အခန်း (၆၁၀)
Vol. 39 Ch. 610
ထိုအသံသည် တည်ငြိမ်ကာ ညင်သာနေ၏။ ဖိအားပေးနေသည့်ပုံလုံး၀ပင်မရှိပေ။ သို့သော် ထိုအသံတစ်ခုတည်းကပင် အဖြူရောင်၀တ်ရုံနှင့် မှော်ဆရာကြောင့်ခံစားနေရသည့် စိုးရိမ်မှုများကို ပျောက်ကွယ်စေကာ တစ်ခြားလူများကို လုံခြုံသွားသလို ခံစားစေလိုက်၏။
လူတိုင်းလှည့်ကြည့်လိုက်ရာ မီးတောက်ကမ္ဘာထဲသို့ ရောက်ရှိခဲ့စဥ်ကတည်းက စကားတစ်ခွန်းမှမပြောသေးသည့် ဆံပင်အပြာရောင်နှင့်လူကို တွေ့လိုက်ရသည်။
သူသည် တည်ငြိမ်စွာပင် ရှေ့သို့ လမ်းလျှောက်သွားလိုက်ပြီး ချော်ရည်သတ္တ၀ါကြီး၏အရှေ့တွင် ကြောက်လန့်ခြင်းမရှိပဲ ရပ်လိုက်၏။
“ငါတို့ထပ်တွေ့ပြန်ပြီပေါ့ မစ်စတာ ဒိုမိန်း။ နှစ်ပေါင်း၂၆နှစ်တောင်ကြာနေပြီပဲ။ ငါမင်းအကြောင်း တွေးနေခဲ့တာ အတော်ကြာပြီ...”
“ဒိုမိန်း။ ဒီမှော်ဆရာရဲ့ နာမည်က ဒိုမိန်းဟုတ်လား။” ထိုမှော်ဆရာ၏အမည်ကို အပြာရောင်ဆံပင်နှင့်လူမှ ပြောလိုက်ပြီးသည့်အချိန်တွင် သိုင်းဆရာတစ်ချို့မှာ အံ့သြသွားကြ၏။ သူတို့သည် ဤနာမည်ကို ယခင်ကကြားခဲ့ဖူးသည့်အတွက်ကြောင့်ပင်။ ဒိုမိန်းသည် လယ်ဗယ်၆ လီယွန်အင်ပါယာမှ တော်၀င်မှော်ဆရာကြီးတစ်ပါးဖြစ်ပြီး သူသည် နာမည်ကျော်ကြားသည့် ကျင့်ကြံသူတစ်ယောက်ပင်။ သူသည် မှော်ဆရာအစည်းရုံး၏ ပြိုင်ပွဲတွင် ဆယ်ပွဲလုံးကို အနိုင်ရရှိခဲ့သည့်လူအဖြစ်လည်းနာမည်ကြီး၏။ သူသည် အလွန်ပင်မာနထောင်လွှားကာ ရက်စက်ကြမ်းကြုတ်ပြီး မှော်ပညာအစည်းရုံးထဲတွင် နံပါတ်၁မှော်ဆရာတစ်ယောက်ဖြစ်လာရန်ကိုပင် ရည်ရွယ်ထား၏။ သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် လွန်ခဲ့သည့်နှစ်ပေါင်း၂၀ခန့်က လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်းပင်။
“ဒိုမိန်းအကြောင်းဇာတ်လမ်းများကို ကြားခဲ့ဖူးသည့် သိုင်းဆရာများသည်လည်း နှစ်နှစ်ဆယ်ကျော်ကြာကြာပြီးသည့််နောက်တွင် ဤနာမည်ကျော်ကြားသည့်မှော်ဆရာအားပြန်လည်ကာမြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်ထားခြင်းမရှိကြပေ။ ဇာတ်လမ်းများထဲအတိုင်း ဤမှော်ဆရာသည် အမှန်ပင် မာနထောင်လွှားကာ ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ပင်။ မတူညီတော့သည့်တစ်ခုတည်းသောအရာမှာ ဒိုမိန်းသည် ယခုအချိန်တွင် နေအဆင့်သို့ရောက်ရှိသွားပြီဖြစ်ပြီး အထူးသိုင်းကွက်တစ်ခုဖြစ်သည့် နေမူမမှန်ခြင်းကိုပင် ပိုင်ဆိုင်ထားနေပြီးဖြစ်၏။
“ဒါပေမယ့် ဒီဆံပင်အပြာရောင်နဲ့လူကရော ဘယ်သူလဲ။ သူက ဘယ်လိုဖြစ်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့နေနိုင်နေသေးတာလဲ။ အသံအနေထားအရဆိုရင် သူကလည်း အင်ပါယာအရှင်သခင်တစ်ယောက်ပဲထင်တယ်။ နောက်ပြီး သူနဲ့ ဒိုမိန်းတို့ကြားထဲမှာလည်း ရန်ညိုးရန်စတွေရှိခဲ့တဲ့ပုံပဲ...” ဒိုမိန်းအကြောင်းသိကြသည့် သိုင်းဆရာများသည်လည်းတွေးလိုက်မိကြသည်။ “ဒိုမိန်းနဲ့ နက်နက်ရှိုင်းရှိုင်းရန်ညိုးရှိခဲ့တဲ့ အင်ပါယာအရှင်သခင်တစ်ယောက်တော့ရှိတယ်။ ဒါပေမယ့် အဲ့လူက ဒီနေရာမှာရှိမနေသင့်ဘူး...”
မီးတောက်ကမ္ဘာထဲတွင်ရှိနေသည့် တစ်ခုတည်းသောတောင်ပေါ်တွင်ရပ်နေကြသည့်သိုင်းဆရာများအားလုံးသည် ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။ ဘာြဖစ်နေသည်ကို သူတို့မသိကြသည့်အတွက်ပင်။ ဟေဇယ်-ဘန့်ခ်သည် လှုပ်ရှားခြင်းမရှိပေ။ သူသည် ထူးခြားသည့်ပညာရပ်တစ်ခုကို အသုံးပြုကာ ဖှေး၏နားအတွင်းသို့ အသံတစ်ခုပို့လိုက်သည်။ ဖှေး၏ နားမလည်နိုင်ဖြစ်နေသောအမူယာသည်လည်း တဖြည်းဖြည်းခြင်းဖြင့် ပျောက်ကွယ်သွားတော့၏။
ချော်ရည်ပူသတ္တ၀ါကြီး၏ ခေါင်းပေါ်တွင်ရပ်နေသည့် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည်လည်း အံ့သြသွားကာ သူ၏မျက်လုံးများသည်လည်း ချက်ချင်းပင် ပြုးကျယ်သွားတော့သည်။
အပြာရောင်ဆံပင်နှင့်လူပြောသည်ကို ကြားသည့်အချိန်တွင် သူသည် ရုတ်တရက်ပင် တစ်စုံတစ်ရာကိုစဥ်စားမိသွား၏။ သို့သော် သူ၏ခေါင်းကို ခါရမ်းကာ ပြန်ဖြေလိုက်သည်။ “ငါဘယ်သူလဲဆိုတာကို မင်းဘယ်လိုလုပ်သိတာလဲ။ လွန်ခဲ့တဲ့နစ်ဆယ့်ခြောက်နှစ်ကဟုတ်လား။ ဒါဆိုမင်းက...မဟုတ်ဘူး မဖြစ်နိုင်ဘူး။ ဒါကဘယ်လိုဖြစ်ပြီးတော့ ဖြစ်နိုင်မှာလည်း..” သူသည် စိတ်ကူးယဥ်နိုင်ခြင်းပင်မရှိသည့် တစ်စုံတစ်ရာကိုတွေးလိုက်မိသည့်အတိုင်းပင်။ ရက်စက်ကြမ်းကြုတ်သည့်အလင်းရောင်များသည် သူ၏မျက်လုံးထဲတွင်ပေါ်လာကာ ရယ်မောလိုက်သည်။ “ဟားဟား မင်းဘယ်သူလဲဆိုတာအရေးမကြီးပါဘူး မင်းက င့ါကို လှည့်စားဖို့ကြိုးစားရဲတယ်ပေါ့။ သေစမ်းကွာ...”
သူထိုကဲ့သို့ ပြောရင်းဖြင့် သူ၏မှော်တောင်၀ှေးကို ချက်ချင်းပင် ခါရမ်းလိုက်၏။
ချော်ရည်ပူသတ္တ၀ါကြီးသည်လည်းချက်ချင်းပင်အမိန့်ကို နာခံလိုက်ပြီး သူ၏ပါးစပ်ကို ဟကာ ဟိန်းဟောက်လိုက်၏။ သူ၏မျက်လုံးများထဲတွင်ရှိနေသည့် မီးတောက်များသည် ပို၍တောက်ပလာပြီး အပူလှိုင်းတစ်ခုသည် ပါးစပ်အတွင်းမှ ထွက်ပေါ်လာတော့သည်။ ပတ်၀န်းကျင်တွင်ရှိနေသည့် အပူရှိန်များသည်လည်း နှစ်ဆခန့်မြင့်တက်သွားပြီး ချော်ရည်ပူသတ္တ၀ါကြီးသည် သူ၏လက်သီးဖြင့် အပြာရောင်ဆံပင်နှင့်လူကို ထိုးနှက်လိုက်သည်။
ဤအရာသည် လပြည့်အဆင့်သိုင်းဆရာခရွန်ကန့်အား သတ်ဖြတ်ခဲ့သည့် ကြောက်မက်ဖွယ်သိုင်းကွက်တစ်ခုပင်။
ဤကမ္ဘာထဲတွင်ရှိနေသည့်လူများအားလုံးထဲတွင် စိန့်ဂျာမိန်းအင်ပါယာ၏ မင်းသား ဂါရာနိုပင် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကို ပိုင်ဆိုင်ထားသော်လည်း ဤချော်ရည်ပူသတ္တ၀ါကြီးအား တိုက်ရိုက်တိုက်ခိုက်ရဲခြင်းမရှိပေ။
သို့သော် ဤဆံပင်အပြာရောင်နှင့်လူသည် ပြုံးရုံသာ ပြုံးလိုက်၏။
သူသည် လက်ဖ၀ါးကို ဖြန့်ကာ ဆန့်တန်းလိုက်သည်။ သူ၏လှုပ်ရှားမှုသည် အလွန်ပင် ညင်သာချောမွေ့လှသဖြင့် ကောင်းကင်ပေါ်တွင်ပန်းချီကားတစ်ချပ်ကို ချယ်သနေသည့်အတိုင်းပင်။
သူ၏လက်ကောက်၀တ်အားလှုပ်ရှားလိုက်ရာ ရွှေရောင်စွမ်းအင်များသည် သူ၏ လက်ချောင်းများပေါ်တွင် နေရောင်ခြည်များကဲ့သို့ပင် ပေါ်လာတော့၏။ ရွှေရောင်စွမ်းအင်များသည် ကြီးမားသည့် ရွှေရောင်လက်ဖ၀ါးကြီးတစ်ခုအဖြစ်သို့ပေါင်းစည်းသွားတော့၏။
နောက်အခိုက်တန့်တွင် ထိုရွှေရောင်လက်ကြီးသည် လှပ်ရှားသွား၏။ သူ၏လက်ဖ၀ါးများကို ဖြန့်လိုက်ပြီး ချော်ရည်ပူသတ္တ၀ါကြီး၏လက်သီးကို ဆုပ်ဖမ်းလိုက်၏။
“ဖုန်း ဖုန်း ဖုန်း...”
ကြီးမားသည့် လက်ကြီးနှစ်ဖက်ထိတွေ့သွားပြီး အားပြင်းသည့်စွမ်းအင်များထွက်ပေါ်လာကာ ပတ်၀န်းကျင်သို့ ပြန့်နှံ့သွားတော့သည်။ ထို့နောက်တွင် ဤကမ္ဘာငယ်ထဲတွင် မီးတောင်များပေါက်ကွဲနေသကဲ့သို့ ကျယ်လောင်သည့် ဆူညံသံများထွက်ပေါ်လာတော့သည်။ လူတိုင်း၏နားများတုန်ခါလာကာ သူတို့၏ပါးစပ်များခြောက်သွေ့လာသလိုခံစားလိုက်ရသည်။
“ဟားဟားဟား င့ါရဲ့နေမူမမှန်ခြင်းထဲမှာဆို ငါကတစ်ဦးထဲသော နတ်ဘုရားပဲ။ မင်းက ငါနဲ့တိုက်ခိုက်ချင်နေတာလား။ အတော်လေးမိုက်မဲတာပဲ...” ဒိုမိန်းသည် ရယ်မောလိုက်၏။
သူစကားပြောပြီးသည်နှင့်တပြိုင်နက်ဘေးပတ်၀န်းကျင်တွင်ရှိနေသည့် ချော်ရည်ပူများသည် သတ္တ၀ါကြီး၏ခန္ဓာကိုယ်ထဲသို့ ဒလဟော စီးဆင်းကာ၀င်ရောက်သွားပြီး ထိုသတ္တ၀ါကြီးသည်လည်း အရွယ်စတင်၍ ကြီးမားလာတော့၏။ မကြာာမှီတွင် ၂၀၀မီတာခန့်မြင့်မားလာကာ အရွယ်စားနှစ်ဆခန့်ဖြစ်သွားပြီး ခွန်အားသည်လည်းနှစ်ဆခန့်ပိုမို၍ကြီးမားလာတော့သည်။ ဤကြောက်မက်ဖွယ်ကောင်းသည့် အရှိန်၀ါသည် သိုင်းဆရာများကို ဖိအားများစွာပေးနေလျှက်ရှိသည့်အတွက် အသက်ရှူရန်ပင်ခက်ခဲလာတော့၏။
“မင်းက ဒီလောက်နည်းတဲ့စွမ်းအင်တွေနဲ့ င့ါကို သတ်ချင်နေတာလား...”
အပြာရောင်ဆံပင်နှင့်လူသည် ပုံမှန်အတိုင်းပင်တည်ငြိမ်လျှက်ရှိနေဆဲပင်။ ပြုံးနေရင်းဖြင့် လက်သီးဆုပ်လိုက်သည်။ ထို့နောက်တွင် ဆူးရှကာ အန္တရာယ်ကြီးမားသည့် အရှိန်၀ါသည် လေထဲတွင်ရှိနေသည့် ရွှေရောင်လက်ဖ၀ါးကြီးပေါ်တွင်ပေါ်လာပြီး အားပြင်းစွာပင် လက်သီးဆုပ်လိုက်တော့၏။
“ဖုန်း ဖုန်း ဖုန်း...”
ပေါက်ကွဲသံများထွက်ပေါ်လာ၏။
စွမ်းအားမြင့်သည့် စက်သေနတ်တစ်လက်သည် ဤချော်ရည်သတ္တ၀ါကြီးအား ပစ်ခတ်လိုက်သည့်တိုင်းပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် အပေါက်များစွာပေါ်လာတော့၏။ ဆယ်စက္ကန့်အတွင်းမှာပင် ဤချော်ရည်ပူသတ္တ၀ါကြီးသည် လုံး၀ပင်ပျက်စီးသွားတော့၏။ ပြိုကျနေသည့် သဲရုပ်တုတစ်ခုလိုပင် ချော်ရည်များအဖြစ်သို့ ပြန်လည်ပြောင်းလဲကာ ချော်ရည်ပင်လယ်ထဲအတွင်းသို့ ပြန်လည်ကျဆင်းသွားတော့၏။
ဒဏ်ရာပြင်းထန်စွာရရှိသွားသည့်အတိုင်းပင် ဒိုမိန်း၏မျက်နှာသည် ချက်ချင်းပင်အရောင်ပြောင်းလဲသွား၏။ ထို့နောက်တွင် ချက်ချင်းပင် အနောက်သို့ မီတာ၁၀၀ခန့်ဆုတ်ခွာသွားလိုက်သည်။
“သေစမ်း...”
သိုင်းဆရများထံမှ အာမေဍိတ်သံများထွက်ပေါ်လာတော့သည်။
“အဲ့လူက ချော်ရည်သတ္တ၀ါကြီးကို တစ်ချက်ထဲနဲ့ ဖျက်ဆီးပစ်လိုက်တာပဲ...” သူတို့အားလုံးတွေးလိုက်မိကြသည်။
အပြာရောင်ဆံပင်နှင့်လူသည် ခရွန်ကန့်နှင့်နှိုင်းယှဥ်ပါက ပို၍ကြာကြာခံနိုင်ရုံသာရှိလိမ့်မည်ဟု သူတို့ထင်ထားခဲ့ကြသည်။ သူ၏ ရန်သူသည် နေအဆင့်သခင်တစ်ယောက်ဖြစ်နေသည့်အတွက်ပင်။ သို့သော် ဤပို၍လျို့၀ှက်သည့်အပြာရောင်ဆံပင်နှင့်လူသည် ချော်ရည်သတ္တ၀ါကြီးအားလွယ်ကူစွာပင် သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု သူတို့အားလုံး ထင်ထားခဲ့ခြင်းမရှိပေ။
ယခုအချိန်တွင် ဤဆံပင်အပြာရောင်နှင့်လူ၏ ကိုယ်ရံတော်များအေးဆေးပင်နေနေကာ ၀င်ရောက်ကူညီခြင်းမပြုခဲ့သည့်အကြောင်းရင်းကိုလူတိုင်းနားလည်သွားတော့၏။ သူတို့ဆရာ၏ စွမ်းအားကို အပြည့်၀ပင်ယုံကြည်နေသည့်အတွက်ပင်။
“မဟုတ်မှလွဲရော ဒီဆံပင်အပြာရောင်နဲ့လူကရော နေအဆင့်သခင်တစ်ယောက်မို့လို့လား...”
ဤခန့်မှန်းချက်သည် လူတိုင်းအား မူးမိုက်သွားစေ၏။ “ဘယ်အချိန်ကတည်းက နေအဆင့်သခင်တွေ ဒီကမ္ဘာပေါ်မှာ ဒီလောက်ပေါလာရတာလဲ။ အခုဆိုဒီမှာ နှစ်ယောက်တောင်ရှိနေပြီ။ ပုံမှန်အတိုင်းဆိုရင်နေအဆင့်သခင်တွေက အနည်းဆုံးလယ်ဗယ်၅ရှိတဲ့ အင်ပါယာကြီးတွေရဲ့ စစ်ပွဲတွေမှာပဲတွေ့ရတတ်တာလေ...” သူတို့အားလုံးတွေးလိုက်မိကြသည်။
ဖှေးသည် ဤဆံပင်အပြာရောင်နှင့်လူကို အချိန်အတန်ကြာကြည့်မိနေခဲ့သည်။ ဖြစ်ပျက်နေသည့်အရာများကြောင့် သူသည်လူတစ်ယောက်တည်းကိုသာ တွေးလိုက်မိ၏။
သို့သော် ဘုရင်သည် သေချာပေါက်ပြောနိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ သီအိုရီသည် အလွန်ပင်တုန်လှုပ်ဖွယ်ဖြစ်နေသည့်အတွက်ပင်။
“အား မင်းက ဘယ်သူလဲ မင်းက ဘယ်ကကောင်လဲ...” ဒိုမိန်းသည် လေပေါ်တွင် ပျံသန်းလျှက်ရှိနေဆဲပင်။ ရွှေရောက်လက်ဖ၀ါးကြီးသည် နေအဆင့်သခင်တစ်ယောက်ဖြစ်သည့် သူ့ကိုပင် သေစေနိုင်သည့် ခြိမ်းခြောက်မှုကို ပေးခဲ့သည့်အတွက် ကြောက်လန့်နေသည့်ပုံပေါက်နေ၏။
“ငါဘယ်သူလဲဟုတ်လား။ ဟားဟား မင်းခန့်မှန်းမိနေပြီမဟုတ်ဘူးလား...” ဆံပင်အပြာရောင်နှင့်လူသည်လည်း ပြန်ဖြေလိုက်ရင်းဖြင့် လေပေါ်သို့ ၀ဲပျံသွား၏။ ရွှေရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် တောက်ပနေလျှက်ရှိ၏။ တစ်ခြားလူများ၏ စွမ်းအင်မီးတောက်များနှင့် တူညီခြင်းမရှိပေ။ သူ၏စွမ်းအင်မီးတောက်များသည် မြှားများကဲ့သို့ပင် အပြင်သို့ ဖြာထွက်လျှက်ရှိနေသည့်အတွက်ကြောင့် ကြည့်မိသည့်လူတိုင်း၏မျက်လုံးများနာကျင်သွားရ၏။
“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ မင်းက သေခါနီးဖြစ်နေတာမဟုတ်ဘူးလား...” သူသည် ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ရာကို ပြန်လည်စဥ်းစားလိုက်မိသည့်အတိုင်းပင် နေအဆင့်သခင်တစ်ယောက်ဖြစ်သည့် ဒိုမိန်းပင်ကြောက်လန့်သွားပြီး စကားကို ပုံမှန်ပြောနိုင်ခြင်းမရှိတော့ပေ။
“မင်းဘယ်သူလဲ မင်းက င့ါရဲ့ ချော်ရည်သတ္တ၀ါကို အနိုင်ယူနိုင်ခဲ့တယ်ဆိုပေမယ့် င့ါကို အနိုင်ယူတာမဟုတ်သေးဘူး။ မင်း ဆက်ပြီးတော့ လျို့၀ှက်နေမယ်ဆိုရင် ငါမင်းကို သေတဲ့အထိနှိပ်စက်ရလိမ့်မယ်...”
ဒိုမိန်းသည် ထိုကဲ့သို့ပြောလိုက်ပြီး သူ၏လက်ကို ၀ှေ့ရမ်းကာ မန္တန်တစ်ပုဒ်ကို စတင်၍ ရွတ်ဆိုတော့သည်။
ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုထွက်ပေါ်လာတော့သည်။ ဤကမ္ဘာထဲတွင်ရှိနေသည့် ချော်ရာများပွက်ထလာပြီး ချော်ရည်သတ္တ၀ါကြီးများသည်တစ်ကောင်ပြီးတစ်ကောင်ထွက်ပေါ်လာတော့၏။ သူတို့အော်ဟစ်နေရင်းဖြင့် သူတို့၏ ခန္ဓာကိုယ်မှ မီးတောက်များတောက်လောင်လာတော့သည်။ မကြာမှီတွင် ချော်ရည်သတ္တ၀ါအကောင်နှစ်ဆယ်ခန့်သည် လူတိုင်းအား ၀န်းရံလိုက်၏။
အပြာရောင်ဆံပင်နှင့်လူ၏ စွမ်းအားများကို မြင်ရပြီးသည့်အချိန်တွင် ရရှိလာခဲ့သည့် လူတိုင်း၏မျှော်လင့်ချက်များသည်လည်း ပြန်လည်ကာ ပျောက်ကွယ်သွားတော့သည်။ နေမူမမှန်ခြင်းတစ်ခုထဲတွင် ဖန်တီးသူသည် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေမည်ဖြစ်ပြီး ဤချော်ရည်ပူ အကောင်နှစ်ဆယ်အား သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သည့်အရာတစ်ခုပင်။
“ငါဘယ်သူလဲဟုတ်လား...” အပြာရောင်ဆံပင်နှင့်လူသည် ဒိုမိန်းအားအေးစက်စွာဖြင့် ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် စိုးမိုးနိုင်သည့်အရှိန်၀ါတစ်ခုထွက်ပေါ်လာကာပြောလိုက်၏။
“ယရှင်းက ဘယ်သူ့ထက်မှ မနိမ့်ကျဘူးကွ...”