အဘိုးအဘွားများနှင့် အတူနေ,နေသော ကောင်းကင်နတ်အရှင်မူ
Vol. 78 Ch. 1017
ချင်မူနှင့် နားကန်း ပန်းချီဆွဲကြသည်။ တစ်ယောက်က ခံစားချက်များကို ပန်းချီထဲ၌ နှစ်မြုပ်ထား၏။ ကျန်တစ်ယောက်က နှလုံးသားမရှိသော နတ်ဘုရားတစ်ပါး၏ စိတ်အခြေအနေမျိုးဖြင့် ရေးဆွဲနေသည်။
ချင်မူက နတ်ဘုရင်လန်ဝူကို ရေးခြယ်နေသော်လည်း အမှန်တွင် သူ့စိတ်ကူးထဲက ချစ်သူကို ပုံဖော်နေခြင်း ဖြစ်ပေသည်။
နားကန်းက ပန်းချီလမ်းစဉ်ကို ပြောင်းလဲကာ ပန်းချီထဲတွင် သူ့တာအို ကိန်းဝပ်စေချင်သည်။
နတ်ဘုရားသဘာဝက ပိုမိုအားကောင်းလာသည်နှင့်အမျှ သူ၏အရှိန်အဝါသည် ပိုမိုထင်ရှားလာ၏။ သူ့လက်ထဲက စုတ်တံက စုတ်တံတစ်လက်ထက် ပိုလာကာ အသက်သွင်းပေးနိုင်သော နတ်လက်နက်ပမာ ဖြစ်လာသည်။ စုတ်တစ်ချက်ဖြင့် နတ်ဘုရားအသစ်တစ်ပါး မွေးဖွားလာခဲ့ချေပြီ။
တခဏကြာသော် ချင်မူ စုတ်တံကို အရင်ချလိုက်ကာ ပန်းချီဆွဲပြီးသွား၏။
နားကန်းမှာ ခပ်ပါးပါး စုတ်တံတစ်လက်ဖြင့် အသက်သွင်းနေဆဲဖြစ်ကာ ဖန်ဆင်းခြင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ပန်းချီကားထဲရှိ အမျိုးသမီး၏ အသွေးအသားနှင့် အရိုးများက သူ၏စုတ်ချက်များနှင့်အတူ အသက်ဝင်ပေါ်လွင်လာသည်။
ပန်းချီကားထဲရှိ နတ်ဘုရားမ၏ နတ်ဘုရားသဘာဝကား ကြွတက်လာကြ၏။
သူမအလှတွင် ပြစ်ချက်တစ်ချက်မှ မရှိပေ။ သူမ၏အရှိန်အဝါက တင့်တယ်ကြော့ရှင်းနေပြီး မျက်နှာသွင်ပြင်မှာလည်း သဘာဝဆန်သည်။ သူမ၏အဝတ်အစားများမှာလည်း အလှဆုံးသော ကောင်းကင်နတ်အဆောင်အယောင်များ ဖြစ်ပေသည်။
သူမ၏အသားအရေမှာ ကမ္ဘာပေါ်ရှိ အလှတရားအားလုံး စုဝေးနေသကဲ့သို့ ကြည်လင်သန့်ရှင်းနေပြီး လက်ချောင်းများမှာလည်း ရှင်းလင်းနေသည်။ လက်ဗွေရာများတွင်မူ တာအိုကဲ့သို့ အပြောင်းအလဲများ ကိန်းဝပ်နေ၏။ သူမက အဘက်ဘက်၌ ကောင်းမွန်ခြင်းဆိုသည့် ဆုလာဘ်ဖြင့် မွေးဖွားလာသော ဝိညာဉ်ပမာ ထင်ရသော်လည်း နားကန်းက သူမကို ဖန်ဆင်းလိုက်ခြင်း ဖြစ်သည်။
နားကန်း၏ နောက်ဆုံးစုတ်ချက်နှင့်အတူ ပန်းချီထဲမှ ပျံ့လွင့်လာသော မှိန်ဖျော့ဖျော့ အရှိန်အဝါတစ်ခုကို အားလုံး ခံစားလိုက်ကြရသည်။ ၎င်းသည် ကမ္ဘာခေတ်နှောင်း မဟာတာအို၏ တစတစ တိုးတက်လာနေသည့် အရှိန်အဝါ ဖြစ်၏။ ပန်းချီထဲမှ ထွက်လာနေခြင်းမဟုတ်ဘဲ.... တကယ်တမ်းတွင် နားကန်း၏ စုတ်ချက်ကြောင့် ဖြစ်တည်လာသော အရာပင်။
နားကန်းက ပန်းချီထဲရှိ အမျိုးသမီးအား နတ်ဘုရားသဘာဝ ၊ ရုပ်အသွင်၊ ဝိညာဉ်နှင့် ဘဝတစ်ခု ပေးလိုက်လိုက်ချေပြီ။
ချင်မူမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲ ထိသွားသည်။ သူ မျက်ခုံးနှစ်ဖက်ကြားမှ မျက်လုံးကို ဖွင့်လိုက်သည့်အခါ နားကန်း၏ မဟာတာအိုက နှေးကွေးစွာ လှုပ်ရှားနေသော မှုန်ဝါးဝါး မြူခိုးများသဖွဘ် ဖြစ်နေကြောင်း မြင်လိုက်ရသည်။ ၎င်းသည် ကောင်းကင်၊ မြေကြီးနှင့် ဟင်းလင်းပြင်အတွင်းထဲသို့ ခတ်နှိပ်ခံထားရ၏။
ဤသည်ကား ပြုပြင်ပြောင်းလဲမှုမဟုတ်၊ လူသားတို့၏ နှလုံးသားကို ပြောင်းလဲနေခြင်းမဟုတ်.... လမ်းစဉ်အသစ်တစ်ခု၏ ပေါ်ထွက်မှု၊ တာအိုအသစ်တစ်ခု ဖြစ်သည်။
နားကန်းသည် တိတ်ဆိတ်နေ၏။ သူ့စုတ်ချက်၏ အဆုံးသတ်နှင့်အတူ ပန်းချီကားထဲရှိ လန်ဝူတွင် ဝိညာဉ်ရှိလာပြီး အသက်ဝင်လာသည်။ နားကန်းလည်း သူ၏မဟာတာအိုကိုသူ ပိုင်ဆိုင်သွားချေပြီ။
နောက်ဆုံးတော့ သူက စုတ်တံကို ချပြီး ပန်းချီကို လက်စသတ်လိုက်သည်။
ဤအခိုက်အတန့်တွင် နားကန်းမှာ ဝမ်းသာပျော်ရွှင်စွာ ပြုံးရင်း မျက်ရည်များကျလာသည်။ စိတ်တည်ငြိမ်အေးချမ်းသွားမှုကိုလည်း တစ်ပြိုင်တည်း ခံစားလိုက်ရ၏။
သူ သူ့တာအိုကို ခံစားနေလေသည်။ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားကိုးယောက်အနက် အားအနည်းဆုံး နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သူပီပီ နားကန်းသည် ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများအား အရေးမစိုက်ခဲ့ပေ။
ဒုက္ခိတဘိုးဘွားကျေးရွာမှ ကျန်ရှိသူများ၏ ကြည့်ရှုစောင့်ရှောက်မှုနှင့် ချင်မူ၏ လောဆော်မှုကြောင့်သာ မဟုတ်လျှင် နားကန်းအနေဖြင့် ကောင်းကင်တံတားကို ဖယ်ရှားကာ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကိုပင် ဖွင့်လှစ်နိုင်ခဲ့မည်မဟုတ်ပေ။
ယခုတွင် သူ၏ချီစွမ်းအင်နှင့် အားအင်တို့က သူ အလိုအလျောက် ဖန်တီးမိလိုက်သော ကျင့်စဉ်လမ်းကြောင်းအတိုင်း လှည့်ပတ်စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများဆိုသည်မှာ တာအို၏ ကိုယ်စားပြုများသာ ဖြစ်သည်။ သူက အခြားသူများ၏ ကျင့်စဉ်များသာ လိုက်ကျင့်ကြံရင်း ကိုယ်ပိုင်တာအိုသာ လိုက်ရှာနေခဲ့သောကြောင့် ကျင့်ကြံအားထုတ်ရာတွင် စိတ်မဝင်စားခဲ့ပေ။
ယခုတွင် သူ၏ကိုယ်ပိုင်တာအိုကို ရှာတွေ့ကာ ဖွင့်လှစ်နိုင်ခဲ့ချေပြီ။ တာအို၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့နှင့်အတူ အရာအားလုံး ပြည့်စုံသွားပြီး သဘာဝအလျောက် လည်ပတ်သွားနိုင်လိမ့်မည်။
ကဗျာစပ်ရာ၌ အတွေ့အကြုံအရှိဆုံး ကဗျာဆရာပင်လျှင် သမိုင်းတွင်မည့် ကဗျာတစ်ပုဒ် ရေးစပ်နိုင်ရန် တခါတရံ စိတ်ကူးဉာဏ်ကွန့်မြူးအောင် လုပ်ရသည်။
ပန်းပညာလည်း အလားတူသည်။
လျှို့ဝှက်ဆန်းကြယ်သည်၊ ခမ်းနားသည်၊ ဆန်းပြားသည်။
အဘွားစစ်နှင့် မျက်ကန်းလည်း ရှေ့တက်လာပြီး သူတို့၏ပန်းချီများကို ကြည့်သည်။ ထို့နောက် တတွတ်တွတ် ချီးကျူးကြ၏။
အဘွားစစ်က ပြုံးလျက် ဆေးဆရာကို တံတောင်နှင့် တို့ကာ ခပ်တိုးတိုး ပြောသည်။ “တော် နားလည်လား”
ဆေးဆရာက ပြုံးဖြီးစွာဖြင့် ခပ်တိုးတိုး ပြန်ပြောသည်။ “ဟေ့အေး”
“ကျုပ်ရောပဲ” အဘွားစစ်လည်း ဆက်ပြုံးနေသည်။
နတ်ဘုရင်လန်ဝူက ရှေ့တက်လာပြီး ပန်းချီများကို ကြည့်သည်။ နားကန်း၏ ပန်းချီက တင့်တယ်ကြော့ရှင်းသော သူမနောက်တစ်ယောက်နှင့်တူသည်။ သူသည် သူမရင်တွင်းထဲရှိ ခံစားချက်များကိုသာ ရေးဆွဲထားပြီး အပိုမဖြည့်ထားပေ။
ထိုအမျိုးသမီးမှာ တည်ငြိမ်အေးချမ်းသော်လည်း သူစိမ်းဆန်သည်။ သူမလို လှပပြီး သူမလို လှုပ်ရှားပြုမူတတ်၏။ သူမနောက်တစ်ယောက်က အခြားကမ္ဘာတစ်ခုထဲတွင် ကိုယ်ပိုင်အတွေးအမြင်များ၊ ကိုယ်ပိုင်ကျင့်စဉ်နှင့် ကိုယ်ပိုင်ကောင်းကင်နတ်သိုင်းများ ပိုင်ဆိုင်ထားသည့်အလား ထင်ရသည်။
သူတို့နှစ်ယောက်သည် ကမ္ဘာခြားလျက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။
နတ်ဘုရင်လန်ဝူ ချီးကျူးမိသည်။ “ဒီပန်းချီလမ်းစဉ်က ဖန်ဆင်းခြင်းတော့ မဟုတ်ပေမယ့် အင်မတန် တူတယ်... သူက ပန်းချီထဲမှာလား... ကျွန်မကပဲ ပန်းချီထဲမှာ မခွဲခြားတတ်တော့ဘူး”
နားကန်းက ပြောသည်။ “မူအ့ာပန်းချီကလည်း မဆိုးဘူး”
နတ်ဘုရင်လန်ဝူ ချင်မူ့ပန်းချီကားသို့ ကြည့်လိုက်မိသည်။ သူသည် သူမ၏ နတ်ဘုရားသဘာဝကို မဖမ်းဆုပ်နိုင်ခဲ့သည့်အတွက် ပန်းချီထဲက သူမက သူမနှင့် မတူပေ။ နားကန်း၏ နည်းစနစ်များနှင့် ယှဉ်လျှင် ချင်မူ့နည်းစနစ်မှာ အနည်းငယ် မှိန်ဖျော့သွားသည်။
နတ်ဘုရင်လန်ဝူက ပန်းချီကားထဲသို့ ကြည့်နေသည်။ အထဲရှိ လန်ဝူက မြွေကြီးတစ်ကောင်၏ ခေါင်းပေါ်တွင် အေးအေးလူလူ ထိုင်လျက် ပန်းပွင့်တစ်ပွင့်ကို အနံ့ရှူနေ၏။ သူမတွင် ရှက်သွေးဖြာနေသော အပြုံးလေးများ ဖြစ်ထွန်းနေသည်။
“အထွတ်အမြတ်ကလေးငယ်ရဲ့ ပန်းချီက ကျွန်မနဲ့ တူပေမယ့် ကျွန်မမဟုတ်ဘူး... သူ့ရဲ့ စိတ်ခံစားချက်တွေပါ ထည့်ရေးထားတယ်”
နတ်ဘုရင်လန်ဝူက အကြည့်လွှဲကာ မေးလိုက်သည်။ “ကျွန်မ ဒီပန်းချီနှစ်ခုကို ယူလို့ရမလား”
နာကန်းသည် ခေါင်းညိတ်၏။ “ရတာပေါ့”
ချင်မူလည်း ခေါင်းညိတ်သည်။
နားကန်းက ချင်မူ့ကို ဆွဲခေါ်သွားပြီး ပန်းချီဆွဲကြပြန်သည်။ နှစ်ယောက်သား ပန်းချီဆွဲနေကြစဉ် နားကန်းက သူ ဖွင့်လှစ်ထားသော ပန်းချီလမ်းစဉ်၏ အတွေးအမြင်များအား ချင်မူ့ဆီ သင်ပေးနေသည်။
နတ်ဘုရင်လန်ဝူက ပန်းချီကားနှစ်ချပ်ကို ယူကာ လိပ်လိုက်သည်။ တခဏတွေးပြီးသည့်အခါ သူမသည် တစ်ချပ် ထုတ်ပြီး မီးရှို့လိုက်၏။
နတ်ဘုရင်လန်ဝူ၏ မျက်ဝန်းများမှာ လောင်ကျွမ်းနေသော မီးတောက်များကို ကြည့်ရင်း ရွှန်းလက်နေသည်။ သူမလက်ဝှေ့ယမ်းလိုက်သည့်အချိန်တွင် ပြာများ လွင့်စင်ပျောက်ကွယ်သွားတော့သည်။
အဘွားစစ်က ခပ်တိုးတိုး မေးသည်။ “ဆေးဆရာ၊ ဘယ်သူ့ပန်းချီကို သူ မီးရှို့လိုက်တယ်ထင်လဲ”
ဆေးဆရာလည်း တွေးကြည့်ကာ ဖြေလိုက်၏။ “မူအာ့ပန်းချီထင်တယ်... မူအာက သူ့ကို အရုပ်ဆိုးအောင် ဆွဲခဲ့တယ်လေ... ငါသာဆိုရင်တော့ ငါ့ကို အရုပ်ဆိုးအောင် ဆွဲထားတဲ့ ပန်းချီကို မီးရှို့ပစ်မှာ”
အဘွားစစ်က ပြန်ပြောသည်။ “ကျုပ်တော့ နားကန်းရဲ့ ပန်းချီကို သူ မီးရှို့လိုက်တယ် ထင်တယ်”
ဆေးဆရာ နားမလည်တော့ပေ။
“နားကန်းရဲ့ ပန်းချီက သူနဲ့ တူလွန်းတယ်... သူ့လို ပြိုင်ဘက်ကင်း လှနေတဲ့ လူတစ်ယောက်အတွက် သူနောက်တစ်ယောက် ရှိလာစရာ မလိုသလို၊ နားကန်းရဲ့ ပန်းချီကိုလည်း မလိုဘူး... သူ့ရုပ်သူ ပြန်ကြည့်ချင်ရင် မှန်ပဲ ထုတ်ကြည့်လိုက်မှာပေါ့.... ပြီးတော့ သူက အသက်မှမကြီးတာလေ.... ဆန့်ကျင်ဘက်မှာ မူအာရဲ့ ပန်းချီကတော့ သူ့မှာ မရှိတဲ့ ခံစားချက်တွေကို ပြသနေတယ်.... မပြည့်စုံပေမယ့် အဲဒါကို ကြည့်ပြီး မတူညီတဲ့ ခံစားချက်တွေကို ခံစားကြည့်လို့ရသွားမယ်”
ဆေးဆရာ ပြုံးလိုက်မိသည်။ “အဘွားကြီး၊ ဒါက နင့်အထင်လေ... သူ ဘယ်ပန်းချီကို မီးရှို့လိုက်လဲ မပြောသရွေ့ နင် သိနိုင်မှာမဟုတ်ဘူး”
အဘွားစစ်က အတော်လေး ယုံကြည်ချက်ရှိနေသည်။ “နတ်ဘုရင်လန်ဝူ ကျင့်ထားတဲ့ ကျင့်စဉ်က အဆင့်မြင့်လေလေ၊ ခံစားချက်မရှိလေလေ ဖြစ်စေမယ့် ကျင့်စဉ် ဖြစ်လောက်တယ်... ဘာကြောင့်ဆိုရင် ခံစားချက်တွေက တန်ဖိုးပိုကြီးတယ်မဟုတ်လား... အဆင့်မြင့်လာတဲ့အခါ နတ်ဘုရားသဘာဝကို ထိန်းသိမ်းဖို့ ခံစားချက်တွေကို လက်လွှတ်လိုက်ရတတ်တယ်... ဒါကြောင့် သူက တန်ဖိုးပိုကြီးတဲ့အရာကို တန်ဖိုးပိုထားမှာပဲလေ”
သူမလည်း သူမ၏အတွေ့အကြုံကို ပြန်တွေးမိလိုက်သဖြင့် ညိုးငယ်သွားသည်။ “ဆုံးရှုံးလိုက်ရတဲ့ အချိန်ကျမှ အဲဒီဟာက ဘယ်လောက် တန်ဖိုးကြီးမှန်း သဘောပေါက်ကြတာ မဟုတ်လား”
ချင်မူတို့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်တွင် တည်းကြသည်။ နတ်ဘုရင်လန်ဝူနှင့် ရှုကျွင်းသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှု၊ အမျိုးမျိုးသော ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများကို လေ့လာရန် တက္ကသိုလ်စာကြည့်တိုက်သို့ ထွက်သွားကြ၏။
နတ်ဘုရင်လန်တူမှာ ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင် ဖွင့်ထားပြီးချေပြီ။ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖွဲ့တည်နိုင်ရန် ကောင်းကင်တံတား ကောင်းကင်ရတနာအား ဖယ်ရှားရမည်။ သို့သော် သူမ၏သိုင်းအဆင့်က ကောင်းကင်နတ်အရှင်တစ်ယောက်နီးနီး မြင့်မားနေသောကြောင့် ထိုသို့လုပ်ရန် အန္တရာယ်များလှချေရာ နတ်ဘုရင်လန်ဝူ တွန့်ဆုတ်နေလေသည်။
ရှုကျွင်းမှာတော့ စိတ်ပူစရာမရှိသဖြင့် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖွင့်သည်။
သို့သော် သူက မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို အသုံးချ၍ နတ်ကောင်းကင်ခန်းမအဆင့်သို့ တန်းတက်ထားခဲ့သောကြောင့် ရုပ်ခန္ဓာထဲ၌ ကောင်းကင်ရတနာဖွင့်မရကြောင်း တွေ့လိုက်ရ၏။
သူ၏ချီစွမ်းအင်နှင့် ဝိညာဉ်မှာ အားနည်းလွန်းသလို၊ သူ၏အသိစိတ်အလျဉ်ကလည်း ရုပ်ခန္ဓာထဲတွင် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ပေးနိုင်လောက်သည်အထိ အားမကောင်းပေ။
ကောင်းကင်ရတနာခုနစ်ခုဆိုသော အရာများသည် ရုပ်ခန္ဓာထဲတွင် ဖွင့်လှစ်ထားရခြင်း ဖြစ်၏။ သူ၏ရုပ်ခန္ဓာမှာ နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်နေသောကြောင့် ဖွင့်မရပေ။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူတွေက ကျင့်ကြံနိုင်တဲ့အုပ်စုနဲ့ မကျင့်ကြံနိုင်တဲ့ အုပ်စုဆိုပြီး နှစ်မျိုးကွဲနေတယ်... အဲဒါကို ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနဲ့ အဆုံးအဖြတ်ပေးတာပဲ”
ဆေးဆရာသည် ဆေးနှင့် ပတ်သက်လာလျှင် အဘက်ဘက်မှ နှံ့စပ်သူ ဖြစ်သည့်အလျေက် ငါးညှီနံ့ နံနေသော ဆေးရည်အိုးကြီးကို ပြင်ဆင်ထားကာ ရှုကျွင်းအား ခုန်ဝင်ခိုင်း၏။ “အရင်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေမှာ ဝိညာဉ်ခန္ဓာလေးမျိုးပဲ ရှိတယ်.. နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်၊ လိပ်နက်.... အဲဒီခန္ဓာတွေ မရှိတဲ့ လူတွေက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖွင့်ပြီး ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်မလာနိုင်တော့ အနည်းဆုံး သိုင်းသမားအဆင့်ပဲ ရှိကြတယ်... ဒါပေမဲ့ နောက်ပိုင်း မူအာက ကောင်းကင်တံတားကို ဖျက်စီးပြီး ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖွင့်လှစ်ပေးလိုက်ရော... သူက သာမန်လူတွေ မကျင့်ကြံနိုင်တဲ့ ပြဿနာကို အလေးထား မလေ့လာခဲ့ပေမယ့် ငါကတော့ လေ့လာခဲ့တယ်.... အဲဒါကြောင့် ဘယ်လိုဖြေရှင်းပေးရမလဲ သိနေပြီ”
ဆေးဆရာက ပြုံး၍ ပြောသည်။ “ဝိညာဉ်ခန္ဓာလေးခုနဲ့ လူတွေက ဘာကြောင့် ကျင့်ကြံနိုင်တာလဲဆိုရင် သူတို့ရဲ့ ဘိုးဘေးတွေရဲ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို အမွေဆက်ခံထားရတာမလို့ပဲ... သူတို့မှာ အဲဒီအရာက မွေးရာပါကတည်းက ရှိနေတာမျိုးပေါ့.... ဒါကြောင့် ဖွင့်နိုင်သွားတာနဲ့ ကျင့်ကြံနိုင်သွားတာ”
“မကျင့်ကြံနိုင်တဲ့ လူတွေက သူတို့ဘိုးဘေးတွေထဲမှာ ကောင်းကင်နတ်သိုင်းပညာရှင်တွေ မရှိတဲ့အတွက် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို မပိုင်ဆိုင်ထားကြဘူး... ဒါပေမဲ့ အဲဒါကြောင့်နဲ့ မကျင့်ကြံနိုင်ဘူးလို့ မဆိုလိုဘူးပေါ့... ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဘယ်လိုဖွင့်ရမလဲ နားလည်ပြီး ကိုယ့်ဘာသာကိုယ် ဖွင့်ကြည့်ဖို့ပဲ လိုတယ်... ဒါဆို ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်အောင် ကျင့်ကြံနိုင်သွားလိမ့်မယ်”
ဆေးဆရာမှာ ဆေးကျိုအိုးထဲ၌ စိမ်နေသော ရှုကျွင်းကို အလုံးစုံ ရှင်းပြရင်း စိတ်လှုပ်ရှားနေ၏။ “ဒါက ငါ သုတေသန လုပ်ထားတဲ့ ရလဒ်လေ.... ကိုယ့်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံအလိုက် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဘယ်မှာရှိလဲ အတည်ပြုနိုင်သွားတာနဲ့ ဝိညာဉ်ဆေးနဲ့ ချီစွမ်းအင်ကို လေ့ကျင့်ပေးလိုက်ရုံပဲ... အဲဒီလိုနည်းနဲ့ သာမန်လူတွေဟာ ချီစွမ်းအင် လုံလုံလောက်လောက် စုဆောင်းပြီးသွားရင် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖွင့်ပြီး ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်လာကြလိမ့်မယ်... ဒါပေမဲ့ မင်းရဲ့ ရုပ်ခန္ဓာက သန်မာလွန်းတော့ ဆေးနဲ့ နည်းနည်းအားလျှော့ပေးဖို့ လိုတယ်”
ရှုကျွင်းသည် အဆိပ်ရှိသော အရာများအား အိုးထဲသို့ သူ လောင်းထည့်နေသည်ကို မြင်လျှင် အထိတ်တလန့် ပြော၏။ “ဒါတွေက အဆိပ်တွေ မဟုတ်ဘူးလား”
“စိတ်အေးအေးထားပါ စိတ်အေးအေးထားပါ”
ဆေးဆရာက ပြုံးနေသည်။ “မင်းရဲ့ ဝိညာဉ်က သာမန်လူတစ်ယောက်ထက် အားနည်းနေမှန်း သတိထားမိလို့ မင်းရဲ့ ဝိညာဉ်ကို အားဖြည့်ပေးနိုင်အောင် ရတနာနည်းနည်းပါးပါး သုံးထားတာ..... မူအာလည်း ဒါကို လုပ်ခဲ့ဖူးတယ်... မင်းအတွက် ကောင်းမှာပါ၊ မင်းအတွက် ကောင်းမှာပါ”
ရှုကျွင်းမှာ အဆိပ်များ အိုးထဲ ရောက်သည်ကို မြင်ပြီးနောက် ချက်ချင်းဆိုသလို သူ့ဝိညာဉ် နာကျင်လာသည်ကို ခံစားလိုက်ရပြီး ချွေးပြန်လာတော့သည်။
ဆေးဆရာသည် အိုးထဲရှိ အဆိပ်ဓာတ်ကို စစ်ဆေး၍ ပြော၏။ “ငါ သာမန်လူတွေ ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်လာနိုင်အောင် အများကြီး ကူညီပေးခဲ့ပြီးပါတယ်... ဘာမှ စိတ်မပူနဲ့.... မင့်ရုပ်ခန္ဓာက သန်မာလွန်းနေသလိုပဲ... အဆိပ်နည်းနည်း ထပ်ထည့်ရမယ်ထင်တယ်”
တခဏကြာသော် ဆေးဆရာက ငွေအပ်တစ်ချောင်း ထုတ်ကာ ရှုကျွင်း၏ အရေပြားထဲ စိုက်လိုက်သည်။ ရှုကျွင်း၏ အရေပြားမှာ ချက်ချင်း ထိုးဖောက်ခံလိုက်ရသည်။
“အခု မင်းရဲ့ ရုပ်ခန္ဓာ ပျော့သွားပြီဆိုတော့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ ဖွင့်လို့ရပြီ”
ဆေးဆရာမှာ စိတ်သက်သာရာရသွားဟန်ဖြင့် အိုးထဲရှိ ရှုကျွင်းထံ ကြည့်လိုက်သည်။ ရှုကျွင်းကား ပါးစပ်မှ အမြှုပ်များထွက်လျက် အသက်မရှူတော့ပေ။ ဆေးဆရာ အထိတ်တပျာ ပြေးထွက်သွားပြီး အော်ဟစ်လိုက်သည်။ “မူအာရေ၊ မူအာ... မြန်မြန်လာဦး... မင်း ခေါ်လာတဲ့ ခေါင်းကြီးကြီးနဲ့ ကောင်လေး ငါ့ကြောင့် မတော်တဆ အဆိပ်မိသွားလို့... သူ့ဝိညာဉ် ခန္ဓာကိုယ်ထဲက ထွက်သွားပြီၑ
ချင်မူလည်း အပြေးအလွှား ရောက်ချလာပြီး ဝိညာဉ်လမ်းညွှန်ဖြင့် ရှုကျွင်း၏ ဝိညာဉ်အား ဆင့်ခေါ်ကာ ခန္ဓာကိုယ်ထဲ ပြန်တွန်းထည့်လိုက်သည်။ သူက မေးလေသည်။ “ဘိုးဘိုးဆေးဆရာ၊ အဆိပ်ဓာတ်တွေ အများကြီး ထည့်ပြန်တာလား”
ဆေးဆရာ ရှက်သွားပြီး ပြောလိုက်သည်။ “သူ့ရုပ်ခန္ဓာက အင်အားကြီးမားလွန်းတော့ ဆေးနည်းနည်း ပိုထည့်ထားတာလေ... သူ့ကျင့်ကြံခြင်းအခြေခံက ဒီလောက် အားနည်းမယ်မှန်း ဘယ်သူ သိမှာတုန်း”
အိုးထဲတွင် ရှုကျွင်း၏ မျက်လုံးများ လည်ထွက်သွားပြီး ဝိညာဉ် ခန္ဓာကိုယ်ထဲမှ ထွက်သွားပြန်၏။
ချင်မူမှာ သူ့ဝိညာဉ်ကို ကပျာကယာ ဆင့်ခေါ်ကာ ခန္ဓာကိုယ်ထဲ တွန်းထည့်လိုက်ရပြန်သည်။ ထို့နောက် ကောင်းကင်နတ်ဆိုးဖန်ဆင်းကျင့်စဉ် သုံး၍ ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းတွင် ချိတ်ပိတ်ရင်း ကမန်းကတန်း ပြောလိုက်သည်။ “အဆိပ်ကို အရင်ဆုံး ဖြေနိုင်အောင် လုပ်ပေးဦး”
နှစ်ယောက်သား ရှုကျွင်းကိုယ်ထဲမှ အဆိပ်ကို ဖယ်ရှားပေးပြီးနောက်မှ စိတ်သက်သာရာရသွားကြသည်။
ရှုကျွင်း တဖြည်းဖြည်း နိုးလာသည်။ ဆေးရာ၏ အကူအညီဖြင့် ပထမဆုံး ကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်ခဲ့သော်ငြား ရှုကျွင်းမှာ ကြေးမျက်နှာဖုံးနှင့် ထိုလူကြီးကို အသံကြားရုံနှင့်တင် ကြောက်လန့်သွားပြီး အနားပင်မကပ်ရဲတော့ပေ။
ဆေးဆရာ သူနှင့် ရေနွေးကြမ်းလာသောက်သည့်အခါ ရှုကျွင်းမှာ နေမထိမထိုင်သာ ဖြစ်လာကာ တောင်ကြည့်မြောက်ကြည့် ကြည့်နေသည်။ သူ့နဖူးမှ ချွေးစေးများ စီးကျနေပြီး ချင်မူ ရောက်လာမှသာ ဆေးဆရာ၏ ရေနွေးကြမ်းကို သောက်ဝံ့လေသည်။
နောက်ဆုံးတွင် ချင်မူသည် နားကန်း၏ နည်းစနစ်များအား လေ့လာသင်ယူပြီးသွား၍ ဆေးဆရာထံ ပြော၏။ “ဘိုးဘိုးဆေးဆရာ၊ ဘိုးဘိုးမျက်ကန်းက သူ့လမ်းသူ ဖောက်ပြီးသွားပြီ... ကျွန်တော် သူ့နည်းစနစ်တွေကို သင်ယူပြီး ပန်းချီလမ်းစဉ် ကောင်းကင်နန်းဆောင် တည်ဆောက်ထားတယ်... အခု ဆေးပညာ ကောင်းကင်နန်းဆောင်ကို လိုအပ်နေတုန်းပဲ... ငယ်ရွယ်စဉ်မှာ မကြိုးစားရင် ကြီးမှ ငိုနေလည်း အလကားပဲ ဆိုတဲ့ စကားလို့ပေါဗျာ... ဘိုးဘိုး ကြိုးကြိုးစားစား မကျင့်ကြံရင် ကျွန်တော် အပြင်မှာ အနိုင်ကျင့်ခံရလိမ့်မယ်.... ဒီလိုဗျာ...”