အနန္တဟင်းလင်းပြင်
Vol. 78 Ch. 1014
နတ်ဘုရား၊ မိစ္ဆာထောင်ပေါင်းများစွာသည် နတ်သက်ကြွေတောင်ကြောဆီ လွင့်လာကြ၏။ သူတို့မှာ ကမ္ဘာဦးဘုံ၏ ကောင်းကင်ထဲတွင် ဥက္ကာခဲများ ပလူပျံနေသကဲ့သို့ ဖြစ်နေကြတော့သည်။
ဤနတ်ဘုရားမိစ္ဆာတို့၏ အနေအထားမှာ လေထဲတွင် အတောမသပ်နိုင်အောင် ပြောင်းလဲနေသည်။ ယနေ့ခေတ်ကမ္ဘာထဲတွင် ရှေးအကျဆုံး ဖြစ်တည်မှုဖြစ်သည့်အလျောက် မဟာဧကရာဇ် ကျူယွီရှစ်တွင် ပြိုင်ဘက်ကင်းလောက်အောင် နက်ရှိုင်းသော အသိအမြင်များ ပိုင်ဆိုင်ထား၏။ မည်သည့်ဝင်္ကပါမဆို သူ့လက်ထဲတွင် ရှိပြီး ဆန်းကြယ်နက်နဲသည့် သဘောတရားများဖြင့် အစဉ်မပြတ် ပြောင်းလဲနိုင်ပေသည်။
သူ ထိုမျှစိတ်ဆိုးဒေါသမထွက်သည်မှာ ကြာပြီဖြစ်သည်။
ကမ္ဘာပေါ်တွင် သူ့စိတ်ကို အမှန်တကယ် ထိုးဆွနိုင်သော အရာများများစားစား မရှိပေ။ ကောင်းကင်နတ်အရှင်ယွင် မဟာလေဟာနယ်၏ ဖန်ဆင်းရှင်များနှင့်အတူ သူ့ကို တိုက်ခိုက်ခဲ့ပြီး သူ့ရုပ်ခန္ဓာအား ပိတ်လှောင်ခဲ့စဉ်တုန်းက သူ အကြီးအကျယ် ဒေါသထွက်ခဲ့၏။
သူ၏ ကောင်းကင်နတ်သိုင်းများအား ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲနိုင်သော ဒြပ်ထု ကောင်းကင်နတ်သိုင်းမှ ချိုးဖျက်လိုက်သည့်အခါလည်း သူ စိတ်ဆိုး ဒေါသထွက်ခဲ့သည်။ ထိုကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်း သူ့အား မည်သို့ထိခိုက်စေနိုင်သည်ကို ကောင်းကောင်းမွန်မွန် နားလည်၏။ သို့ဖြစ်၍ ကောင်းကင်နတ်အရှင်လင်ကို မရှင်းပစ်လျှင် အနှေးနှင့် အမြန် သူမလက်ချက်ဖြင့် သေရလိမ့်မည်။
ပြီးခဲ့သည့် နှစ်သန်းပေါင်းများစွာအတွင်း သူသည် ဤကိစ္စနှစ်ခုကြောင့်သာ ဒေါသထွက်ခဲ့ရ၏။
သို့သော် ယခုတော့ သူ ဒေါသထွက်နေချေပြီ။
ကမ္ဘာဦးဘုံ ပွင့်လာတုန်းက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုယ်ထဲသို့ သူ ဝင်ရောက်ခဲ့သော်လည်း နတ်သက်ကြွေတောင်ကြောတွင် ခွေးသူတောင်းစားလေးချင်မူ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူ၏သရုပ်မှန်ကို မပြသချင်သောကြောင့် အစွမ်းအစအစစ်များ ထုတ်မပြခဲ့ရသေးကြောင်း ပြောနိုင်သော်လည်း ထိုခွေးသူတောင်းစားလေး၏ လက်ထဲတွင် သေခဲ့ရသည်ကိုတော့ မကျေနပ်ပေ။
ထို့အပြင် ကောင်းကင်နတ်ဘုံရှိ နဂါးသွဲ့ရေကန်တွင်လည်း ထိုခွေးသူတောင်းစားလေးသည် ယွင်ကျန်းလီ၏ သွေးသားထဲ၌ သူ စီရင်ထားသော သွေးကျိန်စာကို အမှန်တကယ် ဖယ်ရှားပစ်ခဲ့၏။
ယင်းက သူ့ကို လုံးလုံးလျားလျား ဒေါသထွက်စေခဲ့သည်။
ထိုမျှမကသေးပေ။ ချင်မူက မဟာလေဟာနယ်အတွင်းထဲ ဝင်ရောက်ကာ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ထဲမှာ ကောင်းကင်နတ်အရှင်ယွင်၏ အလောင်းအား ခိုးယူသွားခဲ့သည်။ သူကိုယ်တိုင်၏ အသိစိတ်အလျဉ်တစ်စိတ်တစ်ပိုင်းကိုလည်း လေ့လာပြီး သူ့ကောင်းကင်နတ်သိုင်း၏ ဆန်းပြားမှုများအား ဖော်ထုတ်ခဲ့သေး၏။
ထို့နောက် ဤခွေးသူတောင်းစားလေးသည် ကောင်းကင်နတ်ဘုံသို့ ပြန်ရောက်လာကာ မဟာဧကရာဇ်က မသေသေးဘဲ ကောင်းကင်နတ်အရှင်ဆယ်ယောက်အကြား ပုန်းအောင်းနေသည်ဟုပင် ဖွင့်ပြခဲ့သေးသည်။ ဤအခြင်းအရာက သူ့ကို တနုံ့နုံ့ ဒေါသထွက်စေလေသည်။
သူက ကမ္ဘာဦးဘုံတွင် မြှုပ်နှံခံထားရသော ကောင်းကင်နတ်အရှင်၏ အလောင်းကို ပြန်အသက်သွင်းကာ ခွေးသူတောင်းစားလေးကို သတ်ရန် လာခဲ့သော်လည်း ခိုင်ဧကရာဇ်က လမ်းမှ ဖြတ်တိုက်ခိုက်ခဲ့သည်။ သူ့မှာ မည်သူမှပင် မသိလိုက်ဘဲ မမျှမတ သေခဲ့ရသည်။
သို့တိုင်အောင် ချင်မူသည် နတ်သက်ကြွေတောင်ကြောထဲ ရောက်ချလာကာ ပြိုကွဲသွားသည့် သူ၏အသိစိတ်အလျဉ်အား ပြန်လည်စုစည်းရန် ကြံစည်နေပြန်ပြီ။
သူ ဤခွေးသူတောင်းစားလေးအား မည်သို့မျှ သည်းမခံနိုင်တော့။ မည်သို့ပင် ဖြစ်လာစေကာမူ ချင်မူ့ကို မရမက ဖယ်ရှားရလိမ့်မည်။
"ခွေးတိရစ္ဆာန်လေး ... ငါ စကြဝဠာတစ်ခွင် လျှောက်သွားပြီး မရေမတွက်နိုင်တဲ့ ဉာဏ်ကြီးရှင်တွေကို မြင်ခဲ့ဖူးတယ် ... သူတို့က ကောင်းကင်ထဲက ကြယ်တာရာတွေလောက် ပေါများခဲ့ပေမယ့် ငါတစ်ယောက်ပဲ အသက်ရှင်ခဲ့တာကွ"
နတ်ဘုရားမိစ္ဆာများမှာ ကောင်းကင်ထဲတွင် ပျံသန်းလျက် နတ်သက်ကြွေတောင်ကြောထံ ဆွဲငင်ခံနေရသည်။ သူတို့၏ ချီစွမ်းအင်တို့က တထောင်းထောင်း ပျံ့နှံ့ဖြာထွက်လာကာ ဩဇာအပြည့်ပါသော အသံကြီးတစ်သံအဖြစ် ပေါင်းစည်းသွား၏။
"မင်းက ငါ့ရန်သူဖြစ်ဖို့ ဘောင်မဝင်ဘူး"
"ငါ့သက်တမ်းတစ်လျှောက်လုံး ဆုံတွေ့ခဲ့ရတဲ့ ရန်သူတွေက မင်းထက် ပိုအင်အားကြီးပြီး ဉာဏ်ကောင်းတယ် ... မင်းက ငါ အလွယ်တကူ နင်းချေပစ်နိုင်တဲ့ ပုရွက်ဆိတ်လေးတစ်ကောင်ပဲ"
"ငါက ကမ္ဘာဦးအစထဲက ဒီနေ့အထိ တည်ရှိလာခဲ့တာ ... စကြဝဠာထဲမှာအသက်အကြီးဆုံး၊ ပြိုင်ဘက်ကင်း ဒဏ္ဍာရီလာ ဖန်ဆင်းရှင် ... ငါ့အတွေ့အကြုံက မင့်သံသရာတစ်ေလျှာက်ထက် ပိုရှည်တယ်"
နတ်သက်ကြွေတောင်ကြောထဲတွင် ချင်မူ အနောက်အရပ်သို့ ကြည့်လိုက်သည်။ တဖျတ်ဖျတ် တောက်ပနေသော အလင်းတန်းများက လှိုင်းဂယက်များအလား ဖြာထွက်လာသည်။ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်မှ ဖွဲ့တည်လာသော အသံက သူ့နားထဲတွင် မိုးမြေပြိုကျလုအောင် ဟိန်းထွက်နေပြီဖြစ်၏။
“မင်းက ငါ့ဘဝနဲ့ ငါ့သက်တမ်းတစ်လျှောက်မှာ ဘာမှအရေးမပါတဲ့ကောင်ပဲ .... ငါ့မျက်လုံးထဲမှာ မင်းက လှိုင်းဂယက်လေးတစ်ခု ဖြစ်လာဖို့တောင် မလုံလောက်တဲ့ ရေစက်လေးတစ်စက်သာသာပဲ ရှိတယ်”
တောက်ပနေသော အလင်းပင်လယ်ထဲ၌ နတ်ဘုရား၊ မိစ္ဆာထောင်ပေါင်းများစွာအား ချင်မူ မြင်လိုက်ရသည်။
ယင်းက ကောင်းကင်နတ်ဘုံ၏ အလျှို့ဝှက်အဆန်းကြယ်ဆုံး အသတ်အဖြတ်ဝင်္ကပါ ဖြစ်ပေသည်။ ၎င်း၏အသတ်အဖြတ်အရှိန်အဝါက ကောင်းကင်တစ်ပြင်လုံး လွမ်းခြုံထားပြီး ဝှစ်ခနဲ ဖြာထွက်လာသည်။ ၎င်း နတ်သက်ကြွေတောင်ကြောသို့ မရောက်ခင် မြေကြီးက အက်ကွဲပွင့်ထွက်လာ၏။ ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် မြေအပိုင်းအစများ လျော့ကျသွားကာ လေပေါ် မြောက်တက်လာကြသည်။
ရွှေရောင်အရှိန်အဝါသည် ကောင်းကင်နှင့်မြေအား လွှမ်းခြုံလျက် လိမ့်ထွက်လာ၏။ ကောင်းကင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသော ဖန်ကွဲစများသဖွယ် ပွင့်ထွက်သွားကာ မြေပြင်လည်း မရှိတော့ပေ။ လေပေါ်၌ မြောက်တက်နေသည့် မြေခဲများ၊ ကျောက်မှုန်များမှာ စိစိညက်ညက် ကြေကုန်တော့သည်။
ယခုတွင် ချင်မူ့ခြေထောက်အောက်ရှိ မြေကြီးသာ ခြေရာလက်ရာမပျက် ရှိနေသေး၏။ သူ့ခေါင်းအထက်ရှိ ကောင်းကင်မှာလည်း အသတ်အဖြတ်ဝင်္ကပါဖြင့် မထိတွေ့သွားသကဲ့သို့ မယိုမယွင်း ရှိနေဆဲပင်။
နတ်ဘုရားမိစ္ဆာထောင်ပေါင်းများစွာက ပြိုင်တူဟစ်အော်လျက် အပြေးအလွှား ရောက်လာကြသည်။ သူတို့၏အသံများက ကမ္ဘာမြေပြိုကွဲသွားစေနိုင်သော ဟိန်းဟောက်သံကြီးအဖြစ် စုစည်းသွားကြ၏။ “ကောင်းကင်နတ်အရှင်မူဆိုတဲ့ ကောင်နဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ဆိုတဲ့ ကောင်တွေအားလုံး သောက်ဆင့်မရှိတဲ့ ကောင်တွေချည်းပဲ”
ထိုအသံ ကျရောက်လာမခင် နတ်ဘုရင်လန်ဝူသည် ရုတ်တရက် လက်မြှောက်၍ မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ဖယ်ရှားလိုက်ရာ ဆဋ္ဌဂံသဏ္ဍာန် ဒေါင်လိုက်မျက်လုံး ပေါ်လာသည်။ သူမ၏အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။
သူမ၏အသိစိတ်အလျဉ်ကား ဟင်းလင်းပြင်တစ်လျှောက် ဖြတ်သန်းသွားပြီး ၎င်းဖြတ်ကျော်သွားသည်နှင့် ကောင်းကင်ထက်မှ နတ်ဘုရားမိစ္ဆာများက ချောက်နက်ကြီးပမာ ဖြစ်သွားခဲ့သည့် နတ်သက်ကြွေတောင်ကြောထဲသို့ တမုဟုတ်ချင်း ပြုတ်ကျလာသည်။
နတ်ကောင်းကင်ခန်းမအဆင့် စစ်သူကြီးအတွင်းရှိ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ပင် အောက်သို့ ပြုတ်ကျနေစဉ် ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသည်။
နတ်ဘုရင်လန်ဝူက လက်နှစ်ဖက်ကို အတူဆုပ်လိုက်သည့်အခါ ချောက်နက်သည် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး သူမ၏မြင်ယောင်ဖန်ဆင်းမှုအောက်တွင် မြေကြီးသားများ ပြန်ပြည့်လာ၏။
ပြိုကွဲပျက်စီးနေသော ကောင်းကင်ပင်လျှင် မျက်စိတစ်မှိတ်အတွင်း မူလအနေအထား ပြန်ဖြစ်သွားသည်။
နတ်ဘုရင်ရှုကျွင်းက မာန်သွင်းဟိန်းဟောက်၍ ဟင်းလင်းပြင် ၃၅ ခုထဲ၌ ကိန်း၀ပ်နေသော အတားအဆီးအစီအရင်တို့အား အသက်သွင်းလိုက်သည်။ အတားအတီးအစီအရင်များသည် သူနှင့်နတ်ဘုရင်လန်ဝူ အတူတူ စီရင်ခင်းကျင်းထားခြင်းဖြစ်၏။ သူ၏လက်ရှိအသိစိတ်အလျဉ်အဆင့်ဖြင့် မဟာဧကရာဇ်ကျူယွင်ရှစ်လို ကြောက်မက်ဖွယ်ရာဖြစ်တည်မှုအား ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ သို့သော် သူက အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး နတ်ဘုရင်လန်ဝူက ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ အသိစိတ်အလျဉ်အဆင့်ကို ပိုင်ဆိုင်ထားလေသည်။
မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် နတ်ဘုရင်လန်ဝူ၏တိုက်ခိုက်မှုကို မြင်သည်နှင့် သဘောပေါက်သွား၏။ သူ၏ ကြောက်မက်ဖွယ်ရာအသိစိတ်အလျဉ်က လှိုင်းဂယက်များသဖွယ် တုန်ခါသွားပြီး ချင်မူ၏ဝိညာဉ်လမ်းညွှန်အား အသည်းအသန်ခုခံနေသည်။ ၎င်းအတွက် ချင်မူ၏ ကောင်းကင်နတ်သိုင်းကို ခုခံရန် ခက်ခဲနေရာ အသိစိတ်အလျဉ်မှာ ချင်မူ့ခြေထောက်အောက်ရှိ ကျောက်စိမ်းပုလင်းထဲသို့ စုပ်ယူခံလိုက်ရသည်။
ဤအခိုက်အတန့်တွင် ဟင်းလင်းပြင် ၃၅ခု၏ အတားအဆီးအစီအရင်တို့ အသက်၀င်လာ၏။
၃၅ ခုမြောက်ဟင်းလင်းပြင်မှ အစပြု၍ အတားအဆီးအစီအရင်က ၃၄ ခုမြောက် အတားအဆီးအစီအရင်သို့ ခုန်တက်သွားပြီး ထိုနေရာရှိ အတားအဆီးအစီအရင်နှင့် ပေါင်းစည်းသွားသည်။ ထို့နောက် ပေါင်းစည်းသွားသည့် အတားအဆီးအစီအရင်က ၃၃ ခုမြောက်ဟင်းလင်းပြင်ဆီသို့ ခုန်တက်သွား၏။
ဟင်းလင်းပြင်အလွှာအထပ်ထပ်၏ အတားအဆီးအစီရင်များ ပေါင်းစည်းသွားခြင်းမှာ နှေးကွေးနေသံပေါက်သော်လည်း အမှန်တွင် အတော်လေး မြန်သည်။ တစ်စက္ကန့်အတွင်း ပေါင်းစည်းနေသည့် အတားအဆီးအစီရင်တို့သည် ချင်မူတို့ရှိသော ကမ္ဘာဦးဘုံ ဖြစ်သည့် ပထမဟင်းလင်းပြင်အထိ ရောက်သွားတော့၏။
မဟာဧကရာဇ်၏ အသိစိတ်အလျဉ်မှာ အတားအဆီးအစီအရင်တို့၏ ဖိနှိပ်မှုကြောင့် ကျောက်စိမ်းပုလင်းထဲသို့ ထိုးထည့်ခံလိုက်ရချေပြီ။
မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အားလုံး ကျောက်စိမ်းပုလင်းအတွင်း စုပ်ယူခံလိုက်ရသည့်အခါ စက်ဝိုင်းသဏ္ဍာန် အတားအဆီးအစီအရင်များက ပုလင်းကို လှည့်ပတ်ရင်း ပုလင်း၏မျက်နှာပြင်အား နေရာလပ်မချန် ချိတ်ပိတ်လိုက်ကြသည်။
“မင်းကိုး”
ကျောက်စိမ်းပုလင်းက တုန်ခါသွားပြီး မဟာဧကရာဇ်၏ ဒေါသထွက်နေသောအသံ ပျံ့လွင့်လာသည်။ “ငါ မင်းကို သိတယ်.... ကောင်းကင်နတ်အရှင်ယွင်နဲ့အတူ ငါ့ကို ထောင်ချောက်ဆင်ခဲ့တဲ့ ကလေးမ.... မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်.... ပြီးတော့ မင်းရောပဲ နတ်ဘုရင်ရှုကျွင်း”
နတ်ဘုရင်ရှုကျွင်းက တဟားဟား ရယ်သည်။ “ကျူယွီရှစ်၊ ငါတို့ မတွေ့ရတာ ကြာပြီ... အဲဒီတုန်းက မင်းက ငါ့ကို ရစရာမရှိအောင် ထိုးနှက်ခဲ့တယ်... အခုတော့ မင်းက ပုလင်းထဲမှာ၊ ငါက အပြင်မှာပဲ”
မဟာဧကရာဇ်သည် ဒေါသတကြီး ပြန်အော်၏။ “ရှုကျွင်း၊ ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်တစ်ပါးအနေနဲ့ မင်းက အပြင်လူသားမျိုးနွယ်နဲ့ ပူးပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်ခဲ့တယ်... ပြီးတော့ မင်းရောပဲ ကလေးမ.. မင်းတို့က ဖန်ဆင်းရှင်တွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဖန်ဆင်းရှင်တွေရဲ့ မဟာဧကရာဇ် ငါ့ကို နှစ်ကြိမ် အကောက်ကြံခဲ့တယ်”
နတ်ဘုရင်လန်ဝူက ခပ်ပြတ်ပြတ်ပြော၏။ “ရှင်က ဖန်ဆင်းရှင်မျိုးနွယ်ကို ဖျက်စီးခဲ့တာ မဟုတ်လား ... ရှင် ကျွန်မတို့ရဲ့ မဟာဧကရာဇ် ဖြစ်ခဲ့တာလည်း မကြာပါဘူး... ကျူယွီရှစ်၊ ဒီနေ့ ကျွန်မတို့ကို ရှင့်ဆီ ကျွန်မတို့အတိုးကို ပြန်ယူနေရုံသက်သက်ပဲ”
ရှုကျွင်းမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် ဝင်ပြောသည်။ “သူ့နဲ့ စကားပြောရင်း အချိန်ကုန်မခံနဲ့တော့... ၃၅ ခုမြောက် ဟင်းလင်းပြင်ကို သေသေချာချာ စောင့်ကြည့်ထား.... သူ့မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် တိုက်ခိုက်နေဦးမယ်”
ချင်မူသည် ဝိညာဉ်လမ်းညွှန်ကို ဖယ်ရှားကာ ကျောက်စိမ်းပုလင်းအား ကောက်ယူလိုက်၏။ ၎င်းက သူ့လက်ထဲမှ ရုန်းထွက်ချင်နေသည့်အလား ခုန်ပေါက်နေသည်။
နတ်ဘုရင်လန်ဝူနှင့် နတ်ဘုရင်ရှုကျွင်း၏ အတားအဆီးအစီအရင်များ ရှိနေသဖြင့် တော်သေးသည်။ အတားအဆီးအစီအရင်များကြောင့် ပုလင်းထဲမှ ထုတ်လွှတ်နေသော အားလှိုင်းမှာ သိပ်မပြင်းထန်ပေ။ ပုလင်းသည် သူ့လက်ထဲတွင်သာ ရှိနေသေး၏။
ရှုကျွင်းနှင့် နတ်ဘုရင်လန်ဝူ နှစ်ယောက်စလုံး တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့၏မျက်ခုံးနှစ်ဖက်ကြားတွင် အလင်းတန်းများက ကွန့်မြူးနေကာ ပူစီဖောင်းများ ထနေသကဲ့သို့ ထင်ရသည်။ သူတို့က ဟင်းလင်းပြင်၏အတွင်းထဲ ဝင်ရောက်ရင်း ၃၅ ခုမြောက် ဟင်းလင်းပြင်ကို အတူတူချိတ်ပိတ်ကာ မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို တားဆီးနေကြသည်။
ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ ဖန်ဆင်းရှင်များ ပေးခဲ့သော ပညာအမွေထဲတွင် ဟင်းလင်းပြင်နှင့် ပတ်သက်၍ ဖွင့်ဆိုပြထားသည်များ ပါရှိသည်။
ဖန်ဆင်းရှင်များ နေထိုင်ခဲ့သော ရှေးဟောင်းကမ္ဘာဦးခေတ်တုန်းက ဝိညာဉ်များသည် အရေးမကြီးပေ။ အရေးကြီးသည်က အသိစိတ်အလျဉ် ဖြစ်သည်။ အသိစိတ်အလျဉ်ကို ကာကွယ်ရန်မှာ အလွန်အရေးပါ၏။ အသိစိတ်အလျဉ်သည် ဟင်းလင်းပြင်ထဲ၌ နေရာကျသွားသည့်အချိန်တွင် ကောင်းကင်နှင့် မြေကြီးနှင့် ပေါင်းစည်းနိုင်ကာ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည်။
ဖန်ဆင်းရှင်များသည် အသိစိတ်အလျဉ်ကို သုံးကာ ဖန်ဆင်းကြ၏။ သူတို့အတွက် ဖန်ဆင်းနိုင်သော နေရာများ သို့မဟုတ် အသိစိတ်အလျဉ်ကို နေရာချနိုင်သော နေရာများအား ဟင်းလင်းပြင်အဖြစ် သတ်မှတ်ကြသည်။ ထို့ကြောင့် တကယ့်စကြဝဠာမှာ သဘာဝအားဖြင့် ပထမဆုံးဟင်းလင်းပြင်အဖြစ် တည်ရှိပေသည်။
ပထမဟင်းလင်းပြင်ကို ချိုးဖျက်ပြီးနောက် အသိစိတ်အလျဉ်က နောက်ထပ် ပုံရိပ်ယောင်အဆင့်တစ်ဆင့်၊ ဒုတိယဟင်းလင်းပြင်သို့ ရောက်ရှိသွားသည်။
ဒုတိယဟင်းလင်းပြင်တွင် ဖန်ဆင်းခြင်းအမှုများ ပြုနိုင်ပါက တတိယဟင်းလင်းပြင်အဆင့်သို့ တက်ရောက်နိုင်မည်။
တတိယဟင်းလင်းပြင်သည် ပို၍ပင် အကောက်အထည်ဒြပ်မရှိတော့ဘဲ ပုံရိပ်ယောင်ဆန်လာ၏။
ဤသို့ဖြင့် ဖန်ဆင်းရှင်များက ဟင်းလင်းပြင်တစ်ခုပြီးတစ်ခု ဖွင့်လှစ်နိုင်သွားမည်။ ဟင်းလင်းပြင်၏ အတွင်းပိုင်းထဲသို့ ရောက်လာလေလေ၊ အသိစိတ်အလျဉ်က သန်မာလာလေလေ ဖြစ်သည်။ သို့သော် ဘိုးဘေးဝိညာဉ်ကမ္ဘာအ၏ အသိပညာထဲ၌ ဟင်းလင်းပြင် ၃၅ ခုသာ ပါသည်။ အနန္တဟင်းလင်းပြင်ဖြစ်သော ၃၆ ခုမြောက် ဟင်းလင်းပြင်နှင့် ပတ်သက်ပြီး မည်သည့်အချက်အလက်မှာ မရှိပေ။
အမှန်တွင် ၃၅ ခုမြောက် ဟင်းလင်းပြင်အဆင့် ရောက်နိုင်လျှင် သူတို့၏အသိစိတ်အလျဉ်သည် မိုးကောင်းကင်နှင့်မြေပြင် တည်ရှိနေသရွေ့ တည်မြဲလာကာ မသေဆုံးနိုင်တော့ပေ။ ထာဝရတည်ငြိမ်အေးချမ်းမှုကို ခံစားရမည်ဖြစ်ပြီး စကြဝဠာပျက်စီးသွားမှသာ သေဆုံးရလိမ့်မည်။
သို့သော် ရှေးဟောင်းကမ္ဘာဦးခေတ်တွင် ၃၅ ခုမြောက် ဟင်းလင်းပြင်သို့ ရောက်နိုင်ခဲ့သော ဖန်ဆင်းရှင်များ ရှိခဲ့ကြပြီး ဟင်းလင်းပြင်အတွင်း၌ အသိစိတ်အလျဉ်မြှုပ်နှံထားသည့် သူတို့၏ရန်သူများအား သတ်ဖြတ်နိုင်ခဲ့ကြ၏။ ထို့ကြောင့် အသိစိတ်အလျဉ် မြှုပ်နှံထားခြင်းမှာ အပြည့်အဝ မလုံခြုံပေ။
ချင်မူမှာ ၃၆ ခုမြောက် ဟင်းလင်းပြင်၊ အနန္တဟင်းလင်းပြင်ကို ရှုကျွင်းဆီမှသာ ကြားဖူးသည်။ များများစားစားတော့ မသိပေ။
လက်ရှိ သူ၏အသိစိတ်အလျဉ်အဆင့်အရ ဆယ်ခုမြောက်ဟင်းလင်းပြင်အဆင့် ရောက်နိုင်လျှင်ပင် တော်လှချေပြီ။
မဟာဧကရာဇ်သည် ၃၆ ခုမြောက် ဟင်းလင်းပြင်သို့ ရောက်နိုင်သည့် တစ်ယောက်တည်းသောသူဖြစ်၏။ သူ ထိုနေရာတွင် မြှုပ်နှံထားသော အသိစိတ်အလျဉ်သည် မဟာခြုံလွှမ်းအသိစိတ်အလျဉ် ကောင်းကင်ဘုံအဖြစ်ဖွဲ့တည်နေ၏။
ရှေးဟောင်းကမ္ဘာဦးခေတ်က သူသည် မရေမတွက်နိုင်သော ကပ်ဘေးများကို ကြုံတွေ့ပြီး ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့ရာ ဤအနန္တဟင်းလင်းပြင်က မည်မျှ သန်မာအားကောင်းကြောင်း မြင်နိုင်ပေသည်။
“နောင်တစ်ချိန် ငါ့ရဲ့အသိစိတ်အလျဉ် မဟာဧကရာဇ်အဆင့်ကို ရောက်သွားရင် ငါ သေချာပေါက် အနန္တဟင်းလင်းပြင်ဆီ သွားကြည့်ရမယ်... ဒါပေမဲ့ အခုကတော့”
ချင်မူ ကျောက်စိမ်းပုလင်းကိုကြည့်ကာ အော်လိုက်၏။ “တုထျန်း လှည်းကို ပြင်ပြီး ထွက်ပြေးဖို့ လုပ်တော့”
အဝေးတွင် သုထျန်းမိစ္ဆာဘုရင်သည် ကောင်းကင်နဂါးကိုးကောင်ကို ကပြာကယာနိုးပြီး ကောင်းကင်နဂါးရတနာရထားလှည်းအား လေဟုန်စီးသွားသကဲ့သို့ အသော့နှင်လိုက်သည်။
ချင်မူက ရှုကျွင်းနှင့် နတ်ဘုရင်လန်ဝူ၏ မလှုပ်တော့သော ခန္ဓာကိုယ်များကို ကောက်ယူကာ ရထားလှည်းထဲသို့ ခုန်ဝင်လိုက်၏။ သူက အလေးအနက်ပြောသည်။ “ပြေးနိုင်သမျှသာ မြန်မြန်ပြေး... မဟာခြုံလွှမ်းအသိစိတ်အလျဉ်ကောင်းကင်ဘုံကို မျက်ခြေဖြတ်ဖို့ကြိုးစား”
တုထျန်းမိစ္ဆာဘုရင်က ကြာပွတ်ကို မြှောက်၍ ကောင်းကင်နဂါးကိုးကောင်ကို ချလိုက်သည်။ နာကျင်မှုကို ခံစားလိုက်ရသည်နှင့် နဂါးကိုးကောင်မှာ လျှပ်စီးလို ခြေကုန်သုတ်ပြေးတော့သည်။
တုထျန်းမိစ္ဆာဘုရင်သည် ကြာပွတ်ဖြင့် ဆက်တိုက်ချနေရာ ကောင်းကင်နဂါးတစ်ကောင်မှာ သည်းမခံနိုင်တော့ပေ။ ၎င်းက ခေါင်းလှည်လာကာ ပြောသည်။ “ရောင်ရင်း၊ ချမနေနဲ့တော့ဟ... ငါတို့က မင်းပြောတာကို နားမလည်တဲ့ သားရဲတွေမဟုတ်ဘူး... အားကုန်ပြေးဖို့ ပြောတာနဲ့ ငါတို့ ပြေးပေးမှာပါ.... ဒီလောက် ရက်ရက်စက်စက် ချစရာလိုလို့လား”
တုထျန်းမိစ္ဆာဘုရင် ထိတ်လန့်သွားပြီး ကြာပွတ်ကို ကပျာကယာ သိမ်းကာ တိတ်ဆိတ်သွားသည်။
ကောင်းကင်နဂါး ရတနာရထားလှည်းသည် မြန်သထက် မြန်လာ၏။ ရထားလှည်းအပေါ်တွင် နတ်ဘုရင်ရှုကျွင်းနှင့် နတ်ဘုရင်လန်ဝူ၏နဖူးတွင် ချွေးစေးများ ခိုတွဲနေကြောင်း ချင်မူ မြင်လိုက်ရသည်။ ဆဋ္ဌဂံသဏ္ဍာန် ဒေါင်လိုက်မျက်လုံးများထဲမှ ဖြာထွက်လာသော အသိစိတ်အလျဉ် အလင်းတန်းများမှာ ပို၍သိပ်သည်းလာသည်။ သူတို့ကား ၃၅ ခုမြောက် ဟင်းလင်းပြင်သို့ ရောက်သွားချေပြီ။
နှစ်ယောက်စလုံး ဖိအားများနေကြပံုပေါ်သည်။ ဒေါသထွက်နေသော မဟာဧကရာဇ်က သူတို့ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားလိမ့်မည်။ ကောင်းကင်နဂါးရတနာရထားလှည်းသည် သူတို့၏မူလနေရာမှ ထွက်လာခဲ့ကြသော်လည်း သူ့အနေဖြင့် သူတို့အား ရှာတွေ့နိုင်သေး၏။
ချင်မူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “တုထျန်း၊ ရထားလှည်းက ယိုတုထဲ ဝင်နိုင်လား... သူတို့ကို ယိုတုထဲ ခေါ်သွားလိုက်”
တုထျန်းမိစ္ဆာဘုရင်က အလျင်အမြန် အမိန့်နာခံသည်။ ရထားလှည်းသည် ယိုတုထဲသို့ ဘန်းခနဲ ဝင်ရောက်သွားပြီး ပတ်ဝန်းကျင်မှာ တမုဟုတ်ချင်း မည်းမှောင်သွား၏။ ကောင်းကင်နဂါးကိုးကောင်က အမှောင်ထုထဲတွင် ရထားလှည်းအား အားကုန်ဆွဲသွားကြသည်။
နတ်ဘုရင်ရှုကျွင်းနှင့် လန်ဝူမှာ ဝန်ထုပ်ကြီး ပေါ့သွားသကဲ့သို့ နိုးထလာကြသည်။
“ကပ်သီလေးပဲ လိုတယ်”
နတ်ဘုရင်လန်ဝူက သူမနဖူးမှ ချွေးများကို သုတ်ရင်း ချီးကျူးသည်။ “မဟာဧကရာဇ်က တကယ်ကို ထူးခြားတယ်... သူက ငါတို့ကို အသက်မရှူနိုင်တဲ့အထိ ဖိနှိပ်ထားနိုင်ပေမယ့် ငါလည်း အဲဒီအခွင့်အရေးအသုံးချပြီး အနန္တဟင်းလင်းပြင်ကို လေ့လာခဲ့တယ်”
ချင်မူမှာ သူတို့နှစ်ယောက်လုံး အန္တရာယ်ကင်းမှန်းမြင်မှ စိတ်သက်သာရာရသွားသည်။
ရှုကျွင်းသည် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ “အထွတ်အမြတ်ကလေးငယ်, ဒါ ဘာနေရာလဲ”
နတ်ဘုရင်လန်ဝူက ပတ်ဝန်းကျင်ကို ကြည့်ရင်း မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားကာ တုန်ရီနေသည့်အသံဖြင့် ဖြေသည်။ “ဒါ ယိုတုများလား”
ရထားလှည်း၏အရှေ့တွင် အဝါရောင်စမ်းချောင်းနှစ်စင်းသည် ကောင်းကင်ထက်မှ ဆင်းသက်နေ၏။ ယင်းတို့က ကမ္ဘာလောကများဖြင့် ဖွဲ့တည်ထားသော မြေအောက်ဘံဒအရှင်သခင်၏ ချိုများ ဖြစ်ပေသည်။ အဝါရောင်စမ်းရေတို့ကာ မီးတောက်လောင်နေသည့် ချော်ရည်တို့ဖြစ်သည်။
ဤဧရာမရှေးဟောင်းနတ်ဘုရားကြီး၏ အရှေ့တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ရှိနေသည်။ သူက မြေအောက်ဘုံအရှင်သခင်၏ ဆယ်ပုံတစ်ပုံသာ ရှိသော်လည်း အင်အားကြီးမားနေသေး၏။
“မြန်မြန်သွား”
ရှုကျွင်းက အော်သည်။ “မြေအောက်ဘုံအရှင်သခင်နဲ့ ငါတို့က ကမ္ဘာ့ရန်သူတွေပဲ”
ချင်မူ အနည်းငယ် မှင်သက်သွားသည်။ တုထျန်းမိစ္ဆာဘုရင်ကို ရထားလှည်းအား ပြန်လှည့်၍ ယိုတုမှ ထွက်သွားခိုင်းတော့မည့်အချိန် မြေအောက်ဘုံအရှင်သခင်သည် ခေါင်းကြီးကို လှည့်လာကာ မျက်လုံးသုံးလုံးဖြင့် လှမ်းကြည့်၏။
နတ်ဘုရင်လန်ဝူ ချွေးစေးများ ပြန်လာသည်။ သူမက ရထားလှည်းအရှေ့သို့ ပျံထွက်သွားပြီး ရပ်လိုက်၏။
“အထွတ်အမြတ်ကလေးငယ်၊ နင် ငါတို့ဖန်ဆင်းရှင်မျိုးနွယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပ့ါမယ်လို့ ကတိပေးထားတယ်... နင့်ကတိကို မမေ့နဲ့”
သူမက နောက်လှည့်မကြည့်ဘဲ ပြောသည်။ “ငါ မပါဘဲ သွားကြတော့”
ရုတ်တရက် ချင်မူသည် သူမအရှေ့တွင် ပေါ်လာပြီး လက်တစ်ဖက်ဖြင့် စုတ်ချက်တစ်ချက် ဆွဲကာ ကောင်းကင်အလိုတော်မုခ်ဝတစ်ခု ဖွင့်လှစ်လိုက်၏။
မြေအောက်ဘုံအရှင်သခင်၏အကြည့်က ကောင်းကင်အလိုတော်မုခ်ဝအား လွင့်ပျယ်သွားစေသည်။
ချင်မူ့နဖူးမှ သွေးကြောများထောင်လာသည်။ သူက ချီစွမ်းအင်ကို လှုံ့ဆော်၍ ကောင်းကင်အလိုတော်မုခ်ဝနောက်တစ်ခု ဖွင့်လိုက်သော်လည်း ဖြိုခွဲခံလိုက်ရပြန်သည်။
“အလကားပဲ”
ရှုကျွင်းသည် သက်ပြင်းချ၍ ချင်မူ့ဘေးသို့ ရောက်လာ၏။ သူက နတ်ဘုရင်လန်ဝူနှင့် ပခုံးချင်းယှဉ်ရပ်ကာ ခေါင်းယမ်းလျက် ပြောသည်။ “ဖန်ဆင်းရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေက ရန်သူတွေပဲ... ရှေးဟောင်းနတ်ဘုရားတွေ ငါတို့ကို သတ်ဖြတ်ခဲံတုန်းက မဟာဧကရာဇ်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါခဲ့တယ်.... သူ ငါတို့ကို အလွှတ်ပေးမှာမဟုတ်ဘူး.. အထွတ်အမြတ်ကလေးငယ်, လန်ဝူ၊ ငါ မပါဘဲ သွားကြတော့... ငါ နေကျန်ခဲ့ပြီး ဒါကို ကိုင်တွယ်လိုက်မယ်”
ချင်မူက အေးစက်စက် နှာခေါင်းရှုံ့ကာ ကောင်းကင်အလိုတော်မုခ်ဝအား ထပ်မံဖွင့်ပြန်သည်။
မြေအောက်ဘုံအရှင်သခင် စိတ်တိုသွားပုံရသည်။ သူက ပြန်လှည့်သွားပြီး သူတို့ကို မကြည့်တော့ရာ နတ်ဘုရင်လန်ဝူနှင့် ရှုကျွင်း မှင်သက်သွား၏။ မြေအောက်ဘုံအရှင်သခင် အဘယ်ကြောင့် သူတို့ကို မသတ်မှန်း သူတို့ မသိတော့ပေ။
ချင်မူ စိတ်သက်သာရာရသွားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မြေအောက်ဘုံအရှင်သခင် ငါ့မျက်နှာကို ထောက်ပြီး မမြင်ချင်ယောင်ဆောင်ထားလို့ တော်သေးတယ်.... မြန်မြန်သွားစို့”