"ခင်ဗျားရှုံးသွားပြီ"
Vol. 39 Ch. 606
"ဟမ်..." ခရွန်ကန့်သည် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှပြန်ပြောခြင်းမရှိပေ။
ဟေဇယ်-ဘန့်ခ်သည်လည်း နှာခေါင်းရှုံ့လိုက်သည်။ သူ၏ စွမ်းအားအမြင့်ဆုံးအချိန်တွင် ဟေဇယ်-ဘန့်ခ်သည် မဟာဘုရားကျောင်းနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့သူတစ်ယောက်ဖြစ်သည်။ သူ၏စွမ်းအားများဆုံးရှုံးခဲ့သော်လည်း ဖှေး၏ ကုသခြင်းကိုခံယူပြီးသည့် နောက်တွင် သူ၏စွမ်းအားများကို လျှင်မနြ်စွာပင် ပြန်လည်ရရှိလာနေခဲ့သည်။ ရလဒ်အနေဖြင့် သူ၏မျက်လုံးထဲတွင် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် မာထောင်လွှားနေသည့်လူတစ်ယောက်သာဖြစ်နေသောကြောင့် ပြန်ဖြေလိုသည့်ဆန္ဒမရှိပေ။
ဖှေးသူ၏ပခုံးများကို တွန့်ပြလိုက်ပြီး ဘာမှပြန်ဖြေခြင်းမရှိပေ။ သူသည် ကောင်းကင်နန်းတော်အကြောင်းကို ဤလူအားပြောပြလိုခြင်းမရှိပေ။
"မင်းတို့ကောင်တွေကမပြောချင်ဘူးဆိုတော့ မင်းတို့ကို မပြောပြောအောင်လုပ်ရတော့မှာပေါ့..." ထိုလျို့၀ှက်သည့်မှော်ဆရာသည် ရယ်မောကာဖှေးအားကြည့်လိုက်၏။
အားအနည်းဆုံးလူအား အနိုင်ယူရန်ပို၍လွယ်ကူသည့်အတွက်ပင်။
သူပြောနေရင်းဖြင့် သူ၏ ၀ိဉာဥ်စွမ်းအင်တိမ်တိုက်များသည် ဆူးအပ်များအဖြစ်သို့ သိပ်သည်းသွားကြ၏။ ထိုဆူးအပ်များသည် ဖှေး၏ နားထင်များနှင့် နားပေါက်တို့ကို အညှာတာကင်းမဲ့စွာပင် ချိန်ရွယ်ထားလျှက်ရှိကြသည်။
ဤလျို့၀ှက်သည့်မှော်ဆရာသည် ရက်စက်သည့်၀ိဉာဥ်စွမ်းအား ပညာရပ်တစ်ခုကို သင်ယူထားသည်မှာ ထင်ရှားလှသည်။ ရန်သူ၏ ခေါင်းထဲသို့ ၀ိဉာဥ်စွမ်းအားဖြင့် ထိုးဖောက်ကာ သူတို့၏မှတ်ဉာဏ်များကို ရှာဖွေသည့်သိုင်းကွက်တစ်ခုပင်။ ဤနည်းလမ်းသည် ရှာဖွေခံရသူ၏ အသိစိတ်ကိုပါ ဖျက်ဆီးပစ်သည့်အတွက်ကြောင့် ရက်စက်ကြမ်းကြုတ်လှသည်။ ပါရမီရှင်များပင် ထိုကဲ့သို့ ပြုလုပ်ခြင်းခံရပါက ဉာဏ်ရည်မမှီသူများအဖြစ်သို့ ပြောင်းလဲသွားနိုင်၏။
ဟေဇယ်-ဘန့်ခ်သည် ရုတ်တရက်ပင် တစ်စုံတစ်ရာကိုအာရုံခံလိုက်မိပြီး ထိတ်လန့်သွား၏။ သူသည် ဒေါသဖြင့် အော်ဟစ်လိုက်ပြီး သူ၏မကောင်းဆိုး၀ါးစွမ်းအင်များကို ထုတ်လွှတ်ရန်အတွက် ပြင်လိုက်၏။ သူ၏သရုပ်မှန်ပေါ်သွားစေကာမူ သူသည် ချမ်းဘော့ဒ်ဘုရင်အား ကယ်ဆယ်ရမည်ဖြစ်သည်။ သို့သော် သူထိုကဲ့သို့ ပြုလုပ်တော့မည့်အချိန်တွင် ဖှေးသည် သူ့အား ယုံကြည်ချက်ရှိသည့်အပြုံးတစ်ခုဖြင့် ခေါင်းရမ်းပြနေသည်ကို မြင်တွေ့လိုက်ရသည်။ ဟေဇယ်-ဘန့်ခ် အံ့သြသွားသည်။ သို့သော်လည်း သူ၏ စိတ်ကိုထိန်းကာ ၀င်မပါပဲ စောင့်ကြည့်ရန်သာဆုံးဖြတ်လိုက်၏။
တိတ်ဆိတ်ပြီး မြင်နိုင်ခြင်းမရှိသည့် တိုက်ပွဲတစ်ခုစတင်ဖြစ်ပွားတော့၏။
ထိုလျို့၀ှက်သည့်မှော်ဆရာသည် သူ၏၀ိဉာဥ်စွမ်းအားကို အသုံးပြုလိုက်လျှင်လိုက်ခြင်းပင် ဖှေးအာရုံခံမိလိုက်သည်။ အံ့သြခြင်းအပြင် ဘုရင်၏ ယှဥ်ပြိုင်လိုသည့်အကျင့်မှာ နိုးထလာ၏။
ဖှေး၀ိဉာဥ်စွမ်းအားကို စတင်ကျင့်ကြံခဲ့သည့်အချိန်ကတည်းက ဤလောကတွင်သူ့အား ယှဥ်ပြိုင်နိုင်သည့် ရန်သူတစ်ယောက်ကိုမှမတွေ့ဖူးခဲ့သေးသည့်အတွက်ပင်။ ဤအဖြူရောင်၀တ်ရုံနှင့် လျို့၀ှက်သည့်မှော်ဆရာသည်လည်း ၀ိဉာဥ်စွမ်းအားကျင့်ကြံကြောင်းကို သိလိုက်သည့်အချိန်တွင် မည်သူကပို၍ အစွမ်းထက်ကြောင်းကို ဘုရင်မှစမ်းသပ်လိုနေ၏။
၀ိဉာဥ်စွမ်းအင်တိုက်ပွဲသည် တိတ်ဆိတ်ကာမြင်နိုင်စွမ်းမရှိပေ။ တိုက်ခိုက်သံများနှင့် မီးပွားစများကိုလည်း မြင်တွေ့ရခြင်းမရှိပဲ မြင်ကွင်းသည်ပုံမှန်အတိုင်းသာ တည်ငြိမ်နေ၏။ သို့သော်လည်း ဤတိုက်ပွဲသည် များစွာပို၍ အန္တရာယ်များပြားလှသည်။ ဤတိုက်ပွဲထဲတွင်ရှိနေသည့် စွမ်းအားများသည် တောင်များကိုပင် ပြိုလဲသွားစေနိုင်သည့်အတွက်ပင်။
ဖှေးနှင့် ဤလျို့၀ှက်သည့်မှော်ဆရာတို့၏ ဘေးပတ်ပတ်လည်တွင် ဆံပင်အပြာရောင်နှင့်လူ၊ ဂျက်အင်ပါယာမှ တော်၀င်သိုင်းဆရာနှင့် ကျန်ရှိနေသည့် စွမ်းအားမြင့်သိုင်းဆရာများသည်လည်း ဤတိုက်ပွဲကိုအာရုံခံလိုက်မိပြီး သူတို့၏မျက်နှာများပေါ်တွင် ထူးဆန်းသည့်အမူယာများရှိနေကြ၏။
သို့သော် ဖာရင်တန်၊ မိုဒေါ့တ်နှင့် မဟာဘုရားကျောင်းမှလူများကဲ့သို့သော စွမ်းအားသိပ်မမြင့်သေးသူများသည် ဘာဖြစ်နေသည်ကို မသိကြပေ။ သို့သော် စွမ်းအားမြင့်သိုင်းဆရာများ၏ မျက်နှာပေါ်မှ ထူးဆန်းသည့်အမူယာများကို မြင်သည့်အချိန်တွင် သူတို့မသိသည့် တိုက်ပွဲတစ်ခုဖြစ်ပွားနေသည်ကို ရိပ်လိုက်မိ၏။
လူများအားလုံးထဲတွင် လျို့၀ှက်သည့်မှော်ဆရာသည်အံ့သြဆုံးဖြစ်နေ၏။
တိုက်ပွဲစတင်သည့်အချိန်တွင် သူသည် ဖှေးအား ရန်သူတစ်ယောက်ဟုပင်သက်မှတ်ခြင်းမရှိပေ။ ပထမဆုံးအနေဖြင့် ဖှေးသည် သူ့ထက်များစွာပို၍ အားနည်း၏။ ထို့အပြင် မှော်ဆရာများသည် သိုင်းဆရာများထက်ပို၍ အားကောင်းသည့်၀ိဉာဥ်စွမ်းအားရှိကြပြီး ပို၍ကျွမ်းကျွမ်းကျင်ကျင်ထိန်းချုပ်နိုင်ကြသည်။ ထို့ကြောင့် သိုင်းဆရာတစ်ယောက်သည် မှော်ဆရာတစ်ယောက်နှင့် ၀ိဉာဥ်စွမ်းအားယှဥ်ပြိုင်တိုက်ခိုက်ခြင်းကြောင့် အိမ်မက်ဆိုးတစ်ခုဖြစ်လာနိုင်၏။
မကြာမှီတွင် ထိုမှော်ဆရာသည် သူအာရုံခံလိုက်မိသည့်အရာကြောင့် တုန်လှုပ်သွားတော့သည်။
သူ၏ ၀ိဉာဥ်စွမ်းအားဆူးချွန်များသည် ရန်သူအား လုံး၀ပင်ထိခိုက်အောင်ပြုလုပ်နိုင်ခြင်းမရှိသည်ကို သတိထားလိုက်မိသည့်အတွက်ကြောင့်ပင်။ ပုံမှန်အားဖြင့် သူသည် ရန်သူများကို လွယ်ကူစွာပင်ဖျက်ဆီးပစ်နိုင်မည်ဖြစ်ပြီး တစ်ခြားလူများကို ဖိခြေရခြင်းမှရရှိလာတတ်သည့် ကျေနပ်ဖွယ်ခံစားချက်သည် ယခုအချိန်တွင် သူ့ထံသို့ ရောက်ရှိလာခြင်းမရှိတော့ပေ။
သူဂုဏ်ယူရသည့် ၀ိဉာဥ်စွမ်းအားဆူးချွန်များသည် ချမ်းဘော့ဒ်ဘုရင်၏ အနီးဆယ်မီတာခန့်ကိုပင်ရောက်ရှိသွားနိုင်ခြင်းမရှိခဲ့ပေ။ သူ၏ခေါင်းကို ထိုးဖောက်၍ မှတ်ဉာဏ်များကို ယူဆောင်ရန်မှာမဖြစ်နိုင်သလောက်ပင်။
သူထိတ်လန့်အံ့သြနေရင်းဖြင့် ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တစ်ခုသည် ဤမှော်ဆရာ၏ မျက်လုံဂများထဲတွင် ပေါ်လာပြီး သူ၏ ၀ိဉာဥ်စွမ်းအားများအားလုံးကို ထုတ်လွှတ်၍ ဖှေးအားအညှာတာကင်းမဲ့စွာဖြင့် တိုက်ခိုက်တော့သည်။
ဖှေး အလွန်ပင်သတိထားနေရ၏။
ဤသည်မှာ သူ့အတွက် ပထမဆုံးအနေဖြင့် သူ့ထက်စွမ်းအားမြင့်မားသည့်လူတစ်ယောက်နှင့် ၀ိဉာဥ်စွမ်းအားခြင်းယှဥ်ပြိုင်ကာ တိုက်ခိုက်ဖူးခြင်းပင်။ အစပိုင်းတွင် သူသည် ခုခံရန်ကိုသာ အာရုံစိုက်နေပြီး သူ၏ရန်သူအတွက် အခွင့်ရေးပေါ်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် တန်ပြန်တိုက်ခိုက်ခြင်းကို မပြုလုပ်ရဲသေးပေ။
တဖြည်းဖြည်းဖြင့် ဤမှော်ဆရာသည် သူ့အား အန္တရာယ်မပေးနိုင်သည်ကို ဘုရင်သိလိုက်ရ၏။ သူစိတ်အေးသွားရင်းဖြင့် စတင်၍ ဂရုတစိုက်လေ့လာသုံးသပ်တော့သည်။ မကြာမှီတွင် သူသည်အရာများစွာကို သတိထားမိသွား၏။
ဤလျို့၀ှက်သည့်မှော်ဆရာသည် သူ၏၀ိဉာဥ်စွမ်းအားများကိုနှစ်ဆခန့်တင်လိုက်ခြင်းပင်ဖြစ်ပြီး ပင်လယ်ပြင်ကဲ့သို့ပင်ကျယ်ပြန့်နေ၏။
သို့သော် ဖှေး၏ ၀ိဉာဥ်စွမ်းအားသည် ပို၍ သိပ်သည်းကာ ခိုင်မာနေသည်။
အကယ်၍ ထိုမှော်ဆရာ၏ ၀ိဉာဏ်စွမ်းအားသည် ပင်လယ်ကဲ့သို့ဆိုပါက ဖှေး၏ ၀ိဉာဥ်စွမ်းအားသည်အလွန်ကျစ်လစ်မာကြောသည့် သံမဏိချောင်းတစ်ခုလိုပင်။ တစ်ဖက်သည် ပမာနများပြား၍ ကျန်တစ်ဖက်သည် သိပ်သည်းဆများပြားသည့်အတွက်ကြောင့် အနိုင်ရရှိသူကို အချိန်တိုအတွင်းတွင် ဆုံးဖြတ်ရန်မှာခဲယဥ်းလှ၏။
၀ိဉာဥ်စွမ်းအားတိုက်ပွဲကြာြမင့်လာပါက သူတို့နှစ်ယောက်လုံးအတွက် အန္တရာယ်ဖြစ်လာနိုင်သည်ကို နှစ်ယောက်လုံးသိရှိသော်လည်း မည်သူမှအလျှော့ပေးလိုခြင်းမရှိကြပေ။
ဤမှော်ဆရာသည် ဖှေးအားသတ်ဖြတ်ရန်အတွက် ဆုံးဖြတ်ထားပြီး ဖှေးသည်လည်း မှော်ဆရာအသုံးပြုသည့် သိုင်းကွက်ကို ခိုးယူလိုသည့်အတွက် အရေးနိမ့်ချင်ယောင်ဆောင်နေ၏။
ခရမ်းရောင်စာအုပ်ထဲတွင်ပါရှိသည့် ကျင့်စဥ်များနှင့် လေ့ကျင့်ထားသည့်အတွက်ကြောင့် ဖှေး၏ ၀ိဉာဥ္စ်စွမ်းအားသည် သန့်စင်ကာ သိပ်သည်းနေ၏။ သို့သော် ၀ိဉာဥ်စွမ်းအားကို မည်ကဲ့သို့ ထိန်းချုပ်ကာအသုံးပြုရမည်ကို ခရမ်းရောင်စာအုပ်ထဲတွင်ဖော်ပြထားခြင်းမရှိသည့်အတွက်ကြောင့် ဖှေးသည် ဤအပိုင်းတွင်အာနည်းသည်ဟုဆိုရမည်ဖြစ်သည်။ ဒေါ်လာပေါင်းဘီလီယံနှင့်ချီကာပိုင်ဆိုင်ထားသော်လည်း မည်ကဲ့သို့အသုံးပြုရမည်ကို မသိသည့်လူတစ်ယောက်ကဲ့သို့ပင်။ သူ့အတွက် လက်တွေ့အတွေ့ကြုံရရှိရန်မှာ ရှားပါးသည့်အခွင့်ရေးပင်။ ယခုအချိန်တွင် ဤမှော်ဆရာသည် သူ၏ ၀ိဉာဥ်စွမ်းအားကို ထိန်းချုပ်တိုက်ခိုက်ရာတွင် ကျွမ်းကျင်သည့်အတွက်ကြောင့် ဖှေးသည် သူ့ထံမှ တစ်ဖက်လှည့်ဖြင့် လေ့လာသင်ယူနေခြင်းပင်။
မကြာမှီတွင် ဖှေးတစ်စုံတစ်ရာကို နားလည်သွား၏။
မိနစ်အနည်းငယ်ခန့်ကြာသည့်အချိန်တွင် သူ၏ရန်သူကို အောင်မြင်စွာတုပ၍ ၀ိဉာဥ်စွမ်းအားဆူးချွန်တစ်ချို့ကို ဖန်တီးလိုက်နိုင်၏။ ဆူးချွန်ပမာနနည်းပါးပြီး အရွယ်စားသည်လည်း ငါးဆခန့်ပို၍သေးငယ်သော်လည်းဖှေး၏ ဆူးချွန်များသည် များစွာပို၍ ကျစ်လစ်ကာချွန်ထက်နေသည်။ ဖှေး၏ရန်သူသည် ပို၍များပြားသည့်၀ိဉာဥ်စွမ်းအားများကို ပိုင်ဆိုင်ထားသော်လည်း ဖှေး၏ တိုက်ခိုက်မှုများကို ကာရံနိင်ခြင်းမရှိပေ။ သံမဏိဆူးချွန်များသည် ပင်လယ်ထဲတွင်လွတ်လပ်စွာသွားလာနိုင်သကဲ့သို့ အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည်လည်း ဖှေး၏ တိုက်ခိုက်မှုများကို ကာရံနိုင်ခြင်းမရှိပေ။
"ဟားဟား ခွေးသားကြီး ခင်ဗျားရှုံးပြီ..." ဖှေးရယ်မောလိုက်၏။
ဘုရင်သည် ဤတိုက်ခိုက်မှုနှင့် အကျွမ်းတ၀င်ဖြစ်လာသည်နှင့်အမျှ စတင်၍ အဏွမ်းကုန်တိုက်ခိုက်တော့သည်။ သူ၏ ဆူးချွန်များသည် ထိုမှော်ဆရာထံသို့ လျှပ်စီးအလင်းတန်းများကဲ့သို့ပင် ပျံသန်းသွားတော့၏။
မှော်ဆရာသည် ဆူးချွန်များကို ကာရံရန်အတွက် အတတ်နိုင်ဆုံးကြိုးစားသော်လည်း များစွာပြုလုပ်နိုင်ခြင်းမရှိပေ။ မှော်ဆရာ၏ ဆူးချွန်လေးခုခန့်ကို ဖျက်ဆီးပြီးသည့်အချိန်တွင် ဖှေး၏ ဆူးချွန်များသည် မှော်ဆရာ၏ ၀ိဉာဥ်စွမ်းအင်အကာရံအား ထိုးဖောက်ကာ ဖြတ်သန်းသွားတော့၏။
"သေစမ်း..."
ထိုမှော်ဆရာသည် တုန်လှုပ်ကာ အံ့သြနေ၏။ သူ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယဥ်နေပြီး သူသည် အနည်းငယ်ရှုံးနိမ့်နေသည်မှာ ထင်ရှားလှသည်။ သူသည် အနာက်သို့ ဆုတ်ကာ နေရာပြောင်းလဲပြီး ဖှေး၏တိုက်ခိုက်မှုများကို ရှောင်ရှားနေရ၏။ သူသည် ကြောက်လန့်သွား၏။ သူသည် ၀ိဉာဥ်စွမ်းအားအကြောင်းကို အကျယ်တ၀င့်လေ့လာထားသည့်တွက် ဖှေး၏ ၀ိဉာဥ်စွမ်းအားများ သူ၏ဦးခေါင်းထဲသို့ ၀င်ရောက်သွားပါကဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များကိုလည်းသိရှိ၏။
ရပ်ကြည့်နေသည့်လူများလည်း တုန်လှုပ်နေကြ၏။
မည်သူမှ ဤအရာကိုမျှော်လင့်ထားခြင်းမရှိပေ။ ချမ်းဘော့ဒ်ဘုရင်သည် ခုခံထားနိုင်ရုံဖြင့်ပင် အလွန်ထူးခြားသည့်ပါရမီရှင်တစ်ယောက်ဖြစ်လိမ့်မည်ဟု သူတို့ထင်ထားခဲ့သော်လည်း ယခုအချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည် တဖြည်းဖြည်းအနိုင်ပင်ရလာပြီး အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာပင်အနောက်သို့ ဆုတ်ပေးနေရသည်ကို မြင်တွေ့ရသည့်အတွက်ပင်။
"သိုင်းဆရာတစ်ယောက်က မှော်ဆရာတစ်ယောက်ကို ၀ိဉာဥ်စွမ်းအားခြင်းယှဥ်ပြိုင်တဲ့နေရာမှာ အသာစီးရနေတာလား..." သူတို့အားလုံးတွေးလိုက်မိကြသည်။
"မင်း...သေစမ်း..." မှော်ဆရာ၏မျက်လုံးများထဲတွင် အစိမ်းရောင်အလင်းတန်းများပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် အနီရောင်မှော်စွမ်းအင်အကာရံတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် သူ၏လက်ကို ၀ှေ့ရမ်းလိုက်ရာ စွမ်းအားမြင့်မားသည့် မီးနဂါးကြီးတစ်ကောင်သည် သူ၏လက်အတွင်းမှ ထွက်ခါသွားပြီး ဖှေးထံသို့ ပျံသန်းသွားတော့သည်။
ဖှေးရယ်မောလိုက်သည်။ သူသည်ဤအတွက်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်မှာ ထင်ရှားလှသည်။ အနောက်သို့ ဆုတ်ရမည့်အစား သူသည်အရှေ့သို့ပင်တက်လိုက်ပြီး ပြန်လည်တိုက်ခိုက်လိုက်၏။ လျှပ်စီးအလင်းတန်းတစ်ခုလိုပင် သူ၏လက်သီးချက်များသည်အရှေ့သို့ ပျံသန်းသွားပြီး ထိုမီးနဂါးကြီးကို ဆုတ်ဖြဲပစ်လိုက်၏။ ချမ်းဘော့ဒ်ဘုရင်သည် အနီရောင်မီးတောက်များကြားထဲတွင် ပြိုင်ဘက်ကင်းမဲ့သည့် စစ်ပွဲနတ်ဘုရားတစ်ပါးနှင့် တူသည့်အတွက်ကြောင့် လူတိုင်းပါးစပ်အဟောင်းသားဖြစ်နေ၏။
"၀ှစ်..."
ဖှေးအရှေ့သို့ ပျံသန်းကာ လျို့၀ှက်သည့်မှော်ဆရာအားတိုက်ခိုက်လိုက်သည်။ သူသည်ချက်ချင်းပင် ငွေရောင်လက်သီးရာပေါင်း ၄၀ခန့်ကို ဖန်တီးလိုက်ပြီး ထိုလက်သီးရာများသည် မှော်ဆရာထံသို့ ဥက္ကာပျံခဲများကဲ့သို့ပင် ပျံသန်းသွားတော့၏။
"ဘုန်း ဘုန်း ဘုန်း..."
ပေါက်ကွဲသံများထွက်ပေါ်လာ၏။
ဖှေး၏ တုန့်ပြန်နှုန်းမှာ အလွန်ပြင်မြန်ဆန်လှပြီး မှော်ဆရာသည် ဤတစ်ကြိမ်တွင်ရှောင်ရှားခြင်းမရှိပေ။ ငွေရောင်လက်သီးရာများသည် အနီရောင်စွမ်းအင်အကာရံပေါ်သို့ ကျသွားပြီး မီးပွားစများထွက်ပေါ်လာ၏။ အကာရံပေါ်တွင် အက်ကွဲကြောင်းများစွာပေါ်လာပြီး အကာရံသည်အချိန်မရွေးပင် အက်ကွဲတော့မည့်အတိုင်းပင်။