ဘူး”

ရွှေအက လက်ဟန်ခြေဟန်ဖြင့် ပြောနေ၍ မျက်ကန်းက ဘာသာပြန်ပြနေသည်။ “အဏုစိတ်အရွယ်အစားရှိတဲ့ သလင်းကျောက်တွေအပေါ်မှာ သင်္ကေတအမှတ်အသားတွေ သွန်းလုပ်ဖို့ ခက်တယ်... ပန်းပဲဆရာတွေလည်း အဏုစိတ်ဆုံးအရွယ်အစားအထိ ရှိတဲ့ သလင်းကျောက်တွေကို မြင်ဖို့ နတ်မျက်လုံးတွေ ပိုင်ဆိုင်ထားဖို့ လိုတယ်”

ခိုင်ဧကရာဇ်က သူတို့ကို သွေးတိုးစမ်းကြည့်လိုက်၏။ “အသိစိတ်အလျဉ်နဲ့ သင်္ကေတအမှတ်အသားတွေ ခတ်နှိပ်ကြည့်ဖို့ရော တွေးမိဖူးလား”

ရွှေအနှင့် မျက်ကန်း မျက်လုံးများ အရောင်တောက်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရွှေအက ပြောသည်။ “အဲဒါအလုပ်ဖြစ်နိုင်တယ်”

သို့သော် မျက်ကန်းသည် ခေါင်းယမ်း၏။ “ခက်တော့ ခက်တုန်းပဲ... အသိစိတ်အလျဉ်မှာလည်း အဆင့်မြင့်နေမှ ရမှာလေ... အဏုစိတ်မြင်ရဖို့ဆို အဆင့်အင်မတန် မြင့်ရလိမ့်မယ်... မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နဲ့ လူတွေပဲ... အဲဒီလောက်အဆင့်အထိ လေ့ကျင့်နိုင်မှာ”

ခိုင်ဧကရာဇ်က ပြုံးလိုက်သည်။ “မပူပါနဲ့ လူကြီးမင်းတို့... ကောင်းကင်နတ်အရှင်မူရဲ့ အသိစိတ်အလျဉ်က ခွန်အားအရာမှာ ပြိုင်ဘက်ကင်းပါတယ်... သူ ပြန်လာရင် မူလဝိညာဉ်သုံးသွယ် ထာဝနတ်ဘုရားအသိစိတ်အလျဉ်ထက် ပိုအားကောင်းတဲ့ အသိစိတ်အလျဉ်ကျင့်စဉ်တစ်ခု သင်ပေးလိမ့်မယ်... အဲဒါနဲ့ဆို အဏုစိတ်ဆံး အရွယ်အစားအပေါ်မှာ သင်္ကေတအမှတ်အသားတွေ ခတ်နှိပ်ဖို့ ဖြစ်နိုင်ပါလိမ့်မယ်.. ခင်ဗျားတို့နှစ်ယောက်က ပန်းပဲပညာမှာ နည်းလမ်းအသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီပဲ... နှစ်ယောက်လုံးအရှေ့မှာ ကောင်းမွန်တဲ့ အနာဂတ် စောင့်ကြိုနေမှာပါ... ကောင်းကင်ရွှေ သွန်းလုပ်တာဖြစ်ဖြစ်၊ ကောင်းကင်နတ်လက်နက်တွေ သွန်းလုပ်တာဖြစ်ဖြစ်ပေါ့... နှစ်ယောက်လုံးက ကောင်းကင်လက်နက်တွေရဲ့ စွမ်းအားကို နတ်ဘုရားတွေ၊ မိစ္ဆာတွေထက်တောင် မြင့်မားစေတဲ့အထိ မြှင့်တင်နိုင်ပါလိမ့်မယ်.... ဒါပေမဲ့ ကောင်းကင်နတ်ဘုံက အဲဒီလိုပြုပြင်ပြောင်းလဲမှုမျိုးကို လက်ခံပါ့မလား”

မျက်ကန်းက အေးအေးလူလူ ပြောသည်။ “မူအာ ကျုပ်တို့ကို ကူညီပေးနေတာပဲ ကောင်းကင်နတ်ဘုံ လက်လှမ်းမမှီပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုပြုပြင်ပြောင်းလဲမျိုးကြောင့် ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအို ပြောင်းလဲသွားမှာ မဟုတ်ဘူးလေ... ဒီတော့ ကောင်းကင်နတ်ဘုံလည်း မသိပါဘူး”

ခိုင်ဧကရာဇ်သည် သူ၏လုပ်ဆောင်မှုများကို ချင်မူ၏လုပ်ဆောင်မှုများနှင့် ယှဉ်ရင်း တုန်လှုပ်သွား၏။ သူက ဝမ်းသာသွားပြီး မေးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ရော.... သူ အင်အားကြီးမားလွန်းရင် ကောင်းကင်နတ်ဘုံက အမြဲ စောင့်ကြည့်နေမှာ... အသတ်တောင် ခံရနိုင်တယ်”

“ဧကရာဇ်ယန်ရှို့ကို ပြောတာလား”

မျက်ကန်းက ရယ်လေသည်။ “ဧကရာဇ်ယန်ရှို့က ထက်မြက်ပေမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အင်အားအကြီးဆုံးမဟုတ်ဘူး.... ဟိုတလောကမှ နတ်ဘုရားဖြစ်လာတာ... ကောင်းကင်နတ်ဘုံအနေနဲ့ သူ့ကို စောင့်ကြည့်နေဖို့ အချိန်မရှိပါဘူး... တလောတုန်းကဆို ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ နတ်ဘုရားမိစ္ဆာတွေနဲ့ အပေးအယူလုပ်ဖို့ ကောင်းကင်နတ်ဘုံကိုတောင် သွားခဲ့သေးတယ်... ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က စွမ်းအင်အကူးအပြောင်းတံတားတွေ ဆောက်မှာမလို့ အခြား‌ကောင်းကင်ဘုံက အရင်းအမြစ်တွေနဲ့ လက်နက်တွေ တည်ဆောက်ပေးခဲ့တယ်လေ”

ခိုင်ဧကရာဇ်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူ့မှာ အတော်လေးကြာမှ သတိပြန်ဝင်လာပြီး ထွက်သွားတော့မည်ဟု နှုတ်ဆက်လိုက်သည်။

မျက်ကန်းနှင့် ရွှေအက သူ့ကို နေခိုင်းသည်။ “ခင်ဗျားဦးနှောက်က တော်တော်ကောင်းတယ်... ပန်းပဲပညာမှာလည်း ပါရမီရှိမယ့်ပုံပဲ... ခိုင်ဧကရာဇ်နောက် လိုက်နေရင် ခင်ဗျားအချိန်တွေ အလကားဖြစ်လိမ့်မယ်.... ဒီမှာပဲ နေပြီး အဏုစိတ်သင်္ချာကို အတူတူ သုတေသနလုပ်ကြတာ မကောင်းဘူးလား”

ခိုင်ဧကရာဇ်သည် ထွက်သွားချင်နေ၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တခြားပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလဒ်ကို မြင်ဖို့ လိုပါသေးတယ်.... ပြီးတော့ ရွှင်ပျော်ပျော်ကျေးရွာကလည်း ပြန်လာဖို့ လောနေလို့”

မျက်ကန်းနှင့် ရွှေအလည်း သူ့ကို လိုက်ပို့ကြသည်။ “ရွှင်ပျော်ပျော်ကျေးရွာအတွက် မျှော်လင့်ချက်ထားမနေနဲ့... မပြန်ချင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လာခဲ့... ကျုပ်တို့မှာ အလုပ်တွေအများကြီး ရှိတယ်... ရွှင်ပျော်ပျော်ကျေးရွာဆီ ပြန်ရင်တော့ သေဖို့ ထိုင်စောင့်နေတာနဲ့ မခြားဘူး”

မျက်ကန်းက ပြောသည်။ “ရွှေအက ပြောတယ်.... ခင်ဗျား ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့ချင်ရင် အဓိကတက္ကသိုလ်ကြီးတွေဆီ သွားတဲ့.... အခုတော့ ဂိုဏ်းတွေလို့ ခေါ်ကြပေမယ့် တက္ကသိုလ်တွေပါပဲ....ကျုပ်တို့ ရွာသူကြီးက နန်းတွင်းကောလိပ်ဂိုဏ်းမှာ ဓားသိုင်းသင်တယ်... ခင်ဗျား သူ့ကို သွားတွေ့ပြီး တပည့်ခံလိုက်ရင် အများကြီး သင်ယူနိုင်မှာပဲ”

ခိုင်ဧကရာဇ်မှာ ခပ်သုတ်သုတ် ထွက်သွားတော့သည်။

မျက်ကန်းနှင့် ရွှေအသည် သူ ထွက်သွားသည်ကို ကြည့်ရင်း ဝမ်းသာကြည်နူးနေ၏။ “ရွှင်ပျော်ပျော်ကျေးရွာမှာ ပါရမီရှင်တွေ ရှိသေးတာပဲ.... ကံဆိုးစွာနဲ့ ဒီယဲ့ခိုင်က ခိုင်ဧကရာဇ်ရဲ့ နောက်လိုက်လုပ်ပြီး သူ့ပါရမီတွေကို အလကားဖြုန်းတီးပစ်နေတယ်”

မာန်ဟုန်မြစ်တက္ကသိုလ်တွင် ကောင်းကင်နဂါး ရတနာရထားလှည်း ရပ်သွားသည်။ ချင်မူက နဂါးထိန်းဧကရာဇ်ကို ခေါ်ကာ တက္ကသိုလ်အကြောင်း မေးမြန်း၏။ နဂါးထိန်းဧကရာဇ်က ပြန်ဖြေသည်။ “မာန်ဟုန်မြစ်တက္ကသိုလ်က တက္ကသိုလ်လို့ မခေါ်တော့ဘဲ မာန်ဟုန်မြစ်ဂိုဏ်း ဖြစ်နေပါပြီ... စုယွင်ကျစ်က ဂိုဏ်းသခင်၊ ကျဲ့ဟွလီက လက်ထောက်ဂိုဏ်းသခင်ပါ... ငါကတော့ ငါ့နာမည်ကို မာန်ဟုန်မြစ်ဂိုဏ်းအကြီးအကဲလို့ ပြောင်းထားတယ်... ပြီးခဲ့တဲ့ ရက်ပိုင်းက အတော်လေး စည်ကားနေတာ... ကောင်းကင်ဓားမ သားသတ်သမား ရောက်လာတယ်... သူ့အပြင် ကောင်းကင်ဓားမနောက်တစ်ယောက်လည်း ရောက်လာပြီး ဘိုးဘိုးသားသတ်သမားနဲ့ ဓားမသိုင်းချင်း ယှဉ်ပြိုင်ခဲ့လို့ တပည့်တွေကို စိတ်လှုပ်ရှားနေတော့တာပဲ”

“ဘိုးဘိုးသားသတ်သမား ရောက်လာတာလား... ကောင်းကင်ဓားမ နောက်တစ်ယောက်တဲ့လား... လော့ဝူရွှမ် ဖြစ်နေမလား”

ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိသည်။ လော့ဝူရွှမ်အား ကမ္ဘာဦးဘုံ၏ ကမ္ဘာဦးသစ်ပင် ကောင်းကင်နန်းဆောင်ဆီသို့ သူ ကန်ထုတ်ခဲ့ခြင်း ဖြစ်၏။ သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် လွတ်မြောက်သွားကာ ဤနေရာတွင် ပုန်းအောင်းနေခြင်း ဖြစ်လိမ့်မည်။

All Chapters