အခန်း (၆၃၆)
Vol. 41 Ch. 636
"ဟမ် ဧည့်သည်တွေရောက်လာပြီထင်တယ်။ ကျွန်တော် ဧည့်သည်တွေကို ဧည့်ခံပြီးမှပဲ ဆက်ပြောကြတာပေါ့..."
အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည့်အချိန်တွင် ဖှေး၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာတော့၏။ သူသည် ဆွေးနွေးနေသည်အား ယာယီရပ်ထားလိုက်ပြီး စွမ်းအင်စက်လုံးကို ဖျောက်လိုက်သည်။
ဘတ်စတီသည်လည်း ခေါင်းငြိမ့်လိုက်ပြီး သူ၏ စွမ်းအင်စက်လုံးကို ဖျောက်လိုက်၏။
"ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားဆိုတဲ့ကောင်ဘယ်မှာလဲ ထွက်ခဲ့စမ်းကွာ..." မာနထောင်လွှားကာ ကျယ်လောင်သည့်အသံတစ်ခုကို အပြင်မှကြားလိုက်ရသည်။ ထိုအသံသည် ပျော့ပျောင်းညင်သာကာ အကြင်နာတရားပြည့်၀သည့် မဟာဘုရားကျောင်းမှအဖွဲ့၀င်များဆိုသည်နှင့်လုံး၀ပင် ဆန့်ကျင်ဘက်ဖြစ်နေ၏။
"ဘုန်း..."
တစ်၀က်ဖွင့်ထားသည့် စခန်းဂိတ်တံခါးဖျက်ဆီးခြင်းခံလိုက်ရ၏။
သူသည်ဤအရာအား ကြိုတွေးထားပြီးဖြစ်သလိုပင် ဖှေး၏မျက်နှာပေါ်မှအပြုံးသည်လည်း ပျောက်ကွယ်သွားခြင်းမရှိပေ။ သူသည် လက်ရှိနေရာတွင်ပင် တည်ငြိမ်စွာဖြင့် ထိုင်နေလျှက်ရှိသည်။
လျှင်မြန်သည့် ခြေသံများစွာထွက်ပေါ်လာပြိး ငွေရောင်ချပ်၀တ်များ၀တ်ဆင်ထားကြသည့် သူရဲကောင်းသုံးဆယ်ခန့်ပြေး၀င်လာကြ၏။ ပညာသင်သူတော်စင်နှင့် သူရဲကောင်းများသည်လည်း လက်ထဲတွင် တောက်ပခြင်းချိန်းကြိုးများကို ကိုင်လျှက်လိုက်ပါလာကြ၏။ ထို့နောက်တွင် သူတော်စင်၂၀ခြံရံထားသည့် လှပသော ရထားလုံးတစ်ခုသည်လည်း တစ်ခန်းတနားဖြင့် ၀င်ရောက်လာလျှက်ရှိသည်။ ထိုရထားလုံးအားဆွဲနေသည့်အဖြူရောင်မြင်းများသည်လည်း လှပကျော့ရှင်းနေ၏။
ထိုမြင်းများသည် ဇီးနစ်အင်ပါယာမှမဟုတ်သည်ကို ဖှေးပြောနိုင်၏။ လီယွန်အင်ပါယာမှ ထုတ်လုပ်သည့် တိမ်ပျံမြင်းများပင်။ ထိုမြင်းများသည် လျှင်မြန်စွာရွေ့လျားနိုင်သည့် ထူးခြားသည့် သားရဲတိစ္ဆာန်တစ်မျိုးပင်ဖြစ်၏။ သို့သော် သက်လုံသိပ်မကောင်းသောကြောင့် ခရီးရှည်သွားရန်နှင့်မကိုက်ညီချေ။ ထိုကဲ့သို့ဖြစ်သော်လည်း ရုပ်ရည်သွင်ပြင်လှပကာ ကိုယ်ရှိန်ကိုယ်၀ါမှာလည်း မြင့်မြတ်သည့်အသွင်ကို ဆောင်နေသဖြင့် စျေးကြီးသည့် သားရဲကောင်များပင်။ ဆွေကြီးမျိုးကြီးတော်တော်များများသည်လည်း စျေးကြီးပေးကာ ထိုသားရဲများကို ၀ယ်ယူတတ်ကြ၏။
ထိုရထားလုံး စခန်းထဲသို့ ၀င်လာပြီးသည့်အချိန်တွင် သူတော်စင်တစ်ယောက်သည် အနီရောင်ေလှကားငယ်တစ်ခုကို ယူကာ ရထားဘေးတွင်နေရာချလိုက်၏။
ရထားလုံးမှ ရွှေကွပ်ထားသည့် တံခါးချပ်ပွင့်လာပြီး ငွေရောင်မှော်တလင်းကျောက်များစီချယ်ထားသည့် ဖိနပ်တစ်ရံကိုပထမဦးစွာမြင်တွေ့လိုက်ရသည်။ ထို့နောက်တွင် ထက်မံ၍ မြင်တွေ့လိုက်ရသည်မှာ ၀ဖိုင့်နေသည့် ဗိုက်ကြီးပင်။
ငယ်ရွယ်သည့် သူတော်စင်များ၏ အကူညီဖြင့် အလံနှစ်စုံမြို့တော်ဘုရားကျောင်း၏ ဂိုဏ်းအုပ်သူတော်စင် ဒေးဗစ်ဆင်းလာခဲ့သည်။ သူသည် အလံနှစ်စုံမြို့တော်ထဲတွင် အရေးကြီးသည့်လူသုံးယောက်ထဲမှတစ်ယောက်ပင်။ ထိုလူသုံးယောက်ထဲတွင် မြို့တော်၀န် ဆိုရိုယော့ခ်နှ့င် စစ်ရေးခေါင်းဆောင် ရစ်ဘရီတို့ကိုမူ ဖှေးတွေ့ဖူးပြီးဖြစ်၏။
ဖှေး၏ခန့်မှန်းချက်များသည် မှန်နေ၏။
ချမ်းဘော့ဒ်တိုင်းပြည်မှ သူတော်စင် ဇိုလာကဲ့သို့ပင်။ ဤသူတော်စင်သည်လည်း အလွန်ချမ်းသာ အကျင့်ပျက်ခြစားနေသည့်ပုံပင်။ သူသည် မှော်တလင်းကျောက်ခြောက်ဆယ်ကျော်ခန့်ဖြင့် စီခြယ်ထားသည့် ၀တ်တရုံတစ်ခုကို ၀တ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အဆီများသည် အလွန်များပြားလှသဖြင့် သူ၏လည်ပင်းကိုပင် မြင်တွေ့နိုင်ခြင်းမရှိပေ။ သို့သော် ထိုလူ၏ မျက်လုံးများထဲတွင် တောက်ပနေသည့် အရိပ်ယောင်များသည် ဉာဏ်များကာ တွက်ဆတတ်သည့်လူတစ်ယောက်ဖြစ်သည်ကို ဖော်ပြနေ၏။ သို့သော် သူ၏ ခန္ဓာကိုယ်အရွယ်စားဖြင့် ခမ်းနည်းကြီးကျယ်သည့်ဟန်ကို ဖမ်းနေသည်အား ကြည့်ရသည်မှာ ရယ်ချင်စရာပင်။
"မင်းကများ။ မင်းကခွင့်လွှတ်လို့ မရတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်တာပဲ။ မင်းက မဟာဘုရားကျောင်းက အဖွဲ့၀င်တွေကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်းကဘုရားသခင်ကို ကိုယ်စားပြုတဲ့လူတွေကို စော်ကားလိုက်တာပဲ။ အဲ့တာက ဘုရားသခင်ကို စော်ကားတာနဲ့အတူတူပဲကွ။ ဘယ်မှာလည်း ချမ်းဘော့ဒ်ဘုရင်ဆိုတဲ့ကောင် ထွက်လာပြီး ဒူးထောက်အသနားခံစမ်းကွာ..."
ကြီးမားသည့် ၀က်ကြီးတစ်ကောင်ကဲ့သို့ပင် ဒေးဗစ်သည် လှေကားပေါ်တွင်ရပ်နေရင်းဖြင့် အော်ဟစ်လိုက်၏။
သူသည် ဖှေးအား မြင်နေသော်လည်း ခေါင်းမော့ကာ အော်ဟစ်နေဆဲပင်။ သူသည် ဖှေးပြေးလာကာ ဒူးထောက်အသနားခံမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။
သို့သော် ဘုရင်သည် သူ့ကို ကြည့်ခြင်းပင်မရှိပေ။
ဒေးဗစ်ရသည့် တစ်ခုတည်းသော တုန့်ပြန်မှုသည် ချမ်းဘော့ဒ်မှစစ်သည်များ၊ သိုင်းဆရာများ၏ ရယ်မောသံပင်။ သူတို့သည် ဂိုဏ်းအုပ်ကြီးအား လက်ညိုးထိုးကာ ရယ်မောလှောင်ပြောင်နေကြခြင်းပင်။
ကြိမ်ဒဏ်ပေးခံထားရသည့် မဟာဘုရားကျောင်းမှလူများသည် ရထားလုံးထံသို့ ပြေးသွားကြ၏။
သူတို့ကိုယ်ပေါ်မှ ကြိမ်ရာများကိုပြကာ ချမ်းဘော့ဒ်တိုင်းပြည်မှလူများ မည်မျှရက်စက်ကြောင်းကို ပြန်လည်ကာ တိုင်တန်းနေကြ၏။
"ဒီအရိုင်းစိုင်းကောင်တွေကို အပြစ်ပေးမှရမယ် ဆာ။ ဒီကောင်တွေက ဘုရားသခင်ရဲ့ကလေးငယ်တွေမဟုတ်ဘူး။ သူတို့က ငရဲကျသင့်တဲ့ နတ်ဆိုးတွေပါ..."
"ဒီသောက်မကောင်းဆိုး၀ါးတွေ သူတို့က ဘုရားသခင်ကိုကိုယ်စားပြုတဲ့လူတွေကို ရိုက်နှက်ရဲတာပဲ။ ခွင့်လွှတ်လို့မရဘူး။ ဒီကောင်တွေက မကောင်းဆိုး၀ါး ခွေးအုပ်စုပဲ။ ဘုရားရေ ကျွန်တော့ရဲ့ အပြောဆိုတွေကြမ်းတမ်းသွားတာကို ခွင့်လွှတ်ပေးပါ။ သူတို့ကို ပြောဖို့အတွက် တစ်ခြားစကားလုံးရှာမရတော့လို့ပါ..."
"သူတို့တွေကို အကုန်သတ်ပစ်ပါဆျာ။ ဒီချမ်းဘော့ဒ်သားတွေနဲ့ သူတို့ရဲ့မကောင်းတဲ့ဘုရင်ကို ကျွန်တော်တို့တွေသတ်ပစ်မှဖြစ်မယ်။ သူတို့က မဟာဘုရားကျောင်းရဲ့ ဂုဏ်သရေကို ညစ်နွမ်းစေခဲ့တာပဲ။ သူတို့ရဲ့ သွေးနဲ့ပြန်ပြီး ပြန်ဆေးမှရလိမ့်မယ်။
"ဆရာ့ရဲ့တပည့်တွေကို သူတို့ ဘယ်လို ဆက်ဆံလဲဆိုတာကို ကြည့်ပါဦးဆရာ။ ဆရာ့ရဲ့ ဒေါသကို သိအောင်ပြပြီးတော့ အပြစ်ပေးသင့်ပါတယ်။ သူတို့ကို မီးရှို့ပြီးကွပ်မျက်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့ထဲမှာ အတော်လေးလှတဲ့ကောင်မလေးတစ်ချို့လဲရှိနေတယ်။ သူတို့ကိုလည်း တေးသံကျူးအဖွဲ့ထဲကို ၀င်ခိုင်းပြီးတော့ နတ်ဘုရားတွေနဲ့ အရှင့်ကို အလုပ်ကျွေးပြုခိုင်းသင့်တယ်..."
"အား နာလိုက်တာဆရာရယ်။ သူတို့တွေကအရှင့်ကို လုံး၀လေးစားမှုမရှိကြဘူး..."
အပြစ်ပေးခံနေရစဥ်က ချမ်းဘော့ဒ်တိုင်းပြည်၏ ကောင်းကြောင်းများကို ပြောကာ အသနားခံနေခဲ့သည့် မဟာဘုရားကျောင်းမှလူများသည် ယခုအချိန်တွင် ဖှေးနှင့်စစ်သည်များကို လက်ညိုးထိုးကာ သူတို့ကိုယ်သူတို့ သူရဲကောင်းများကဲ့သို့ ပြောဆို၍ ပြန်လည်ကာ တိုင်တန်းနေကြ၏။ သူတို့ခန္ဓာကိုယ်ပေါ်မှ ကြာပွတ်ရာများကိုပြ၍ ချမ်းဘော့ဒ်သားများ မည်မျှပင် ကြမ်းတမ်းခဲ့ကြောင်းကို ပြောပြနေလျှက်ရှိကြသည်။
လက်နှစ်ဖက်လုံးကျိုးနေသည့် လက်ထောက်ဂိုဏ်းအုပ် ဘာတွန်အား သစ်သားပြားတစ်ခုဖြင့် ဒေးဗစ်ထံသို့ ဆွဲခေါ်သွားလိုက်၏။
"မစ်စတာ ဒေးဗစ်။ ချမ်းဘော့ဒ်ဘုရင်ကို သတ်ပစ်..." မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်ကာ မုန်းတီးသည့် အရိပ်ယောင်များဖြင့် ဘာတွန်သည် အထစ်ထစ်အငေ့ါငေါ့ဖြင့် ပြောလိုက်သည်။ "သူတို့...သူတို့မှာ နဂါးသုံးကောင်ရှိတယ်။ ကျွန်တော်တို့သာ သိမ်းပိုက်နိုင်မယ်ဆိုရင်...လက်ဆောင်ပေး..."
ဖှေးအား လက်စားချေရန်အတွက် ဘာတွန်သည် သူရှာတွေ့ထားသည့် ရတနာအား ဒေးဗစ်နှင့် ဝေမျှရန်အတွက် ဆုံးဖြတ်လိုက်၏။
ဘာတွန်၏ စကားမဆုံးသေးခင်မှာပင် ဒေးဗစ်သည် အခြေအနေကိုနားလည်သွားတော့၏။
ဖုံးကွယ်၍မရနိုင်သည့် လောဘများနှင့် မနာလိုမှုများသည် သူ၏မျက်လုံးများထဲတွင်ေပါ်လာတော့သည်။
"ချမ်းဘော့ဒ်ဘုရင်ဆိုတဲ့ကောင် ဒီကိုလာခဲ့စမ်း။ မင်းက နတ်ဘုရားတွေရှေ့မှာတောင် ဆက်ပြီးတော့ ခုခံနေချင်သေးတာလား။ ဒူးထောက်ပြီးတောင်းပန်စမ်း။ မင်းရဲ့အပြစ်တွေကို ပြန်ပေးဆပ်ဖို့တစ်ခုတည်းသောနည်းလမ်းက ချမ်းဘော့ဒ်တိုင်းပြည်ပိုင်တဲ့ရတနာတွေကို ငါတို့ကို ဆက်သဖို့ပဲ..." နဂါးတစ်ကောင်၏ စွမ်းအားများကို ခနပိုင်ထားသည့် ခွေးတစ်ကောင်ကဲ့သို့ပင် ငွေရောင်စွမ်းအင်မီးတောက်များသည် ဒေးဗစ်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပလာပြီး ရိုးသားကြည်လင်သည့်အမူယာတစ်ခုနှင့်အတူ ပြောလိုက်၏။ သူ၏ လုယူရန်အတွက် ခိုင်လုံသည့်အကြောင်းပြချက်တစ်ခုကို ပေးလိုက်ခြင်းပင်။
ဂျက်အင်ပါယာနှင့်တိုက်ပွဲတွင် ဖှေး၏ စွမ်းဆောင်ရည်များအကြောင်းကို ဒေးဗစ်သိရှိပြီးဖြစ်၏။
ဖှေးသည် အလံနှစ်စုံမြို့တော်ဘုရားကျောင်းတွင်ရှိနေသည့် သူတော်စင်များအားလုံးကိုလည်း အလွယ်တကူပင်အနိုင်ယူနိုင်ကြောင်းကိုလည်းသိသည်။ သို့သော် ကွပ်မျက်ရေးဌာနမှပို့လိုက်သည့်အဖွဲ့သည် သူ့အား ဖှေးသည်ဘုရားသခင်၏ ကလေးငယ်တစ်ယောက်ဖြစ်သည့်အကြောင်းကို ပြောပြထားခြင်းမရှိပေ။ ထို့ကြောင့် သူ၀တ်ဆင်ထားသည့် မဟာဘုရားကျောင်း၀တ်ရုံသည် မည်သည့်သိုင်းဆရာနှင့်မဆိုရင်ဆိုင်ရန်အတွက် လုံလောက်သည်ဟု ဒေးဗစ်ထင်နေ၏။ ထို၀တ်ရုံကြောင့်ပင် စွမ်းအားမြင့်သိုင်းဆရာများစွာသည် သူ့အရှေ့တွင် ရိုရိုသေသေဖြင့်ဆက်ဆံဖူးသောကြောင့်ပင်။
ဖှေးသည် သူ၏ ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်လျှက်ရှိနေဆဲပင်။ မျက်နှာပေါ်တွင်ရှိနေသည့် လှောင်ပြောင်သည့်အမူယာသည် လူပျက်တစ်ယောက်အား ကြည့်နေသကဲ့သို့ပင်။
ထိုအရာကို မြင်လိုက်မိသဖြင့် ဒေးဗစ်၏ အမူယာသည်လည်း ပြောင်းလဲသွား၏။ သူအော်ဟစ်ရန်အတွက် ပြင်လိုက်သည့်အချိန်တွင် မြင်းခွာသံများကိုကြားလိုက်ရသည်။
မြင်းစစ်သည် ၂၀ခန့်သည် စခန်းအတွင်းသို့ ၀င်ရောက်လာကာ ခေါင်းဆောင်လာသည့်လူသည် အလံနှစ်စုံမြို့တော်၏ ယခင်စစ်ဘက်ဆိုင်ရာခေါင်းဆောင် ရစ်ဘရီပင်။ မျက်နှာပေါ်တွင် အမာရွတ်နှင့် ငယ်ရွယ်သောခေါင်းဆောင်သည် ပြေး၀င်လာကာ အော်ဟစ်လိုက်၏။ "ဂိုဏ်းအုပ်ကြီး ဒေးဗစ်ခနနေပါဦး။ နားလည်မှုလွဲနေတာနေမှာပါ။ မစ်စတာ အလတ်ဇန္ဒားက ဘုရားသခင်ကို စော်ကားတဲ့အပြုမူတစ်ခုမှမလုပ်ခဲ့ဘူးဆိုတာက ကျွန်တော့အသက်နဲ့ရင်းပြီးတော့ အာမခံပေးလို့ရပါတယ်...သူက..."
ရစ်ဘရီသည် သတင်းများကြားသဖြင့် ဤနေရာသို့ ဖြေရှင်းပေးရန်အတွက် လာရောက်ခဲ့သည်မှာ ထင်ရှားလှသည်။ သူသည် ဖှေးအား ကယ်တင်ပေးရန်အတွက် ကြိုးစားနေခြင်းပင်။
သို့သော်...
"မင်း ၀င်မပါတာကောင်းမယ် ရစ်ဘရီ။ ချမ်းဘော့ဒ်ဘုရင်နဲ့ သူ့လူတွေက မဟာဘုရားကျောင်းက လူတွေကို ရိုက်နှက်ပြီးတော့ ဘုရားသခင်ကို စော်ကားလိုက်တာပဲ။ င့ါမှာလည်း သက်သေခိုင်ခိုင်လုံလုံရှိပြီးသား။ မင်းသူ့ဘက်က ဆက်ပြီးတော့ ပြောပေးနေရင် မင်းကိုလည်း သူတို့နဲ့ တစ်ဖွဲ့ထဲလို့ သက်မှတ်ပြီးအပြစ်ပေးရလိမ့်မယ်..."
ဒေးဗစ်သည်လည်း ကိုယ့်အကြံနှင့်ကိုယ်ရှိနေသည့်အတွက်ကြောင့် ရစ်ဘရီအား စကားပြောရန်အတွက် အခွင့်ရေးမပေးချေ။
"ဟားဟား အလတ်ဇန္ဒား မင်းသေပြီလို့ ငါပြောသားပဲ...မင်းတော့ သေပြီ။ ဟားဟား မင်းကို ဘယ်သူမှမကယ်နိုင်တော့ဘူး..." ဘေးတွင်ရှိနေသည့် သူတော်စင်များဝိုင်း၀န်းကုသပေးမှုကြောင့် ပြန်လည်ကောင်းမွန်လာသည့် လက်ထောက်ဂိုဏ်းအုပ်ဘာတွန်သည် ရုတ်တရက်သစ်သားပြားပေါ်မှ ထထိုင်ကာအော်ဟစ်လိုက်သည်။
သူသည် ဖှေးအား လက်ညိုးထိုးကား အော်ဟစ်လိုက်၏။ "မင်းက အဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခုရဲ့ ဘုရင်ငယ်တစ်ပါးပဲ။ မင်းက မဟာဘုရားကျောင်းကို စိန်ခေါ်ရဲတယ်ပေါ့။ မင်းဘယ်လို့ အသတ်ခံရမလဲဆိုတာကိုတောင် သိတဲ့ပုံမပေါ်ဘူး။ မင်းနဲ့ မင်းကောင်တွေကို ငါဖမ်းထားမယ်။ နောက်ပြီးတော့ မင်းကို အရှင်လတ်လတ်အရေခွံဆုတ်မယ်ကွ။ ဟားဟား င့ါကို ယုံလိုက် ငါလူ၁၃၃ယောက်လောက်ကို အရေခွံဆုတ်ဖူးတယ်။ ငါကျွမ်းကျင်တဲ့အလုပ်တစ်ခုပဲ။ မင်းကို သတ်ပေးပါတော့လို့ အသနားခံရတဲ့အထိလုပ်ပြမယ်။ ဟားဟား မင်းင့ါကို လုပ်ခဲ့တာထက်အဆတစ်ထောင်လောက်ပိုဆိုးတာကို ငါလုပ်ပြမယ်ကွ ဟားဟားဟား..."
သူ၏အသံသည် အလွန်ပင် ရက်စက်ကြမ်းကြုတ်နေသည့်အတွက်ကြောင့် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်ရှိသည့် အပူရှိန်ပင်ကျဆင်းသွားသလိုပင်။
သို့သော် ဖှေးသည် သူ၏ပခုံးများကိုသာ တွန့်ပြလိုက်သည်။
"ဟားဟား ဘာလဲကွ။ မင်းက အခုမှကြောက်နေပြီလား။ မင်းနောက်ကျသွားပြီ။ င့ါကို သတ်လိုက်ပါလို့ မင်းကို ပြောခဲ့သားပဲ။ ဟားဟားဟား မင်းင့ါကို မသတ်ခဲ့မိတာအတွက်လည်း နောက်တရလိမ့်မယ်လို့ မင်းကို ပြောခဲ့တယ်။ ဟားဟားဟား အခုတော့ နောက်ကျသွားပြီကွ..." ဘာတွန်သည် ဖှေးတိတ်ဆိတ်နေသည်ကို မြင်သည့်အတွက် ပို၍ပင် ကျေနပ်လာတော့၏။ "ဟားဟားဟား မင်းင့ါကို သတ်ရဲလား။ လာလေ လာသတ်လေ။ ဟားဟား မင်း သတ္တိမရှိပါဘူး။ ဟားဟား ၀မ်းနည်းစရာပဲ။ လာလေကွာ င့ါကို လာသတ်စမ်းပါ။ အခုလာသတ်လိုက်..."
"၀ှစ်..."
ငွေရောင်ဓားသွားစွမ်းအင်တစ်ခုလေထုအား ဖြတ်သန်းဿွားကာ ဘာတွန်၏ နှလုံးသားကို ထိုးစိုက်လိုက်ပြီး သွေးများကိုပန်းထွက်သွားစေသည်။
"အမ် င့ါကို လာသတ်လေ။ မင်းင့ါကို မသတ်ရဲပါဘူး...မင်း မင်း အား။ မင်း င့ါကို သတ်ရဲတယ်ပေါ့...မင်း..."
ရန်စနေဆဲဖြစ်သည့် ဘာတွန်သည် ငွေရောင်အလင်းတန်းကို မြင်လိုက်ကာ သူ၏ရင်ဘက်တစ်ခုလုံးလည်း အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
အောက်ငုံ့ကြည့်လိုက်သည့်အချိန်တွင် သူ၏ရင်ဘက်ပေါ်တွင် ကြီးမားသည့်အပေါက်ကြီးတစ်ခုကို မြင်လိုက်ရ၏။ သူ၏နှလုံးသား ပျက်ဆီးသွားပြီဖြစ်ပြီး သူ၏အသက်စွမ်းအင်သည်လည်း ခန္ဓာကိုယ်ထဲမှ လျှင်မြန်စွာပင် ထွက်နေလျှက်ရှိသည်။ သူယုံကြည်နိုင်ခြင်းမရှိပေ။ ချမ်းဘော့ဒ်ဘုရင်သည် သူ့အား ဂိုဏ်းအုပ်ဒေးဗစ်နှင့် တစ်ခြားမဟာဘုရားကျောင်းးမှအဖွဲ့၀င်များစွာ၏ အရှေ့တွင် သတ်လိုက်သည်ကိုလည်း ယုံကြည်နိုင်ခြင်းမရှိသေးပေ။
တစ်ခါမှမကြုံဖူးသေးသည့်အကြောက်တရားနှင့် နောင်တတရားတို့သည် သူ၏ စိတ်ထဲတွင်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည်လည်း သစ်သားပြားပေါ်သို့ ပြန်လည်ကာ လဲကျသွားတော့သည်။
လေထုသည် အေးစက်သွားတော့၏။
မည်သူမှ မြင်လိုက်သည့်အရာကို ယုံကြည်နိုင်ခြင်းမရှိကြပေ။
စခန်း၏အလည်တွင် ဖှေးသည် လက်ညိုးထိုးကာ ဓားသွားစွမ်းအင်တစ်ခုဖြင့် ပစ်လွှတ်လိုက််ခြင်းပင်။ ထို့နောက်တွင် သူဘတ်စတီဘက်သို့ လှည့်ကာ ရယ်မောလိုက်၏။ "သူတော်စင်ကြီး ခင်ဗျားလည်းမြင်လိုက်တယ်မလား။ သူကိုယ်တိုင် သတ်ပေးဖို့ ပြောနေတာလေ။ ကျွန်တော့ဘ၀မှာ ဒီလို သတ်ပေးဖို့အသဲသန်တောင်းဆိုနေတာကို ပထမဆုံးမြင်ဖူးတာပဲဗျ။ အဲ့တာကြောင့် ကျွန်တော်လည်း သူ့ဆန္ဒကိုဖြည့်ပေးလိုက်တာ..."