သွေးသောက်ညီအစ်မများ
Vol. 78 Ch. 1018
သူ၏တောင်းဆိုမှုက အနည်းငယ် အရှက်မဲ့ရာ ကျနေသောကြောင့် ချင်မူမှာ မဝံ့မရဲ ဖြစ်နေသည်။
“တလောတုန်းက ထော့ကျိုးတစ်ကောင် သင်္ချိုင်းဂူတွေ ဖောက်ပြီး ငါ့ဆီ အလောင်းမိစ္ဆာတွေ လှမ်းပို့ခဲ့သေးတယ်... သူတို့နဲ့ နတ်ဘုရားတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကတစ်ဆင့် ငါ ဆေးပညာကို အပြည့်အဝ နားလည်နေပါပြီ.... ကောင်းကင်ရတနာကို သုတေသန လုပ်နေတာလည်း ပြီးသွားလို့ တခြားသူတွေ ကောင်းကင်ရတနာ ဖွင့်နိုင်အောင် လမ်းပြပေးနိုင်နေပြီ... ဒါပေမဲ့ ဆေးလမ်းစဉ်ကို ရှာမတွေ့သေးဘူးကွာ”
ဆေးဆရာသည် ပျင်းရိပျင်းတွဲ ပြော၏။ “ငါ ဦးနှောက် ဒါမှမဟုတ် နှလုံးသားကို ပြောင်းလဲပေးနိုင်တယ်.... ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်းဆောင်တွေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး ကောင်းကင်ရတနာတွေ၊ ကောင်းကင်နန်းဆောင်တွေကိုလည်း ကျောက်ကပ်၊ အသည်းနှလုံးတွေ အစားထိုးသလို လဲလှယ်ပေးနိုင်တယ်... ဒါပေမဲ့ ဆေးလမ်းစဉ်ကိုတော့ တစ်ခါမှ မတွေ့သေးဘူး... အဲဒီလို အရာမျိုး တကယ်မရှိဘူး ထင်ပါရဲ့”
ချင်မူက လေးနက်တည်ကြည်စွာ ပြောသည်။ “ပလိပ်ရောဂါတွေကနေ လူသားတွေကို ကယ်တင်ပြီး မဖျားနာမှုတွေကို လျှော့ပေးတဲ့ သမားတော်တစ်ယောက် ဖြစ်ရတာက ဆေးလမ်းစဉ် မဟုတ်ဘူးလား”
ဆေးဆရာမှာ ဒေါသများဖြင့် ရယ်လိုက်မိသည်။ “ခွေးသူတောင်းစားလေး၊ မင်းက ဆေးလမ်းစဉ် ငါ ရှာတွေ့မယ်တွက်ထားပေမယ့် ငါက မင်းကို မျှော်လင့်ထားတာကွ.... မင်းပဲ ငါ့ကို အရင်ကယ်တင်လိုက်ပါလား... ငါ မင်းကို ဒီလောက်ထိ ဒုက္ခခံပြီး ပြုစုပျိုးထောင်ပေးခဲ့ရတာမဟုတ်လား... ဒီတော့ မင်းက ငါ အသက်ကြီးလာရင် ငါ့အတွက် ဧကရာဇ်အဆင့်ကျင့်စဉ်တွေ ဖွင့်လှစ်ပေးရင် ကျေးဇူးဆပ်ပေါ့... ငါတို့ကို ကျေဇူးဆပ်ဖို့ ကြိုးကြိုးစားစား ကျင့်ကြံမယ့်အစား လမ်းလာဖောက်ခိုင်းနေတယ် ဘယ်လိုဟာလေးလည်း”
ချင်မူ ရှက်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဘိုးဘိုးဆေးဆရာက အသက်မကြီးသေးပါဘူး... နတ်ဘုရားတွေ မိစ္ဆာတွေနဲ့ယှဉ်ရင် ငယ်ငယ်လေး ရှိသေးတာကို... ပြောရရင် အသက်မွေး၀မ်းကြောင်းပညာတစ်ခုစီတိုင်းမှာ ဆိုင်ရာဆိုင်ရာ သုတေသနတွေ လုပ်ရသလိုပေါ့ဗျာ... ဘိုးဘိုးရဲ့ ဆေးပညာနဲ့ အဆိပ်ပညာက အကောင်းဆုံးလေ... ကျောက်စိမ်းမျက်နှာအဆိပ်ဘုရင်ဆိုတဲ့ ဘွဲ့ကလည်း ပေါ့သေးသေးမှ မဟုတ်တာ... ကျွန်တော်က နံပါတ်နှစ်လေဗျာ... ဒီအခွင့်အရေးအတွက် ဘိုးဘိုးကို ယှဉ်ပြီး သမိုင်းမှာ ဘယ်လိုလုပ် မှတ်တိုင်စိုက်ထူနိုင်မှာတုန်း”
ဆေးဆရာက သူပြောသည့် သမိုင်းတွင် မှတ်တိုင် စိုက်ထူမည်ဟူသော စကားကို ကြားလျှင် ရင်ထဲထိသွား၏။ “ငါ ရုပ်ခန္ဓာတည်ဆောက်ပုံတွေကို အဆုံးအစွန်အထိ လေ့လာခဲ့ပေမယ့် ချီစွမ်းအင်လှည့်ပတ်မှု ပါ၀င်တဲ့ မူလဝိညာဉ်တွေကိုတော့ အပြည့်အစုံ မဖြေရှင်းနိုင်သေးဘူး.... ချီစွမ်းအင်က မူလဝိညာဉ်ရဲ့ ရုပ်ခန္ဓာမှာ လှည့်ပတ်တယ်.. အဲ့ဒီရဲ့လှည့်ပတ်တွေရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ရင်တော့ ဆေးလမ်းစဉ်ကိုလည်း နားလည်သွားလိမ့်မယ်”
ချင်မူ့စကားတွင် မည်သူ့ကိုမဆို စိတ်အားတက်ကြွသွားစေနိုင်သော အားအင် ကိန်းဝပ်နေသည်။ “ဘိုးဘိုးဆေးဆရာ၊ လမ်းဆိုတာ လူသားတွေကပဲ ဖောက်တာ... ပန်းချီလမ်း မရှိခဲ့ပေမယ့် ဘိုးဘိုးနားကန်းက ထွက်လာအောင် လုပ်ပြီး အဲ့လမ်းရဲ့ ဆရာသခင် ဖြစ်လာခဲ့တယ်... ဓားလမ်း မရှိခဲ့ပေမယ့် ခိုင်ဧကရာဇ်က လမ်းတစ်လမ်း ဖန်တီးပြီး ကောင်းကင်နတ်အရှင်တွေနဲ့အတူ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခဲ့တယ်... ဘိုးဘိုးဆေးဆရာလည်း ဆေးလမ်းကို ဖောက်ပြီး အတော်ဆုံးတစ်ယောက် ဖြစ်လာနိုင်ပါတယ်... ဘိုးဘိုးရဲ့ ဇာတ်လမ်းက ဒဏ္ဍာရီတစ်ပုဒ်တောင် ဖြစ်လာနိုင်သေးတယ်”
ဆေးဆရာမှာ သူ့စကားကြောင့် စိတ်အားတက်ကြွလာသော်လည်း တခဏကြာ တွေးကြည့်ပြီးသော် ပြောသည်။ “ဒါပေမဲ့ မူလဝိညာဉ်နဲ့ ချီစွမ်းအင်ကို နားလည်ဖို့ အပြင် အသိစိတ်အလျဉ်ကိုလည်း နားလည်ဖို့ လိုသေးတယ်... ခက်လွန်းတယ် ခက်လွန်းတယ်... ထော့ကျိုးက ငါ့ကို အလောင်းမိစ္ဆာအများကြီး လာပေးခဲ့လို့ သူတို့ဆီကနေ ကောင်းကင်ရတနာတွေနဲ့ ရုပ်ခန္ဓာတွေအကြောင်း နားလည်ခဲ့ပေမယ့် .... သူတို့မှာ မူလဝိညာဉ်နဲ့ အသိစိတ်အလျဉ် မရှိဘူးလေ...”
“နှိပ်စပ်ခံရတဲ့ အချိန်မှာတောင် ဘယ်တော့မှ မသေနိုင်မယ့် အစမ်းသပ်ခံ လိုလား” ချင်မူ သွေးတိုးစမ်းကြည့်လိုက်၏။
ဆေးဆရာ ခေါင်းညိတ်မိသည်။ “ငါလည်း တွေးမိပါတယ်ကွာ.... အကောင်းဆုံးတစ်ယောက်က ရှင်းအန်းပဲ... သူက နှိပ်စက်ဒဏ် ခံနိုင်ပေမယ့် သူ့အသိစိတ်အလျဉ်အဆင့်ကကျ အားနည်းနေတယ်”
သူက ရှုကျွင်းဆီ ကြည့်သည်။
ချင်မူလည်း ရှုကျွင်းဆီ ကြည့်သည်။
ရှုကျွင်းမှာ လှုပ်ကုလားထိုင်တွင် ရေနွေးကြမ်းခွက်လေး ကိုင်လျက် မျက်နှာမှာ ဇီးရွက်လောက်သာ ရှိတော့သည်။
“သူ့ဝိညာဉ်က အားနည်းလွန်းတယ်”
ဆေးဆရာက ခေါင်းယမ်းသည်။ “သူ့ကို ငါ နှစ်ကြိမ် အဆိပ်ခတ်ပြီးပြီ... သူ့ဝိညာဉ်လည်း ထွက်သွားခဲ့တယ်လေ”
ရှုကျွင်းမှာ ကျေးဇူးတင်လွန်း၍ ငိုကြွေးမိလိုက်ပြီး မျက်ရည်များသည် ရေနွေးကြမ်းခွက်ထဲ ကျသွား၏။
ချင်မူ ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့ ... ဘိုးဘိုးဆေးဆရာ၊ ကျွန်တော့်ရဲ့ ကောင်းကင်နတ်ဆိုးဖန်ဆင်းကျင့်စဉ်က ဘွားဘွား သင်ပေးထားတဲ့ကျင့်စဉ်.... ဘွားဘွားသာ ရှိရင် သူ့ဝိညာဉ် ထွက်မသွားဘူး စိတ်ချ”
ရှုကျွင်းသည် ချင်မူ့အား အစိမ်းလိုက်စားတော့မလို ကြည့်၏၊။
ချင်မူက သူ့ကို မသိကျေးကျွံ ပြုကာ ဆေးဆရာအား ဆက်လက်ဖျောင်းဖျနေသည်။ “စဉ်းစားကြည့်ဗျာ ဘိုးဘိုးဆေးဆရာ... အခုမှ ကောင်းကင်ရတနာတွေနဲ့ မူလဝိညာဉ်ကို စတင်ကျင့်ကြံနေတဲ့ သန်မာအားကောင်းတဲ့ ဖန်ဆင်းရှင်တစ်ယောက်ကို ဘယ်မှာ ရှာတွေ့မှာလဲ... သူ့အသိစိတ်အလျဉ်က ကျွန်တော့်နီးနီး အားကောင်းတဲ့အပြင် ရုပ်ခန္ဓာမှာလည်း အသက်ဓာတ်တွေ ပြည့်နေတယ်... ဝိညာဉ်ကတည်း တဖြည်းဖြည်း သန်မာလာနေပါပြီ”
ဆေးဆရာ၏ ကြေးမျက်နှာဖုံးအနောက်ရှိ မျက်လုံးများ တောက်ပသထက် တောက်ပလာပြီး သူက ရှုကျွင်းဆီ ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
ရှုကျွင်းမှာ တုန်ရီသွားကာ အက်ကွဲကွဲ မေးတော့၏။ “ငါ့ရုပ်ခန္ဓာက အခုထိ မသန်မာသေးပါဘူးဟ... မင်း မေ့သွားတာလား.... သောက်ကျိုးနည်း မင်းကြောင့် ငါ နှစ်ကြိမ် သေခဲ့ရသေးတယ်လေကွာ”
ဆေးဆရာက ခပ်တည်တည်ဖြင့် ပြောသည်။ “နတ်ဘုရင်၊ မင်းက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖွင့်ထားပေမယ့် ကျန်တဲ့ခြောက်ခုကို မဖွင့်ရသေးတယ်... ငါ့ရဲ့ ရုပ်ခန္ဓာပျော့ပျောင်းစေနည်း မပါဘဲ မင်း အဲဒါတွေကို ဖွင့်နိုင်ဖို့ အိပ်မက်ပဲ မက်နေရလိမ့်မယ်... မင်း ဒီနေ့ မူအာနဲ့အတူ ပြန်လိုက်သွားရင်တောင် ငါ့ဆီက အကူအညီတောင်းဖို့ ပြန်လာရဦးမှာပဲ”
ရှုကျွင်းတစ်ယောက် သိသိသာသာ စိတ်ညစ်သွားသည်။ သူ့မှာ မချင့်မရဲဖြင့် ခေါင်းညိတ်လိုက်ရလေသည်။
ဆေးဆရာ ပျော်ရွှင်သွားကာ ချင်မူ့ဘက် လှည့်ကြည့်သည်။ “ဆေးလမ်းစဉ်မှာ အတော်ဆုံး၊ ဒဏ္ဍာရီတစ်ပုဒ် ဟုတ်လား”
“ဟုတ်တာပေါ့” ချင်မူ ခေါင်းညိတ်လိုက်၏။
ဆေးဆရာမှာ သက်ပြင်းရှုကြီးချကာ ရှုကျွင်းကို ကြည့်သည်။ သူကား သားကောင်ကို ကြည့်နေသည့်အလား စိတ်တိုင်းကျနေ၏။
ချင်မူ အဘွားစစ်အား သွားရှာသည်။ “ဘွားဘွား၊ ငယ်ငယ်ရွယ်ရွယ်မှာ မကြိုးစားရင် အသက်ကြီးမှ ငိုနေလို့ အလကားပဲတဲ့...”
အဘွားစစ်က ချင်မူ့ကို ဆော်ပလော်တီးထည့်လိုက်လေသည်။ သူမသည် “အသက်ကြီးသည်” ဆိုသော စကားကို ဆတ်ဆတ်အထိမခံနိုင်သဖြင့် ချင်မူ့နားရွက်ကို လိမ်ဆွဲရင်း ထုရိုက်နေ၏။
ဆေးဆရာနှင့် နားကန်းမှာ သူတို့နှစ်ယောက်ကို ကြည့်ရင်း တဟားဟား ရယ်နေကြတော့သည်။
ချင်မူ ထွက်သွားသည့်အခါ အဘွားစစ်၏မျက်ဝန်းများ နီရဲနေသည်။ ရထားလှည်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့်အချိန်တွင်ပင် သူမမှာ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ထဲသို့ ပြန်မဝင်နိုင်သေးပေ။
ရထားလှည်းသည် မြစ်သင်္ချိုင်းတက္ကသိုလ်သို့ မောင်းနှင်သွားပြီး ချင်မူက ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့အား ရှာသော်လည်း မတွေ့ရပေ။ သူတို့ ဘယ်ဆီရောက်၍ ဘယ်ပျောက်နေမှန်း မသိသဖြင့် မြို့တော်သို့သာ ဦးတည်လိုက်ရသည်။
မြို့တော်တွင် ရွာလူကြီးနှင့် တွေ့၏။ နားကန်းနှင့် ရွှေအက နန်းတွင်းကောလိပ်၌ သူ့ကို စောင့်နေကြသည်။ ရွာလူကြီးသည် သူ့ကို နာနာလေး ဆုံးမမည်ဟု ကြိမ်းဝါးထားသော်လည်း ချင်မူ ကောင်းကင်နတ်ဘုံတွင် မြင်ခဲ့၊ ကြားခဲ့ရသည်များအား ကြားသည့်အခါ သက်ပြင်းတဟင်းဟင်းသာ ချနိုင်တော့၏။
“ခိုင်ဧကရာဇ် ဒီကနေ ဖြတ်သွားပြီပြီပေါ့”
ချင်မူမှာ တအံ့တဩဖြင့် မေးမိ၏။ “သူ့ကို လမ်းမှာ မတွေ့မိပါဘူး... အခု ဘယ်ရောက်နေတဲ့လဲ”
“ငါလည်း မသိဘူး.. သူက ငါ့ကို နှစ်ဆယ်ချက်မြောက် ဓားကွက်သင်ပေးခဲ့တာပဲ... ကြည့်ရတာ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိနေတုန်း ဆယ့်ငါးချက်မြောက်ကနေ ဆယ့်ကိုးချက်မြောက်အထိ လေ့လာထားခဲ့ပုံရတယ်”
ရွာလူကြီးက စိတ်လှုပ်ရှားစွာ ပြောနေသည်။ “သူနဲ့ တွေ့ရဖို့က ငါ့တစ်ဘဝလုံး အိပ်မက်မက်နေခဲ့တဲ့ ဆန္ဒကွာ... နောက်ဆုံးတော့ သူနဲ့ တွေ့ရပြီမလို့ သေပျော်တယ် မူအာရေ... ငါ မင်းကို နှစ်ဆယ်ချက်မြောက် ဓားကွက်သင်ပေးမယ်... မြို့တော်မှာ နည်းနည်းလောက် နေသွားဦး”
ချင်မူလည်း တွေဝေနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ဖက်တီးနဂါး၊ နတ်ဘုရင်ကို ငါ့အိမ်တော်မှာ တည်းဖို့ ခေါ်သွားပေးလိုက်.... တုထျန်းလည်း အဲဒီကို လိုက်သွားလို့ရတယ်”
နဂါးချီလင်က သူတို့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲရှိ အရန်နန်းတော်ဆီ ခေါ်သွားသည်။ အရန်နန်းတော်သည် စိမ့်းစိုအံ့ဆိုင်းနေသော ကမ္ဘာဦးသစ်ပင်ကြီးတစ်ပင်ဖြင့် ခမ်းနားထည်ဝါနေပြီး သစ်ပင်ဆီမှ အလင်းတန်းတို့က မြို့တော်ကို ကာကွယ်စောင့်ရှောက်လျက် ဖြာဆင်းနေကြ၏။ ထို့ကြောင့် မြို့တော်မှာ အတော်လေး ခံ့ညားလှပနေတော့သည်။
ဧကရာဇ်ယန်ရှို့သည် ဤနန်းတော်ကို ဧကရာဇ်အတိုင်ပင်ခံအိမ်တော်ဟု ချီးမြှင့်ထား၏။ သူမက မကြာခဏ လူလွှတ်၍ သန့်ရှင်းရေးလုပ်ခိုင်းတတ်ပြီး အိမ်တော်ထဲတွင် ဧကရာဇ်ယန်ရှို့နှင့် အတော်လေး ရင်းနှီးသော ကုန်းစွန်းယန်ဆိုသည့် အမျိုးသမီးတစ်ယောက် နေထိုင်သည်။
ရံဖန်ရံခါ ဟူလင်းအာနှင့် စစ်ယွင်ရှန်းလည်း ရက်ပိုင်းခန့် လာနေတတ်သည်။
နဂါးချီလင် ချင်မူ၏ ဧကရာဇ်အတိုင်ပင်ခံအိမ်တော်သို့ ရောက်လာသည့်အခါ အမျိုးသမီးသုံးယောက်နှင့်အတူ ရေနွေးကြမ်းသုံးဆောင်နေသော ကုန်းစွန်းယန်အား မြင်လိုက်ရသည်။ ချက်ချင်းပင် သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားတော့သည်။
တုထျန်းမိစ္ဆာဘုရင်လည်း အံ့အားသင့်သွားသည်။ အမျိုးသမီးလေးယောက်ထဲက တစ်ယောက်သည် နတ်ဘုရင်လန်ဝူနှင့် ချွတ်စွပ်တူ၏။ မတူသည့်အရာဟူ၍ အ၀တ်အစားသာ ရှိလေသည်။ ထိုသူက ယွင်ချွီးရှို့မှလွဲ၍ တခြားမဟုတ်ပေ။
ယွင်ချွီးရှို့သည် မြင်းမြီးယပ်နှစ်ဖက် ကိုင်ထားပြီး အလွန်တက်ကြွနေ၏။ နောက်တစ်ယောက်က လျန်းဟွာဟွန်ပင်။
နဂါးချီလင် တွေးလိုက်မိသည်။ ‘အရှင်မယွမ်မုက ယွင်ချွီးရှို့နောက်တစ်ယောက် ဖန်ဆင်းလိုက်ပြန်လိုက်တာလား...’
“သခင်လေး ပြန်ရောက်လာပြီလား” ကုန်းစွန်းယန်မှာ နဂါးချီလင်ကို မြင်လျှင် ၀မ်းသာသွားသည်။ သူမက အပြေးအလွှား ထွက်လာသော်လည်း ချင်မူ့ကို မမြင်ပေ။
ယန်အာက အစိမ်းရောင်စာကလေး အသွင်ပြောင်း၍ ကမ္ဘာဦးသစ်ပင်ထက် ပျံတက်သွားကာ သူမ၏အသိုက်ကို လိုက်ရှာသည်။ တွေ့လျှင် အသိုက်ထဲ၌ ပျော်ပျော်ရွှင်ရွှင် ထိုင်ချပြီးနောက် မီးလျှံအနည်းငယ် မှုတ်ထုတ်လိုက်သည်။ အသိုက်နွေးသွားသည့်အခါ သူမက ဇိမ်ပြေနပြေဖြင့် တရေးအိပ်နေလေသည်။
ဧကရာဇ်ယန်ရှို့လည်း ရောက်လာကာ ဟိုကြည့်သည်ကြည့် ကြည့်သည်။ ချင်မူ့ကို မတွေ့လျှင် သူမက မေးသည်။ “ဖက်တီးနဂါး၊ ဧကရာဇ်အတိုင်ပင်ခံ ဘယ်မှာလဲ”
“နန်းတွင်းကောလိပ်မှာ ကျန်ခဲ့တယ်”
နဂါးချီလင်က အသိုက်ပေါ် မော့ကြည့်ကာ ပြောသည်။ “ဧကရာဇ်၊ ဂိုဏ်းသခင်က နှစ်ဆယ်ချက်မြောက် ဓားကွက်ကို လေ့လာနေတာပါ... လေ့လာပြီးသွားရင် လိုက်လာလိမ့်မယ်... ဒါနဲ့ ယွင်ကျန်းလီကို သိလား”
ဧကရာဇ်ယန်ရှို့ မှင်သက်သွားသည်။ “ယွင်အိုက်ချင်းကို ပြောတာလား.. အမြင့်စံ အရာရှိယွင်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သင်္ဘောကျင်းကို စစ်ဆေးဖို့ တောင်ပိုင်းဆီ ထွက်သွားတယ်... ဘယ်တော့ပြန်လာမလဲ မပြောတတ်ဘူး”
နဂါးချီလင်က ပြောသည်။ “ဧကရာဇ်၊ ယွင်ကျန်းလီနဲ့ တွေ့ရင် သူ့ကို ဆင့်ခေါ်ပေးလို့ရမလား... ယွင်ကျန်းလီက အဲ့ဒီအမျိုးသမီးရဲ့ အစ်ကိုတော်ပဲ”
ဧကရာဇ်ယန်ရှို့သည် ယွင်ချွီးရှို့ထံ ကြည့်ကာ ပြုံးလိုက်၏။ “အစ်မတော်ယွင်ချွီးရှို့က အမြင့်စံ အရာရှိယွင်ရဲ့ ညီမတော်လား.... ငါတို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မျိုးရိုးမတူတဲ့ သွေးသောက်ညီအစ်မတွေ လုပ်ခဲ့တာကြလေ... တိုက်ဆိုင်လိုက်တာနော်”
‘အရှင်မယွမ်မုနဲ့ မျိုးရိုးမတူ သွေးသောက်ညီအစ်မ ဖွဲ့ခဲ့တယ်တဲ့လား’
နဂါးချီလင်မှာ သူ့ခေါင်းကြီး သုံးဆကြီးသွားသလို ခံစားလိုက်ရသည်။ ထိုသူကား ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲက တစ်ယောက်၊ အရှင်မယွမ်မု မဟုတ်လော။
‘မဖြစ်တော့ဘူး... ဂိုဏ်းသခင်ကို သွားခေါ်ရမယ်’
နဂါးချီလင်က ကုန်းစွန်းယန်၏ အသိုက်ကို မော့ကြည့်ပြီး မနာလို ဖြစ်နေသည်။ ‘အဲဒီထဲသာ သွားပုန်းနိုင်လို့ကတော့’
နတ်ဘုရင်လန်ဝူက ရှေ့တက်လာပြီးနောက် အမျိုးသမီးများဆီ ကြည့်ကာ ပြုံးလိုက်သည်။ “ဧကရာဇ်က ညီမလေးချွီးရှို့နဲ့ သွေးသောက်ညီအစ်မ ဖွဲ့လိုက်တာလား... ညီမလေးလျန်းနဲ့ ညီမလေးယန်အာကရော... ဒီလို တိုက်ဆိုင်တဲ့ နေ့မျိုးဆိုတာ ရှားတယ်နော်... တို့ အတူတူ သွေးသောက်ညီအစ်မတွေ လုပ်လိုက်ကြတာ မကောင်းဘူးလား”
သူမ၏အဟန့်အထည်က လျန်းဟွာဟွန်ထက်ပင် ခံ့ညားတင့်တယ်သဖြင့် ဧကရာဇ်ယန်ရှို့မှာ သူမကိုလည်း လေးစားမိသွားသည်။ ယန်ရှို့က ပြုံးလိုက်လေသည်။ “အစ်မတော်က အစ်မတော်ချွီးရှို့နဲ့ ချွတ်စွပ်တူနေတော့ အမြွှာညီမအစ်မတွေများ ဖြစ်နေမလား တွေးနေတာ... အခု သူနဲ့ သွေးသောက်ညီအစ်မဖွဲ့မယ်ဆိုတော့ မဟုတ်ဘူးထင်ပါတယ်... ဒီကမ္ဘာပေါ်မှာ ချွတ်စွပ်တူတဲ့ ပန်းနှစ်ပွင့် တကယ် ရှိတာလား မသိဘူးနော်”
နတ်ဘုရင်လန်ဝူ၏ မျက်ဝန်းများ တောက်ပသွားသည်။ “ရှိကောင်း ရှိမှာပေါ့လေ.... တို့အကြံကို ဘယ်လိုသဘောရကြလဲ”
ယွင်ချွီးရှို့သည် လက်ခုပ်တီးကာ အကြံကောင်းသည်ဟု ထောက်ခံ၏။ လျန်းဟွာဟွန်မှာ တွန့်ဆုတ်နေသော်လည်း ခေါင်းညိတ်၏။
ယန်အာလည်း အားတက်သရောဖြင့် အသိုက်ထဲမှ ဆင်းလာကာ သူမတို့နှင့် သွေးသောက်ညီအစ်မ ဖွဲ့ချင်ကြောင်း ပူဆာသည်။
နဂါးချီလင်မှာ သူမကို ကပျာကယာ လှမ်းဆွဲပြီး ခပ်တိုးတိုး ပြောလိုက်ရသည်။ “လိုက်ပြီး ပျော်မနေနဲ့ မမလေးရဲ့... ဒီကိစ္စကြီးက ချိန်ကိုက်ဗုံးကြီးလိုပဲ”
“ဘာလို့တုန်း” ယန်အာက နားမလည်ပေ။
သို့သော် သူမသည် နဂါးချီလင်၏ စကားကို နားထောင်ပြီး နဂါးချီလင်၏ ခေါင်းပေါ်တွင် ရပ်ကာ မိန်းကလေးငါးယောက် မျိုးရိုးမတူသော သွေးသောက်ညီအစ်မဖွဲ့၍ အရက်အား ရေနွေးကြမ်း မော့သောက်လိုက်ကြသည်ကို ရပ်နေ၏။
ယွင်ချွီးရှို့က ရယ်မောလျက် ပြောသည်။ “အားလုံးပဲ သစ္စာဆိုကြရအောင်... ငါတို့ဟာ တစ်ရက်တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းမှာ မွေးတာ မဟုတ်ပေမယ့် တစ်ရက်တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းမှာ အတူသေဖို့ ကျိန်ဆိုကြမယ်... ဘယ်လိုလဲ”
နဂါးချီလင် ခေါင်းကိုက်လာတော့သည်။ ‘ဂိုဏ်းသခင်ရေ၊ မြန်မြန်ပြန်လာပါတော့... ဒါကြီးက ခန့်မှန်းလို့တောင် မရတော့ဘူး... ယွင်ကျန်းလီ၊ ခင်ဗျားလည်း ဘယ်ရောက်နေတုန်းဗျာ’
နန်းတွင်းကောလိပ်တွင် ချင်မူက ရွာလူကြီးဆီမှ နှစ်ဆယ်ချက်မြောက် ဓားကွက်ကို သင်သည်။ သူ ခိုင်ဧကရာဇ်နှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက နှစ်ယောက်စလုံး ဒဏ်ရာရခဲ့၏။ ချင်မူမှာ ဒဏ်ရခဲ့သော်လည်း ယုံကြည်ချက်ရှိပြီး သန်မာနေပုံပေါက်ရန်သာ ဂရုစိုက်ခဲ့သောကြောင့် ခိုင်ဧကရာဇ်ဆီမှ နှစ်ဆယ်ချက်မြောက် ဓားကွက်အာ မသင်ခဲ့ရပေ။
ဓားလမ်းစဉ်တွင် ရွာလူကြီး၏ သိုင်းအဆင့်သည် အတိုင်းထက်အလွန် မြင့်မား၏။ ခိုင်ဧကရာဇ် သူ့ကို ထိုဓားကွက် သင်ပေးခဲ့ရသည့် အကြောင်းရင်းက သပ်သပ်ရှိသည်။ ခိုင်ဧကရာဇ်က ရွာလူကြီးကို အသုံးချကာ ချင်မူ့ကို တစ်ဆင့်ပြန်သင်စေချင်ခြင်း ဖြစ်၏။ ချင်မူက ဆယ့်ရှစ်ချက်မြောက်နှင့် ဆယ့်ကိုးချက်မြောက် ဓားကွက်များကို တီထွင်ခဲ့သဖြင့် ခိုင်ဧကရာဇ်အနေဖြင့် နှစ်ဆယ်ချက်မြောက် ဓားကွက် ဖန်တီးနိုင်ရန် ချင်မူ့အား အားကိုးခဲ့ရသည်မဟုတ်ပါလော။
ချင်မူမှာ သင်ကြားပြီး တွေးခေါ်ရာတွင်သာ အာရုံရောက်နေသောကြောင့် သူ့အိမ်တော်တွင် အမျိုးသမီးငါးယောက် သွေးသောက်ညီအစ်မ ဖွဲ့နေသည့် အဖြစ်အပျက်အား မသိလိုက်ပေ။ စက္ကူဖြူပမာ ရိုးသားဖြူစင်လှသော ကုန်းစွန်းယန်မှအပ ထိုငါးယောက်တွင် အကြံကိုယ်စီ ရှိထားကြ၏။