ကြောင် လုပွဲ
Vol. 78 Ch. 1020
ဧကရာဇ်ယန်ရှို့ မှင်သက်သွားသည်။ သူမက ခေါင်းယမ်းကာ ပြောလေသည်။ “နင် အစ်မတော်ချွီးရှို့အရှေ့မှာသာ ဒီလို ပြောလိုက်ရင် သေမိန့်ကျသွားလိမ့်မယ်”
သူမသည် ယွင်ချွီးရှို့၏သရုပ်မှန်ကို မသိသော်လည်း ကောင်းကင်နတ်ဘုံကို အုပ်စိုးနေသော လူစုထဲမှ တစ်ယောက် ဖြစ်သည်ကိုတော့ ခန့်မှန်းနိုင်၏။ အဘယ်ကြောင့်ဆိုသော် စွမ်းအင်အကူးအပြောင်းတံတား ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ကောင်းကင်နတ်ဘုံကို ဆက်သွယ်လိုက်သည့် နေတုန်းက အလျင်ထွက်လာခဲ့သူမှာ သူမ ဖြစ်ခဲ့၍ပင်။
ကောင်းကင်နတ်ဘုံတွင် စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း တည်ဆောက်နိုင်ရန် အာဏာရှိဖို့ လိုအပ်သည်။ ထိုအကြောင်းရင်းကြောင့်ပင် သွေးသောက်ညီအစ်မ ဖွဲ့ကြရအောင်ဟု ယွင်ချွီးရှို့ အကြံပြုသောအခါ သူမလညး် လက်ခံခဲ့ခြင်းပင်။
သူမသည် ဉာဏ်ကောင်းသူပီပီ ကောင်းကင်နတ်ဘုံတွင် ယွင်ချွီးရှို့၏ အဆင့်အတန်းက မြင့်မားမှန်း သိ၏။ သူမ၏ရည်ရွယ်ချက်များက မည်သို့ပင် ရှိစေကာမူ သဘောတူမှသာ ဖြစ်လိမ့်မည်။
ယင်းမှသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း ရှင်သန်နိုင်မည်။
အမှန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်နှင့် အတူတူ အလုပ်တွဲလုပ်နိုင်ခြင်းမှာ ယွင်ချွီးရှို့၏ဩဇာအာဏာကြောင့်လည်း ပါသည်။
“ယွင်ချွီးရှို့က ကောင်းကင်နတ်ဧကရီရဲ့ ညီမ၊ အရှင်ယွမ်မုဟ”
ချင်မူက ချဉ်းကပ်လာနေသော လျန်းဟွာဟွန်၊ ယွင်ချွီးရှို့နှင့် ကျန်ရှိသူများဆီသို့ ကြည့်ကာ အသိစိတ်အလျဉ်မှတစ်ဆင့် အသံပေးပို့လိုက်သည်။ “လျန်းဟွာဟွန်က ကောင်းကင်နတ်ဧကရီပဲ”
ဧကရာဇ်ယန်ရှို့ အံ့အားသင့်သွားသော်လည်း အံ့အားသင့်သွားကြောင်း မပြသပေ။ သူမက မေးသည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဘေးကင်းလုံခြုံမှုအတွက် သူတို့နှစ်ယောက်ကြား သွေးခွဲပေးလို့ရနိုင်လား”
“ရနိုင်ပေမယ့် သတိထားရမယ်.. သူတို့က ညီအစ်မဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် တည့်တာမဟုတ်ဘူး.. သူတို့နဲ့ သိပ်နီးလို့ မရသလို၊ ဝေးလို့လည်း မရဘူး”
ချင်မူက ထိုသို့ပြောပြီးသည်နှင့် တဟားဟား ရယ်မောရင်း ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်ဆီ လျှောက်သွားသည်။ စိတ်ထဲတွင် သူ ကြိတ်ငိုနေလေသည်။ ‘ယွင်ချွီးရှို့ကို အမိကမ္ဘာမြေလက်ထဲ ငါ ထည့်ခဲ့မိတယ်… အဲဒါနဲ့ ပတ်သက်ပြီး သူ ဘယ်လောက်နားပူနားဆာ လုပ်ဦးမလဲ မသိဘူး’
ယွင်ချွီးရှို့သည် ထိုအကြောင်းကို တစ်ခွန်းမဟဘဲ သူ့ကို ဆွဲခေါ်ပြီး သူတို့အားလုံး သွေးသောက်ညီအစ်မ ဖြစ်လာသည့်အကြောင်း ပြောပြနေ၏။ သူမက ပြုံးပျော်နေသည်။ “ငါ သေရင် သူတို့လည်း ငါနဲ့အတူ သေကြရမှာ သိလား… ဟုတ်တယ်နော် ဆရာချင်”
ချင်မူ မျက်ခုံးလှုပ်သွားတော့သည်။ ယွင်ချွီးရှို့ကား သူ့ကို ခြိမ်းခြောက်နေချေပြီ။ သူသာ သူမကို ထပ်လုပ်ကြံလျှင် သူမသည် လင်ယွိရှို့၊ ကုန်းစွန်းယန်နှင့် ကျန်ရှိသူများကိုလည်း သေရွာခေါ်သွားလိမ့်မည်။
သူမအနေဖြင့် ခန္ဓာကိုယ်အပွားတစ်ခုသာ ဆုံးရှုံးလိုက်ရမည်ဖြစ်သော်လည်း ချင်မူ၏ဆုံးရှုံးမှုကတော့ ကြီးမားချေသည်။
လင်ယွိရှို့က ဧကရာဇ်ယန်ဖုန်း၏ ပြုပြင်ပြောင်းမှုအတွက် ဆက်ခံသူ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ထောက်တိုင် ဖြစ်သည်။ ခေတ်ရေစီးကြောင်းနှင့်အတူ ရေလိုက်ငါးလိုက် နေတတ်သောကြောင့် ဧကရာဇ်ယန်ဖုန်းလို မဟုတ်ပေ။
သူမက အမျိုးသမီးဖြစ်နေ၍လည်း ကောင်းကင်နတ်ဘုံသည် သူမအား အရေးမလုပ်သလို၊ တန်ဖိုးလည်း မထားပေ။ ထို့ကြောင့် သိုသိုသိပ်သိပ်နေပြီး ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်နှင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲခြင်း ဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ကောင်းကင်နတ်ဘုံအား ဆက်သွယ်ရေးတည်ဆောက်ရာတွင် အားကိုးရသလို၊ အောင်လည်း အောင်မြင်ခဲ့သဖြင့် မျက်စိစပါးမွှေးစူးစရာလည်း မဖြစ်ခဲ့ပေ။
ဧကရာဇ်ယန်ဖုန်းက ဘုန်းတန်ခိုးကြီးမားသော ဘုရင်တစ်ပါး ဖြစ်ခဲ့သော်လည်း လင်ယွိရှို့၏ အခြေအနေလို ဖြစ်လာလျှင် အဆိုးဘက်သို့သာ ဦးတည်စေလိမ့်မည်။
အနည်းဆုံးတော့ ဧကရာဇ်ယန်ဖုန်းမှာ ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုနှင့် သွေးသောက်ညီအစ်မ ဖွဲ့ခဲ့မည်မဟုတ်ပေ။
ထို့အပြင် ကုန်းစွန်းယန်က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို စောင့်ရှောက်နေသော အမိကမ္ဘာမြေအသေးစားလေး ဖြစ်သည်။ သူမတွင် အလားအလာများစွာ ရှိသဖြင့် နောက်ကောက်မကျနိုင်ပေ။
‘ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာက မြန်မြန် ထွက်သွားမှာပဲ… ငါ ဒီမှာ ကြာကြာနေလေလေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အန္တရာယ်ပိုများလေလေ ဖြစ်မယ်’
ချင်မူ သူ့စိတ်ကို ငြိမ်အောင် ထိန်း၍ မိန်းကလေးများနှင့် စကားစမြည်ပြောနေသည်။ ည ရောက်လာသည့်အခါ သမ်းဝေပြီး ပင်ပန်းသည်ဆိုကာ အခန်းထဲပြန်လာ၏။
ညသန်းခေါင်တွင် ဧကရာဇ်ယန်ရှို့က သူ့ဆီ ရောက်လာပြီး နှစ်ယောက်သား ထွေရာလေးပါး ပြောဖြစ်ကြသည်။ မနက်ရောက်သော ဧကရာဇ်ယန်ရှို့ ထပြန်သွား၏။ သူမ နန်းတော်သို့ ပြန်ကြွသွားသည့်အချိန်တွင် ကြယ်တာရာများက ကောင်းကင်ထက်တွင် လင်းလက်တောက်ပလျက် ရှိသေးလေသည်။
ချင်မူ တိတ်ဆိတ်စွာ ထိုင်ကာ ပြုံးလိုက်သည်။ “တာအိုမိတ်ဆွေ၊ အပြင်မှာ အေးတယ်… အထဲလာပါလား.. တံခါးပိတ်မထားပါဘူး”
တံခါးမှ အလင်းတန်းတစ်တန်း ဝင်လာကာ ကြောင်ဖြူလေးအသွင် ပြောင်းသွားသည်။ ၎င်းသည် ချင်မူ့အရှေ့၌ ထိုင်၍ လူစကား ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်ဧကရာဇ်ရဲ့ရတနာကို ခိုးသွားတာနဲ့ ပတ်သက်ပြီး မင်း ကောင်းကင်နတ်အရှင်ဆယ်ယောက်ကို ညာရင် ညာလို့ ရမယ့်… ငါ့ကိုတော့ ညာမရဘူး.. အဲဒီဥခွံကို ငါ့ဆီပေးပါ… မင်းကို ထိခိုက်အောင် မလုပ်ဘဲ ငါ ထွက်သွားပေးမယ်”
ချင်မူ စပ်စုကြည့်လိုက်သည်။ “ခင်ဗျား ဒီကို ရောက်နေတာ ကောင်းကင်နတ်အရှင်ယန် သိလား”
ကြောင်ဖြူလေးက ပြန်ဖြေသည်။ “သိတာပေါ့… ငါလည်း သူ့အစား ဒီကို ရောက်လာတာပဲလေ… ငါတို့ကြားမှာ သုံးပေတောင် မရှိဘူး… ငါ့အတွက် မင်းကို သတ်ဖို့ အလွယ်လေးပဲ… ငါ့လက်သည်းတွေနဲ့ မင်းလည်မျိုကို ပိုင်းဖြတ်ပြီး ဘယ်သူမှ မသိအောင် မင်းရဲ့ မူလဝိညာဉ်ကို ဆွဲထုတ်လိုက်လို့ ရတယ်… ပြီးတာနဲ့ ရတနာကို ငါ ပြန်ယူလိုက်ရုံပဲ… အဲဒီလိုမဖြစ်စေချင်ရင် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကို ငါ့ဆီပေး… အားလုံး အေးအေးဆေးဆေး ပြီးသွားစေရမယ်… ရတနာ ရတာနဲ့ ငါ ထွက်သွားပေးမယ်”
ချင်မူ ပြုံးလိုက်သည်။ “နတ်အရှင်မယန်က ခင်ဗျားကို ရှောင်ချီလို့ ခေါ်တာ ကြားတယ်… ကျွန်တော် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ တာအိုမိတ်ဆွေ”
ကြောင်က အမြီးကို ယမ်းကာ အလေးအနက် ပြောသည်။ “အချိန်ဆွဲနေတာလား ကောင်းကင်နတ်အရှင်မူ၊ ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံးကို လေ့လာပြီးပြီ… ဒီက ဘယ်သူမှ ငါ့ပြိုင်ဘက်မဟုတ်ဘူး… ယန်အာကတော့ ဟုတ်ရင်ဟုတ်မယ်… ဒါပေမဲ့ မင်းရဲ့မိတ်ဆွေတွေကို ခေါ်ရင်တောင် ငါ အကုန်လုံး သတ်ပစ်နိုင်တယ်… အဲဒီအချိန်ဆို မင်းကတော့ သေနလောက်ပြီ”
ချင်မူ အေးအေးလူလူ ပြောလိုက်၏။ “ဒါဆို ဒီက အမျိုးသမီးနှစ်ယောက်က ကောင်းကင်နတ်အရှင်တွေမှန်း သိလား”
ကြောင်လေး၏ အမြီးပေါ်ရှိ အမွှေးများ ထောင်မတ်သွားပြီး မာန်ဖီသံများ ထွက်လာ၏။
သူကား ချင်မူ့ကို ခြောက်လှန့်နေခြင်းမဟုတ်ပေ။ ချင်မူ ပြောလိုက်သည့်စကားကြောင့် အလိုလို ကြောက်ရွံ့သွားသော တုံ့ပြန်မှုသာ ဖြစ်သည်။
ချင်မူက ပြုံး၍ ပြောလေသည်။ “ခင်ဗျားက ကောင်းကင်နတ်အရှင်နှစ်ယောက် စောင့်ကြည့်နေတဲ့အချိန်မှာတောင် ဝင်လာရဲတာဆိုတော့ နတ်အရှင်မယန်ကို တော်တော်သစ္စာရှိတာပဲနော်… တကယ်တော့ ကောင်းကင်နတ်အရှင်က နှစ်ယောက်မကဘူး… ကောင်းကင်နတ်အရှင်ရှောင်ကလည်း စောင့်ကြည့်နေတယ်… ခင်ဗျား ကောင်းကင်နတ်ဧကရာဇ်ရဲ့ အလောင်းကို ယူပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နန်းစိုက်မြို့တော်အပြင် ထွက်တာနဲ့ သေရလိမ့်မယ်… ယုံလား”
ကြောင်လေး၏အမွှေးများသည် တစ်ဖြောင့်တည်း ထောင်နေ၏။ ၎င်းက အက်ကွဲကွဲ ပြောသည်။ “လိမ်နေတာ”
ချင်မူမှာ အေးအေးလူလူပင်။ “ယွင်ချွီးရှို့က အရှင်မယွမ်မု၊ လျန်းဟွာဟွန်က ကောင်းကင်နတ်ဧကရီ…. ကျွန်တော်က ခင်ဗျားကို ဘာအတွက် လိမ်ရမှာလဲ… ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံက ကျွန်တော့် တတိယမျက်လုံးထဲမှာ ရှိတယ်… ခင်ဗျား မယုံရင် ကျွန်တော့်မျက်လုံးကို ထုတ်ပေးမယ်လေ… ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ခင်ဗျား အသက်ရှင်ရက် ထွက်သွားနိုင်မလား ကြည့်ပေါ့ဗျာ”
သူက တတိယမျက်လုံးကို ထုတ်ကာ ကြောင်ဖြူလေးဆီ ပေးလိုက်သည်။
ကြောင်လေးသည် ၎င်းအား စိုက်ကြည့်ရင်း လက်ဖဝါးအား ဖြည်းဖြည်းချင်း မြှောက်ကာ တွန့်ဆုတ်နေ၏။ တစ်ချိန်တည်းမှာပင် လင်းကြက်ဖ တွန်သံ ထွက်ပေါ်လာပြီး အရှေ့မှ နေထွက်လာသည်။
ကြောင်လေးက အံတင်းတင်းကြိတ်၍ မျက်လုံးကို ယူကာ ထွက်သွားလေသည်။
ချင်မူ ပြုံးလိုက်မိသည်။ သူ၏တတိယမျက်လုံးအစစ်က မျက်ခုံးနှစ်ဖက်ကြားတွင် ရှိနေဆဲပင်။ ကြောင်လေး ယူသွားသော မျက်လုံးမှာ သူ၏အသိစိတ်အလျဉ်ဖြင့် မြင်ယောင်ဖန်ဆင်းထားသော မျက်လုံးသာ ဖြစ်သည်။
ကြောင်လေးသည် ချင်မူ့အခန်းထဲမှ ခိုးကြောင်ခိုးဝှက် ထွက်ကာ ပတ်ဝန်းကျင်ကို ကြည့်၏။ မည်သူမျှ မရှိလျှင် တံတိုင်းပေါ် လွှားခနဲ ခုန်တက်ပြီးနောက် တံတိုင်းတစ်ခုဆီမှ တစ်ခုသို့ ခုန်သွားရင်း မြို့တော်ထဲမှ ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ယွင်ချွီးရှို့က မြင်းမြီးယပ်တစ်ချောင်း ကိုင်လျက် ကြောင်လေးနောက် လိုက်သွားသည်။ ကြောင်ဖြူလေးမှာ နောက်မှ လူလိုက်လာသလို ခံစားလိုက်ရသဖြင့် နောက်လှည့်ကြည့်လိုက်သော်လည်း ယွင်ချွီးရှို့၏ အသူရာချောက်နက်ဖြင့် လွှမ်းခြုံခံလိုက်ရကာ ပျောက်ကွယ်သွား၏။ ကြောင်လေးက သူမကို မမြင်လိုက်ပေ။
ယွင်ချွီးရှို့က ကြောင်ဖြူလေးနောက်မှ တိတ်တဆိတ်လိုက်နေသည်။ သို့သော် သူမအနောက်၌ တစ်ယောက်ယောက် ရှိနေကြောင်း ခံစားလိုက်ရ၍ နောက်ကြည့်လိုက်ရာ မည်သူ့ကိုမှ မမြင်ရပေ။
ယွင်ချွီးရှို့လည်း ပြန်လှည့်ပြီး ကြောင်လေးနောက် ဆက်လိုက်သွားသည်။
ပန်းပွင့်တစ်ပွင့်က လေလယ်တွင် ပွင့်လာပြီး လျန်းဟွာဟွန်က ပန်းပွင့်ထက်၌ ထိုင်လျက် သူတို့ မြို့ထဲမှ ထွက်သွားနေသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။
ဧကရာဇ်အတိုင်ပင်ခံ၏ အိမ်တော်ထဲတွင် ချင်မူ အားလုံးကို နှိုးလိုက်သည်။ သူက ကုန်းစွန်းယန်အတွက် ကမ္ဘာဦးရေကြည်ပုလင်းများ ထုတ်ပေးပြီး ပြောလိုက်သည်။ “ယန်အာ၊ ဒါက ကမ္ဘာဦးရေကြည်ပုလင်းတွေပဲ… အမိကမ္ဘာမြေက ဒီအရည်ကို အားထားပြီး သိုင်းအဆင့်တွေ မြင့်တက်လာခဲ့တာ…. မမကြီးအတွက် အများကြီး အသုံးဝင်လိမ့်မယ်… ဒါပေမဲ့ အလွန်အကျူးတော့ မလုပ်နဲ့… တစ်ကြိမ်ကို တစ်စက်ပဲသုံး… အမိကမ္ဘာမြေ လာခိုးမှာကိုလည်း သတိထားနော်”
ယန်အာက လက်ခံပြီး ပြောသည်။ “သတိထားပါ့မယ်”
ချင်မူ တုထျန်းမိစ္ဆာဘုရင်ကို ခေါ်၍ စာတစ်စောင်ပေးကာ မှာသည်။ “တုထျန်း၊ ကျွန်တော် ခင်ဗျားအတွက် ကောင်းကင်နဂါးသုံးကောင် ပေးလိုက်မယ်… ဒီစာကို ယူပြီး လီမြစ်တက္ကသိုလ်က ယွီကျောက်ချင်းဆီ သွားတွေ့ပါ…. သူ့ကို ဒီစာပေးပြီး ကောင်းကင်ငှက်မွှေးကမ္ဘာကို ပြန်သိမ်းဖို့ ခင်ဗျားကို ကျွန်တော် လွှတ်လိုက်တဲ့အကြောင်း ပြောလိုက်ပါ”
သူက ကောင်းကင်နဂါးသုံးယောက်ကို ရထားလှည်းမှာ ဖြုတ်ပေးပြီး အမိန့်ပေးလိုက်၏။ “တုထျန်းနောက် လိုက်သွားပြီး သူ့ကို စောင့်ရှောက်ပေးပါ”
နဂါးသုံးကောင်သည် မြေပြင်တွင် လှိမ့်၍ ကျောက်စိမ်းမြို့တော်အဆင့် နတ်ဘုရားသုံးပါး ဖြစ်လာ၏။ သူတို့က ရင်ဘတ်ပေါ် လက်သီးတင်၍ ဦးညွှတ်အရိုအသေပေးသည်။ “မှန်လှပါ… ကောင်းကင်နတ်အရှင်”
တုထျန်းမိစ္ဆာဘုရင်၏ အမူအရာ ပြောင်းလဲသွားကာ အလျင်အမြန် မေးလိုက်သည်။ “ဂိုဏ်းသခင်၊ ကျွန်တော် ကောင်းကင်နဂါးတွေ ပြောင်းလို့ရလား”
နဂါးနတ်ဘုရားသုံးပါးမှာ သူ့ကြာပွတ်စာ မိထားသော နဂါးများ ဖြစ်သောကြောင့် တုထျန်း မျက်ခုံးလှုပ်နေသည်။ တစ်ကောင်ဆိုလျှင် သူ့ကြောင့် အနာရဆုံး ဖြစ်လေသည်။
“အဲဒီအတွက် အချိန်မရှိဘူး”
ချင်မူက ရထားလှည်းပေါ် ခုန်တက်ကာ အော်လိုက်သည်။ “ဖက်တီးနဂါး၊ မင်းက လှည်းမောင်း၊ ယန်အာ၊ သတိအနေအထားပြင်… ငါတို့ အခု သွားရမယ်… အခုမှ မသွားရင် ဟိုကဝေမလေးနှစ်ကောင် ပြန်လာလိမ့်မယ်”
နတ်ဘုရင်လန်ဝူလည်း ရထားလှည်းပေါ် တက်လာ၏။ သူမက ကန့်လန့်ကာစများ ချကာ ထိုင်လိုက်သည်။
ကုန်းစွန်းယန်မှာ သူတို့ အလျင်စလို ထွက်သွားနေသည့်အကြောင်းရင်းအား နားမလည်သဖြင့် အနည်းငယ် စိတ်ပျက်သွားသည်။ ချင်မူက နှစ်သိမ့်သည်။ “နောက်ကျ ကျွန်တော် ဇာမဏီငှက်တွေ ရှာလာပြီး မမကြီးအတွက် ငှက်သိုက်တွေ ဆောက်ပေးပါ့မယ်”
ကုန်းစွန်းယန်က ရထားလှည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲမှ ထွက်သွားသည်ကို ပျော်ရွှင်စွာ လှမ်းကြည့်နေတော့သည်။
မြို့တော်သည် မနက်ပိုင်းဖြစ်၍ သိပ်မစည်ကားသေးသော်လည်း လမ်းဘေးဆိုင်များမှာ မနက်စာအတွက် ပြင်ဆင်နေကြပြီဖြစ်သည်။ တချို့က နှမ်းဖြူထားသော ဘိန်းမုန့်များ ဖုတ်နေကြပြီး တချို့က ခေါက်ဆွဲပြုတ်နေကြသည်။ ပေါက်စီဗန်းများမှ အငွေ့တထောင်းထောင်း ထနေပြီး ဆန်ပြုတ်နံ့များလည်း သင်းပျံ့နေ၏။
ရထားလှည်းမှာ လမ်းမထက်ရှိ ဈေးဆိုင်များမှဘေးမှ အလျင်စလို ဖြတ်မောင်းသွားရာ အားလုံး စိတ်ဝင်တစား ဖြစ်သွားကြသည်။
ရုတ်တရက် ချင်မူ့အသံက လှည်းထဲမှ ထွက်လာသည်။ “ရပ်လိုက်”
နဂါးချီလင်လည်း အလျင်အမြန် ရပ်လိုက်၏။ ချင်မူက ပြောသည်။ “မမကြီးယန်အာ၊ ပဲနို့နည်းနည်းလောက် သွားဝယ်ပေးပါ… ကျွန်တော် ပဲနို့မသောက်ရတာ ကြာပြီ” သူက ယန်အာ့ကို တဖုန်းကြေးပြားတချို့ ပေးလိုက်သည်။
ယန်အာက ပျံတက်သွားပြီး မိန်းကလေးတစ်ယောက်အသွင် ပြောင်း၍ မြေပြင်ပေါ် ဆင်းသက်ကာ လမ်းဘေးဆိုင်တစ်ဆိုင်မှ ပဲနို့တချို့ ဝယ်သည်။ သူမက လှည့်ကြည့်ကာ မေးလေသည်။ “ပေါက်စီတွေလည်း ရှိတယ်… စားဦးမလား သခင်လေး”
ချင်မူလည်း ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ “စားကြတာပေါ့… ဒီကမုန့်တွေ စားဖူးလား မမကြီးနတ်ဘုရင်… ဒီနေ့က အဲဒီလို စားသင့်တဲ့ နေ့ကောင်းနေ့မြတ်လေးပဲ”
နတ်ဘုရင်လန်ဝူမှာ နားမလည်နိုင်ဖြစ်နေသည်။ “စောစောက နင် စောစောမထွက်သွားနိုင်မှာ ကြောက်လို့ လောနေတာ မဟုတ်လား.. ဘာလို့ အခုမှ ရပ်လိုက်တာလာလဲ”
ချင်မူက ရှင်းပြသည်။ “အိမ်က မုန့်တွေနဲ့ ဝေးနေတာ ငါးနှစ်ရှိပြီလေ…. စားကို စားရဖို့ ရပ်မှ ဖြစ်မယ်”
နတ်ဘုရင်လန်ဝူက တွေးကြည့်ပြီးနောက် ခေါင်းယမ်း၏။ ထိုကဲ့သို့ ထူးဆန်းသော ခံစားချက်များအား သူမ နားမလည်ပေ။
ယန်အာက ပဲနို့တချို့ ဝယ်လာပြီး ပြောသည်။ “ပိုင်ရှင်က ငါ့ကို သူ့ဆိုင်တောင် ပေးချင်နေတာ သိလား… အများကြီးလည်း အလကားကျွေးလိုက်တယ်”
ချင်မူ ပြုံးလိုက်မိသည်။ “မြန်မြန်သွားစို့ ဖက်တီးနဂါး”
ရထားလှည်းက မြို့တော်အပြင် ထွက်သွားသည်။ ချင်မူက ပျံသန်းခိုင်းမည့်အစား လမ်းမအတိုင်းသာ မောင်းခိုင်းသည်။ သူက ပေါက်စီစားရင်း အပြင်ကို စောင့်ကြည့်နေ၏။
ရုတ်တရက် အနောက်အရပ်မှ ကြောက်မက်ဖွယ်ရာ တုန်ခါသံကြီး ဖြစ်ပေါ်လာသည်။ ချင်မူမှာ လက်များတုန်နေ၍ ပေါက်စီပြုတ်ကျသွားသော်လည်း ဝမ်းသာအားရ ပြုံးပျော်နေသည်။ “နတ်အရှင်မယန်ရဲံ ကြောင်တော့ သေလောက်ပြီထင်တယ်”
အနောက်ဘက်ရှိ စွမ်းအင်အကူးအပြောင်းတံတားအနားတွင် ကြောင်ဖြူလေးသည် တံတားဆီသို့ အားကုန်ပြေးနေ၏။ ရုတ်တရက် လက်ကြီးတစ်ဖက်က တံတားထဲမှ ထွက်လာကာ ၎င်းကို ဖမ်းလေသည်။
ကြောင်လေးမှာ ကျောရိုးတစ်လျှောက် စိမ့်အေးသွားသည်။ သူက မရှောင်နိုင်တော့သည်နှင့် ရှေ့သို့ လှိမ့်၍ ချောမောလှပသော နတ်စစ်သူကြီးအသွင် ပြောင်းလိုက်သည်။ ထို့နောက် လှံတစ်လက် ထုတ်ကာ တံတားထဲမှ ထွက်လာသည့် လက်ကြီးဆီသို့ ထိုးစိုက်လိုက်၏။ လှံကို ခပ်သာသာလှုပ်လိုက်သည့်အခါ မရေမတွက်နိုင်သော လှံထိပ်များ ထွက်လာ၏။
နောက်တစ်ခဏတွင် လှံ ပေါက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် လက်ကြီးက သူ့ကို နောက်မှ လှမ်းဆွဲလိုက်သည်။
နတ်စစ်သူကြီးမှာ အော်ဟစ်လိုက်ရပြီး ခန္ဓာကိုယ်ကို လှုပ်ရှာကာ ကြောင်ဖြူလေးအသွင် ပြန်ပြောင်းသွားသည်။ သူ့လည်ဂုတ်အား နောက်မှ ဆွဲကိုင်ထားသောကြောင့် သူ့ခြေလက်များမှာ လျော့တိလျော့ရဲ ကျနေပြီး မလှုပ်နိုင်တော့ပေ။
“ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံ ဘယ်မှာလဲ” လက်ပိုင်ရှင်က အဝေး၌ ရှိနေပုံရသော်လည်း အသံက စွမ်းအင်အကူးအပြောင်းတံတား နောက်တစ်စင်းဆီမှ လာနေသည်။
ကမ္ဘာဦးဘုံ၏ အလယ်၌ ရှိသော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် တံတားဆီသို့ လက်ဖြင့် လှမ်းတောက်လိုက်၏။ စွမ်းအင်အကူးအပြောင်းတံတားမှာ ပေါက်ကွဲသွားပြီးနောက် ကြောင်ဖြူလေးကို ဖမ်းဆုပ်ထားသော လက်မှာ ဟန်ချက်ပျက်သွားသည်။
တစ်ချိန်တည်းမှာပင် ဧရာမဝဲကြီးတစ်ဝဲ ကမ္ဘာဦးဘုံ၏ ကောင်းကင်ထဲတွင် ပေါ်လာသည်။ ခံ့ညားထည်ဝါသော နတ်ဘုရားတစ်ပါးက ကောင်းကင်ထက်မှ ဆင်းသက်လာကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမယူနိုင်ခင် ကြောင်ဖြူလေးကို ဆွဲခေါ်သွား၏။
နောက်ဝဲဂယက်တစ်ခု ပေါ်လာပြီး နတ်ဘုရားနောက်တစ်ပါးက ကြောင်လေးကို ယူသွားသည့် နတ်ဘုရား၏ ဦးခေါင်းဆီသို့ လှမ်းဖမ်းဆုပ်သည်။ “ငါ့ကြောင် ပြန်ပေး”
တစ်ချိန်တည်းမှာပင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကမ္ဘာဦးသစ်ပင်ကို ယူ၍ နတ်ဘုရားနှစ်ပါးဆီသို့ လှမ်းရိုက်လိုက်သည်။
ကြောင်မှာ ဟိုလူ့လက်ထဲ၊ သည်လူ့လက်ထဲ ရောက်နေသဖြင့် ကြောက်လန့်တုန်ရီနေလေသည်။
ယခုတွင် ကောင်းကင်နတ်အရှင်လေးယောက်က သူ့ကို လုနေကြသဖြင့် အချိန်မရွေး အသေဆိုးနှင့် သေသွားနိုင်သည်မဟုတ်ပါလော။
ရထားလှည်းထဲတွင် ယန်အာသည် ပန်းကန်လုံးကို ချင်မူ့နှုတ်ခမ်းနား တေ့ပေး၏။ ချင်မူက ကောင်းကင်ထဲရှိ စစ်ပွဲကို ကြည့်ရင်း ပဲနို့သောက်နေသည်။ သူက သက်ပြင်းချရင်း စိတ်မကောင်းဖြစ်နေပုံရ၏။
“ဘာတွေ မျက်မှောင်ကြုတ်နေတာလဲ သခင်လေး” ယန်အာက စပ်စုလေသည်။
ချင်မူ ပဲနို့သောက်ပြီး သက်ပြင်းချမိ၏။ “ကျွန်တော် လှည့်ကွက်တွေနဲ့ အကြံအစည်တွေ မိုင်ကုန်ထုတ်ပြီး ကောင်းကင်နတ်အရှင်ဆယ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်အောင် လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး… တကယ့်တကယ် ကြောင်ဖြူလေးတစ်ကောင်နဲ့ သူတို့အချင်းချင်း တိုက်ခိုက်အောင် လုပ်ရုံပဲတဲ့လေ”