နောက်ပြန်လှည့်ကြည့်တော့ အရာအားလုံးဟာ နွေဦးအိပ်မက်လိုပဲ
Vol. 78 Ch. 1016
“ဓားတာအိုကို ကျင့်ကြံတဲ့သူတွေက ကျော်မတက်နိုင်တဲ့ တောင်တစ်လုံးကို ခံစားရတယ်လား”
မျက်ကန်းနှင့် ရွှေအသည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ခိုင်ဧကရာဇ်၏ မျက်ခွက်တည့်တည့်ကိုမှ တံတွေးနှင့် ထွေးမိခဲ့သောအဖြစ်အား ထုတ်မပြောရန် ဆုံးဖြတ်လိုက်ကြ၏။ မျက်ကန်းက တဟဲဟဲ ရယ်ကာ ပြောသည်။ “ဝင်္ကပါလမ်းစဉ်မှာ အဲဒီလိုတောင်မျိုး မရှိတာ ကံကောင်းတယ်... ငါ အဲဒီလိုဖြစ်တည်မှုမျိုး မမြင်ခဲ့ဖူးဘူး”
ရွှေအကလည်း ခေါင်းယမ်းကာ ပြောသည်။ “ငါလည်း ပန်းပဲလမ်းစဉ်မှာ အဲဒီလိုဖြစ်တည်မှုမျိုး မမြင်ခဲ့ဖူးဘူး... ဓားလမ်းစဉ်ကို လျှောက်တဲ့ မင်းတို့တွေပဲ ထူးဆန်းနေတာ... မူအာ့ဆီက ဒီလိုမကြားခဲ့ရဖူးလားလို့နော်”
ရွာလူကြီးက ချင်မူ့အကြောင်း ကြားလျှင် မပျော်တော့ပေ။ “သူက ဘာကိုမှ၊ ဘယ်သူ့ကိုမှ မကြောက်ဘူးလေ... ဒီတောင်ကိုလည်း ခံစားရမှာ မဟုတ်ဘူး... သူ့ရဲ့ တစ်ဇွတ်ထိုးအကျင့်စရိုက်နဲ့ ဒီတောင်ကို ခံစားရရင်တောင် ပြေးတက်ပြီး သေးနဲ့ ပန်းမယ့်ကောင်မျိုး... ခိုင်ဧကရာဇ်ရဲ့ ဓားတာအိုက အင်အားကြီးလွန်းအားကြီးတယ်.... ငါ တွက်ချက်မိသလောက် သူ့ဓားတာအိုသာ နောက်တစ်ဆင့် တက်သွားရင် စကြဝဠာမှာ အရာထင်သွားပြီး ကမ္ဘာခေတ်နှောင်း မဟာတာအိုနဲ့ ပထမဆုံး အဲဒီအဆင့်ရောက်သွားတဲ့သူ ဖြစ်သွားမှာပဲ.... အဲဒါကြောင့် ကမ္ဘာခေတ်ဦးကို ချေပနိုင်လိမ့်မယ်”
ရွှေအနှင့် မျက်ကန်း ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ မည်ကဲ့သို့ အဆင့်မျိုးသည် အရာထင်သည်အထိ ခတ်နှိပ်နိုင်ပြီး ကမ္ဘာခေတ်ဦးကို ချေပနိုင်ည်နည်း။
“ဓားတာအို၊ ဓားမတာအို၊ ဝင်္ကပါကျင့်စဉ်၊ ပန်းပဲကျင့်စဉ်.... ဒါတွေက ကမ္ဘာခေတ်နှောင်းသတ္တဝါတွေ ဖန်တီးထားတဲ့ မဟာတာအိုတွေပဲ... ကမ္ဘာခေတ်ဦးနဲ့ မဆိုင်ဘူး... ဒါ့အပြင် ခိုင်ဧကရာဇ်ရဲ့ ဓားတာအိုက အမြင်ဆုံးမှာ မလို့ အမှန်တကယ် အင်အားကြီးမားတယ်”
ရွာလူကြီးက ပြောသည်။ “ဓားတာအို ကျင့်ကြံတဲ့လူတိုင်း သူ့ကို ရှင်းရှင်းလင်း ခံစားကြရတယ်... သူ့ရဲ့ အောင်မြင်မှုတွေကို လျစ်လျူရှုလို့ မရဘူး... သူက ဓားတာအိုရဲ့ အထွတ်အထိပ်နဲ့ နီးကပ်နေတာမလို့ ကမ္ဘာခေတ်နှောင်း မဟာတာအိုကို စကြဝဠာရဲ့ ဟင်းလင်းပြင်ထဲမှာ ခတ်နှိပ်နိုင်မယ့်တစ်ယောက် ဖြစ်လာလောက်တယ်... သူ အဲဒီလို လုပ်နိုင်သွားရင် သူ့ကို အဆင့်မြင့်ဆုံး ဓားတာအိုသိုင်းပညာရှင်လို့ ပြောတာက ချဲ့ကားရာ မရောက်တော့ဘူး”
မျက်ကန်းနှင့် ရွှေအ တုန်လှုပ်သွားကြသည်။ ရွာလူကြီး ဖော်ပြသွားသော အဆင့်မှာ မြင့်မားလွန်း၏။ သူတို့တစ်ယောက်ချင်းစီတွင် သူများနှင့် မတူညီသည့် အစွမ်းအစများ၊ အောင်မြင်မှုများ ရှိပါသော်လည်း စကြဝဠာ၏ ဟင်းလင်းပြင်အပေါ်တွင် မဟာတာအိုများ ခတ်နှိပ်နိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ရာ တွေးခေါ်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့အား စိတ်ကူးပင် မကြည့်နိုင်ပေ။
ရွာလူကြီး သက်ပြင်းချကာ ပြောသည်။ “မူအာ ကောင်းကင်နတ်ဘုံမှာ အခြေအနေ ဘယ်လိုရှိလဲ မသိဘူး... ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတွေလက်အောက်မှာ သူ ခံစားရမယ့် အခက်အခဲတွေ၊ အရှက်ခွဲခံရမှုတွေက... “
သူ့မျက်လုံးများ နီရဲလာပြီး ချင်မူ့အကြောင်း မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲသည်။ “မင်းတို့နှစ်ယောက် ဒီကို ဘာလာလုပ်တာလဲ”
“မူအာ ပြန်ရောက်လာပြီတဲ့”
မျက်ကန်းက ပြုံး၍ ပြော၏။ “သားသတ်သမားဆီက သတင်းရတယ်... လွန်ခဲ့တဲ့ နှစ်ရက်က မူအာ မာန်ဟုန်မြစ်တက္ကသိုလ်ဆီ ရောက်လာပြီး သူ မောင်းထုတ်တာ ခံလိုက်ရတယ်တဲ့လေ... သူ ဒီကို ရောက်လာဖို့ မကြာတော့ဘူးထင်တယ်”
ရွာလူကြီးမှာ ခံစားချက်များ ပြင်းထန်လာ၍ မျက်လုံးတို့ နီရဲသွားပြန်သည်။ “မူအာ ပြန်ရောက်လာပြီဟုတ်လား... သူ ပြန်ရောက်လာတာ ကောင်းတာပေါ့.... နေဦး၊ မူအာ ပြန်ရောက်လာတုန်းက ငါတို့ကို မတွေ့ဘဲ သားသတ်သမားဆီ အရင်သွားတယ်လို့ မင်း ပြောလိုက်တာလား... အဲဒီကောင်လေးက ငါတို့ထက် သားသတ်သမားကို ပိုချစ်တာပဲ... ငါ့မှာတော့ သူ့ကို ချစ်လိုက်ရတာ...”
ရွှေအက တဟဲဟဲ ရယ်လေသည်။ “သူ ငါတို့ဆီ လာရင် အကောင်းဆုံး ဧည့်ခံတာပေါ့ကွာ”
ရွာလူကြီးနှင့် မျက်ကန်းနှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြ၏။
ကောင်းကင်နဂါး ရတနာရထားလှည်းက ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်နှင့် နီးကပ်လာသည်။ ရထားလှည်းအတွင်း၌ ချင်မူ၊ နတ်ဘုရင်လန်ဝူနှင့် ရှုကျွင်းသည် ပုလင်းအတွင်းရှိ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို ခွဲခြမ်းပြီးသွားသဖြင့် ကိုယ့်ဝေစုကိုယ် ယူပြီးသွားကြ၏။ နတ်ဘုရင်လန်ဝူက မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို သူမ၏အသိစိတ်အလျဉ်နှင့် ပေါင်းစည်းလိုက်ကာ သိုင်းအဆင့် မြင့်တက်လာစေသည်။
ရှုကျွင်းမှာ တစ်ခါ သေထားသည့်အပြင် အသက်ပြန်ရှင်လာပြီးနောက်တွင်လည်း ရုပ်ခန္ဓာနှင့် အသိစိတ်အလျဉ်ကို ပြန်လည်အားမဖြည့်နိုင်သေးပေ။ ထို့ကြောင့် သူက မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အား ခွဲယူပြီးနောက် ရုပ်ခန္ဓာကို ချက်ချင်း ပြန်တည်ဆောက်လိုက်၏။
ကမ္ဘာဦးဘုရင် သုံးပါးထဲမှ တစ်ပါးဖြစ်သည့်အလျောက် နတ်ဘုရင်ရှုကျွင်းသည် အလွန်ဉာဏ်များ၏။ ခွဲခြမ်းထားသော အသိစိတ်အလျဉ်မှာ သူ ကျင့်ထားသောအရာအောက် နိမ့်ကျမှန်း သိထားသဖြင့် ထိုအသိစိတ်အလျဉ်ကို သူ့ရုပ်ခန္ဓာ ပြန်တည်ဆောက်ရန်သာ အသုံးပြုလိုက်လေသည်။
သူ၏ ပိန်ချုံးခြောက်ကပ်နေသော ခန္ဓာကိုယ်မှာ ဧရာမကြီးမားလာပြီး ရှိန်စရာကောင်းလာသည်။ သူ့ရုပ်ခန္ဓာ၏ ခွန်အားကတင် နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တစ်ယောက်နှင့် ညီမျှနေချေပြီ။
ချင်မူ မနာလို ဖြစ်နေသည်။
သူတို့သုံးယောက် ပေါင်း၍ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အတွင်း၌ ကိန်းဝပ်နေသော မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို ပြန်လည်မွမ်းမံကြသည်။ နောက်ဆုံးတွင် ချင်မူသည် အရင်က ရထားသည့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်၏ လိုအပ်နေသော အစိတ်အပိုင်းများအား ဖာထေးဖြစ်သွား၏။ သို့သော် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်တွင် ကောင်းကင်နတ်ဘုံ၏ ကျင့်ကြံနည်းများ လိုအပ်နေသေးသည်။
သို့သော် ဧကရာဇ်ပလ္လင်အဆင့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နှင့်တင် ချင်မူမှာ အတော်လေး စိတ်ကျေနပ်နေပြီဖြစ်သည်။
သူ၏ ကောင်းကင်နန်းဆောင် ၁၅ ဆောင်အနက် မဟာခြုံလွှမ်းအသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်သည် လေးလံ၏။ ၎င်းက သူ၏ ကျန်ကောင်းကင်နန်းဆောင် ၁၃ ဆောင်အပေါ် ဖိနှိပ်ထားရင်း ချင်မူ၏ ပင်မကောင်းကင်နန်းဆောင်၏ နေရာသို့ ဝင်ယူချင်နေဟန်တူသည်။
‘ဧည့်သည်က အိမ်ရှင်အပေါ် ရောင့်တက်လာရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာမှာ စိုးတယ်’
ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူ့မှာ ကောင်းကင်နန်းဆောင်များကို ကြည့်ရင်း အနည်းငယ် စိုးရိမ်လာ၏။ သူ၏ကောင်းကင်နန်းဆောင် ရှစ်ခုသည် မပြည့်စုံပေ။ မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်၏ ခွန်အားအရ ကျန်ကောင်းကင်နန်းဆောင်များကို ဖိနှိပ်ထားနိုင်ရာ .... မဟာဧကရာဇ်၏ လမ်းစဉ်က သူ့ထက် ပိုကောင်းမွန်ကြောင်း အဓိပ္ပါယ်ရလိမ့်မည်။
သူ၏ကောင်ကင်နန်းဆောင်များထက် သာလွန်ခြင်းမှာ အရေးမကြီးသော်လည်း သူ၏တာအိုနှလုံးသားကို ထိခိုက်စေမည့်ကိစ္စကတော့ အတိမ်းအစောင်း မခံပေ။
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်သာ သူ၏ပင်မကောင်းကင်နန်းဆောင်ထက် သာလွန်သွားလျှင် ပြိုင်ဘက်ကင်းသော သူ၏တာအိုနှလုံးသား ပြိုလဲသွားလိမ့်မည်။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်ကို ပင်မကောင်းကင်နန်းဆောင်အဖြစ် အသုံးပြ၍ သူ၏ကောင်းကင်နတ်ဘုံအား တည်ဆောက်လိုက်လျှင် မဟာဧကရာဇ်နောက်တစ်ယောက်သာ ဖြစ်လာကာ သူထ့က် သာလွန်နိုင်တော့မည်မဟုတ်ပေ။
သို့သော် သူ၏တာအိုနှလုံးသား ပျက်စီးသွားလျှင် နလန်ပြန်ထူနိုင်ဖို့ မသေချာချေ။
“ဘိုးဘိုးမျက်ကန်း၊ ဘွားဘွားစစ်တို့ ကြိုးကြိုးစားစား အားထုတ်ပြီး ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တွေကို ဖန်တီးပေးမှ ဖြစ်မယ်”
ချင်မူမှာ သက်ပြင်းချနေမိသည်။ ‘ကောင်းကင်နတ်ဘုံမှာ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တွေ အများကြီး ရှိတယ်.... ငါ တချို့လောက် ခိုးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပေးလိုက်နိုင်ရင် အဘွားစစ်တို့ အဲဒီကျင့်စဉ်တွေကနေ သင်ယူလို့ရမှာပဲ... အဲဒီလိုနည်းနဲ့ သူတို့ရဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တွေကို ဖန်တီးသွားနိုင်လောက်တယ်... နှမြောစရာကောင်းလိုက်တာ...’
နောက်ဆုံးတော့ ကောင်းကင်နဂါး ရတနာရထားလှည်းသည် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်သို့ ရောက်လာ၏။ ချင်မူက ရတနာလှည်းပေါ်မှ ခုန်ဆင်းပြီး တံခါးထဲ ဝင်တော့မည့်လုပ်ချိန် ‘မာဟာမာဟာ’ ဟူသောအသံများ ပျံ့လွင့်လာသည်ကို ကြားလိုက်ရသည်။ ရေနဂါးအုပ်ကြီးသည် သူနှင့် နဂါးချီလင်ကို ခုန်အုပ်ရင်း ဝမ်းသာမြူးထူးစွာ အော်ဟစ်နေကြတော့သည်။
ချင်မူမှာ တစ်ကိုယ်လုံး နဂါးသွားရည်များ ရွှဲသွားသည့်တိုင်အောင် ဤနဂါးများ၏ လျက်ခြင်း ခံလိုက်ရသည်။ သူကတော့ သူတို့ကြားမှ မနည်း ရုန်းထွက်နိုင်လိုက်သော်လည်း နဂါးချီလင်မှာ ဤနဂါးများအောက်၌ ပိနေသေးသည်။ ယန်အာက စွမ်းအင်ဆေးလုံးတချို့ ကပျာကယာ ထုတ်ကာ ထိုနဂါးများအား အဝေးသို့ မျှားခေါ်ပေးသွားရလေသည်။
ချင်မူ အဝတ်အစားကို သပ်သပ်ရပ်ရပ် လုပ်ပြီးနောက် နဂါးသွားရည် ပေမနေကြောင်း သေချာအောင် မှန်ထုတ်ကြည့်သည်။ ထို့နောက်မှ တက္ကသိုလ်ထဲ ဝင်သွား၏။
ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်အား ယခုတွင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဟု ခေါ်သော်လည်း တက္ကသိုလ်၏ ပညာသင်ကြားနည်းစနစ်ကိုသာ ကျင့်သုံးသေး၏။ ထိုအရာက မပြောင်းလဲသွားပေ။
အဘွားစစ်၊ နားကန်းနှင့် ဆေးဆရာက တက္ကသိုလ်ကို စီမံကွပ်ကဲရန် ရှိနေကြသဖြင့် ဤနေရာမှာ အစီအစဉ်တကျ ဖြစ်နေသေးသည်။
“မူအာ၊ မိန်းမလှလေးတစ်ယောက်ကို ခေါ်လာတာပါလား”
အဘွားစစ်သည် နတ်ဘုရင်လန်ဝူကို ခေါင်းအစ ၊ ခြေအဆုံး ကြည့်၏။ သူမကို ကြည့်လေလေ၊ ပျော်သထက်ပျော်လာလေလေ ဖြစ်ပြီး ချင်မူ့ကို လက်မထောင်ပြရာ ချင်မူမှာ မျက်နှာနီရဲသွားတော့သည်။ သူက ဆေးဆရာကို ရှာရန် ကမန်းကတန်း ထွက်သွား၏။
နားကန်းက မျက်လုံးများ တောက်သွားပြီး စုတ်တံတစ်ချောင်း၊ မင်တံ၊ စာရွက်နှင့် မင်သွေးကျောက်ကို ထုတ်ကာ အကျအန ထိုင်၍ အဘွားစစ်နှင့် နတ်ဘုရင်လန်ဝူ၏ ပုံတူများ ရေးဆွဲရန် ပြင်တော့သည်။ သို့သော် သူ့မှာ မည်သည့်နေရာမှ စရမှန်း မသိသောကြောင့် တွန့်ဆုတ်နေလေသည်။
နတ်ဘုရင်လန်ဝူက အဘွားစစ်ကို အကဲခတ်ရင်း ချီးကျူး၏။ “ညီမလေးက လှလိုက်တာနော်”
အဘွားစစ်က ရယ်သည်။ “ဘာလို့ ငါ့ကို ညီမလေးကို ခေါ်နေတာလဲ.. ဘွားဘွားလို့ ခေါ်သင့်တာလေ”
နတ်ဘုရင်လန်ဝူ မှင်သက်သွား၏။ “ဒီနှစ်ဆို ကျွန်မက နှစ် ၁၀၅၀၀၀၀ ပြည့်ပြီ... ဘွားဘွားရဲ့ အသက်ကို သိခွင့်ရှိမလား မသိဘူး”
အဘွားစစ် တုန်လှုပ်သွားကာ နားကန်းဆီ ပြောသည်။ “ညီမလေးလန်ဝူကို သေချာ ဂရုစိုက်ထား.... ငါ မူအာနဲ့ စကားသွားပြောဦးမယ်”
နားကန်းက သူမစကားကို မကြားပေ။ သူက စုတ်တံကိုင်လျက် နတ်ဘုရင်လန်ဝူ၏ ပုံတူကို ဆွဲရန် ကြိုးစားနေသော်လည်း မည်သို့စရမှန်း မသိဖြစ်နေသည်။
ဤအမျိုးသမီးသည် လှရက်လွန်း၏။ သူမကို စာရွက်ပေါ်တွင် ရေးဆွဲလိုက်လျှင် သူမ၏ကြော့ရှင်းလှပမှုတချို့ လိုအပ်သွားနိုင်သည်။ တခဏကြာသော် နားကန်းမှာ သက်ပြင်းချရင်း ပန်းချီပစ္စည်းများ သိမ်းလိုက်တော့သည်။
နတ်ဘုရင်လန်ဝူမှာ မျက်တောင်ပုတ်ခတ်ရင်း တွေးလိုက်မိသည်။ ‘အထွတ်အမြတ်ကလေးငယ်ရဲ့ မိသားစုက အတော်လေး ထူးဆန်းတယ်’
နားကန်း အဘွားစစ်ကို သွားရှာသည့်အခါ အဘွားစစ်က ချင်မူ့ကို နားရွက်မှ လိမ်ဆွဲ၍ ဆုံးမနေကြောင်း မြင်လိုက်ရသည်။
ချင်မူမှာ ပုတ်သင်ညိုလို ခေါင်းညိတ်နေပြီး သူမကို ပြန်မပြောရဲပေ။ ဆေးဆရာက ကြေးမျက်နှာဖုံးဖြင့် သူတို့အနားတွင် ဆေးပင်များ နှုတ်နေသည်။ သူက သူတို့ကို တားမည့်ဟန် မရှိဘဲ ပြုံးဖြီးကာ ကြည့်နေသည်။
“ငါ သူ့ကို မဆွဲနိုင်ဘူး”
နားကန်းက နားမလည်နိုင် ဖြစ်နေသကဲ့သို့ ပြောသည်။ “အဘွားစစ်နဲ့ လှပတဲ့ တခြားအရာတွေကို ငါ ရေးဆွဲနိုင်တယ်.... ငါ ပန်းချီမဆွဲနိုင်တာဆိုလို့ ဒီနတ်ဘုရင်လန်ဝူပဲ ရှိတယ်”
ချင်မူက သူ့နားရွက်ကို အုပ်ရင်း လှမ်းစပ်စု၏။ “ဘိုးဘိုးနားကန်း၊ ဘွားဘွားရဲ့ အလှက နတ်ဘုရင်လန်ဝူရဲ့ အလှအောက် မနိမ့်ကျပါဘူး... ဘွားဘွားကိုကျ ဆွဲနိုင်ပြီး နတ်ဘုရင်လန်ဝူကို ဘာလို့မဆွဲနိုင်တာလဲ”
နားကန်းက သူ့ကို လှမ်းဆွဲသည်။ “ငါနဲ့ လိုက်ခဲ့”
နှစ်ယောက်သား နတ်ဘုရင်လန်ဝူအရှေ့သို့ လျှောက်သွားပြီး စားပွဲတစ်လုံးစီချကာ ပန်းချီပစ္စည်းများ ပြင်ဆင်သည်။ ထို့နောက် စုတ်တံမြှောက်ကာ မင်ထဲ နစ်လိုက်ကြ၏။
အဘွားစစ်နှင့် ဆေးဆရာလည်း ပန်းချီနတ်ဘုရားနှစ်ယောက် မည်ကဲ့သို့ စတင်ရေးဆွဲမည်လဲ သိချင်သဖြင့် လိုက်လာကြသည်။
နတ်ဘုရင်လန်ဝူမှာလည်း ပိုမိုသိချင်လာသည်။ သူမက တိတ်ဆိတ်စွာ ရပ်ရင်း သူတို့ကို ကြည့်နေ၏။
ချင်မူနှင့် နားကန်းက သူတို့အရှေ့ရှိ အလှလေးကို ကြည့်ရင်း တိတ်ဆိတ်နေကြသည်။ ချင်မူ ပန်းချီစဆွဲတော့မည့်အချိန်တွင် သူ၏ပန်းချီက ဤအမျိုးသမီး၏အလှကို စွန်းထင်းသွားစေမည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူ စမဆွဲနိုင်တော့ပေ။
နားကန်းလည်း အလားတူပင်။
အဘွားစစ်နှင့် ဆေးဆရာမှာ တအံ့တဩ စုတ်သပ်မိလိုက်ကြသည်။ ဤပန်းချီနတ်ဘုရားနှစ်ယောက်ကား စုတ်တံကို ကိုင်လျက် ပန်းချီစမဆွဲနိုင်ဖြစ်နေချေပြီ။
“ဘာလို့ အဘွားစစ်ကို ရေးဆွဲနိုင်ပြီး နတ်ဘုရင်လန်ဝူကို ရေးဆွဲလို့မရမှန်း မင်း သိပြီလား”
နားကန်းသည် သက်ပြင်းချပြီး စုတ်တံကို ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်၏။ “အဘွားစစ်က လူသား... နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားပြီး သူ့အလှက ကဗျာစာပေနဲ့ ဖွဲ့ဆိုလို့ မကပေမယ့် ... သူ့ကျက်သရေကို ငါ စွန်းထင်းစေလို့ ရသေးတယ်... ဒါပေမဲ့ မင်း ခေါ်လာတဲ့ ဒီကလေးမက လူမဟုတ်ဘူး... သူ့ဆီမှာ လူသားခံစားချက်တွေ မရှိဘူး... ဒါပေမဲ့ ခံစားချက်မဲ့တာလည်း မဟုတ်ဘူး.. ဒါကြောင့် သူ့အလှကျက်သရေကို ငါ အမိအရ ဖမ်းဆုပ်ပြီး ပုံတူရေးဆွဲဖို့ ခက်နေတယ်... ဆေးဆရာ၊ မင့်မျက်နှာဖုံး ချွတ်လိုက်”
ဆေးဆရာမှာ နားကန်း၏စကားကြောင့် ကြောင်တောင်တောင် ဖြစ်သွားသော်လည်း သူ့မျက်နှာအား ဖုံးကွယ်ထားသည့် မျက်နှာဖုံးကို ချွတ်လိုက်သည်။
နားကန်းက နတ်ဘုရင်လန်ဝူ ဆေးဆရာအား ကြည့်လိုက်သည်ကို လှမ်းအကဲခတ်လိုက်၏။ ထို့နောက် ခေါင်းယမ်းလိုက်သည်။ “မိန်းမသားမှန်သမျှရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့ လူချောတစ်ယောက်ကတောင် ဒီနတ်ဘုရင်ရဲ့ ရင်ထဲမှာ ခံစားချက်တွေ ပေါက်ဖွားမလာစေနိုင်ဘူး.. ဒါကြောင့် ငါ ပန်းချီမဆွဲနိုင်တာ”
ချင်မူ စုတ်တံအား ချလိုက်သည်။ သူက နတ်ဘုရင်လန်ဝူ၏ အပြစ်ကင်းစင်လှသော မျက်ဝန်းများကို ကြည့်ကာ အတွေးထဲ နစ်မျောသွား၏။
နတ်ဘုရင်လန်ဝူက သူ့ကို တိတ်ဆိတ်အေးချမ်းစွာ ပြုံးသဖြင့် ချင်မူလည်း ပြန်ပြုံးပြလိုက်သည်။ ရုတ်တရက် သူ့ရင်ထဲတွင် စိတ်သက်သာရာရသွားသည်။
ကောင်းကင်ပန်းချီနတ်ဘုရားပင်လျှင် ဤအမျိုးသမီးကို ပန်းချီရေးခြယ်ရန် အခက်တွေ့နေသည်။ သူမက သူ့လို မဟုတ်သည် မဟုတ်ပါလော။ သူသည် နတ်ဘုရင်လန်ဝူနှင့် စတွေ့ကတည်းက သူမအလှထဲတွင် နစ်မျောသွားခဲ့၏။ ဤနတ်ဘုရားမ၏ နှလုံးသားထဲ၌ သံယောဇဉ်တွယ်တာသော ခံစားချက်များကင်းမဲ့နေမည်ဟု သူ မထင်ထားခဲ့ပေ။
ယွင်ချွီးရှို့သည် နတ်ဘုရင်လန်ဝူ၏ အသွင်အပြင်အပေါ် အခြေခံ၍ ဖန်ဆင်းထားသော ခန္ဓာကိုယ်တစ်ခု ဖြစ်သော်လည်း နားကန်း၏ သတိပေးချက်အရ... နတ်ဘုရင်လန်ဝူတွင် ခံစားချက်ခုနစ်မျိုးနှင့် အာရုံခြောက်ပါး မရှိကြောင်း သူ သဘောပေါက်လိုက်ရချေပြီ။
ယှဉ်ကြည့်သည့်အခါ အရှင်မယွမ်မု ဖန်တီးထားသော ယွင်ချွီးရှိ့က လူထူးဆန်းတစ်ယောက်နှင့် တူသည်။ ဖန်ဆင်းခံထားရသောလည်း လူ့သဘာဝ ရှိ၏။ ဆန့်ကျင်ဘက်၌ နတ်ဘုရင်လန်ဝူသည် မယိမ်းယိုင်မည့် နှလုံးသားဖြင့် အားလုံး၏ အထက်၌ ရပ်တည်နေသော နတ်ဘုရားမတစ်ပါး ဖြစ်နေသည်။
သူမတွင် နတ်ဘုရားသဘာဝသာ ရှိသည်။ လူ့သဘာဝ မရှိ။
သူမ၏အလှတရားကို တိတ်တိတ်ကလေး ခံစားရုံကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။
ချင်မူ နှလုံးသားထဲ၌ ပေါက်ဖွားလာခဲ့သည့် ခံစားချက်များကို ဖယ်ရှားကာ နတ်ဘုရင်လန်ဝူဆီသို့ ပြန်ကြည့်လိုက်သည်။ နောက်ဆုံး သူမကို သာမန်နှလုံးသား၊ သာမန်အမြင်ဖြင့် သူ မြင်နိုင်သွားချေပြီ။
“ခူးဆွတ်ထားတဲ့ လက်ထဲက အနီရောင်ပန်းပွင့်လေးကို ရှူရှိုက်ရင်း ရနံ့မှာ နစ်မျောသွားမိတယ်.. နောက်ပြန်လှည့်ကြည့်တော့ အရာအားလုံးဟာ နွေဦးအိပ်မက်လိုပဲ....”
ချင်မူ ပန်းချီစဆွဲသည်။ သူက ရှင်းလင်းကြည်လင်နေသော စိတ်နှလုံးဖြင့် သူ့အရှေ့ရှိ မိန်းမလှလေးအား အနုစိတ် ခြယ်မှုန်းနေသည်။
နားကန်း အံ့အားသင့်သွားသည်။ သူက ချင်မူ့ဘေး၌ ရပ်ကာ အသေချာ ကြည့်ရှုနေသည်။ ချင်မူ့ပန်းချီထဲရှိ မိန်းမလှသည် နတ်ဘုရင်လန်ဝူအစစ်နှင့် ယှဉ်လျှင် မှေးမှိန်နေ၏။ သို့သော် သူမက သက်ရှိလူသားတစ်ယောက်ပမာ အသက်ဝင်နေပြီး သူမမျက်ဝန်းများတွင် ချစ်ခြင်းမေတ္တာတို့ ပြည့်နှက်နေရာ တက်ကြွလန်းဆန်းသည့် အသွင်အပြင်ဖြင့် ဆွဲဆောင်မှု ရှိနေသည်။ သူမနှုတ်ခမ်းထောင့်လေးတွင် ရှက်ရွံ့မှုလေး ခိုတွဲနေသည်။
နားကန်းက လန်ဝူကို ပြန်မော့ကြည့်ကာ တွေးလိုက်မိသည်။ ‘မူက သူ့ကို ဆွဲနေတာမဟုတ်ဘူး.... သူချစ်တဲ့ မိန်းကလေးကို ဆွဲနေတာ’
နားကန်းလည်း ရင်ထဲတွင် တစ်စုံတစ်ခု ခံစားလိုက်ရပြီး စိတ်အခြေအနေကို ရှင်းလင်းသွားစေသည်။ ထို့နောက် စုတ်တံ မြှောက်ကာ စဆွဲတော့သည်။
သူက နတ်ဘုရားသဘာဝကို အသုံးချကာ နတ်ဘုရင်လန်ဝူ၏ နတ်ဘုရားသဘာဝကို ပုံဖော်နေလေသည်။